← Chapters

အခန်း ၁၄၂၄

Vol. 95 Ch. 1424

အခန်း ၁၄၂၄

Vol. 95 Ch. 1424

အပိုင်း ( 1424 ) ပါရမီရှင် ခေါင်းဆောင်။

ရင်ဖုန်း၏ အရှိန်အဝါက အံ့မခန်း ဖြစ်သည်။ သူ့နယ်ပယ်က ပထမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သို့ပင် ရောက်နေပြီ။

မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေ ဖွင့်လှစ်ခဲ့သည်မှာ ရက်ပေါင်းတစ်ဒါဇင်မျှသာ ကြာသေးသော်လည်း ရင်ဖုန်း၏ ကျင့်ကြံခြင်းအခြေခံက အဆင့်တစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။

သို့သော်လည်း ယင်းကို နားလည်နိုင်ပေသည်။ ရင်ဖုန်းသည် ငယ်စဉ်ကတည်းက ယွမ်လုတွင်နေထိုင်ခဲ့သော ပါရမီရှင်တစ်ဦးဖြစ်ပြီး အဓိပဓိအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ သူ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ မဖြတ်သွားရသည့် အကြောင်းအရင်းက မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေသို့ဝင်ရောက်ရန် နယ်ပယ်ကို တမင် ဖိနှိပ်ထားခြင်းကြောင့် ဖြစ်ချေသည်။

သူတို့က နယ်ပယ်ကို ကြာမြင့်စွာကတည်းက ဖိနှိပ်ထားခဲ့သည်။ ထို့ကြောင့် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ချိုးဖြတ်သောအခါ သူတို့၏ ကျင့်ကြံခြင်းအခြေခံကလည်း ခုန်ပျံတိုးတက်နိုင်ခဲ့ပေသည်။ သူတို့အတွက် ဆယ်ရက်ကျော်အတွင်း သိုင်းအုပ်ချုပ်သူနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်သည်မှာ ပုံမှန်ဖြစ်ချေသည်။

သူတို့အနေဖြင့် ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ရန်ပင် အချိန်အတော်ကြာမည် မဟုတ်ပါ။

ရင်ဖုန်းက လုမင်ကို တိုက်ခိုက်ရန် အင်အားအပြည့် ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။

"ဒေါင်"

လက်သီးနှစ်လုံး တိုက်မိပြီးနောက် ခေါင်းလောင်းသံကဲ့သို့ ထွက်ပေါ်လာခဲ့သည်။

သို့သော်၊ ရလဒ်ကတော့ မပြောင်းပေ။ ရင်ဖုန်းက သူ၏အင်အားအပြည့်ကို ထုတ်ဖော်လိုက်သော်လည်း လုမင်နှင့် မယှဉ်နိုင်သေးပါ။ လုမင်၏ အပြတ်ဖိနှိပ်ခံရပြီး အနောက်သို့ပင် ဆုတ်သွားခဲ့ရသည်။

ဤအထိ လုမင်က ကစဉ့်ကလျားတာအိုနယ်မြေကိုပင် မသုံးရသေးပါ။ သူက နဂါးနတ်ဘုရား တိုက်ခိုက်ရေးခန္ဓာနှင့် အတားအဆီးမဲ့သော ကောင်းကင်သိုင်းတို့ကိုသာ အသုံးပြုခဲ့သည်။

လုမင်၏ ဝိညာဉ်ခန္ဓာသည် ရင်ဖုန်း၏ မြေကမ္ဘာအဆင့်နိမ့် ဝိညာဉ်ခန္ဓာနှင့် တူညီသော်လည်း၊ လုမင်သည် ကမ္ဘာသန့်စင်ခြင်း ကပ်ဘေးခေါင်းလောင်းဖြင့် သန့်စင်ခြင်း ခံခဲ့ရသည်။ ထို့အပြင် သူ့ခန္ဓာကိုယ်ထဲတွင် ကစဉ့်ကလျားစွမ်းအင် အရိပ်အယောင်တစ်ခု ရှိ၏။ ထို့ကြောင့် လုမင်၏ ဝိညာဉ်ခန္ဓာက သာမန် မြေကမ္ဘာအဆင့်နိမ့် ဝိညာဉ်ခန္ဓာများထက် ပို၍သန်မာခဲ့ပေသည်။

