← Chapters

အခန်း ၁၄၄၁

Vol. 97 Ch. 1441

အခန်း ၁၄၄၁

Vol. 97 Ch. 1441

အပိုင်း ( 1441 ) သူတော်စင်ချိုးဖြတ်ခြင်း ဆေးလုံးကို ရရှိခြင်း။

သို့သော်လည်း လုမင်ကို အံ့အားသင့်စေသည်မှာ သူတော်စင်ချိုးဖြတ်ခြင်းဆေးကို ခဏသာ တားဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ သူတော်စင်ချိုးဖြတ်ခြင်း ဆေးလုံးက လုမင် ဖန်တီးထားသော ဧရာမလက်ကြီးကို ထိုးဖောက်သွားနိုင်ခဲ့ပေသည်။

ရှေးဦးကစဉ့်ကလျား တာအိုနယ်မြေမှ ဖွဲ့စည်းထားသော ဧရာမလက်ကြီးသည်ပင် သူတော်စင် ချိုးဖြတ်ခြင်း ဆေးလုံးကို မတားဆီးနိုင်ခဲ့ပေ။

"ငါ့ရဲ့ တာအိုနယ်မြေအဆင့်က အရမ်းနိမ့်နေသေးတယ်"

လုမင် သက်ပြင်းချလိုက်သည်။

ဤသည်မှာ ကစဉ့်ကလျားတာအိုနယ်မြေက အသုံးမဝင်သောကြောင့်မဟုတ်ဘဲ အဆင့် နိမ့်လွန်းသေးသောကြောင့်ဖြစ်မှန်း သူသိပေသည်။ ယင်းက အဆင့်တစ် တာအိုနယ်မြေတစ်ခုသာဖြစ်သောကြောင့် သူတော်စင်ချိုးဖြတ်ခြင်း ဆေးလုံးကို မတားဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင် အခြားသူများပါ လှုပ်ရှားခဲ့ကြသော်လည်း သူတော်စင်ချိုးဖြတ်ခြင်း ဆေးလုံးကို မည်သူမျှ မတားဆီးနိုင်ခဲ့ကြပေ။

ရုတ်တရက်၊ လုမင်၏ အတွေးတစ်ခုဖြင့် ပူဖောင်းလေးနှင့် တန်တန်က လုမင်၏ပခုံးပေါ်တွင် ပေါ်လာခဲ့သည်။

သူတို့ပါးစပ်မှာတော့ ဆေးရနံ့များက တထောင်းထောင်းထနေ၏။

"အခြားဝိညာဉ်ဆေးလား"

တန်တန်က ပေါ်လာသည်နှင့် တပြိုင်နက် မျက်လုံးဝေ့ကြည့်ကာ အော်လိုက်သည်။

"တန်တန်၊ ပူဖောင်းလေး... ငါ့ကို သူတော်စင်ချိုးဖြတ်ခြင်း ဆေးလုံးရအောင် ကူညီပေးကြပါ"

လုမင်က တန်တန်နှင့် ပူဖောင်းလေးကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။

"တွိ၊ တွိ"

လုမင် စကားဆုံးသည်နှင့် ပူဖောင်းလေးက သူ့လက်သေး‌သေးလေးကို ဝှေ့ယမ်းလိုက်၏။

ပူ‌ဖောင်းလေး လှုပ်ရှားလိုက်သည်နှင့် ဟင်းလင်းပြင်က လှိုင်းလုံးများကဲ့သို့ မြင့်တက်လာတော့သည်။

"ဝမ်"

သူတော်စင်ချိုးဖြတ်ခြင်း ဆေးလုံးက ပျံသန်းသွားသော်လည်း တစ်စုံတစ်ခုနှင့် ရုတ်တရက် တိုက်မိသွားသကဲ့သို့ အသံ ထွက်ပေါ်လာခဲ့သည်။

ပူဖောင်းလေးက ဟင်းလင်းပြင်ကို အေးခဲသွားစေခြင်း ဖြစ်၏။

လုမင် ဝမ်းသာသွားသည်။ ပူဖောင်းလေးက တကယ်ကို အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက် ဖြစ်ထိုက်ပါပေသည်။ ဟင်းလင်းပြင်က အလွန်တည်ငြိမ်သော ယွမ်လုတိုက်ကြီးတွင်ပင် ပူဖောင်းလေးက ထိန်းချုပ်နိုင်ဆဲ ဖြစ်သည်။

