← Chapters

အခန်း ၁၄၃၅

Vol. 96 Ch. 1435

အခန်း ၁၄၃၅

Vol. 96 Ch. 1435

အပိုင်း ( 1435 ) ကောင်းကင်တာအိုကျောက်တံတား။

လုမင်က ရှေ့သို့ လျှောက်သွားသောအခါ ကျောက်တံတားတစ်စင်းကို တွေ့လိုက်ရသည်။

ဤကျောက်တုံးတံတားက ချောက်တစ်ဖက်ကို ဦးတည်သွား၏။

"အဲဒါက... ကောင်းကင်တာအိုကျောက်တွေပဲ"

လုမင်၏ မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းသွားပြီးနောက် တုန်လှုပ်မှုတို့ ပေါ်လာတော့သည်။

အကြောင်းမှာ ကျောက်တံတားက ကောင်းကင်တာအိုကျောက်များဖြင့် ဖုံးလွှမ်းထားသောကြောင့် ဖြစ်သည်။ အမှတ်တမဲ့ ကြည့်လိုက်ပါက အရေအတွက် မည်မျှရှိမည်ကိုပင် သိမည်မဟုတ်ပေ။

မရေမတွက်နိုင်သော ကောင်းကင်တာအိုကျောက်များဖြင့် ပြုလုပ်ထားသည့် တံတားဖြစ်သည်။ ယင်းက မိုင်တစ်ရာကျော်ရှည်လျားကာ ချောက်၏တစ်ဖက်ကမ်းကို ထိုးပေးထားခြင်း ဖြစ်ချေသည်။

ဘုရားရေ၊ ကောင်းကင်တာအိုကျောက်က ဘယ်နှခုတောင် ရှိတာလဲ။

သူ့နှလုံးသားက ပြင်းပြင်းထန်ထန် တုန်လှုပ်သွားသည်။

ဒါက မဟာဧကရာဇ်ရဲ့ နည်းလမ်းလား။ တုန်လှုပ်စရာကောင်းလွန်းတယ်။

"ကျောက်တံတားပေါ်က ကောင်းကင်ကျောက်တွေက တူးဖော်လို့တော့ မရဘူးလေ။ အရင်က ကြိုးစားကြည့်ဖူးသူတွေရှိပေမဲ့ ချောက်ထဲကို ပြုတ်ကျသွားရတယ်"

ရွမ်ညီနောင် သုံးယောက်အနက် အကြီးဆုံးဖြစ်သော ရွမ်ထျန်းက ရှင်းပြလိုက်သည်။

လုမင် ခေါင်းညိတ်လိုက်၏။ ယင်းကိုတော့ သူခန့်မှန်းထားပြီးသား ဖြစ်သည်။ မဟုတ်ပါက ကောင်းကင်တာအိုကျောက်များ အများကြီးရှိနေ‌သော ဤနေရာတွင် အလောင်းပုံထပ်နေလိမ့်မည်။

လူငယ်များစွာက တံတားထိပ်တွင်ရပ်ကာ ကျောက်တံတားကို စိုးရိမ်ပူပန်မှု၊ အခက်ကြုံမှု အစရှိသော အမူအရာများဖြင့် ရပ်ကြည့်နေကြသည်။

"တစ်ယောက်ယောက် တံတားပေါ်ကို တက်ပြန်ပြီ"

ချိုးရင်ရင်က တိုးတိုးလေး ပြောသည်။

တံတားထိပ်တွင် လူငယ်တစ်ဦးက ကျောက်တံတားပေါ်သို့ တက်လာ၏။

ကျောက်တံတားပေါ်ကို လှမ်းတက်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ဟာ ကြောက်စရာကောင်းသော ဖိအားတစ်ခုအောက်မှာ ရှိနေသလို အနည်းငယ် တုန်ခါသွားသည်။ သို့သော်လည်း သူ အံကြိတ်ကာ ရှေ့ကို ဆက်လျှောက်သွားတော့သည်။

ခဏကြာတော့ သူ့ခန္ဓာကိုယ်က ရုတ်တရက် တုန်ခါသွားပြီး ပါးစပ်ထဲမှ သွေးများ အန်ထွက်လာခဲ့သည်။ သူ့မျက်နှာက ဖြူဖျော့သွား၏။