၎င်းက မြေကမ္ဘာအဆင့် အလယ်လတ်တန်းစား ဝိညာဉ်ခန္ဓာနှင့်ပင် နီးစပ်သည်။

"ဝုန်း၊ ဝုန်း"

လုမင်က လက်သီးချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်သည်။ သူက ပြိုင်ဘက်ကင်းသော စစ်နတ်ဘုရားကဲ့သို့ ရင်ဖုန်းကို အပြတ်အသတ် ဖိနှိပ်ထား၏။

"ဖူး"

ရင်ဖုန်း၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားသည်။ နောက်သို့ ဒယီးဒယိုင်ဖြင့်ဆုတ်သွားရင်း ပါးစပ်ထဲမှ သွေးများပင် အန်ထွက်လာတော့သည်။

တခြားသူများလည်း အံ့သြသွားကြသည်။

ရင်ဖုန်းတွင် သန္ဓေ ၀ိညာဉ်ခန္ဓာတစ်ခု ရှိပြီး ယခုအခါ မြေကမ္ဘာအဆင့်နိမ့် ဝိညာဉ်ခန္ဓာအဖြစ်သို့ပင် ပြောင်းလဲသွားပြီ ဖြစ်သည်။ သို့တိုင် သူက လုမင်နှင့် မယှဉ်နိုင်သေးပေ။ စွန့်ပစ်ကျွန်းမှ လူငယ်လေး လုမင်က သူတို့ စိတ်ကူးထားသည်ထက် များစွာပို၍ အားကောင်းနေခဲ့ပြီ ဖြစ်သည်။

"ဘာလဲ၊ မင်းမှာ ဒါအကုန်ပဲလား။ ဒါက မင်းယုံကြည်မှုလား။ ငါတို့ကြားက ခြားနားချက်ကို မင်း မပြချင်ဘူးလား"

လုမင် လှောင်ပြောင်လိုက်သည်။

ရင်ဖုန်း သားရဲကြီးတစ်ကောင်လို ဟိန်းဟောက်လိုက်၏။ သူ့မျက်နှာကလည်း မည်းမှောင်နေတော့သည်။

သူဟာ အဓိပဓိနယ်ပယ်တွင် လုမင်၏ ဖိနှိပ်ခံခဲ့ရသည်။ ယခုလည်း လုမင်ထံတွင် ဖိနှိပ်ခံနေရဆဲ ဖြစ်၏။

"ဒါကို အဆုံးသတ်ဖို့ အချိန်ကျပြီ"

လုမင် ပြောလိုက်သည်။ သူ့ကျောရိုးမှ သွေးနီရောင် အလင်းတန်းတစ်ခု လင်းလက်လာသည်။ တတိယသွေးမျိုးဆက်မှ လုမင်၏ခန္ဓာကိုယ်ထဲသို့ စွမ်းအင်ကြိုးတစ်ချောင်း စီးဆင်းလာ၏။ လုမင်၏ ခန္ဓာကိုယ်တွင် သွေးနီရောင်အလင်းတန်းများ ပြည့်သွားသောအခါ အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်များကလည်း ရင်ဖုန်းကို ဖုံးလွှမ်းသွားတော့သည်။

အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်များ၏ လွှမ်းခြုံခံရခြင်းက ရင်ဖုန်းကို ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။

"ဝုန်း"

တတိယသွေးမျိုးဆက်မှ စွမ်းအားကို ဆွဲယူလိုက်ပြီးနောက် လုမင်၏ အင်အားမှာ အလွန်တိုးလာသည်။ လက်သီးချင်း ထိပ်တိုက်ရင်ဆိုင်ပြီးနောက် ရင်ဖုန်း၏လက်က အရိုးကျိုးသံတစ်ခု ထွက်ပေါ်လာ၏။ သူ့လက်က သွင်သွင်ကျိုးပြီး လုံးလုံးလျားလျား ပုံပျက်သွားပြီ။

ရင်ဖုန်း၏ပါးစပ်ထဲမှ သွေးများ အန်ထွက်လာပြီး နာကျင်စွာ အော်ဟစ်လိုက်သည်။

"ဖိနှိပ်"

လုမင်က လက်တစ်ဖက်ဖြန့်ပြီး ဖိချဟန်ပြုလိုက်သည်။ သူ့လက်တွင် ငရဲဖိနှိပ်ကျောက်စာချပ် ပုံရိပ် ပေါ်လာခဲ့၏။