ပူဖောင်းလေးက သူ့လက်သေးသေးလေးကို ဝှေ့ယမ်းလိုက်သည်။ သူက သူတော်စင်ချိုးဖြတ်ခြင်း ဆေးလုံးကို ချိတ်ပိတ်ရန်အတွက် ဟင်းလင်းပြင်သေတ္တာတစ်ခု ဖန်တီးရန် ဟင်းလင်းပြင်ကို ထိန်းချုပ်လိုက်၏။

လုမင်လည်း ဝမ်းသာအားရ ပြေးသွားတော့သည်။

"သူ့ကို တားဆီးကြ"

ဝမ့်ရှောင်က အော်ဟစ်ပြီး ဓားအလင်းတစ်ခု ထုတ်ဖော်လိုက်သည်။

လုမင်၏ မျက်လုံးများက အေးစက်သွားသည်။ သူ့လက်ကို ဝှေ့ယမ်းပြီး ဓားအလင်းကို ချေဖျက်လိုက်၏။ တောင်နှင့်မြစ်ပန်းချီကားက သူ၏ မျက်ခုံးနှစ်ကြားမှ ပေါ်လာကာ သူတော်စင်ချိုးဖြတ်ခြင်း ဆေးလုံးကို ပန်းချီကားအတွင်းသို့ ဆွဲယူသွားတော့သည်။

သို့သော်လည်း ဤအခိုက်အတန့်တွင် သူတော်စင်ချိုးဖြတ်ခြင်း ဆေးလုံးက အရောင်တောက်ပလာသည်။ အလင်းရောင်များက ချွန်ထက်သော ဓားတစ်လက်ကဲ့သို့ အေးခဲနေသော ဟင်းလင်းပြင်ကို ဖောက်ထွက်သွား၏။ ထို့နောက်တော့ လျှပ်စီးလက်သကဲ့သို့ ကျောက်ခန်းဘေးဘက်ကို ပျံသန်းသွားတော့သည်။

ကျောက်အခန်း၏ ဘေးဘက်တွင် လမ်းကြောင်းတစ်ခု ရှိသည်။ သူတော်စင်ချိုးဖြတ်ခြင်း ဆေးလုံးက ထိုလမ်းကြောင်းထဲသို့ တိုက်ရိုက် ပြေးဝင်သွားလေသည်။

"ဘယ်ကိုသွားမှာလဲ"

လုမင်လည်း လေဓာတ်စွမ်းအင် တာအိုသိုင်းကို အသုံးပြုလိုက်သည်။ သူ၏ အနက်ရောင်အတောင်ပံကို ခတ်လိုက်ခြင်းဖြင့် လျှပ်စီးလက်ကဲ့သို့ ပျံသန်းသွား၏။

"လိုက်"

သူ့နောက်မှ တခြားလူငယ်များကလည်း သူ့နောက်ကို လိုက်လာကြတော့သည်။

"တန်တန်၊ သူတို့ကို ရပ်လိုက်"

လုမင်က တန်တန်ကို အသံပို့လွှတ်၍ ပြောလိုက်သည်။

"ဒီကိုယ်တော်အတွက် ထားခဲ့လိုက်"

တန်တန် ပြုံးလိုက်သည်။

"ဝှစ်"

လုမင် ဥမင်အတွင်းသို့ ပြေးဝင်သွားသည်နှင့် တန်တန်က ပါးစပ်ကိုဟပြီး မှုတ်ထုတ်လိုက်၏။ တောက်ပသော အလင်းရောင်များက ဒိုင်းတစ်ခုအဖြစ် သိပ်သည်းပြီး ဥမင်လမ်းကြောင်း အဝင်ပေါက်ကို ပိတ်ဆို့ထားတော့သည်။

ပထမဆုံး ရောက်လာသူမှာ ရှစ်ထျန်း ဖြစ်သည်။ သူ့ထံမှ ပြင်းထန်သော လက်သီးချက်က ဒိုင်းအပေါ်ကို ကျရောက်သွား၏။ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသော်လည်း ဒိုင်းက မတုန်လှုပ်ခဲ့ပေ။

"ချီးပဲ"

ရှစ်ထျန်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထို့နောက် အခြားသူများလည်း ရောက်ရှိလာပြီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၏။ သို့သော်လည်း လိပ်ခွံအကာကိုတော့ အချိန်တိုအတွင်း မချိုးဖျက်နိုင်တော့ပါ။

