← Chapters

အခန်း ၁၄၄၆

Vol. 97 Ch. 1446

အခန်း ၁၄၄၆

Vol. 97 Ch. 1446

အပိုင်း ( 1446 ) လုမင်ကို ဖိအားပေးခြင်း။

ဝမ့်ရှောင် ရူးချင်သွားသည်။ သူသည် ကောင်းကင်သို့ ပျံတက်ပြေးချင်သော်လည်း လုမင်၏ အနက်ရောင်တောင်ပံများက သူ့လမ်းကြောင်းကို လုံးဝပိတ်ဆို့ထားပေသည်။

ထို့ကြောင့် အစွမ်းကုန် ခုခံဖို့ ကြိုးစားရန်သာ တတ်နိုင်သည်။

"ဝုန်း၊ ဝုန်း"

လုမင်က ဝမ့်ရှောင်အား ပို၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။

သူတို့နှစ်ဦးက ကောင်းကင်မှ ဝေးကွာပြီး မြေပြင်နှင့် ပို၍ နီးကပ်လာ၏။

"ဝုန်း"

"ဝေါ"

မြေပြင်က ပေါက်ကွဲထွက်ပြီး ချော်ရည်ပူများကလည်း ကောင်းကင်မှာ ပြည့်နေတော့သည်။

ကောင်းကင်တခွင်မှာလည်း ပင့်ကူအိမ်ကဲ့သို့ ဟင်းလင်းပြင် အက်ကြောင်းများက ပိုများလာခဲ့သည်။

"ဝုန်း"

အချို့နေရာများတွင် ဟင်းလင်းပြင်အက်ကြောင်းများက များပြားလွန်းသဖြင့် ကောင်းကင် ထောင့်စွန်းများ ပြိုကျလာတော့သည်။

ကောင်းကင်ပြိုနေပြီ။

ဤလျှို့ဝှက်နယ်မြေလည်း ပျက်စီးသွားတော့မည်။

ထိုအချိန်တွင် အခြားလူများ ပြေးထွက်သွားကြပြီ ဖြစ်သည်။ ဝမ့်ရှောင်နှင့် လုမင် နှစ်ဦးတည်းသာ ဤလျှို့ဝှက်နယ်မြေတွင် ကျန်ခဲ့တော့သည်။

"အား"

ဝမ့်ရှောင် စိတ်ပျက်အားငယ်စွာဖြင့် အော်ဟစ်လိုက်သည်။

ယခုအချိန်ရောက်မှ သူ မြန်မြန်ထွက်သွားလျှင်ပင် ‌အသေ ခက်လိမ့်မည်။

"လုမင်၊ မင်းက သေချင်နေမှတော့ အတူတူသေရအောင်"

ဝမ့်ရှောင် ကြိမ်းမောင်းပြီး လုမင်ကို တိုက်ခိုက်လိုက်သည်။

"ထန်"

သူက သူတော်စင်ရတနာဓားဖြင့် လုမင်၏ အနက်ရောင်တောင်ပံများကို ခုတ်ထစ်လိုက်၏။ သို့သော်လည်း သူ့ခန္ဓာကိုယ် တုန်လှုပ်သွားပြီး ကစဉ့်ကလျား တာအိုနယ်မြေ၏ စွမ်းအားကြောင့် နောက်ပြန် လွင့်သွားရတော့သည်။

"မင်းနဲ့အတူ ဘယ်သူက သေချင်လို့လဲ"

လုမင်က အေးစက်စက် ပြောလိုက်သည်။ သူက အနက်ရောင်တောင်ပံများကိုခတ်ပြီး မျက်လုံးတစ်မှိတ်အတွင်း မိုင်ထောင်ချီမြင့်သော ကောင်းကင်သို့ ပျံတက်သွား၏။

သို့သော်လည်း သူ့ရှေ့တွင် ဟင်းလင်းပြင် အက်ကွဲကြောင်းများ ပြည့်နေသည်။ ထွက်လမ်းမရှိတော့ပေ။

"တွိ..."

