အခန်း ၁၄၂၃
Vol. 95 Ch. 1423
အပိုင်း ( 1423 ) တစ်ချက်တည်း သတ်ခြင်း။
"သေစမ်း"
ချိုးဟောက် တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။
ရင်ဖုန်းနှင့် အခြားသူများသည် အလွန် စက်ဆုပ်ဖွယ်ကောင်း၏။ သူတို့က ဤနည်းလမ်းကိုသုံးပြီး ချိုးဟောက်၏ ရတနာနှင့် ချိုးရင်ရင်၏ အမွေဆက်ခံခြင်းကို လွှဲပြောင်းပေးရန် ဖိအားပေးလိုကြောင်း ထင်ရှားသည်။
ချိုးဟောက်က သူ့ရတနာကို လွှဲပြောင်းပေးနိုင်သော်လည်း ချိုးရင်ရင်မှာ အာရုံစိုက်ပြီး အမွေဆက်ခံနေပြီ ဖြစ်သည်။ ဤအခြေအနေတွင် အင်အားသုံးကာ ချိုးဖျက်ခြင်းက ချိုးရင်ရင်အတွက် အလွန် အန္တရာယ်များ၏။ ယင်းကို သူ ဘယ်တော့မှ သဘောတူမှာမဟုတ်ပေ။
သူသေလျှင်ပင် နောက်ဆုတ်မည် မဟုတ်ပါ။
ချိုးဟောက်က ဒိုင်းကိုကိုင်ပြီး ရွှေခေါင်းလောင်းကို ထိန်းချုပ်ကာ ချိုးရင်ရင်ရှေ့တွင် အခိုင်အမာ ရပ်လိုက်သည်။
"ကောင်လေး၊ မင်းက သေချင်နေမှတော့ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်"
မျက်နှာနီ လူငယ်က အေးစက်စက် ပြောလိုက်သည်။
"ဘယ်သူက ဘယ်သူ့ကို ဖြည့်ဆည်းပေးချင်လဲ"
ထိုအချိန်တွင် ခန်းမထဲမှာ ရှင်းလင်းပြတ်သားသော အသံတစ်ခုကို ကြားလိုက်ရသည်။
"ဝှစ်"
စကားမဆုံးခင်မှာပဲ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လူအုပ်ကို ဖြတ်ကျော်သွားကာ ချိုးဟောက်အနားမှာ ပေါ်လာခဲ့၏။ သူ့အရှိန်က အံ့မခန်း မြန်ဆန်ခဲ့ပြီး မည်ကဲ့သို့ ပေါ်လာသည်ကိုပင် လူများစွာ မမြင်ခဲ့ကြရပေ။
"လုမင်"
ချိုးဟောက် စိတ်လှုပ်ရှားသွားသည်။
ဟုတ်၏၊ ရောက်လာသူမှာ လုမင် ဖြစ်သည်။
သူဟာ ခံတပ်ထဲမှာ ဦးတည်ချက်မဲ့ လျှောက်လှမ်းနေရာမှ ဤမြင်ကွင်းကို မြင်ရသောကြောင့် လေဓာတ်စွမ်းအင် တာအိုသုံင်းကို အသုံးပြုကာ ချိုးဟောက်အနားတွင် ပေါ်လာခဲ့ခြင်း ဖြစ်သည်။
"ရင်ဖုန်းလား၊ နဂါးနတ်ဘုရားတောင်ကြား"
လုမင်က ရင်ဖုန်းနှင့် နဂါးနတ်ဘုရားတောင်ကြားမှ လူများကို တစ်ချက်ကြည့်လိုက်သည်။
နဂါးနတ်ဘုရားတောင်ကြားမှ လူများက ဤအဖြစ်အပျက်များမှာ သူတို့နှင့်မဆိုင်သလို ဘေးနားတွင် ရပ်နေသည်။
"လုမင်၊ ဒါက ဒီလိုပါ..."
