အခန်း ၁၄၃၆
Vol. 96 Ch. 1436
အပိုင်း ( 1436 ) အနက်ရောင်တောင်ပံများ။
"ကြည့်ကြစမ်း၊ သူပြန်လာပြီ"
တစ်ယောက်ယောက် ပြောလိုက်သည်။
ကျောက်တံတားပေါ်မှ လူတစ်ယောက် လျှောက်လာခဲ့၏။ လုမင် ဖြစ်သည်။
မကြာမီ၊ လုမင်က မူလနေရာကို ပြန်ရောက်လာခဲ့လေသည်။
"ဝှစ်"
လုမင်ရှေ့တွင် ရုပ်သွင်တစ်ခု ပေါ်လာခဲ့၏။ ယင်းက မျက်လုံးများ ဝင်းလက်နေသော လူငယ်တစ်ဦး ဖြစ်တော့သည်။
"ကောင်စုတ်လေး၊ ငါ့ကို ခေါ်သွားစမ်း"
ဤလူငယ်က လုမင် တံတားပေါ်တွင် သေမည်ဟု တွေးကာ အများဆုံး လှောင်ပြောင်ခဲ့သူ ဖြစ်သည်။ လုမင်က လူများကို အမှန်တကယ် ခေါ်ဆောင်သွားနိုင်သည်အား မြင်သောအခါမှ ရှေ့ကို အလောတကြီး ထွက်လာခဲ့ခြင်း ဖြစ်ချေသည်။
"ငါ့ကိုလည်း လိုက်ပို့ပေးပါ"
"ငါ့ကိုလည်း ခေါ်သွား"
လူငယ်များစွာက ရှေ့သို့ တစ်ဦးပြီးတစ်ဦး လျှောက်သွားကာ လုမင်ကို ဝိုင်းထားလိုက်ကြသည်။
"ငါ မအားဘူး"
လုမင်က ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
"မင်း ဘာစကားပြောတာလဲ၊ မအားဘူးလား။ ဒီနေ့ မင်း မအားဘူးဆိုရင်တောင် အားကိုအားရမယ်။ ငါ့ကို မခေါ်သွားလို့ကတော့ ဒီနေ့ မင်း ထွက်သွားနိုင်မယ် မထင်နဲ့"
ပထမဆုံးပြောသော လူငယ်က အေးစက်စက်ဖြင့် ပြောလိုက်သည်။
အခြားသူများကလည်း အေးစက်စက် အမူအရာများဖြင့် ကြည့်လိုက်ကြ၏။
"အမှန်ပဲ၊ မင်းတစ်ယောက်တည်း မဟာဧကရာဇ်ရဲ့ ရတနာကို သွားယူချင်တယ်ဆိုရင် ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
သူတို့၏ စကားများက လုမင်ကို ဒေါသထွက်လွန်းသဖြင့် ရယ်မောစေခဲ့သည်။ သူတို့က ကိုယ့်ဘာသာ ဖြတ်ကျော်နိုင်စွမ်းမရှိသော်လည်း လုမင်ကို အပြစ်တင်နေကြ၏။
ကောက်ရိုးပုံစောင့်သော ခွေးများပမာ၊ ကိုယ်မစားနိုင်သော်လည်း အခြားသူကို ခွင့်မပြုကြပေ။
"ထွက်သွား"
လုမင် ကြိမ်းမောင်းလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးက ပတ်ဝန်းကျင်ကို ပျံ့လွင့်သွား၏။ အားနည်းသော ကျင့်ကြံသူတချို့မှာ မနေနိုင်ဘဲ နောက်ဆုတ်သွားရတော့သည်။
"အားလုံး အတူတူ ပူးပေါင်းကြရအောင်။ ငါတို့ လူအများကြီးနဲ့ဆိုရင် သူ့ကို ကြောက်နေစရာမလိုဘူး။ သူ့ကိုထိန်းချုပ်ပြီး ငါတို့ကို တစ်ဦးချင်းစီ လိုက်ပို့ခိုင်းရမယ်"
ပထမဆုံးပြောသော လူငယ်ကပင် အော်ဟစ်လိုက်သည်။
"ဝုန်း၊ ဝုန်း"
အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။ အနည်းဆုံး လူတစ်ရာခန့်ရှိပြီး အေးစက်စက် မျက်လုံးများဖြင့် လုမင်ကို စိုက်ကြည့်နေကြ၏။ သူတို့ထံမှ ဖိအားများက လုမင်ထံ တိုးဝင်လာတော့သည်။
