← Chapters

အခန်း ၁၄၄၃

Vol. 97 Ch. 1443

အခန်း ၁၄၄၃

Vol. 97 Ch. 1443

အပိုင်း ( 1443 ) လဲ့တင်းဖြင့် ဖိနှိပ်ခြင်း။

အနက်ရောင်အလင်းတန်းက လုမင်၏ မျက်ခုံးနှစ်ခုကြားကို ထိုးဖောက်သွားတော့မည်။

"ဝမ်"

ထိုအချိန်တွင်၊ လုမင်၏ မျက်ခုံးနှစ်ခုကြားမှ တောက်ပလာပြီး လဲ့တင်း ပျံထွက်လာခဲ့သည်။

လဲ့တင်းက မီတာတစ်သောင်းထိ ကြီးမားလာပြီး လုမင်ရှေ့တွင် ပိတ်ဆို့လိုက်၏။

"ဒေါင်"

အနက်ရောင်အလင်းတန်းက လဲ့တင်းကို ထိမှန်သောအခါ လဲ့တင်း ပြင်းထန်စွာ တုန်ခါသွားသည်။ သို့သော်၊ ကောင်းကင်တွင် လျှပ်စီးလက်သွားပြီး အနက်ရောင်အလင်းတန်းလည်း ပျက်စီးသွားတော့သည်။

"အန္တိမသူတော်စင်ရတနာ"

ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"ကောင်းတယ်၊ မိုးကြိုးစွမ်းရည်နဲ့ အန္တိမသူတော်စင်ရတနာက မင်းလိုကောင်အတွက် တကယ့်ရန်သူပဲ။ ကြည့်ရတာ ကောင်းကင်က မင်းဘက်မှာ မရှိတော့ဘူးထင်တယ်။ မင်းရဲ့ လက်ရှိအခြေအနေအရ အန္တိမသူတော်စင်ရတနာက မင်းကိုကိုင်တွယ်ဖို့ လုံလောက်ပြီ"

စန်းဧကရာဇ်က တအံ့တဩ‌ ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် စန်းဧကရာဇ်၏ အသံက လုမင်၏စိတ်ထဲတွင် ထွက်ပေါ်လာ၏။

'ကလေး၊ မင်းရဲ့ အန္တိမသူတော်စင်ရတနာ ငါ့ကို ငှားပါ'

"ကောင်းပြီ"

လုမင် မတွန့်ဆုတ်တော့ပေ။ အတွေးတစ်ခုဖြင့် လဲ့တင်းက ရှေ့သို့ ပျံသန်းသွားခဲ့သည်။

စန်းဧကရာဇ်က အဝောင်များကိုခတ်လိုက်ရာ လဲ့တင်းက သူ့ဆီသို့ ပို၍လျင်မြန်စွာ ပျံသန်းသွားသည်။ ထိုမျှသာမက၊ လဲ့တင်းက စန်းဧကရာဇ်နှင့် အရွယ်အစားတူသည်အထိ လျင်မြန်စွာ ကြီးမားလာ၏။ အကန့်အသတ်မဲ့ လျှပ်စီးကြောင်းများက သူ့ပတ်ဝန်းကျင်တွင်ပျံ့နှံ့ပြီး အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာတော့သည်။

"ဒါကမှ လဲ့တင်းရဲ့ စွမ်းအားအမှန်လား"

လုမင် မျက်လုံးပြူးသွားသည်။

ယခုမှ လဲ့တင်းဟာ အန္တိမ သူတော်စင်ရတနာဖြစ်ကြောင်း လုမင် သိလိုက်ရခြင်း ဖြစ်သည်။

ယခင်က လုမင်ဟာ လဲ့တင်း၏ စွမ်းအားအနည်းငယ်ကိုသာ ထုတ်လွှတ်နိုင်ခဲ့သည်။ လုမင်၏ ကျင့်ကြံခြင်းဖြင့် လဲ့တင်း၏ စွမ်းအားကို များများစားစား မထုတ်နိုင်ခဲ့ပေ။

