← Chapters

အခန်း ၁၄၂၉

Vol. 96 Ch. 1429

အခန်း ၁၄၂၉

Vol. 96 Ch. 1429

အပိုင်း ( 1429 ) ရတနာများကို လုယူခြင်း။

ဝမ့်ရှောင်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်က အောက်ကို ပြန်ပြုတ်ကျသွား၏။

"ဝှစ်"

ထိုအချိန်တွင် လော့ရှန်းက လုမင်အနောက်မှ ကပ်လိုက်သွားသည်။ သူက ကောင်းကင်ပေါ်သို့ တဟုန်ထိုး ထိုးတက်လာသည်။

ဝမ့်ရှောင်၏ တိုက်ခိုက်မှုအင်အား သက်ရောက်မှုကိုသုံးကာ လုမင်က မျှော်စင်အမြင့်ဆုံးထပ်သို့ ချက်ချင်း ‌တက်ရောက်သွား၏။ လုမင်လည်း ခြေလှမ်းအနည်းငယ်ဖြင့် မျှော်စင်အမြင့်ဆုံးထပ်တွင် ဆင်းသက်လိုက်တော့သည်။

ထို့နောက် လော့ရှန်း ရောက်လာခဲ့သည်။

"ဝှစ်"

လော့ရှန်း အနောက်တွင်မှ ဝမ့်ရှောင် ဖြစ်၏။ သူက ဆင်းသက်လိုက်ပြီးနောက် လုမင်ကို မှုန်ကုပ်ကုပ်ဖြင့် ကြည့်လိုက်သည်။

သူဟာ ကောင်းကင်ကိုးဆင့်ဓားဂိုဏ်း၏ ပါရမီရှင်ခေါင်းဆောင်တစ်ဦးဖြစ်သော်လည်း အမည်မသိလူငယ်လုမင်၏ တွန်းထုတ်ခံခဲ့ရသည်။ ယင်းက သူ့ကို မျက်နှာပျက်စေခဲ့ပေသည်။

ထိုအချိန်တွင် လုမင်၏ အာရုံကို ရှေ့မှ တစ်စုံတစ်ခုက စွဲဆောင်သွားသည်။

သူ့ရှေ့မှ လေထဲတွင် အလင်းတန်းသုံးခု လွင့်မျောနေ၏။

အလင်းစက်လုံးတစ်ခုတွင် ရွှေဖြင့် ပြုလုပ်ထားပုံရသည့် စာအုပ်တစ်အုပ် ရှိသည်။ ထူးဆန်းသည်မှာ၊ စာအုပ်၏ မျက်နှာပြင်ပေါ်တွင် ဓားတစ်လက်ဖြင့် ကခုန်နေသော လူရုပ်သွင်တစ်ခု ရှိနေခြင်း ဖြစ်၏။ အလွန်လျှို့ဝှက်ဆန်းကြယ်သည်။

ယင်းက သိုင်းပညာ၊ ဓားတာအို သိုင်းပညာတစ်မျိုးပင်။

ဒုတိယအလင်းစက်လုံးမှာတော့ ဓားတစ်လက် ရှိနေသည်။ ဓားကိုယ်ထည်မှာ အဖြူရောင် ဖြစ်၏။ တစ်ချက်ကြည့်လိုက်ရုံနှင့် ကြောက်စရာကောင်းသော ဓားအငွေ့အသက်ကို ခံစားရနိုင်သည်။

သူတော်စင်ရတနာ။

ဤဓားက အလွန်အစွမ်းထက်သော သူတော်စင်ရတနာဓားဖြစ်မည်မှာ သေချာသည်။

တတိယမြောက် အလင်းလုံးကတော့ ပိုရိုးရှင်း၏။ အတွင်း၌ လက်သီးဆုပ်အရွယ် ကျောက်တုံး တစ်ရာခန့် ရှိနေသည်။