"ဒုန်း"

ရင်ဖုန်းက သူ့လက်ကိုမြှောက်ပြီး အစွမ်းကုန် ခုခံလိုက်သည်။ သို့သော်လည်း လုမင်၏ ဖိအားအောက်တွင် ဒူးထောက်ကျသွားတော့သည်။

လုမင်ရှေ့တွင် ဒူးထောက်လိုက်ရပြီ ဖြစ်သည်။

"မင်း ချမ်းသာပေးဖို့ တောင်းပန်ချင်ရင်တောင် ဒီလောက် ယဉ်ကျေးနေဖို့တော့ မလိုဘူး မဟုတ်လား"

လုမင် လှောင်ပြုံး ပြုံးလိုက်သည်။

"အား၊ ငါမင်းကိုသတ်မယ်"

ရင်ဖုန်း၏ မျက်လုံးများ နီရဲသွားသည်။ သူ ဒေါသတကြီး အော်ဟစ်ပြီး အသည်းအသန် ရုန်းကန်လိုက်၏။

နောက်ဆုံးအကြိမ်က လုမင်ဟာ သူ့မျက်နှာကို ကိုးကြိမ်ဆက်တိုက် နင်းချခဲ့သည်။ ထို့ကြောင့် နဂါးနတ်ဘုရားတောင်ကြားတွင် လူအများ၏ ရယ်စရာဖြစ်လာပြီး သူ့ပြိုင်ဘက်များ၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရပေသည်။ ယခုဆိုလျှင် လုမင်ရှေ့မှာ ဒူးထောက်နေရပြီ ဖြစ်သည်။

ယင်းက သူ့တစ်သက်တာမှာ ဘယ်တော့မှ မပျောက်ကွယ်နိုင်တော့သည့် ကြီးမားသော အရှက်တရားတစ်ခုပင်။

အနာဂတ်တွင် သူထမြောက်ပြီး ကမ္ဘာကြီးကို အုပ်စိုးမည်လျှင်ပင် ဤအဖြစ်အပျက်က သူ့ဘဝတွင် အမည်းစက်ကြီးတစ်ခုအဖြစ် ရှိတော့မည် ဖြစ်သည်။

ဒေါသတကြီး အော်ဟစ်ရင်း လုမင်ကို အပိုင်းပိုင်းဖြတ်တောက်ပစ်ရန် သူ မစောင့်နိုင်တော့ပေ။

သို့သော်လည်း သူ့ကိုကြိုဆိုနေသည်မှာ လုမင်၏ ခြေကန်ချက် ဖြစ်သည်။

လုမင်က သူ့မျက်နှာကို ကန်ထုတ်လိုက်၏။

ရင်ဖုန်း၏ မျက်နှာပေါ်တွင် ခြေဖဝါးရာကြီးတစ်ခု ဖြစ်ပေါ်လာကာ အော်ဟစ်ညည်းညူရင်း ကြမ်းပြင်တစ်လျှောက် လျှောထွက်သွားတော့သည်။

"ဝှစ်"

လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ရင်ဖုန်း၏မျက်နှာကို နောက်တစ်ကြိမ် ထပ်နင်းရန် ခြေလှမ်းပြင်လိုက်သည်။

"တော်လောက်ပြီ"

နဂါးနတ်ဘုရားတောင်ကြား၏ လူအုပ်ကြီးထံမှ အသံထွက်လာသည်။ ထို့နောက် အံ့အားသင့်ဖွယ် အရှိန်ဖြင့် လူတစ်ဦး ထွက်လာခဲ့၏။

"ဝှစ်၊ ဝှစ်၊ ဝှစ်"

ထိုပုံရိပ်က လက်သည်းကုပ်ချက် ကိုးချက် ထုတ်ဖော်လိုက်သည်။ သွေးနီရောင် နဂါးလက်သည်းကိုးချောင်းက လုမင်ကို ကုတ်ဆွဲလာ၏။

လက်သည်းကုပ်ချက်များက စွမ်းအားကြီးပြီး အံ့မခန်း ဖြစ်သည်။

ထိုနဂါးလက်သည်းသာ သူ့ကိုထိတွေ့ပါက အစိတ်စိတ်အမြွှာမြွှာ ကွဲသွားမည်ဟု လုမင် ခံစားခဲ့ရပေသည်။