ဤကာလအတွင်း တန်တန်ဟာ ဝိညာဉ်ဆေးပင် အများအပြားကို မျိုချခဲ့သည်။ သူတော်စင်တစ်ပိုင်း ဆေးပင်များကိုတောင် ဝါးမျိုခဲ့၏။ ထို့ကြောင့် သူ့ဒဏ်ရာများက ပြန်လည်ကောင်းမွန်လာခဲ့သည့်အပြင် ပို၍ တိုးတက်လာခဲ့သည်။ သူ၏ အင်အားအပြည့်သုံးပြီး ဖွဲ့စည်းထားသော လိပ်ခွံဒိုင်းကို ဤမျှလွယ်လွယ် ချိုးဖြတ်နိုင်မည် မဟုတ်ချေ။

"ချီးပဲ၊ ဒီလိပ်ခွံကို မြန်မြန်ချိုးကြရအောင်။ အထဲမှာ ရတနာရှိရဦးမယ်"

"အတူတူတိုက်ခိုက်ကြစို့"

စိုးရိမ်သောက အသံများ ထွက်ပေါ်လာခဲ့သည်။ ရှစ်ထျန်း၊ ဝမ့်ရှောင်နှင့် အခြားသူများက ပူးပေါင်းကာ တိုက်ခိုက်လိုက်၏။ လိပ်ခွံဒိုင်းက တုန်ခါလာတော့သည်။ သူတို့ မချိုးဖောက်နိုင်မီ အချိန်ခဏသာ ကြာတော့မည် ဖြစ်သည်။

သို့သော်လည်း ထိုအချိန်တခဏက လုမင်အတွက် လုံလောက်သည်။

လုမင်က ဥမင်အတွင်းသို့ ပြေးဝင်လာပြီးနောက် မရပ်တန့်ဘဲ သူတော်စင်ချိုးဖြတ်ခြင်း ဆေးလုံးနောက်ကို အလွန်လျင်မြန်သော အရှိန်ဖြင့် ပြေးလိုက်သွားခဲ့သည်။

"တွိ... တွိ..."

ပူဖောင်းလေးက အော်ပြီး လုမင်၏ပုခုံးမှ ရုတ်တရက် ပြေးထွက်သွားသည်။ ပါးစပ်ကိုဖွင့်လိုက်သည်နှင့် သူတော်စင်ချိုးဖြတ်ခြင်း ဆေးလုံးကို ထုပ်ပိုးထားသော ပူဖောင်းတစ်ခု ရုတ်တရက် ပေါ်လာ၏။

သူတော်စင်ချိုးဖြတ်ခြင်း ဆေးလုံးက အလင်းရောင်တောက်ပလာပြီး ဖြတ်ကျော်ချင်သော်လည်း ခဏချင်းတော့ မဖြတ်နိုင်တော့ပါ။

ဤတစ်ကြိမ်တွင် ကြည်လင်နေသော ပူဖောင်းက ဟင်းလင်းပြင် တာအိုနယ်မြေအပြင် အချိန်တာအိုလည်း ပါ၀င်သည်။

ပူဖောင်းလေးက ပျံသန်းသွားပြီး ကြည်လင်နေသော ပူဖောင်းကို မျိုချလိုက်၏။ ၎င်း၏ အမွေးအမှင်များက တောက်ပလာပြီးနောက် လုမင်ပခုံးဆီသို့ ပြန်‌လာတော့သည်။

ထို့နောက် သူ့ပါးစပ်ကိုဟလိုက်သောအခါ သူတော်စင်ချိုးဖြတ်ခြင်းဆေးလုံးက ပျံထွက်လာသည်။

လုမင်လည်း သူတော်စင်ချိုးဖြတ်ခြင်းဆေးလုံးကို သူ့လက်ထဲတွင် ဆုပ်ကိုင်လိုက်တော့သည်။

"လုမင်၊ ငါ တံဆိပ်ခတ်ထားလိုက်မယ်"

တန်တန် ပြောလိုက်သည်။ ထို့နောက် သူ့လက်သေးသေးလေးကို ဝှေ့ယမ်းလိုက်ရာ ကမ္ပည်းစာလုံးများ ထွက်ပေါ်လာ၏။ အစီရင်အသေးစားတစ်ခုက ဆေးလုံးကို ပိတ်လှောင်လိုက်တော့သည်။ ယင်းက ဆေးလုံး ပျံသန်းပြေးနေခြင်းကို တားဆီးနိုင်သလို ဆေးစွမ်းအင် ဆုံးရှုံးခြင်းကိုလည်း တားဆီးပေးနိုင်သည်။