"မင်းတို့ ဘယ်လိုကောင်တွေလဲ၊ လုမင်... ငါတို့အတွက် စိတ်မပူနဲ့။ မင်းတံတားကို အရင်ဖြတ်ကူးသွားပါ"
ရွမ်ထျန်း၏ လေးနက်သော အသံ ထွက်ပေါ်လာခဲ့သည်။
"ကောင်လေး၊ ခုခံမနေစမ်းပါနဲ့ကွာ။ မင်းတစ်ယောက်တည်း တံတားကိုဖြတ်ရင် မင်းသူငယ်ချင်းတွေ အဆုံးမဲ့ချောက်ထဲ ပစ်ချခံရလိမ့်မယ်"
ပထမဆုံးပြောသော လူငယ်က အေးစက်စက် ပြောလိုက်သည်။
"အဟက်"
လုမင်က ပြုံးရုံပြုံးပြီး ထိုလူငယ်ကို ကြည့်လိုက်သည်။
"မင်းတောင်းဆိုတာ၊ မင်းလို ယုတ်မာတဲ့သူတွေ အသက်မရှင်သင့်ဘူး"
စကားဆုံးသည်နှင့် လုမင်၏ရုပ်သွင်က ထိုလူငယ်ရှေ့တွင် ပေါ်လာခဲ့သည်။
လူငယ် မျက်နှာပျက်သွားပြီး ကမန်းကတန်း ပြန်ဆုတ်ရန် ကြိုးစားလိုက်သည်၏။ သို့သော်လည်း လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ကစဉ့်ကလျားတာအိုနယ်မြေက လူငယ်၏ အကာကွယ်များကိုချိုးဖျက်ပြီး ရှေးဦးကစဉ့်ကလျားလက်ကြီးအဖြစ် ဖမ်းဆုပ်ရန် ကြိုးစားလာတော့သည်။
"ငါ့ကိုလွှတ်စမ်း၊ မင်းဘာလုပ်တာလဲ။ ငါမင်းကို သတိပေးလိုက်မယ်။ ငါ့ဂိုဏ်းတူအစ်ကိုက ကောင်းကင်ဘုရင်နန်းတော်ရဲ့ ပါရမီရှင် ခေါင်းဆောင်နော်"
လူငယ်က လုမင်ကို အော်ဟစ်ခြိမ်းခြောက်လိုက်သည်။
"ငါမင်းကို ပျော်ရအောင် ချောက်ထဲပစ်ချပေးမယ်"
လုမင် လှောင်ပြောင်လိုက်၏။
"မင်း လုပ်ဝံ့လား။ အားလုံး အတူတူတိုက်ခိုက်ပြီး သူ့ကို ဖိနှိပ်ကြစို့"
ထိုလူငယ်က အော်ဟစ်ပြီး အခြားသူများကိုပါ အားပေးလိုက်သည်။
"သူ့ကိုလွှတ်လိုက်စမ်း"
"မင်း သေချင်နေပြီ"
လူဆယ်ဦးက အော်ဟစ်ပြီး တိုက်ခိုက်လိုက်၏။ တိုက်ခိုက်မှု ဆယ်ခုက လုမင်အပေါ် ကျရောက်လာတော့သည်။
"မိုးကြိုးဓာတ်စွမ်းအင်တာအိုသိုင်း"
လုမင်က သူ၏ ကစဉ့်ကလျားတာအိုနယ်မြေကို မိုးကြိုးတာအိုနယ်မြေအဖြစ် ပြောင်းလဲပြီး မိုးကြိုးဓာတ်စွမ်းအင်တာအိုသိုင်းအား အသုံးပြုလိုက်သည်။ မိုးကြိုးလှံဆယ်စင်းက လေထုကို ထိုးဖောက်သွား၏။
"အား၊ အား ... "
လူငယ်ဆယ်ဦးမှာ မိုးကြိုးလှံဖြင့် ထိုးဖောက်ခံရပြီး ချက်ချင်း သေဆုံးတော့သည်။
ပထမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူ ဆယ်ဦးကို တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ခြင်းက အားလုံးကို အံ့အားသင့်သွားစေခဲ့သည်။
ဤတော့မှ လုမင်ဟာ တံတားကို ကိုယ်တိုင်ဖြတ်ကူးနိုင်ပြီး လူများကိုလည်း ခေါ်ဆောင်သွားနိုင်သည့်အပြင် အားကောင်းသည့် တိုက်ခိုက်နိုင်စွမ်းပါရှိကြောင်း နောက်ဆုံးတွင် သူတို့ သိလိုက်ကြရသည်။
သာဓကအဖြစ် လူငယ်ဆယ်ဦးကျော်ကို သတ်ပြီးနောက်မှာတော့ အခြားသူများ ချက်ချင်း မတိုက်ခိုက်ဝံ့တော့ပေ။ လုမင်က လူငယ်ကိုဆုပ်ကိုင်ပြီး ချောက်နားသို့ ခေါ်သွားသည်။