ချိုးဟောက်က အခြေအနေကို အကျဉ်းချုံး ရှင်းပြလိုက်သည်။ လုမင်လည်း ဖြစ်ပျက်နေသည်ကို ချက်ချင်း နားလည်သွား၏။
"ဘယ်လောက်တောင် ရွံစရာကောင်းလိုက်လဲ"
လုမင်က ရင်ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။
"မင်းပဲ၊ အဟက်...၊ ဒီတစ်ခါတော့ မင်း ဘယ်လိုသေရမလဲဆိုတာ ကြည့်ရအောင်"
လုမင်ကိုမြင်တော့ ရင်ဖုန်းမှာ ပထမ အံ့အားသင့်သွားပြီး အေးစက်စက် ပြုံးလိုက်သည်။
သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ မဖြတ်မီက သူသည် လုမင်နှင့် မယှဉ်နိုင်ခဲ့ပေ။ ယခုတော့ သူဟာ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ချိုးဖြတ်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ သန္ဓေဝိညာဉ်ခန္ဓာက မြေကမ္ဘာအဆင့်နိမ့် ဝိညာဉ်ခန္ဓာအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် လုမင်ကို အပြတ် ချေမှုန်းနိုင်မည်ဟု သူ ယုံကြည်ခဲ့ပေသည်။
"ကောင်လေး၊ မင်းက နှောင့်ယှက်ချင်လို့လား"
မျက်နှာနီ လူငယ်လေးက လုမင်ကို လှမ်းကြည့်လိုက်သည်။
"မင်း ဘယ်လိုထင်လို့လဲ။ ဘာက မင်းအတွက်ကောင်းမှန်း သိတယ်ဆိုရင် ဒီနေရာကနေ လစ်လိုက်တော့"
လုမင်က အေးစက်စက် အော်လိုက်သည်။
"မောက်မာလိုက်တာ။ မင်းတစ်ယောက်တည်းနဲ့ ဝင်ရှုပ်ချင်နေတာ၊ မင်း သေချင်နေလို့လား။ ဒါဆိုရင် ငါ မင်းကို အရင်သတ်မယ်"
မျက်နှာနီ လူငယ်က အေးစက်စက် အော်ဟစ်လိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် သွေးနီရောင်ဓားအလင်းက လုမင်ဆီသို့ ဖြတ်သွား၏။
ဤလူငယ်မှာ စန်းပြည်နယ်ရှိ ထိပ်တန်းအင်အားစုကြီး ဆယ့်သုံးခုထဲမှ တစ်ခုဖြစ်သော သွေးနတ်ဆိုးမျှော်စင်၏ တပည့် ဖြစ်သည်။
"ဝမ်"
လုမင်က သူ့လက်နှစ်ချောင်းဖြင့် သွေးနီရောင်ဓားအလင်းကို ဖျက်ဆီးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး မျက်နှာနီ လူငယ်ကို ထိုးနှက်လိုက်၏။
"ဒါက ဘယ်လိုဖြစ်ရတာလဲ"
လုမင်က သူ့လက်နှစ်ချောင်းဖြင့် သူ၏ ဓားအလင်းကို ဖျက်ဆီးလိုက်၏။ ယင်းက မျက်နှာနီလူငယ်ကို လန့်ဖျတ်သွားစေသည်။ သူ့လက်ထဲမှ သွေးနီရောင်ဓားဖြင့် ခုတ်ပိုင်းကာ ဓားချက်များစွာ ချက်ချင်း ထုတ်ဖော်လိုက်လေသည်။
သို့သော်လည်း လုမင်၏ လက်သီးအင်အားက မျက်နှာနီလူငယ်လေး၏ ဓားအလင်းများကို တိုက်ရိုက် ချေမှုန်းသွားခဲ့သည်။ ထို့နောက်၊ လက်သီးအင်အားက မျက်နှာနီလူငယ်၏ ခန္ဓာကိုယ်ပေါ်သို့ ဆက်လက်ကျရောက်သွား၏။ မျက်နှာနီ လူငယ်လေးလည်း အော်ဟစ်ကာ အရုပ်ကြိုးပြတ် လွင့်စဉ်သွားခဲ့သည်။ မြေပေါ်သို့ ပြန်ပြုတ်ကျလာပြီးနောက် သူ့ခန္ဓာမှာ အကြိမ်အနည်းငယ်မျှ အကြောဆွဲသွား၏။ ထို့နောက်တော့ အသက်ဓာတ်ကို မခံစားရတော့ပေ။