"သူတော်စင်ချိုးဖြတ်ခြင်း ဆေးလုံး"

လုမင် ကျေနပ်စွာ ပြုံးလိုက်သည်။ သူက ကျောက်စိမ်းသေတ္တာငယ်တစ်လုံးကိုထုတ်ပြီး သူတော်စင်ချိုးဖြတ်ခြင်းဆေးလုံးကို ထည့်သိမ်းလိုက်၏။

သူတော်စင်ချိုးဖြတ်ခြင်း ဆေးလုံးက အဖိုးမဖြတ်နိုင်ပေ။ သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှာ ပိတ်မိ‌နေပြီး မဖြတ်ကျော်နိုင်သူများအတွက် ဤဆေးလုံးက သူတော်စင်ရတနာများထက်ပင် ပိုတန်ဖိုးကြီးသည်။ သူတို့မိသားစု၏ စည်းစိမ်ဥစ္စာအားလုံးကို ရောင်းရလျှင်ပင် ဤဆေးလုံးကို ဝယ်ယူရန် ဆန္ဒရှိကြပေလိမ့်မည်။

လုမင်ကတော့ ယင်းကို ရောင်းချရန် စိတ်ကူးမရှိပါ။ သူ့အတွက် သိမ်းထားလိုက်သည်။

သူတော်စင်ချိုးဖြတ်ခြင်းဆေးလုံးကို သိမ်းဆည်းပြီးနောက် ရှေ့ကို လုမင် လှမ်းကြည့်လိုက်သည်။

လမ်း၏အရှေ့ပိုင်းတွင် အလင်းတန်းများ ရှိနေပုံရ၏။

'ငါတို့ မဟာဧကရာဇ်ရဲ့ နန်းတော် အမြုတေနေရာကို နီးလာပြီထင်တယ်'

လုမင် စိတ်ထဲမှတွေးရင်း‌ ရှေ့သို့ တိုးသွားခဲ့သည်။ တန်တန်နှင့် ပူဖောင်းလေးကတော့ ဆေးအာနိသင်ကို ဆက်လက်ချေဖျက်ရန်အတွက် တောင်နှင့်မြစ် ပန်ချီကားအတွင်းသို့ ပြန်သွားကြတော့သည်။

များမကြာမီပင် လမ်းအ၀င်ဝသို့ ရောက်ရှိလာကြသည်။ သို့သော်လည်း ထူးဆန်းစွာပင် လမ်းအ၀င်ဝမှ လှမ်းကြည့်လိုက်ရာ ကြယ်ကောင်းကင်ကြီး ဖြစ်နေခဲ့၏။

ထိုအလင်းရောင်များက ကြယ်ရောင်စုံကောင်းကင်မှ ဆင်းသက်လာခြင်း ဖြစ်တော့သည်။

"လျှောက်လမ်းအပြင်ဘက်မှာ တကယ်ကို ကြယ်ကောင်းကင်ကြီး ရှိနေတာပဲ"

လုမင် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ အချိန်အတော်ကြာအောင် တွေးတောပြီးသောအခါမှ ရှေ့ကို လျှောက်သွားခဲ့လေသည်။

လမ်းအတွင်းမှ ထွက်လိုက်သည်နှင့် သူ့ပတ်ဝန်းကျင်ရှိ နေရာများ ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။ နောက်အခိုက်မှာတော့ ကြယ်ရောင်စုံကောင်းကင်တွင် သူ ပြန်ပေါ်လာသည်ကို တွေ့လိုက်ရတော့သည်။

တကယ့်ကို ကြယ်စင်များနှင့် ကောင်းကင်ကြီး ဖြစ်သည်။ သူ့ပတ်ဝန်းကျင်မှာ ကြယ်များ ရှိ၏။ သူက ကြယ်ရောင်စုံသော ကောင်းကင်ကြီးတွင် လွင့်မျောနေခြင်း ဖြစ်တော့သည်။

"အဲဒါက…"

နောက်အခိုက်အတန့်တွင် ထိတ်လန့်တုန်လှုပ်စွာဖြင့် လုမင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