"မဟုတ်ဘူး…"
သူ့အောက်မှ ချောက်နက်ကိုကြည့်ရင်း လူငယ် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
"ငါ မင်းကို လိုက်ပို့ပေးမယ်"
လုမင်က အေးစက်စက်ဖြင့်ပြောပြီး လူငယ်ကို လွှင့်ပစ်လိုက်၏။ လူငယ်၏ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သံက ချောက်နက်ထဲတွင် ပဲ့တင်ထပ် ထွက်ပေါ်လာတော့သည်။
"ဘယ်သူ ဆင်းချင်သေးသလဲ။ မင်းတို့က သွားချင်တယ်ဆိုရင် လိုက်ပို့ပေးဖို့ ငါ စိတ်ထဲမထားဘူး"
လုမင်က လူအုပ်ကို ဝေ့ကြည့်လိုက်သည်။
မည်သူမျှ အသံမထွက်တော့ပေ။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက သူတို့မျှော်လင့်ထားသည်ထက် များစွာ သာလွန်သည်။
"ညီနောင် ရွမ်၊ တံတားပေါ်တက်ရအောင်"
လုမင် ပြောလိုက်သည်။
ရွမ်ညီနောင် သုံးယောက် ခေါင်းညိတ်လိုက်၏။ သူတို့က လုမင်နှင့်အတူ တန်းစီရပ်ကာ ခဏကြာတော့ ကျောက်တံတားကို ဖြတ်ကူးသွားတော့သည်။
ကျောက်တံတား၏ အခြားတစ်ဖက်မှာတော့ နံရံကြီးတစ်ခု ရှိသည်။ ဤကျောက်နံရံက အလွန်မာကျောပြီး ဖျက်ဆီး၍မရပေ။
ဤကျောက်နံရံမှာ အလင်းတံခါးတစ်ခုတော့ ရှိသည်။ ယင်းက တစ်ခုတည်းသောလမ်း ဖြစ်ချေသည်။
တံတားကို ဖြတ်ကူးသူများက ဤအလင်းတံခါးပေါက်မှ ထွက်ခွာသွားကြကြောင်း ထင်ရှားသည်။
"အထဲကို ဝင်ကြရအောင်"
လုမင် ပြောလိုက်သည်။
အားလုံး ခေါင်းညိတ်လိုက်ပြီး အလင်းတံခါးကို အတူတူ လျှောက်သွားကြ၏။
ဟင်းလင်းပြင်က တုန်ခါသွားပြီး နောက်အခိုက်မှာတော့ လုမင်ဟာ ကျောက်ခန်းတစ်ခုသို့ ရောက်လာတော့သည်။
"ဟမ်"
လုမင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ကျောက်အခန်းထဲတွင် သူတစ်ဦးတည်းဖြစ်ကြောင်း တွေ့လိုက်ရသည်။
ချိုးရင်ရင်နှင့် အခြားသူများကိုတော့ ဘယ်နေရာမှာမှ မတွေ့ရတော့ပါ။
ဤအလင်းတံခါးက တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ဖြစ်ပြီး တည်နေရာကျပန်း ပို့ပေးပုံရသည်။
"ဝှစ်"
ရုတ်တရက်၊ လုမင်ဟာ သူ့ထံသို့ တိုးဝင်လာသော စွမ်းအင်မျိုးကို ခံစားလိုက်ရသည်။
လုမင် အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး လျင်မြန်စွာ ဆုတ်ခွာသွား၏။
သို့သော််လည်း ထက်သောစွမ်းအင်က လုမင်နောက်သို့လိုက်လာကာ ခုတ်ပြန်တော့သည်။
"အဲဒါကဘာလဲ"
လုမင် မျက်မှောင်ကြုတ်လိုက်သည်။ ယင်းက အနက်ရောင်အလင်းတန်းတစ်ခုဖြစ်မှန်းသာ သူ မြင်ရ၏။ မြန်ဆန်လွန်းသဖြင့် ဘယ်လိုအရာမှန်း ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
"ထွက်သွား"