ဤအခိုက်အတန့်တွင်၊ ပူဖောင်းလေးက အော်ဟစ်ပြီး အဖြူရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ သူ့လက်သေးသေးလေးကို ဝှေ့ယမ်းလိုက်ရာ လုမင်ရှေ့မှာ ဟင်းလင်းပြင် လျှောက်လမ်းတစ်ခု ပေါ်လာခဲ့၏။

လုမင်လည်း ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

"မဟုတ်ဘူး... မဟုတ်ဘူး၊ ငါ့ကိုပါခေါ်သွား..."

ယင်းကိုမြင်တော့ ဝမ့်ရှောင်မှာ ဟင်းလင်းပြင်လျှောက်လမ်းဆီသို့ အရူးတပိုင်း ပျံသန်းသွားလိုက်သည်။ သို့သော်လည်း နောက်အခိုက်တွင် ဟင်းလင်းပြင်လျှောက်လမ်း ကွယ်ပျောက်သွား၏။ ဝမ့်ရှောင်၏ အရူးမီးဝိုင်း အော်ဟစ်လိုက်သံကြီးက ပဲ့တင်ထပ်ကာ ထွက်ပေါ်လာတော့သည်။

လုမင်က မိုင်ထောင်ချီ အကွာမှ ကောင်းကင်ယံ၌ ပေါ်လာခဲ့သည်။ သို့သော်၊ ပူဖောင်းလေးက ထိုနည်းအတိုင်း ထပ်မံလုပ်ဆောင်ပြီး နောက်ထပ် ဟင်းလင်းပြင်လျှောက်လမ်းကို ဖွင့်ခဲ့၏။

ပူဖောင်းလေး၏ လက်ရှိကျင့်ကြံခြင်းဖြင့် ယွမ်လုတိုက်ကြီးတွင် ဟင်းလင်းပြင်လျှောက်လမ်းကို အဝေးကြီး မဖောက်လုပ်နိုင်ပါ။ တစ်ကြိမ်လျှင် မိုင်ထောင်ချီသာ ဖွင့်နိုင်သည်။ သို့သော်လည်း ယင်းက လုံလောက်ခဲ့ပေသည်။

ဤသို့ဖြင့် အချိန်အနည်းငယ်ကြာပြီးနောက် အလင်းဖန်သားပြင်ကို လုမင် ပြန်မြင်လိုက်ရသည်။ သူ ချက်ချင်း ပြေးဝင်လိုက်တော့သည်။

...........

လုမင်နှင့် အခြားသူများဝင်ရောက်ရာ သင်္ချိုင်းအပြင်ဘက်မှာတော့ သင်းထောက်အချို့နှင့်အတူ အင်အားစုဆယ့်သုံးခုမှ ကျွမ်းကျင်သူများက တိတ်တဆိတ် စောင့်ဆိုင်းနေသည်။

သင်္ချိုင်းဂူကြီးကလည်း လေထဲတွင် ငြိမ်သက်စွာ လွင့်မျောနေ၏။

ရုတ်တရက်…

သင်္ချိုင်းနောက်ဘက်မှ ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

"ဂီး"

များမကြာမီတွင် လင်းယုန်ငှက်၏ သံရှည်ဆွဲ အော်သံကို ကြားလိုက်ရ၏။ ထိုနေရာက မတည်မငြိမ်ဖြစ်ပြီး တချို့နေရာများဆိုလျှင် အက်ကွဲလာတော့သည်။

"အဲဒါဘာလဲ။ လင်းယုန်ကြီးတစ်ကောင်လား"

တစ်ယောက်ယောက်က အော်လိုက်သည်။

ထိုနေရာမှ ဧရာမလင်းယုန်ကြီးတစ်ကောင် ကောင်းကင်သို့ ပျံသန်းသွားသည်ကို တွေ့လိုက်ရ၏။

"ဒါက တကယ့် လင်းယုန်မဟုတ်ဘူး၊ အဆောက်အဦတစ်ခုပဲ။ မဟုတ်မှလွဲ၊ အဲဒါက စန်းဧကရာဇ်ရဲ့ နန်းတော် ဖြစ်နိုင်မလား"