သို့သော်လည်း စန်းဧကရာဇ်၏လက်မှာတော့ လုံးဝ ခြားနားသွားခဲ့ပြီ ဖြစ်သည်။ ယင်း၏ ပေါက်ကွဲအားက ကြောက်ခမန်းလိလိ ဖြစ်တော့သည်။

အနှိုင်းမဲ့ ကြီးမားသော မိုးကြိုးဒယ်စောက်အိုးက ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်ကို ဖိချလိုက်သည်။ တောင်များကဲ့သို့ ထူထဲပြီး မရေမတွက်နိုင်သော မိုးကြိုးများကလည်း ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်ကို ပစ်ခွင်းလိုက်၏။

ဝိညာဉ်ဖျက်ဆီးခြင်းဘုရင် ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်အလင်းများကလည်း တွန့်လိမ်နေပြီး အနက်ရောင်မီးခိုးငွေ့များနှင့် စူးရှသော အသံတစ်ခုပင် ထွက်ပေါ်လာသည်။

သူ၏ ကျင့်ကြံမှုနည်းလမ်းက မိုးကြိုးစွမ်းအားနှင့် အဆင်မပြေပေ။

သို့ရာတွင်၊ သူ၏ ကျင့်ကြံခြင်းဖြင့် သူ၏အထွတ်အထိပ်သို့ ရောက်နေပါက လဲ့တင်းဟာ သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမည် မဟုတ်ပါ။

ယခုမူကား၊ သူဟာ အလွန်အားနည်းနေခဲ့သည်။ လဲ့တင်းဟာ သူ့အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်၏။ ထို့အပြင် ၎င်းက စန်းဧကရာဇ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခြင်း ဖြစ်တော့သည်။

"ဒုန်း... ဒုန်း"

မိုးကြိုး‌ဒယ်စောက်အိုးက တဖြည်းဖြည်းချင်း ဖိချလာခဲ့သည်။ အဆုံးမဲ့မိုးကြိုးများက ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်ကို လုံးဝ နစ်မြုပ်သွားစေတော့သည်။

"စန်းဧကရာဇ်၊ မင်းငါ့ကို မသတ်နိုင်ဘူး။ အန္တိမ သူတော်စင်လက်နက်လောက်နဲ့ ငါ့ကိုသတ်လို့မရဘူး"

ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်က ဟိန်းဟောက်လိုက်သည်။

"ငါ မင်းကို ယာယီ ဖိနှိပ်ထားဖို့ပဲ လိုတာ"

စန်းဧကရာဇ်၏အသံ ထွက်လာခဲ့သည်။

ထို့နောက် လုမင်၏ နားထဲတွင် ပဲ့တင်ထပ်နေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။

'ကလေး၊ ဒီမိုးကြိုးဒယ်စောက်အိုးကို လောလောဆယ် မင်းဆီ ပြန်မပေးနိုင်သေးဘူး။ ဒါပေမဲ့ လျော်ကြေးအနေနဲ့ ငါ့ရဲ့ သိုလှောင်လက်စွပ်ကို ပေးပါမယ်'

"ဝှစ်"

အလင်းရောင်တစ်ခု လင်းလက်သွားပြီးနောက် လုမင်ရှေ့တွင် တစ်စုံတစ်ခု ပေါ်လာခဲ့သည်။

သိုလှောင်လက်စွပ်တစ်ခု၊ ယင်းက စန်းဧကရာဇ်၏ သိုလှောင်လက်စွပ် ဖြစ်သည်။

လုမင် လွန်စွာ စိတ်လှုပ်ရှားသွား၏။

သူ သိုလှောင်လက်စွပ်ကို ချက်ချင်း ဖမ်းယူလိုက်တော့သည်။

"ကောင်လေး၊ ငါ ဒီကနေ ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်ကို ခေါ်သွားတော့မှာ။ အဲဒီအခါ ဟင်းလင်းပြင်စွမ်းအားကို ငါသုံးမှာမို့ မင်းတို့လည်း ချက်ချင်း ထွက်သွားတော့မယ်"