လူငယ်လည်း ကျောက်တံတားပေါ်မှ အမြန်ဆုတ်လာကာ အသက်ပြင်းပြင်းရှူလိုက်မိလေသည်။

"မရနိုင်သေးဘူး"

လူငယ်က သက်ပြင်းချလိုက်တယ်။

"ဟမ့်၊ အမှိုက်တွေ... ငါလုပ်လိုက်မယ်"

အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လူငယ်တစ်ဦးက လူအုပ်ထဲမှ ထွက်လာပြီး ကျောက်တုံးတံတားပေါ်ကို တက်သွား၏။

"ဝမ့်ရှောင်"

လုမင်၏ မျက်လုံးများက အရောင်လက်သွားခဲ့သည်။

ဝမ့်ရှောင်၏ ခန္ဓာကိုယ်မှ အရာခပ်သိမ်းကို ဖြတ်သန်းနိုင်သော နတ်ဘုရားဓားကဲ့သို့ စူးရှသော ရောင်ဝါများ ထုတ်လွှတ်လာသည်။

သူက အလွန်လျင်မြန်သောနှုန်းဖြင့် ရှေ့ကို လှမ်းတက်သွားသည်။ မကြာမီ သူက အကွာအဝေး ထက်ဝက်ကျော်ကို ဖြတ်ကျော်သွားခဲ့၏။ လမ်းတစ်ဝက်ကိုရောက်တော့ သူ့အရှိန်က တဖြည်းဖြည်းနှေးကွေးသွားသည်။ သို့သော်လည်း နောက်ဆုံးမှာတော့ မိုင်တစ်ရာကျောက်တံတားကို ဖြတ်ကျော်ပြီး လူတိုင်း၏မျက်စိရှေ့မှ ပျောက်ကွယ်သွားတော့သည်။

"ခေါင်းဆောင်အဆင့် တည်ရှိမှုက တကယ်ကို အစွမ်းထက်တာပဲ"

"မြေကမ္ဘာအဆင့်နိမ့် ဝိညာဉ်ခန္ဓာရှိတဲ့ ပါရမီရှင်တွေပဲ ဒီကျောက်တံတားကို ဖြတ်ကျော်နိုင်မှာ"

"ကောင်းကင်တာအိုကျောက်ရဲ့ အငွေ့အသက်က သန်မာလွန်းတယ်"

လူတော်တော်များများ သက်ပြင်းချလိုက်မိကြသည်။

'ဒါက ကောင်းကင်တာအိုအငွေ့အသက်ကြောင့်ပဲ'

လုမင်လည်း သူ့ဘာသာသူ တွေးလိုက်မိသည်။

ကျောက်တံတားမှာ ကောင်းကင်တာအိုကျောက် အများအပြားဖြင့် တည်ဆောက်ထားခြင်း ဖြစ်၏။ ထိုကောင်းကင်တာအိုကျောက်များ၏ ဖိအားက ကြောက်စရာကောင်းလွန်းလှပေသည်။

ကောင်းကင်တာအို အငွေ့အသက်များက သိုင်းလမ်းစဉ်နှင့် ကမ္ပည်းတာအို ကျင့်ကြံသူများအတွက် အလွန် အသုံးဝင်သည်။ ကျင့်ကြံသူများ၏ တာအိုနယ်မြေကို လေ့ကျင့်ရေးအတွက် အလွန် အသုံးဝင်ပေသည်။

သို့သော်လည်း ဤသည်မှာ ကောင်းကင်တာအိုအငွေ့အသက်ကိုပဲ ရည်ညွှန်းသည်။ ကောင်းကင်တာအို အငွေ့အသက်ကို အလွန်စူးစိုက်ပါက အကျိုးမပြုသည့်အပြင် အန္တရာယ်ဖြစ်လိမ့်မည်။

အားကောင်းသော ကောင်းကင်တာအို အငွေ့အသက်များက လူများကို သေသည်အထိ ချေမှုန်းပစ်နိုင်သည်။