"စန်းဧကရာဇ်ရဲ့ နန်းတော်၊ စန်းဧကရာဇ် မသေသေးဘူးလား"

တစ်ယောက်တစ်ပေါက် ပြောဆိုသံများ ထွက်ပေါ်လာခဲ့သည်။

သူတော်စင်နယ်ပယ် အကျော်အမော် ဆယ့်သုံးပါး၏ မျက်လုံးအကြည့်များမှာလည်း မယုံနိုင်မှုတို့ ပြည့်နေတော့သည်။

အကယ်၍ စန်းဧကရာဇ် မသေဘဲ ပြန်လာခဲ့ပါက စန်းပြည်နယ်၏ တည်ရှိမှု အနေအထားမှာ ပြောင်းလဲသွားတော့မည် ဖြစ်သည်။

သို့သော်လည်း ဧရာမလင်းယုန်ကြီးက ကောင်းကင်ကို မဖြတ်ပျံခဲ့ပေ။ ထိုအစား ဟင်းလင်းပြင်ကို ဖြိုခွဲလိုက်သည်။ နောက်တော့ ဟင်းလင်းပြင် တွင်းနက်ထဲကို လုံးဝပျောက်ကွယ်သွားတော့သည်။

"စန်းဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေမှာ ဘာတွေဖြစ်ခဲ့တာလဲ"

သူတို့အားလုံး သံသယများ ပြည့်နေခဲ့ကြသည်။ သို့သော်လည်း ငြိမ်သက်စွာသာ စောင့်နိုင်ကြပေသည်။

"ဂျုန်း"

မကြာမီ၊ သင်္ချိုင်းဂူက ရုတ်တရက် ပွင့်သွားသည်။ အတွင်းမှ ပုံရိပ်များ အများအပြား ချက်ချင်း ထွက်ပေါ်လာတော့သည်။

...........

အလင်းဖန်သားပြင်ထဲသို့ ပြေးဝင်လိုက်သည်နှင့် လုမင်၏ ပတ်ဝန်းကျင်က ပြောင်းလဲသွားသည်။ နောက်အခိုက်တွင်၊ သူ့ရှေ့မှာ ပလက်ဖောင်းတစ်ခုရှိနေသည်ကို တွေ့လိုက်ရ၏။ ထိုနေရာတွင် လူများစွာ ရပ်နေပြီး သူ့ဘက်ကို လှမ်းကြည့်နေလေသည်။

"လုမင်"

"အစ်ကိုလု"

ပလက်ဖောင်းပေါ်တွင် ချိုးရင်ရင်၊ ချိုးဟောက်၊ ရွမ်ထျန်းနှင့် အခြားသူများလည်းရှိပြီး လုမင်ကိုမြင်တော့ ဝမ်းသာသွားကြသည်။

သူတို့အားလုံး စိတ်မအေးနိုင်ဘဲ ဤနေရာတွင် စောင့်နေကြကြောင်း ထင်ရှားပေသည်။

လုမင်လည်း ပြေးသွားကာ ခေါင်းညိတ်ပြလိုက်သည်။

"ဝုန်း၊ ဝုန်း"

လျှို့ဝှက်နယ်မြေမှ ပေါက်ကွဲသံများကိုတော့ ကြား‌နေရသေးသည်။

ဤနေရာမှ လျှို့ဝှက်နယ်မြေကို ကြည့်လိုက်ပါက အတွင်းထဲမှာ တောင်များ၊ မြစ်များနှင့် ဂြိုလ်တစ်ခုကို မြင်ရမည် ဖြစ်သည်။ သို့သော်လည်း ဤအခိုက်မှာတော့ တောင်များနှင့် မြစ်များ ပေါက်ကွဲပြီး ဂြိုလ်တစ်ခုလုံး အက်ကြောင်းများ ပြည့်နေတော့သည်။

နောက်ဆုံးတွင် ဂြိုလ်တစ်ခုလုံး ပေါက်ကွဲသွားပြီး ထိုဒေသက ကစဉ့်ကလျား အခြေအနေများဖြင့် ပြည့်သွားသည်။

လျှို့ဝှက်နယ်မြေတစ်ခုလုံး ပေါက်ကွဲပြီး ကစဉ့်ကလျားအဖြစ်သို့ ပြန်ပြောင်း၍ အဆုံးမဲ့ ဟင်းလင်းပြင်တွင် ပျောက်ကွယ်သွားခဲ့ရ‌ပေသည်။

အချိန်မီ မထွက်နိုင်ခဲ့သော ဝမ့်ရှောင်၏ ကံကြမ္မာကား...