စန်းဧကရာဇ်၏ အသံက ထပ်မံထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင်၊ လုမင်လည်း ပြင်းထန်သော တွန်းအားတစ်ခု ခံစားရပြီး ဤနေရာမှ ပျောက်ကွယ်သွားတော့သည်။

နောက်အခိုက်အတန့်တွင်‌ လေဟာပြင်တစ်ခုမှာ လုမင် ပေါ်လာခဲ့သည်။

"ငါ ပြန်ထွက်လာပြီ"

လုမင်က ရှေ့ကိုလှမ်းကြည့်လိုက်ရာ လင်းယုန်ကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။ သူ အပြင်ကို ပြန်ရောက်လာခဲ့ပြီ။

ဤအခိုက်အတန့်တွင်၊ လုမင်၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်က တုန်ခါပြီး ရုပ်ပုံများစွာတို့ လေထဲတွင် ပေါ်လာခဲ့သည်။

စန်းဧကရာဇ်၏ နန်းတော်ထဲသို့ ဝင်ရောက်လာသူများ အားလုံး ပြန်ပို့ခံခဲ့ကြရပြီ။

ရှစ်ထျန်း၊ ဝမ့်ရှောင်နှင့် အခြားသူများ ပါဝင်သည်။

"ဟမ်၊ ဘာတွေဖြစ်နေတာလဲ"

ဝမ့်ရှောင် အော်ဟစ်လိုက်သည်။

သူတို့က တန်တန်၏ လိပ်ခွံအကာအကွယ်ကို အစွမ်းကုန် တိုက်ခိုက်ပြီး ဖြိုခွဲပစ်တော့မည် ဖြစ်သော်လည်း၊ တည်နေရာရွှေ့ပြောင်းခြင်း ခံခဲ့ကြရလေသည်။

အခြားသူများမှာလည်း ထိုကဲ့သို့ ဖြစ်သည်။ တချို့က ရတနာများကို ရရှိတော့မည်ဖြစ်သော်လည်း ပို့လွှတ်ခြင်း ခံခဲ့ကြရ၏။ သူတို့အားလုံး လက်မခံချင်ဘဲ ဒေါသတကြီး ဖြစ်ခဲ့ရပေသည်။

"ဂီး"

ဤအခိုက်အတန့်တွင် စန်းဧကရာဇ်၏နန်းတော်မှ သံရှည်ဆွဲ၍ အော်ဟစ်လိုက်သံ ထွက်ပေါ်လာသည်။ ထို့နောက်မှာတော့ လူတိုင်း၏ တုန်လှုပ်နေသော အကြည့်အောက်တွင် အတောင်ပံများကို ခတ်ကာ ကောင်းကင်၏ နက်နဲရာသို့ ပျံသန်းထွက်ခွာသွားတော့သည်။

"ဝမ်"

ထို့နောက်တွင် ဟင်းလင်းပြင်က အက်ကွဲသွားခဲ့သည်။ စန်းဧကရာဇ်၏နန်းတော်လည်း ဟင်းလင်းပြင်အက်ကြောင်းထဲသို့ ပျံတက်သွားပြီး ပျောက်ကွယ်သွားတော့သည်။

"ဒါ... ဘာဖြစ်နေတာလဲ"

"စန်းဧကရာဇ်ရဲ့နန်းတော်က ဘာဖြစ်လို့ ရုတ်တရက် ထွက်သွားတာလဲ"

"မဟုတ်ဘူး၊ ငါ့ရတနာ‌လေး..."