လုမင် အော်ဟစ်ပြီး လက်သီးနှင့်ထိုးလိုက်သည်။
သံသံချင်း ထိခတ်သံများကို ကြားလိုက်ရသည်။ နောင်ဆုံးတွင်၊ လုမင်က သူ့အား ထိုးခုတ်နေသောအရာကို တွန်းထုတ်လိုက်၏။ ဤတော့မှ လုမင်ဟာ သူ့ကိုတိုက်ခိုက်လာသူအား မြင်လိုက်ရတော့သည်။
အတောင်ပံတစ်စုံ၊ အနက်ရောင်တောင်ပံတစ်စုံ ဖြစ်သည်။
ယင်းက သားရဲအတောင်မဟုတ်ဘဲ ထူးဆန်းသောသတ္တုဖြင့် ပြုလုပ်ထားခြင်း ဖြစ်ချေသည်။
အတောင်ပေါ်ရှိ အမွေးအတောင်တိုင်းက မဟူရာရောင် တောက်ပြောင်နေခဲ့သည်။ တချိန်တည်းမှာပင် နတ်ဓားများကဲ့သို့ ထက်သော အငွေ့အသက်များ ပြည့်နေခဲ့၏။
လုမင်လည်း ရှန်းရွှီတိုက်အဖွဲ့အစည်းမှ ဟိုင်ဖမ်းထျန်းကို သတိရသွားမိသည်။ ဟိုင်ဖမ်းထျန်းမှာလည်း အုပ်ချုပ်သူ ဝိညာဥ်လက်နက်ဖြစ်သော အတောင်ပံတစ်စုံ ရှိပေသည်။
သို့သော်လည်း ထိုတောင်ပံတစ်စုံမှာ သူ့ရှေ့မှ အတောင်များနှင့် နှိုင်းယှဉ်ပါက အမှိုက် ဖြစ်သည်။
သူ့ရှေ့မှအတောင်ပံတစ်စုံက သူတော်စင်လက်နက် ဖြစ်၏။
လုမင်လည်း တစ်ချက်ကြည့်လိုက်ပြီးနောက် သဘောကျသွားလေသည်။
"ဒီနေရာကို တယ်လီပို့ခံရတာနဲ့ သူတော်စင်ရတနာကို ကြုံရတာကတော့ ငါ တကယ်ကံကောင်းသွားပြီ"
လုမင် ပြုံးလိုက်သည်။ သူက ရှေ့သို့လှမ်းပြီး အနက်ရောင် တောင်ပံများကို ထိုးနှက်လိုက်၏။ နောက်တော့ အနက်ရောင် တောင်ပံများကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်တော့သည်။
"ဝှစ်"
အနက်ရောင်တောင်ပံက နှစ်ခွဲသွားပြီး နတ်ဓားနှစ်ချောင်းကဲ့သို့ လုမင်ကို ခုတ်ထစ်လိုက်သည်။ ဓားချက်က အလွန်ထက်မြက်သည်။
လုမင်လည်း အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုလိုက်၏။ ရှေးဦးကစဉ့်ကလျား တာအိုနယ်မြေကလည်း တောင်ပံများကို ဖုံးအုပ်လိုက်တော့သည်။
ပေါက်ကွဲသံနှင့်အတူ တောင်ပံများ လွင့်စဉ်သွားသည်။
"ဝှစ်"
အတောင်များက အခြေအနေမဟန်သောကြောင့် ထွက်ပြေးရန် ကြိုးစားလိုက်၏။
"မင်းမှာ အသိဥာဏ်ရှိတာပဲ၊ ဒါပေမဲ့ မင်း ငါ့လက်ကနေ မလွတ်မြောက်နိုင်ဘူး"
လုမင်က လက်တစ်ဖက်ဖြင့် ရှေ့ကို ဖိလိုက်သည်။ ကစဉ့်ကလျားတာအိုနယ်မြေက ကျောက်ခန်းတစ်ခုလုံး ဖုံးလွှမ်းသွား၏။ အနက်ရောင်တောင်ပံများက မည်မျှ လျင်မြန်ပါစေ၊ ကစဉ့်ကလျားတာအိုနယ်မြေမှ မလွတ်မြောက်နိုင်တော့ပေ။
"ချုံ့စေ"
ရှေးဦးကစဉ့်ကလျား တာအိုနယ်မြေက ကျုံ့လာပြီး နောက်ဆုံးတွင် အနက်ရောင်တောင်ပံများကို ပိတ်လှောင်လိုက်သည်။
"သန့်စင်စေ"
ထို့နောက်တွင်၊ လုမင်က ယွမ်ချီစွမ်းအင်ပို့လွှတ်ပြီး စတင်သန့်စင်လိုက်၏။
မကြာမီ၊ အတောင်များက တဖြည်းဖြည်းကျုံ့သွားပြီး လုမင် ဖမ်းယူလိုက်တော့သည်။