"သွားကြရအောင်"

လုမင် ပြောလိုက်သည်။ လမ်းကြောင်းတစ်ခုကို ကျပန်းရွေးချယ်ပြီးနောက် အပြင်ဘက်ကို ပြေးထွက်ခဲ့ကြလေသည်။

မကြာမီ၊ အုတ်ဂူအတွင်းပိုင်းကို ပြန်လာပြီး အုတ်ဂူတံခါး ပွင့်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ တစ်ယောက်ပြီး တစ်ယောက် ပြေးထွက်လာကြ၏။

ဖန်သားပြင်မှ ပြေးထွက်လာသည်နှင့် တပြိုင်နက် လေထဲတွင် လှုပ်ရှားနေသူများကို တွေ့လိုက်ရသည်။ အသက်မသေခဲ့သူ အများစုကတော့ ပြန်ရောက်နေကြပြီ။

အပြင်ကို ရောက်လာပြီးသော လူများက ကိုယ့်အစုနှင့်ကို နေရာဆယ့်သုံးခုသို့ ခွဲထွက်သွားကြသည်။ လုမင်နှင့် အခြားသူများလည်း နဂါးနတ်ဘုရားတောင်ကြား၏ ဧရိယာဆီသို့ ပျံသန်းသွားကြသည်။

"စန်းဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေမှာ ဘာတွေဖြစ်ခဲ့တာလဲ။ ဘာကြောင့် လျှို့ဝှက်နယ်မြေ ပြိုကျတာလဲ"

အိုမင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ သူတော်စင်နယ်ပယ် အကျော်အမော်တစ်ဦးက မစောင့်နိုင်တော့ဘဲ မေးလိုက်ခြင်း ဖြစ်၏။

လူတော်တော်များများက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ စန်းဧကရာဇ်၏ လျှို့ဝှက်နယ်မြေ အဘယ်ကြောင့် ပြိုကျသည်ကို သူတို့ မသိခဲ့ပေ။

"ကျုပ်တို့ထဲမှာ နဂါးနတ်ဘုရားတောင်ကြားရဲ့ လုမင်တစ်ယောက်ပဲ စန်းဧကရာဇ်ရဲ့နန်းတော် အမြုတေထဲ ဝင်ရောက်နိုင်ခဲ့တာ။ သူဝင်သွားပြီး မကြာပါဘူး၊ အခုလိုတွေ ဖြစ်လာတော့တာပဲ။ ကျုပ်ကတော့ သူ စန်းဧကရာဇ်ရဲ့အမွေကို ရခဲ့ပြီလို့ ထင်တယ်"

ကောင်းကင်နတ်ဘုရားဂိုဏ်းဘက်တွင် ရှစ်ထျန်းက ပထမဆုံး ပြောလိုက်သည်။

"ဘာ၊ စန်းဧကရာဇ်ရဲ့ အမွေလား"

ထိုစကားကိုကြားတော့ သူတော်စင်များအပါအဝင် လူအတော်များများက နဂါးနတ်ဘုရားတောင်ကြားဘက်သို့ ချက်ချင်း လှမ်းကြည့်လိုက်၏။

စန်းဧကရာဇ်၏ အမွေက မည်မျှဆွဲဆောင်မှု ရှိသနည်း။

"လုမင်က ဘယ်သူလဲ"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ အကျော်အမော်တစ်ဦးက ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများကို ထုတ်လွှတ်လိုက်သည်။ ဤပုဂ္ဂိုလ်သည် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူတော်စင်နယ်ပယ် သိုင်းကဝိတစ်ဦး ဖြစ်၏။