လုမင်လည်း ရှေ့မဆက်တော့ဘဲ ချက်ချင်း တုံ့ပြန်ခဲ့သည်။ ကစဉ့်ကလျားတာအိုနယ်မြေက သူ့လက်ဝါးကို ဖုံးလွှမ်းသွား၏။ လုမင်လည်း သွေးနီရောင် နဂါးလက်သည်းကိုးချောင်းနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်တော့သည်။

"ဝုန်း၊ ဝုန်း၊ ဝုန်း"

ကိုးကြိမ်ဆက်တိုက် ပေါက်ကွဲပြီးနောက် လုမင် ရပ်တန့်သွားခဲ့သည်။ ပေါက်ကွဲမှုအင်အားကို အသုံးချပြီး လုမင်က မီတာဒါဇင်ချီအကွာကို ဆုတ်သွားခဲ့၏။

"ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်"

လုမင် အံ့အားသင့်သွားပြီး တစ်ဖက်လူကို ကြည့်လိုက်သည်။

ယင်းက အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ယောက် ဖြစ်သည်။ လူငယ်သည် လုမင်ထက် ငယ်ရွယ်ပုံရပြီး အလွန်ချောမော၏။ ထို့အပြင် သူ့ဆံပင်များက သွေးနီရောင်ဖြစ်ကာ လျော့ရဲရဲ စည်းနှောင်ထားလေသည်။

"ဟဲယွိ"

ထိုလူကို မှတ်မိသောအခါ လုမင်၏ နှလုံးသားထဲတွင် တုန်လှုပ်သွားမိသည်။

မဟာဧကရာဇ် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခဲ့သော ထိပ်တန်း အင်အားစုကြီး ဆယ့်သုံးခုတွင် မရေမတွက်နိုင်သော ထူးချွန်သူများနှင့် ပါရမီရှင်များစွာ ရှိခဲ့သည်။

အထူးသဖြင့် ဒေသခံ ပါရမီရှင်များဆိုလျှင် ပို၍ အစွမ်းထက်၏။ သူတို့ဟာ ငယ်စဉ်ကတည်းက အကောင်းဆုံးလေ့ကျင့်မှုကို ခံယူခဲ့ရပြီး အများစုတွင် သန္ဓေဝိညာဉ်ခန္ဓာများ ရှိကြသည်။ သူတို့တစ်ဦးစီက အလွန်အစွမ်းထက်ပေသည်။

သို့သော်လည်း ဤမျှများပြားသော ပါရမီရှင်များကြားတွင် အထူးချွန်ဆုံး ပါရမီရှင်များ ရှိနေသည်။

နဂါးနတ်ဘုရားတောင်ကြား၏ ပါရမီရှင်ခေါင်းဆောင်က သူ့ရှေ့မှ ဟဲယွိဖြစ်ချေသည်။

လုမင်ဟာ မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေသို့ လာရာလမ်းတွင် ဤအကြောင်းများကို ကြားခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် လုမင်က ဤလူငယ်ကို မှတ်မိနေခြင်း ဖြစ်ချေသည်။

ထိုလူငယ်က အမှန်တကယ် အစွမ်းထက်သည်။ မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ခဲ့သည်မှာ မကြာသေးသော်လည်း သူဟာ ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ချိုးဖြတ်သွားခဲ့ပြီ ဖြစ်သည်။ ယင်းက တုန်လှုပ်စရာကောင်းလွန်းလှပေသည်။

"အား၊ ဟဲယွိ... ငါ့ကိုကူညီပြီး သူ့ကိုသတ်ပေးပါ။ အဲဒီကောင်ကိုသတ်လိုက်"

ရင်ဖုန်း ရူးတော့မလို ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

"လုမင်၊ မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းက တကယ်ကို အံ့မခန်းပါပဲ။ နောင်ကျရင် တိုက်ခိုက်ကြရအောင်။ အခုတော့ သွားကြစို့"

မထင်မှတ်ဘဲ၊ ဟဲယွိက ဆက်လက်တိုက်ခိုက်ရန် စိတ်ကူးမရှိပါ။ ထိုအစား သူက နောက်ဆုတ်သွားခဲ့သည်။

"ဟဲယွိ၊ မင်း ဘာလုပ်နေတာလဲ။ ငါ့ကိုကူညီပြီး ဒီကောင့်ကိုသတ်ပေးဦး-

ရင်ဖုန်း အော်ဟစ်လိုက်၏။

"တိတ်စမ်း"

ဟဲယွိက ရင်ဖုန်းကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ့ကိုဖမ်းဆွဲကာ လမ်းကြောင်းတစ်ခုထဲသို့ ဝင်ရောက်သွား၏။ နဂါးနတ်ဘုရားတောင်ကြားမှ အခြား ပါရမီရှင်များလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဟဲယွိအနောက်မှ လိုက်သွားကြတော့သည်။

ခဏကြာ လျှောက်လာပြီးနောက်...