ကောင်းကင်တာအိုကျောက်။

လုမင်၏ မျက်လုံးများက တောက်ပသွားသည်။

သုံးယောက်သား တပြိုင်နက်တည်း လှုပ်ရှားလိုက်၏။

လုမင်က ကောင်းကင်တာအိုကျောက်ကို ပစ်မှတ်ထားလိုက်သည်။

လုမင်အတွက် ဓားတာအို သိုင်းပညာက အသုံးမဝင်ပါ။ သူက ဓားသမားမဟုတ်သလို ဓားပညာကိုလည်း မလေ့ကျင့်ပေ။

သူတော်စင်ရတနာဓားကလည်း အဖိုးတန်သည့်တိုင် သူ့အတွက် များစွာ အသုံးမဝင်ပါ။ သူ ရရှိခဲ့လျှင်ပင် ထုတ်ရောင်းလိုက်မည်သာ ဖြစ်သည်။

ထိုအရာများက သူ့အတွက် ကောင်းကင်တာအိုကျောက်လောက် ဆွဲဆောင်မှု မရှိပါ။

ကောင်းကင်တာအိုကျောက်က လူတစ်ဦး၏အင်အားကို တိုးတက်စေနိုင်သော အခြေခံအုတ်မြစ်ဖြစ်သည်။ ခွန်အားရှိသရွေ့ ရတနာပြတ်လပ်မှာကို ကြောက်စရာမလိုပေ။

လုမင်က ကောင်းကင်တာအိုကျောက်ကို ရွေးချယ်လိုက်ပြီး လော့ရှန်းက ဓားတာအိုသိုင်းပညာကို ဦးတည်လိုက်သည်။ ဝမ့်ရှောင်ကတော့ သူတော်စင်ရတနာ ဓားကို ရွေးချယ်လိုက်၏။

"ဝုန်း"

လုမင်က အလင်းလုံးကို ဖမ်းဆုပ်လိုက်သည်။ သို့သော်၊ အလင်းစက်လုံးက တုန်ခါသွားသည့်တိုင် မပြိုကျခဲ့ပေ။

"သေချာတာပေါ့၊ ဒါက တကယ်ကို အကာအကွယ် လုပ်ဆောင်ချက် ရှိတယ်"

လုမင် ရေရွတ်လိုက်သည်။

ထို့နောက် ကစဉ့်ကလျားတာအိုနယ်မြေက သူ့လက်ဝါးကို ဖုံးလွှမ်းသွားသည်။ သူက အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုပြီး ထပ်မံ ရိုက်ထုတ်လိုက်၏။

"ဝမ်"

အလင်းစက်လုံးက ပြင်းထန်စွာ တုန်ခါသွားသည်။ ယင်းက မပြိုကွဲသေးသော်လည်း အလင်းစက်လုံး၏ အလင်းရောင်မှာ အနည်းငယ် မှိန်ဖျော့သွားတော့သည်။

"ဆက်လုပ်"

လုမင်က အတားအဆီးကို ဆက်လက် ရိုက်ထုတ်လိုက်သည်။ ရှေးဦးကစဉ့်ကလျား တာအိုနယ်မြေနှင့် အတားအဆီးမဲ့သော ကောင်းကင်သိုင်းတို့ကို ပေါင်းစပ်လိုက်သောအခါ အလွန်အားကောင်း၏။ အလင်းစက်လုံးက အဆက်မပြတ် တုန်ခါနေတော့သည်။

အသက်ဆယ်ရှိူက် မပြည့်မီတွင်၊ လုမင်ဟာ တိုက်ခိုက်မှုပေါင်း တစ်ရာကျော်ကို ထုတ်ဖော်ပြီး ဖြစ်သည်။ နောက်ဆုံးတွင် အလင်းစက်လုံးက အလင်းအမှုန်အမွှားအဖြစ်သို့ ပြိုကျပြီး ပျောက်ကွယ်သွား၏။ လုမင်လည်း ကောင်းကင်တာအိုကျောက်များ သူ့သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်တော့သည်။