မြင်ကွင်းက ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ တချို့က ဒေါသတကြီးဖြစ်ပြီး တချို့မှာလည်း တအံ့တဩ ဖြစ်နေတော့သည်။

"လုမင်၊ ဒါက မင်းကြောင့် မဟုတ်လား"

ရုတ်တရက်၊ အသံတစ်ခု ထွက်ပေါ်လာပြီး လူများစွာ တိတ်ဆိတ်သွားသည်။ အားလုံးက လုမင်ကို ကြည့်လိုက်မိ၏။

"ဝမ့်ရှောင်"

လုမင်က ဝမ့်ရှောင်ကို အေးစက်စက်ဖြင့် ကြည့်လိုက်သည်။

ယခုလေးတင် ဟိန်းဟောက်လိုက်သူက ဝမ့်ရှောင်ပင်။

"လုမင်၊ မင်းက ငါတို့ကိုတားဆီးဖို့ ရွံ့စရာကောင်းအောင် စက်ဆုပ်စရာ နည်းလမ်းတွေသုံးပြီး စန်းဧကရာဇ်ရဲ့ နန်းတော်ထဲကို ဝင်သွားခဲ့တာ။ မင်းဝင်ပြီး သိပ်မကြာခင်မှာပဲ ငါတို့အားလုံး စန်းဧကရာဇ်ရဲ့ နန်းတော်ထဲကနေ ပြန်ပို့ခံခဲ့ကြရတယ်။ ဒါက မင်းကြောင့် မဟုတ်ဘူးလား"

ဝမ့်ရှောင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ဘာ၊ လုမင်တစ်ဦးတည်း စန်းဧကရာဇ်နန်းတော်ရဲ့ အမြုတေနေရာကို ဝင်ရောက်ခဲ့တာလား။ သူ တကယ်ပဲ စန်းဧကရာဇ်နန်းတော်ရဲ့ အမြုတေကို ဝင်ခဲ့တာလား"

လူတော်တော်များများက လုမင်ကို တအံ့တဩ ကြည့်လိုက်ကြသည်။

"ဟုတ်တယ်၊ လုမင်... မင်း စန်းဧကရာဇ်ရဲ့အမွေကို ရရှိခဲ့ပြီ မဟုတ်လား။ အဲဒါကြောင့်ပဲ စန်းဧကရာဇ်ရဲ့နန်းတော် ပျံထွက်သွားတာ ဟုတ်တယ် မဟုတ်လား"

ရှစ်ထျန်းက ရှေ့သို့တိုးပြီး အေးစက်စက် အော်ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်မှ မြင့်မြတ်သောအလင်းရောင်များ ထွက်ပေါ်လာသည်။

ထိုစကားကိုကြားတော့ လူအများစု၏ မျက်လုံးများလည်း တောက်ပလာကြ၏။ သူတို့က လုမင်အား စိတ်အားထက်သန်သော အကြည့်များဖြင့် စိုက်ကြည့်လာကြတော့သည်။

စန်းဧကရာဇ်ရဲ့အမွေ။

ဤစကားများက လူများ၏ လောဘမီးကို တဟုန်းဟုန်း တောက်လောင်စေခဲ့သည်။

"စန်းဧကရာဇ်ရဲ့ အမွေကို ငါမရရှိခဲ့ဘူး"

လုမင်‌ ပြောလိုက်သည်။

"ဟားဟားဟား၊ မင်း အဲဒီလိုပြောတိုင်း ဘယ်သူက ယုံမှာလဲ။ လုမင်... စန်းဧကရာဇ်ရဲ့အမွေကို လွှဲပေးပါ။ အဲဒါက မင်း သိမ်းပိုက်ထားနိုင်တာ မဟုတ်ဘူး"

ဝမ့်ရှောင်က ပြောသည်။

"ဟုတ်တယ်၊ စန်းဧကရာဇ်ရဲ့ အမွေက မင်းတစ်ယောက်တည်း ယူထားနိုင်တာ မဟုတ်ဘူး"

ရှစ်ထျန်းကလည်း ပြော၏။

"ဟုတ်တယ်၊ အမွေကို လွှဲပေးစမ်း၊ မဟုတ်ရင် ဒီနေ့ မင်းသေတဲ့နေ့ပဲ"