ရှေ့မှ ကျောက်တံတားက ဤသို့ ဖြစ်ချေသည်။

"သေစမ်း၊ နောက်ဆုံးမှ ‌စန်းဧကရာဇ်ရဲ့နန်းတော်ကို ငါ ဝင်ရောက်နိုင်ခဲ့တာ၊ အခုတော့ ဒီကျောက်တံတားက လမ်းပိတ်နေပြီ။ ငါ လက်မခံချင်ဘူး"

"ငါလည်း ဆန္ဒမရှိပါဘူး။ ဒါပေမဲ့ မတတ်နိုင်တော့ဘူး"

လူများစွာက သက်ပြင်းချလိုက်ကြသည်။ ဤကျောက်တံတားကို ဖြတ်သွားပါက စန်းဧကရာဇ်၏နန်းတော် အလယ်ဗဟိုကို ရောက်နိုင်သည်။ အဆုံးမဲ့ရတနာများကို ရရှိပြီး စန်းဧကရာဇ်၏ ရတနာကပင် သူတို့ကို စောင့်ကြိုကောင်း စောင့်ကြိုနေနိုင်သေးသည်။

သို့သော်လည်း ယခုတော့ သူတို့လမ်းကို ကျောက်တံတားက ပိတ်ဆို့ထားခဲ့သည်။ ယင်းကို သူတို့ အမှန်တကယ် လက်မခံချင်ကြပေ။

လူများ ပိုများလာကာ တစ်ဦးပြီးတစ်ဦး ကြိုးစားခဲ့ကြသည်။ သို့သော်၊ အများစုက မအောင်မြင်ကြပေ။ အတင်းအကြပ် ဖြတ်သန်းရန် ကြိုးစားသူတချို့မှာ ချောက်ထဲသို့ ပြုတ်ကျသွားခဲ့ရသည်။

"ငါစမ်းကြည့်မယ်"

လုမင်က ရှေ့သို့တိုးလိုက်သည်။

ချိုးရင်ရင်၊ ရွမ်ထျန်းနှင့် အခြားသူများကလည်း သူ့ကို မတားဆီးကြပေ။ လုမင် မည်မျှသန်မာမှန်း သူတို့ သိကြသည်။ ကျောက်တံတားက သူ့ကို ဘာမျှတတ်နိုင်မည် မဟုတ်ပါ။

လုမင်က သူ့ကိုယ်သူ ရှေးဦးကစဉ့်ကလျားတာအိုနယ်မြေဖြင့် ဖုံးအုပ်ကာ ရှေ့သို့လှမ်းလိုက်သည်။

"ဘယ်လောက်တောင် ကြွယ်ဝလိုက်တဲ့ ကောင်းကင်တာအိုအငွေ့အသက်လဲ"

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။

ဤနေရာတွင် ကောင်းကင်တာအို အငွေ့အသက်က သန်မာလွန်း၏။ သူကြုံတွေ့ခဲ့ရဖူးသော ကောင်းကင်ဘုံတာအို အမှတ်အသားထက် အဆများစွာ ပိုအားကောင်းသည်။

ဤအင်အားက သူတို့ ခံနိုင်ရည်ရှိသည်ထက် များစွာ သာလွန်ပေသည်။ ယင်းမှ တာအိုကို နားမလည်နိုင်သည့်အပြင် ပြင်းထန်သော ဖိအားကိုလည်း ခံစားရ‌နိုင်ပေသည်။

ဤသည်မှာ ကောင်းကင်တာအို၏ ဖိအား ဖြစ်သည်။

သို့သော်၊ လုမင်၏ ကစဉ့်ကလျားတာအိုက အနည်းငယ် တုန်လှုပ်သွားပြီးနောက် ကောင်းကင်တာအို အငွေ့အသက်များလည်း သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားတော့သည်။

"ကမ္ဘာပေါ်မှာရှိတဲ့ အရာအားလုံးက ရှေးဦးကစဉ့်ကလျားတာအိုကနေ ဆင်းသက်လာခဲ့တာ။ ရှေးဦးကစဉ့်ကလျားတာအိုက ထောင်ချီတဲ့ တာအိုနယ်မြေတွေထဲမှာ ဧကရာဇ်ပဲလေ။ ကောင်းကင်တာအို အငွေ့အသက်က ရှေးဦးကစဉ့်ကလျားတာအိုအပေါ်မှာ သက်ရောက်မှုမရှိဘူး"