လုမင်၏ လက်သီးချက်က မျက်နှာနီလူငယ်လေး၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရာဝိညာဉ်ကို တိုက်ရိုက် ပျက်သုဉ်းစေခဲ့သည်။
ပတ်ဝန်းကျင်မှ လူများ တုန်လှုပ်သွား၏။
မျက်နှာနီ လူငယ်လေးကို လက်သီးတစ်ချက်ဖြင့် သတ်လိုက်ခြင်းက သူတို့အား ကြီးစွာ တုန်လှုပ်စေခဲ့သည်။
"ဘယ်သူ သေချင်သေးလဲ"
လုမင် အခြားလူငယ်များကို ကြည့်လိုက်သည်။
လူငယ်များအားလုံး မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။
"အတူတူတိုက်ခိုက်ကြစို့၊ ငါတို့ ပူးပေါင်းတိုက်ခိုက်ရင် သူ့ကို မသတ်နိုင်ဘူးဆိုတာ ငါမယုံဘူး"
လူငယ်တစ်ယောက်က အော်ဟစ်လိုက်၏။
"ဝုန်း"
သူပြောပြီးသည်နှင့် လုမင်က အနားသို့ ချက်ချင်းရောက်လာကာ လက်သီးဖြင့်ထိုးလိုက်သည်။ ထိုလူ သေသွားပြီ။
"ဘယ်သူရှိသေးလဲ"
လုမင် တည်ငြိမ်စွာ ပြောလိုက်သည်။ အေးစက်သော သတ်ဖြတ်ချင်စိတ်က လေထဲတွင် ပြည့်နှက်သွား၏။ ကျန်လူငယ်များလည်း မျက်စိမျက်နှာပျက်သွားတော့သည်။
'သန္ဓေ၀ိညာဉ်ခန္ဓာ။ ဒီလူမှာ သန္ဓေဝိညာဉ်ခန္ဓာ ရှိရမယ်။ မဟုတ်ရင် သူ ဒီလောက် ပြင်းထန်တဲ့ တိုက်ခိုက်နိုင်စွမ်းမျိုး ပိုင်ဆိုင်ထားမှာ မဟုတ်ဘူး'
လုမင်တွင် သန္ဓေဝိညာဉ်ခန္ဓာ ရှိနေသည်ဟု ထင်မှတ်သွားကာ ထိုလူငယ်အားလုံး စိတ်ထဲမှ အော်ဟစ်လိုက်ကြသည်။
သန္ဓေဝိညာဉ်ခန္ဓာများသည် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်သွားသည်နှင့် တစ်ပြိုင်နက် ဝိညာဉ်ကိုယ်ခန္ဓာလည်း ဆင့်ကဲပြောင်းလဲသွားမည်ဖြစ်သည်။ အနိမ့်ဆုံးသည်ပင် မြေကမ္ဘာအဆင့်နိမ့် ဝိညာဉ်ခန္ဓာ ဖြစ်၏။ ၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်းက အလွန်အားကောင်းပြီး အဆင့်တူ ကျင့်ကြံသူများကို ချေမှုန်းပစ်ရန် လုံလောက်သည်။
"ဒီကောင်…"
ဘေးနားတွင်၊ ရင်ဖုန်း၏ မျက်လုံးများက အေးစက်စက် အလင်းတို့ တောက်ပလာခဲ့သည်။
သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်သွားခဲ့သော်လည်း လုမင်၏ တိုက်ခိုက်နိုင်စွမ်းက အလွန် အားကောင်းနေဆဲပင်။
သို့သော်လည်း ရင်ဖုန်းက ဂရုမစိုက်တော့ပါ။ သူသည်လည်း တစ်ချက်လှုပ်ရုံဖြင့် အဆင့်တူ ကျင့်ကြံသူကို သတ်နိုင်သည်။
"ထွက်သွား"
လုမင် ကြိမ်းမောင်းလိုက်သည်။