သူ့အရှေ့ ကြယ်ရောင်စုံ ကောင်းကင်ယံတွင် ဧရာမ သတ္တဝါကြီးနှစ်ကောင် ရှိ၏။

တစ်ကောင်က အလွန်တရာကြီးမားသော လင်းယုန်ကြီးတစ်ကောင် ဖြစ်သည်။

ဤလင်းယုန်ကြီးက အလွန်ကြီးမားပြီး ကြီးကျယ်ခမ်းနားလွန်းပေသည်။ ၎င်းက ကောင်းကင်နှင့် နေကို ဖုံးအုပ်ထားခဲ့သည်။

ဤအခိုက်တွင် ကြီးမားသော မျက်လုံးတစ်စုံက လုမင်ကို စိုက်ကြည့်နေ၏။

သူ အသက်ရှင်နေသေးသည်။

ဤလင်းယုန်ကြီးက အမှန်တကယ် အသက်ရှိနေသည်။

လင်းယုန်ကြီး၏ ဆန့်ကျင်ဘက်မှာတော့ လူရုပ်သွင်တစ်ခု ရှိသည်။ ဤလူရုပ်သွင်ကလည်း ကောင်းကင်နှင့်မြေပြင်ကို ထောက်ပံနိုင်သော ဧရာမ ဘီလူးကြီးကဲ့သို့ အနှိုင်းမဲ့ကြီးမားလွန်းပေသည်။

သို့သော်လည်း ဤပုံသဏ္ဍာန်ကိုတော့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သူ့ကို အနက်ရောင်အလင်းများက ဖုံးလွှမ်းထားသည်။ သူ့ပတ်ဝန်းကျင်ရှိ ကြယ်ကောင်းကင်ကလည်း တွန့်လိပ်ပြီး ပုံပျက်နေခဲ့ပေသည်။

ဤကြီးမားသော လူရုပ်သွင်ကလည်း လုမင်ကို ကြည့်နေသည်။

သို့ရာတွင်၊ လင်းယုန်ကြီးနှင့် ဧရာမလူသားရုပ်သွင်တို့ နှစ်ဖက်စလုံး ပြင်းထန်စွာ ဒဏ်ရာရနေပုံရကြောင်း လုမင် တွေ့ရှိခဲ့ရသည်။

လင်းယုန်ကြီးတွင် အတောင်ပံများ မရှိတော့ပေ။ သူ့တစ်ကိုယ်လုံးမှာလည်း ဒဏ်ရာများ အများကြီး ရှိသည်။ အချို့သော ဒဏ်ရာများဆိုလျှင် သွေးများက ဒရဟော စီးကျလျက် ရှိ၏။

သူ၏ ကြီးမားသော မျက်လုံးများက တောက်ပနေသော်လည်း အသက်မဲ့နေပုံရလေသည်။ ယင်းက အလွန်ထူးဆန်းသော ခံစားမှုတစ်ခု ဖြစ်သည်။

တစ်ဖက်တွင် ဧရာမ လူရုပ်သွင်ကြီးမှာလည်း အခြေအနေ သိပ်မကောင်းပေ။ သူ့ခြေထောက်တစ်ချောင်း ပျောက်နေပြီး ခန္ဓာကိုယ်ပေါ်မှာလည်း ခြေသည်းဒဏ်ရာများ ရှိနေသည်။ သူ့ရင်ဘတ်မှာဆိုလျှင် ကြီးမားသော အပေါက်ကြီးတစ်ပေါက်တောင် ရှိနေသေးသည်။

"ဟားဟားဟား၊ စန်းဧကရာဇ်... အဆုံးမှာတော့ မင်းရှုံးသွားပြီ ထင်တယ်။ မင်းငါ့ကို အနှစ်ခြောက်သောင်းလောက် တိုက်ခိုက်နေခဲ့တာ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ငါက နည်းနည်း ပိုသာနေသေးတယ်။ အခု မင်းကို ဒီမှာပဲ မြှုပ်နှံထားရတော့မယ်"

ထိုအခိုက်အတန့်တွင် ဧရာမလူရုပ်သွင်ကြီးက ရယ်မောလိုက်သည်။

သူ၏ ရယ်မောခြင်းက မိုးခြိမ်းသံကဲ့သို့ ကောင်းကင်နှင့်မြေပြင်ကြားတွင် ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ပေသည်။

All Chapters