လုမင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။

ထို့နောက် သူက ရှေ့ကို ဆက်လျှောက်သွားလေသည်။

ကျောက်တံတားက အလွန်ကျဉ်းမြောင်း‌သောကြောင့် တစ်ကြိမ်လျှင် လူတစ်ဦးသာ ဖြတ်သန်းနိုင်သည်။ ရှေ့သို့ လျှောက်လာပြီး မကြာမီ တံတားတစ်ဝက်ကို ဖြတ်ကျော်သွားလေသည်။

သို့သော်လည်း ထိုအချိန်တွင် လုမင်က ရုတ်တရက်လှည့်ပြီး သူလာရာလမ်းအတိုင်း ပြန်လာခဲ့သည်။

"ဟင်၊ ဒီကောင် ဘာလုပ်နေတာလဲ။ အခုလေးတင် သူ သက်တောင့်သက်သာ ဖြတ်ကျော်သွားလို့ ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ငါထင်ခဲ့တာ။ အခု ဘာဖြစ်လို့ သူ ပြန်လာခဲ့တာလဲ"

"အစပိုင်းက ပေါ့ပါးတယ်လေ၊ ဒါကြောင့် အေးအေးဆေးဆေး သွားနိုင်တာ။ အခုတော့ သူ မဖြတ်နိုင်တော့တာ သဘာဝပါပဲ"

"ဒါတော့ ဟုတ်ပါတယ်၊ ဒီကျောက်တံတားက လူတိုင်း ဖြတ်ကျောနိုင်တာ မဟုတ်ဘူး"

လုမင်၏ လုပ်ရပ်က လူတချို့ကို အချီအချ ပြောဆိုသံများ ဖြစ်စေခဲ့သည်။

ချိုးရင်ရင်၊ ချိုးဟောက်နှင့် အခြားသူများလည်း အံ့ဩသွားကြသည်။

လုမင်ကို သူတို့၏ နားလည်မှုအရ၊ လုမင်၏အင်အားဖြင့် ကျောက်တံတားကို ဖြတ်ကူးခြင်းမှာ ပြဿနာ မဖြစ်သင့်ပေ။ ယခုတော့ သူက အဘယ်ကြောင့် ပြန်လှည့်လာသနည်း။

မကြာမီ၊ လုမင်က တံတားအဆုံးကို ပြန်ရောက်လာခဲ့သည်။

"ရင်ရင်၊ ညီနောင်ချိုး၊ လာခဲ့ကြ။ ငါ မင်းတို့ကို လိုက်ပို့ပေးမယ်"

လုမင် ပြောလိုက်သည်။

ဘာ။

ချိုးရင်ရင်၊ ချိုးဟောက်နှင့် ရွမ်ညီနောင်တို့သုံးယောက်လည်း အံ့အားသင့်သွားကြ၏။

အခြားသူများလည်း အံ့ဩတကြီး ဖြစ်သွားခဲ့ကြသည်။

လုမင်က တစ်ယောက်ယောက်ကို ခေါ်သွားတော့မည်လော။

ယင်းက မည်သို့ဖြစ်နိုင်ပါမည်နည်း။

အခြားသူများအတွက် တစ်ယောက်တည်း ဖြတ်ကျော်ရန်ပင် အလွန်ခက်နေပြီ ဖြစ်သည်။ ဝမ့်ရှောင်ကဲ့သို့ ပါရမီရှင်တစ်ယောက်တောင် တံတား၏ ဒုတိယတစ်ဝက်ကို ဖြတ်ကူးရန် ခက်ခဲလွန်းပေသည်။ ယခုတော့ လုမင်က သူနှင့်အတူ တစ်ယောက်ယောက်ကို ခေါ်သွားတော့မည်ဟု ပြောနေသည်။

ယင်းက မယုံနိုင်စရာပင်။

"ရင်ရင်…"

လုမင်က ထပ်ခေါ်လိုက်သည်။

"အင်း၊ လာပြီ... လာပြီ"