ထိုလူငယ်များအားလုံး မျက်နှာပျက်သွားကြ၏။ သို့သော်လည်း မတတ်သာဘဲ ဆုတ်သွားခဲ့ကြရသည်။ သို့ရာတွင် သူတို့က အနောက်ကိုဆုတ်သွားရုံဖြစ်ပြီး ထွက်မသွားကြပေ။
ရင်ဖုန်းနှင့် သူ့အဖွဲ့က ချိုးဟောက်တို့ မောင်နှမနှင့် အဆင်မပြေမှန်း သူတို့သိသည်။ သူတို့က နောက်ပိုင်းတွင် အခြေအနေကို အခွင့်ကောင်းယူရန် စောင့်နေကြလေသည်။
"မင်းတို့ ဘာလို့ မထွက်သွားတာလဲ"
လုမင်က ရင်ဖုန်းနှင့် သူ့အဖွဲ့ကို ကြည့်လိုက်သည်။
"ဟမ့်"
ရင်ဖုန်း၏ မျက်နှာက မည်းမှောင်သွားကာ အေးစက်စက် နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။
"လုမင်၊ ဒီရတနာတွေနဲ့ အမွေကို မင်းတို့ ထိန်းသိမ်းထားနိုင်မယ် ထင်လို့လား။ မင်း ငါတို့ကို မြန်မြန် လွှဲပေးလိုက်တာ ပိုကောင်းမယ်။ ငါ အဲဒါတွေကို သိမ်းထားပြီး နောက်ပိုင်း ဂိုဏ်းကိုပြန်အပ်ရမယ်"
"ဒါတွေကို ဂိုဏ်းဆီ လွှဲပေးရမယ်ဆိုရင်တောင် ငါတို့ ကိုယ်တိုင်လုပ်မယ်။ မင်း စိတ်ပူစရာ မလိုဘူး"
လုမင် လှောင်ပြောင်လိုက်၏။
"လုမင်၊ မင်းမှာ အင်အားနည်းနည်းရှိတာနဲ့ ဒီလောက် မာနမကြီးစမ်းနဲ့။ ဒီရတနာတွေကို ထိန်းထားနိုင်မယ်လို့ မင်းကို ဘယ်အရာက ယုံကြည်စေတယ်ဆိုတာ ငါ အခု ကြည့်ချင်စမ်းတယ်"
ရင်ဖုန်း ရှေ့သို့ ခြေတစ်ချက်လှမ်းလိုက်သည်နှင့် သူ့ခန္ဓာကိုယ်မှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။
"အရှုံးသမား၊ မင်း ထပ်ပြီး ရှုံးချင်လို့လား"
လုမင် အထင်အမြင်သေးစွာဖြင့် ပြောသည်။
"အချိန်တွေပြောင်းသွားပြီ လုမင်။ ဒီနေ့ ငါတို့ကြားက ခြားနားချက်တွေကို မင်း မြင်တွေ့ခွင့် ပေးလိုက်မယ်"
ရင်ဖုန်း၏ ခန္ဓာကိုယ်က ငွေရောင်အလင်းတန်းများဖြင့် တောက်ပလာသည်။ ခန်းမတစ်ခုလုံးတွင် နဂါးဟိန်းဟောက်သံက ပျံ့နှံ့ထွက်ပေါ်လာ၏။
ငွေရောင်အလင်းတန်းက သူ့ခန္ဓာကိုယ်မှ တိုးထွက်သွားပြီး သူ့ခန္ဓာကိုယ်ကို လှည့်ပတ်နေသော ငွေနဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ငွေရောင်နဂါး တိုက်ခိုက်ရေးခန္ဓာ။
ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်ခန္ဓာ ဖြစ်သည်။
"ငွေနဂါး ကြယ်ကြွေလက်သီး"
ရင်ဖုန်း အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်က ငွေရောင်အလင်းတန်းတစ်ခုကဲ့သို့ လုမင်ထံ တိုးဝင်သွား၏။ သူ့လက်သီးပေါ်ရှိ ငွေရောင် ဝိညာဥ်လက်နက် လက်အိတ်ကလည်း စူးရှတောက်ပစွာ တောက်ပနေတော့သည်။
လက်သီးချက် ထုတ်ဖော်လိုက်သည်နှင့် ဟင်းလင်းပြင်က ပြင်းထန်စွာ တုန်ခါသွားသည်။
"ဝှစ်"