လုမင်၏ မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

စုစုပေါင်း၊ သူဟာ ကောင်းကင်တာအိုကျောက် နှစ်ရာကျော်ကို ရရှိခဲ့သည်။ ကောင်းကင်တာအိုကျောက်များက အလွန်အဖိုးတန်သည်။ သူတော်စင်နယ်ပယ် ကျွမ်းကျင်သူများပင်လျှင် လိုချင်ကြရ၏။ လုမင်လည်း မဟာဧကရာဇ် လျှို့ဝှက်နယ်မြေသို့ ဤခရီးစဉ်ဟာ အချည်းနှီးမဟုတ်သလို ခံစားလိုက်ရသည်။

ကောင်းကင်တာအိုကျောက်များကို သိမ်းဆည်းပြီး သူကြည့်လိုက်တော့ လော့ရှန်းနှင့် ဝမ့်ရှောင်က အလင်းစက်လုံးများကို မခွဲနိုင်ကြသေးပါ။

သူတို့က ဓားအလင်းများနှင့် အဆက်မပြတ် ခုတ်ထစ်နေရာ အလင်းစက်လုံးမှ အလင်းများက ပို၍ မှေးမှိန်လာခဲ့သည်။

လုမင်၏ နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။ သူက ဝမ့်ရှောင်ဆီသို့လျှောက်သွားပြီး အလင်းစက်လုံးကို လက်ဝါးနှင့် ရိုက်ချလိုက်၏။

"မင်း ဘာလုပ်တာလဲ"

ဝမ့်ရှောင် ဒေါသတကြီး အော်လိုက်သည်။

လုမင် လှောင်ပြုံး ပြုံးလိုက်သည်။ သူက လျစ်လျူရှုထားပြီး ထပ်မံ ရိုက်ထုတ်လိုက်၏။

"ဟေ့ကောင်၊ မင်း ငါနဲ့ လာတုနေတာလား။ မင်း သေချင်နေတာလား"

ဝမ့်ရှောင် ဒေါသထွက်သွားသည်။ သူ့လက်ထဲတွင် ဓားအလင်းတစ်ခု တောက်ပလာပြီး လုမင်ဆီသို့ ဖြတ်သွား၏။

"ဖြောင်း"

လုမင် ကန်ထုတ်လိုက်သည်။ ဤကန်ချက်တွင် အတားအဆီးမဲ့သော ကောင်းကင်သိုင်းနှင့် ရှေးဦးကစဉ့်ကလျား တာအိုနယ်မြေကို ပေါင်းစပ်ထားသည်။

ဝမ့်ရှောင်၏ဓားအလင်းက ပြိုကျသွား၏။ သူ့ခန္ဓာကိုယ်က အနည်းငယ်ယိမ်းယိုင်သွားကာ ခြေနှစ်လှမ်း ဆုတ်သွားရတော့သည်။

"ခွမ်း"

လုမင်က အလင်းစက်လုံးကို ထပ်မံရိုက်လိုက်သည်။

အလင်းစက်လုံး ပြိုကျသွား၏။ လုမင်လည်း သူတော်စင်ရတနာ ဓားကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်တော့သည်။

"ခွေးကောင်၊ သူတော်စင်လက်နက်ကို ပြန်ပေးစမ်း"

ဝမ့်ရှောင်က ဒေါသတကြီး အော်ဟစ်ပြီး လုမင်ကို တိုက်ခိုက်လိုက်သည်။

"သူတော်စင်ရတနာကို လိုချင်တာလား။ ဒါဆိုရင် မင်းမှာ စွမ်းရည်ရှိမရှိ အရင် ကြည့်ရအောင်"

လုမင် လှောင်ပြောင်လိုက်သည်။

လုမင် ဝင်လာသောအခါ ဝမ့်ရှောင်က သူ့အား ပထမဆုံး တိုက်ခိုက်ခဲ့သည်။ ယခုတော့ သူ့တွင် သူတော်စင်ရတနာဓားကို လုယူရန် အခွင့်အလမ်းရှိသောကြောင့် မည်သို့ယဉ်ကျေးနိုင်မည်နည်း။