"သူ့ရဲ့ သိုလှောင်လက်စွပ်နဲ့ သူ့ဝိညာဉ်ကို ရှာဖွေတာက အကောင်းဆုံးပဲ။ ဒါဆိုရင် အရာအားလုံး ရှင်းရှင်းလင်းလင်းဖြစ်ပြီး ဘာမှ မဖုံးကွယ်ထားနိုင်တော့ဘူး"

"ဟုတ်တယ်ဟေ့"

ကျန်လူများကလည်း လုမင်ကို အေးစက်စွာ စိုက်ကြည့်ရင်း အော်ဟစ်လိုက်ကြသည်။ သူတို့က လုမင်ကို အလယ်တွင်ထားကာ စက်ဝိုင်းသဏ္ဍာန် တဖြည်းဖြည်း ဝိုင်းထားလိုက်တော့သည်။

"နင်တို့ ဘာလုပ်ကြတာလဲ၊ နဂါးနတ်ဘုရားတောင်ကြားမှာ ဘယ်သူမှ မရှိဘူးလို့ ထင်နေကြတာလား။ ဂိုဏ်းတူမောင်နှမတို့၊ လုမင်ကို ကူညီကြရအောင်"

ချိုးရင်ရင်က လူအုပ်ကြီးနောက်မှ လှမ်းအော်လိုက်သည်။

"ဟုတ်တယ် ညီနောင်တို့၊ လုမင်ကို ကူညီကြရအောင်"

ရွမ်ထျန်းကလည်း အော်ဟစ်လိုက်၏။

"ဟားဟားဟား၊ ဒါက တခြားဂိုဏ်းတွေနဲ့ လုမင်ရဲ့ ပုဂ္ဂိုလ်ရေး ရန်ငြိုးဖြစ်နေတာပဲ။ ငါတို့နဲ့ ဘာဆိုင်လဲ။ နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်တွေ နားထောင်ကြ၊ ဘယ်သူကမှ လုမင်ကို မကူညီရဘူး။ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးရန်ငြိုးကြောင့် တခြားဂိုဏ်းတွေကို စော်ကားမိပြီး နဂါးနတ်ဘုရားတောင်ကြားနဲ့ တခြားဂိုဏ်းတွေ ရန်သူတွေဖြစ်အောင် လုပ်လိုက်ရင် အကျိုးဆက်ကို ခံရလိမ့်မယ်"

ရင်ဖုန်း အော်ဟစ်လိုက်သည်။ သူ့အသံက ‌အဝေးသို့ပင် ပဲ့တင်ထပ်သွား၏။

လုမင်မှ စန်းဧကရာဇ်နန်းတော်၏ အမြုတေနေရာသို့ ဝင်ရောက်သွားပြီမှန်းသိသောအခါ သူ အလွန်မနာလိုသောကြောင့် သေစေချင်စိတ်များ တဖွားဖွား ဖြစ်နေတော့သည်။

"ဟုတ်တယ်၊ နဂါးနတ်ဘုရားတောင်ကြားက တပည့်တွေ မလှုပ်ရှားကြနဲ့"

ဟဲယွိကလည်း ပြောလိုက်သည်။ သူ့ထံမှ အားကောင်းသောရောင်ဝါက ချိုးရင်ရင်၊ ချိုးဟောက်နှင့် ရွမ်ညီနောင်တို့ကို လွှမ်းခြုံလာတော့သည်။

"နင်... နင် တကယ်ကို စက်ဆုပ်စရာပဲ။ အကြီးအကဲတွေက ငါတို့ကို စည်းလုံးရမယ်လို့ ပြောထားပြီးသားပဲ"

ချိုးရင်ရင်က အော်ဟစ်လိုက်သည်။

"ပါးစပ်ပိတ်ထား"

ဟဲယွိ အေးစက်စက် အော်ဟစ်လိုက်၏။ သူ့ထံမှ အားကောင်းသော အရှိန်အဝါဖိအားကြောင့် ချိုးရင်ရင် အသက်ရှူရသည်ပင် ခက်ခဲလာတော့သည်။

All Chapters