ချိုးရင်ရင်က ရှေ့သို့ ပထမဆုံး ခြေလှမ်း လှမ်းခဲ့သည်။ ချိုးဟောက်လည်း ခေါင်းညိတ်ပြပြီး လုမင်အနောက်တွင် ဝင်ရပ်လိုက်၏။

ကျောက်တံတားပေါ်သို့ တက်လှမ်းခြင်းမှာ အသက်အန္တရာယ်ရှိသော်လည်း လုမင်ကို ယုံကြည်ရန် ရွေးချယ်ခဲ့ကြသည်။ နောက်ဆုံးတွင်၊ လမ်းတစ်လျှောက်မှာ လုမင်က အံ့သြဖွယ်ရာများစွာကို ယူဆောင်လာခဲ့သည် မဟုတ်လော။

"ညီနောင်ရွမ်၊ ငါ ရင်ရင်နဲ့ တခြားသူတွေကို အရင်ပို့လိုက်ဦးမယ်"

လုမင်ရ ရွမ်ထျန်းကို ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး"

ရွမ်ထျန်း ခေါင်းညိတ်လိုက်သည်။

"သွားကြရအောင်"

ရှေးဦးကစဉ့်ကလျားတာအိုနယ်မြေက ချိုးရင်ရင်နှင့် ချိုးဟောက်ကို ဖုံးအုပ်သွား၏။ ထို့နောက်တော့ သူတို့သုံးဦးလည်း ကျောက်တံတားပေါ်ကို တက်သွားကြတော့သည်။

ရှေးဦးကစဉ့်ကလျား တာအိုနယ်မြေက အလွန်အားကောင်းသော်လည်း ယခုအခါ ပထမအဆင့်တွင် ရှိသေးသည်။ ထို့အပြင် ကျောက်တံတားက အလွန်ကျဉ်းမြောင်းပြီး တစ်ဦးသွားရုံသာ ရှိသည်။ ထို့ကြောင့် လုမင်ဟာ တစ်ကြိမ်တွင် လူအများကြီး ခေါ်ဆောင်မသွားနိုင်ပေ။ တစ်ကြိမ်တွင် လူသုံးဦးလောက်ကိုသာ ခေါ်ဆောင်သွားနိုင်သည်။

ထို့ကြောင့်၊ လုမင်ဟာ ချိုးရင်ရင်တို့ကို ဦးစွာခေါ်ဆောင်သွားပြီး နောက်မှ ရွမ်ထျန်းတို့ကို ပြန်လာခေါ်ရန် စီစဉ်ခဲ့ပေသည်။

အားလုံးက လုမင်ကို စောင့်ကြည့်နေခဲ့သည်။

လူတချို့ကတော့ လုမင်ကို သေလမ်းရှာနေသူဟု လှောင်ပြောင်ကြသည်။

လုမင်တို့သုံးဦးလည်း ကျောက်တံတားပေါ်သို့ တက်ခဲ့ကြသည်။ အားကောင်းလှသော ကောင်းကင်တာအို ရောင်ဝါက ရှေးဦးကစဉ့်ကလျားတာအိုနယ်မြေကို တုန်ခါသွားစေခဲ့၏။ သို့သော်လည်း အဆုံးတွင် ခုခံနိုင်ခဲ့လေသည်။

သုံးယောက်သား ရှေ့ကို တစ်လှမ်းချင်း လျှောက်သွားခဲ့ကြသည်။ မကြာမီ သူတို့က လုမင် ပထမဆုံး လျှောက်လှမ်းခဲ့သော အကွာအဝေးကိုကျော်ပြီး ရှေ့ကို ဆက်သွားကြ၏။

ခဏကြာတော့ သူတို့သုံးယောက်ဟာ တစ်ဖက်ကမ်းကို အောင်မြင်စွာ ရောက်သွားကြတော့သည်။

"အောင်မြင်သွားပြီဟေ့၊ သူက လူတွေကို တကယ်ခေါ်ဆောင်သွားနိုင်တယ်"

"မယုံနိုင်စရာပဲ၊ ဒီလူမှာ ကောင်းကင်တာအိုကို တွန်းလှန်နိုင်တဲ့ ရတနာမျိုး ရှိရမယ်"

လုမင်၏ အောင်မြင်မှုက မြင်ကွင်းကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။

All Chapters