လုမင်က လက်ဝါးဖြင့် အဆက်မပြတ် ရိုက်ချလိုက်သည်။ လုမင်၏ လက်ဝါး‌အောက်တွင် ဝမ့်ရှောင်၏ ဓားအလင်းက ပြိုကျသွားသည်။

"ချီးပဲ"

ဝမ့်ရှောင် ဒေါသထွက်လွန်းသဖြင့် သွေးအန်ချင်သွားသည်။ သို့သော်လည်း အံ့ဩစရာကောင်းအောင် လုမင်ကို သူ ဘာမျှမလုပ်နိုင်ခဲ့ပေ။ ထိုအစား လုမင်၏ တိုက်ခိုက်မှုက သူ့ထက်သန်မာသည်။ သန်မာလွန်းသဖြင့် သူ့ကိုပင် ဖိနှိပ်နေတော့သည်။

"ဝှစ်၊ ဝှစ်"

လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ရှေးဦးကစဉ့်ကလျားတာအိုနယ်မြေဖြင့် တခဏအတွင်း အကြိမ်တစ်ဒါဇင်ခန့် ရိုက်ထုတ်လိုက်၏။ ရိုက်ချက်တိုင်းက တောင်ကြီးတစ်လုံးကဲ့သို့ ဝမ့်ရှောင်ကို ဖိနှိပ်လာတော့သည်။

ဝမ့်ရှောင်လည်း အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် သူ့စွမ်းအားကို ပေါက်ကွဲလိုက်သည်။ ဓားအလင်းများ ပေါက်ကွဲထွက်လာပြီး တောင်များကိုဖြတ်တောက်ရန် ကြိုးစားလိုက်၏။

သို့သော်...

"ထန်၊ ထန်"

ဓားအလင်းများက လွင့်စဉ်ကာ ပျက်စီးသွားကြသည်။ ဝမ့်ရှောင်က အင်အားအပြည့် ပေါက်ကွဲလိုက်သော်လည်း ဖိနှိပ်ခံရဆဲ ဖြစ်၏။ သူ့သွေးများ ဆူပွက်သွားကာ နောက်သို့ ဆုတ်သွားရပြန်တော့သည်။ သူက လုမင်ကို လေးလေးနက်နက် ကြည့်လိုက်သည်။

တစ်ချိန်တည်းမှာပင်၊ လော့ရှန်းက အလင်းစက်လုံးကို ချိုးဖြတ်ပြီး ဓားတာအိုသိုင်းပညာအား သိမ်းယူသွား၏။

"သေစမ်း"

ဝမ့်ရှောင် စိတ်ဓာတ်ကျလွန်းလို့ သွေးအန်တော့မည်။ မူလက သူတို့သုံးယောက်အတွက် ရတနာသုံးခု ရှိသည်။ သို့သော်လည်း နောက်ဆုံးမှာတော့ လုမင်က နှစ်ခု ရရှိသွားကာ သူကတော့ တစ်ခုမှ မရရှိခဲ့ပေ။

ယင်းက သူတော်စင်ရတနာ ဖြစ်သည်။ ယင်းကို သန့်စင်နိုင်သရွေ့ သူ၏ တိုက်ခိုက်နိုင်စွမ်းက သိသိသာသာ တိုးတက်လာလိမ့်မည်။

ကံမကောင်းစွာဖြင့် ယင်းမှာ လုမင်၏လက်သို့ ကျရောက်သွားခဲ့သည်။

သူက လုမင်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်၏။

"ဘာလဲ၊ မင်း သေချင်လို့လား"

ဝမ့်ရှောင်ကို စိုက်ကြည့်ရင်း လုမင်၏ မျက်လုံးများက သတ်ဖြတ်ချင်စိတ်တို့ ပေါ်လာခဲ့သည်။

"ဝမ်"