"ဟဲယွိ၊ မင်း အဲဒီကောင်ကိုသတ်ပြီး ရတနာတွေကို ဘာဖြစ်လို့ မယူတာလဲ"

ရင်ဖုန်းက လက်မလျှော့ချင်သေးဘဲ မေးလိုက်သည်။

"ဘာဖြစ်လို့လဲဆိုတော့ ငါတိုက်ခိုက်ရရင်တောင် ဒီလုမင်ကို အနိုင်ယူနိုင်မယ်လို့ မယုံကြည်လို့ပဲ"

ဟဲယွိက ခြေလှမ်းတန့်သွားပြီး လေးလေးနက်နက် ပြောလိုက်သည်။

"ဘာ"

ရင်ဖုန်း အပါအဝင် နဂါးနတ်ဘုရားတောင်ကြားမှလူများ အံ့ဩသွား၏။

ခဏကြာမှ ရင်ဖုန်း မယုံနိုင်သလို အော်ဟစ်လိုက်သည်။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက ဒုတိယအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ရောက်နေပြီ။ နောက်ပြီး မင်းရဲ့ သန္ဓေဝိညာဉ်ခန္ဓာကလည်း မြေကမ္ဘာအလယ်လတ်တန်းစား ဝိညာဉ်ခန္ဓာ ဖြစ်နေပြီပဲ။ ဒီကောင်ကို မင်း အနိုင်မယူနိုင်တာ ဘယ်လိုဖြစ်နိုင်မှာလဲ"

ဟဲယွိက တစ်စုံတစ်ခုကို လေးလေးနက်နက် တွေးတောနေသကဲ့သို့ မျက်မှောင်ကြုတ်လိုက်သည်။ ခဏကြာမှ သက်ပြင်းတစ်ချက်ချရင်း ပြောလိုက်လေသည်။

"လုမင်က ငါ့ကို အန္တရာယ်များတဲ့ ခံစားချက်မျိုး ပေးနေတယ်။ အရင် ဖလှယ်မှုမှာ သူ့ခွန်အားကို အပြည့်အ၀ မသုံးခဲ့ဘူးလေ။ အခုနေ သူနဲ့ သေတဲ့အထိ တိုက်ခိုက်ရမယ်ဆိုရင် သေရမဲ့လူက ငါဖြစ်မယ်လို့ ခံစားခဲ့ရတယ်"

"ဘာ"

ရင်ဖုန်းနှင့် အခြားသူများ အံ့သြသွားပြန်သည်။ သူတို့ ယုံရခက်ကြ၏။

နဂါးနတ်ဘုရားတောင်ကြား၏ ပါရမီရှင်ခေါင်းဆောင် ဟဲယွိက သူ့ကိုယ်သူ လုမင်နှင့် မယှဉ်နိုင်ဟု ယုံကြည်နေသည်။

ယင်းက မည်သို့ဖြစ်နိုင်ပါမည်နည်း။

နဂါးနတ်ဘုရား တောင်ကြားတစ်ခုလုံးတွင် မြေကမ္ဘာအလယ်အလတ်တန်းစား ဝိညာဉ်ခန္ဓာကို သန့်စင်နိုင်သော လူငယ်များက များစွာမရှိပေ။ ဟဲယွိက အနာဂတ်တွင် နဂါးနတ်ဘုရားတောင်ကြား၏ မဟာပုဂ္ဂိုလ်တစ်ယောက် အမှန်တကယ် ဖြစ်လာမည် ဖြစ်သည်။ သူကဲ့သို့သော ပုဂ္ဂိုလ်မျိုးက လူရိုင်းကျွန်းမှ လူတစ်ဦးကို မယှဉ်နိုင်တာ မည်သို့ဖြစ်နိုင်ပါမည်နည်း။

All Chapters