လုမင်ကတော့ အလွန် ရိုးရှင်း၏။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး လက်သီးနှင့်ထိုးလိုက်သည်။
ဤလက်သီးချက်က ဘာမှထူးခြားမှုမရှိဘဲ သာမန်လူတစ်ယောက် ထိုးလိုက်သကဲ့သို့ပင်။
"ဒုန်း"
လက်သီးနှစ်လုံးက တိုက်မိသွားသည်။ ဥက္ကာပျံနှစ်စင်း တိုက်မိသကဲ့သိ့ ကြောက်မက်ဖွယ်ကောင်းသော လှိုင်းများကြောင့် ခန်းမကြီး ပြင်းထန်စွာ တုန်လှုပ်သွား၏။
ထို့နောက်တော့ ပုံရိပ်တစ်ခုမှာ ဒယီးဒယိုင်ဖြင့် အဆက်မပြတ် ဆုတ်သွားရတော့သည်။
ရင်ဖုန်း ဖြစ်သည်။
ခြေလှမ်းခုနစ်လှမ်း ဆုတ်သွားရသည်။ ခြေလှမ်းတိုင်းတွင် ပေါက်ကွဲသံတစ်ခုနှင့် ခန်းမက ပြင်းထန်စွာ တုန်ခါသွားရ၏။
"မဖြစ်နိုင်ဘူး"
ရင်ဖုန်း၏ မျက်လုံးများက မယုံကြည်နိုင်မှုတို့ ပြည့်နှက်သွားသည်။
သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ပြီးနောက်၊ သူ၏ ဝိညာဉ်ခန္ဓာသည် မြေကမ္ဘာအဆင့်နိမ့် ဝိညာဉ်ခန္ဓာအဖြစ်သို့ ရောက်ရှိသွားသည်။ ယင်းက အလွန်တရာ အစွမ်းထက်၏။ သူ၏ နယ်ပယ်နှင့် ဧကရာဇ်ဝိညာဉ်လက်နက်ကို ပေါင်းထည့်ခြင်းဖြင့် လုမင်ကို အပြတ်ချေမှုန်းနိုင်မည်ဟု မူလက ထင်ခဲ့သည်။ သို့သော်လည်း ယခုတော့ သူ့ဘက်မှာ အားနည်းချက်ကြီးတစ်ခု ဖြစ်နေသေးသည်။
ထို့အပြင်၊ လုမင်က သူ့အင်အားကို အပြည့်အဝ မသုံးခဲ့ပါ။
"မြေကမ္ဘာအဆင့်နိမ့် ဝိညာဉ်ခန္ဓာ၊ မင်းလို နိမ့်ပါးတဲ့ ပုရွက်ဆိတ်က မြေကမ္ဘာအဆင့်နိမ့် ဝိညာဉ်ခန္ဓာကို ဘယ်လို လေ့ကျင့်နိုင်မှာလဲ"
ရင်ဖုန်း အော်ဟစ်လိုက်သည်။
"မင်းကိုယ်မင်းကော မြင့်မြတ်တယ်လို့ ထင်တာလား။ မြေကမ္ဘာအဆင့်နိမ့် ဝိညာဉ်ခန္ဓာတစ်ခု ရှိရုံနဲ့ မင်းကိုယ်မင်း ကြီးမြတ်တယ်လို့ ထင်နေတာလား။ ငါတို့နှစ်ယောက်လုံးက မြေကမ္ဘာအဆင့်နိမ့် ဝိညာဉ်ခန္ဓာတွေ ဖြစ်နေရင်တောင် ငါ့ရှေ့မှာ မင်းက ထည့်ပြောဖို့ မထိုက်တန်ဘူးဆိုတာ မင်းသိအောင် ပြောပြမယ်"
လုမင် အေးစက်စက်ပြောပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
"ဒုန်း"
ခြေတစ်လှမ်းဖြင့် ခန်းမကြီး တုန်ခါသွားသည်။ လုမင်က ရင်ဖုန်းရှေ့တွင် ပေါ်လာခဲ့၏။ သူ့ခန္ဓာကိုယ်က နဂါးတစ်ကောင်ကဲ့သို့ လှုပ်ရှားသွားပြီးနောက် ပြင်းထန်သော စွမ်းအားတစ်ခုက သူ့လက်မောင်းတလျှောက် စီးဆင်းလာတော့သည်။ သူက လက်သီးချက် ထုတ်ဖော်လိုက်သည်။
"ပေါက်ကွဲစမ်း"
ရင်ဖုန်းလည်း ဟိန်းဟောက်လိုက်၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါများက တဟုန်ထိုး ထပ်မံမြင့်မားလာတော့သည်။
ပထမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်။