ထိုအချိန်တွင် သူတို့သုံးယောက်ရှေ့မှာ အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်လာသည်။ အလင်းရောင်က စူးစူးရှရှ တောက်ပနေပြီး ဓားသေးသေးလေးတစ်လက် ထွက်ပေါ်လာ၏။

ဓားလေးက လက်ဖဝါးအရွယ်မျှသာရှိသော်လည်း တောက်ပနေပေသည်။ တောက်ပသော ဓားအလင်းက ဓားသေးသေးလေးများကဲ့သို့ အရပ်ရပ်ကို

ပျံ့နှံ့သွားခဲ့သည်။

အမွေ။

သုံးယောက်စလုံး တုန်လှုပ်သွားကြသည်။ သူတို့၏ မျက်လုံးများတွင် မီးတောက်မီးလျှံများဖြင့် တောက်ပလာ၏။ သူတို့သုံးယောက်စလုံး တပြိုင်နက်တည်း လှုပ်ရှားလိုက်တော့သည်။

သို့သော်လည်း နောက်အခိုက်အတန့်တွင် သူတို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။ လက်ဝါးဖြင့် ရှေ့သို့ တွန်းတက်သွားသော်လည်း သုံးယောက်သား နောက်ပြန်ဆုတ်သွားရ၏။

"ဘယ်လောက်တောင် ပြင်းထန်တဲ့ ဖိအားလဲ။ ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ ဓားချီလဲ"

လုမင်၏ မျက်လုံးများက အနည်းငယ် လေးနက်လာသည်။

ယခုလေးတင် ထက်သော ဓားအလင်းက သူ့ထံသို့ တိုးဝင်လာခဲ့၏။ အချိန်မီ မတားဆီးပါက ဒဏ်ရာ ရသွားလိမ့်မည်။

လော့ရှန်းနှင့် ဝမ့်ရှောင်လည်း ယ တူညီသော အခြေအနေတွင် ရှိနေပုံရသည်။

ဤအလင်းဓားကို ရဖို့က သိပ်လွယ်မည့်ပုံမရပါ။

"ဒုန်း၊ ဒုန်း"

လုမင်က သူ့ခန္ဓာကိုယ်ကို ကစဉ့်ကလျားတာအိုနယ်မြေဖြင့် ဖုံးအုပ်ကာ ရှေ့သို့ ခြေလှမ်း လှမ်းလိုက်သည်။

ကစဉ့်ကလျားတာအိုနယ်မြေတွင် လှိုင်းတွန့်တစ်ခု ပေါ်လာခဲ့၏။ ယင်းက တိုက်ခိုက်ခံရခြင်းကြောင့် ဖြစ်သည်။ ထိုဓားက သေးငယ်သော်လည်း ဓားစွမ်းအင်များ ပြည့်နှက်ကာ ကစဉ့်ကလျားတာအိုနယ်မြေကို အဆက်မပြတ် ထိုးနှက်ခဲ့ပေသည်။

လော့ရှန်းနှင့် ‌ဝမ့်ရှောင်တို့လည်း ရှေ့ကို တိုးလာခဲ့သည်။ ဟုတ်ပေသည်၊ သူတို့လည်း တိုက်ခိုက်ခံရပြီး ခုခံရန် အစွမ်းကုန် ကြိုးစားနေရ၏။

သူတို့သုံးယောက်၏ အရှိန်က အလွန်နှေးကွေးလာတော့သည်။

သို့သော်လည်း လုမင်ကို ကစဉ့်ကလျားတာအိုနယ်မြေက ဖုံးလွှမ်းထားပြီး ရှေ့သို့ တစ်လှမ်းချင်း ခိုင်မာစွာ လျှောက်လှမ်းခဲ့သည်။ သူ့အမြန်နှုန်းက လော့ရှန်းနှင့် ဝမ့်ရှောင်ထက်တော့ ပို၍ မြန်သေးသည်။

မကြာမီ၊ လုမင်က လော့ရှန်းနှင့် ဝမ့်ရှောင်တို့ထက် ရှေ့ကို မီတာများစွာ အရောက်လှမ်းခဲ့သည်။

All Chapters