"အဲဒါက သူပဲ"

ရှစ်ထျန်းက လုမင်ကို လက်ညှိုးထိုးပြလိုက်သည်။

ဤတစ်ခါတော့ အားလုံး၏ မျက်လုံးများက လုမင်ကို စိုက်ကြည့်လာတော့သည်။

"ဒါအမှန်ပဲလား"

အခြား အင်အားစုများမှ သူတော်စင်နယ်ပယ် ပုဂ္ဂိုလ်များကလည်း မေးမြန်းခဲ့သည်။

"ရှစ်ထျန်းပြောခဲ့တာတွေက မှန်တယ်ဆိုတာ ကျွန်တော် သက်သေပြနိုင်တယ်"

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ မော့ကျယ်ကလည်း ရှေ့ထွက်လာပြီး အေးစက်စက်ဖြင့် လုမင်ကို ကြည့်လိုက်၏။

"ကျွန်တော်လည်း သက်သေပြလို့ရတယ်။ စန်းဧကရာဇ်ရဲ့ နန်းတော် အမြုတေဆီ သူဝင်သွားတာကို မျက်လုံးနဲ့ တက်အပ်မြင်ခဲ့တာ"

အခြားဂိုဏ်းတစ်ခု၏ ပါရမီရှင် ခေါင်းဆောင်တစ်ဦးကလည်း ပြောလိုက်သည်။

"ဒါဆိုရင် စန်းဧကရာဇ်ရဲ့ အမွေကို လွှဲပေးလိုက်ပါ"

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ သူတော်စင်နယ်ပယ် ပုဂ္ဂိုလ်က လုမင်ကို စိုက်ကြည့်လိုက်သည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါများက လုမင်ဆီသို့ တိုးဝင်လာ၏။

"ဝုန်း"

ဤအခိုက်တွင် နဂါးဘုရားတောင်ကြားဘက်မှ အကြီးအကဲဟုန်က‌ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ တောင်ကြီးတစ်လုံးကဲ့သို့ အရှိန်အဝါများက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူတော်စင်နယ်ပယ် အကျော်အမော်၏ အရှိန်အဝါကို ပိတ်ဆို့လိုက်၏။

"ဘာလဲ၊ မင်းက သူ့ကို ကာကွယ်ချင်တာလား။ နဂါးနတ်ဘုရားတောင်ကြားက စန်းဧကရာဇ်ရဲ့အမွေကို ကိုယ်တစ်ဦးတည်း သိမ်းပိုက်ချင်လို့ ဘယ်ရပါ့မလဲ"

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ သူတော်စင်နယ်ပယ် အကျော်အမော်က အေးစက်စက် ပြောလိုက်သည်။

အခြားဂိုဏ်းများမှ သူတော်စင်များကလည်း အရှိန်အဝါများကို ထုတ်လွှတ်လာကြ၏။

"စန်းဧကရာဇ်ရဲ့ အမွေကို ကျုပ် မရခဲ့ဘူး"

ထိုအချိန်တွင် လုမင် ပြောလိုက်ပြီး သူ့အသံက ဧရိယာတစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။

"မင်း မရခဲ့ဘူးလား"

သူတော်စင်နယ်ပယ် အကျော်အမော်များ၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။

"မဖြစ်နိုင်ဘူး၊ ငါတို့ထဲက တော်တော်များများ မင်း စန်းဧကရာဇ်ရဲ့ နန်းတော် အမြုတေထဲ ဝင်သွားတယ်ဆိုတာ တွေ့လိုက်ရတာတောင် ငြင်းချင်သေးတာလား"

ရှစ်ထျန်း အော်ဟစ်လိုက်သည်။

"ဂိုဏ်းတူညီလေး လုမင်၊ စန်းဧကရာဇ်ရဲ့နန်းတော် အမြုတေထဲ ဝင်ခဲ့တာကို ကျွန်တော်လည်း သက်သေခံနိုင်ပါတယ်"

နဂါးနတ်ဘုရားတောင်ကြား၏ ဧရိယာမှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ဟဲယွိ ဖြစ်တော့သည်။

All Chapters