အခန်း ၁၄၅၀
Vol. 97 Ch. 1450
အပိုင်း ( 1450 ) နောက်ထပ် တောင်ကြားသခင်တစ်ဦး။
"ဒါ့အပြင် သူက စန်းဧကရာဇ်ရဲ့နန်းတော် အမြုတေထဲကို ဝင်နိုင်ခဲ့တဲ့ တစ်ဦးတည်းသော သူပဲ။ သူ့မှာ စန်းဧကရာဇ်ရဲ့ ရတနာတွေ ဒါမှမဟုတ် သူ့ရဲ့ အမွေအနှစ်တွေ ရခဲ့မယ်လို့ ကျွန်တော် သံသယဖြစ်မိတယ်"
ဟဲယွိက မီးလောင်ရာလေပင့် ဝင်လုပ်သည်။
"ဘာ၊ စန်းဧကရာဇ်ရဲ့ အမွေလား"
သူ့စကားများက လူအုပ်ကြားသို့ ဗုံးတစ်လုံး ကျရောက်လာသလို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။
လူတော်တော်များများက လုမင်ကို အံ့ဩတကြီးဖြင့် ကြည့်လိုက်ကြ၏။
ငွေနဂါးတောင်ကြားသခင်၏ မျက်လုံးများသည်ပင် အရောင်တဖိတ်ဖိတ် လင်းလက်နေတော့သည်။
သူတော်စင်ချိုးဖြတ်ခြင်းဆေးလုံးက အထွတ်အထိပ် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူများကိုသာ ဆွဲဆောင်ခဲ့သည်ဆိုလျှင် စန်းဧကရာဇ်၏ ရတနာများနှင့် အမွေအနှစ်များက ငွေနဂါးတောင်ကြားသခင်ကိုပင် ဆွဲဆောင်နိုင်မည် ဖြစ်သည်။
"စန်းဧကရာဇ်ရဲ့ အမွေအနှစ်ကို ငါမရရှိခဲ့ဘူးလို့ ပြောထားပြီးသားပဲ။ ဂိုဏ်းပေါင်းစုံက ကျွမ်းကျင်သူတွေရှေ့မှာလည်း ဒါကို ငါသက်သေပြပြီးပြီ။ အကြီးအကဲဟုန်က ငါ့စကားတွေကို သက်သေခံနိုင်တယ်"
လုမင် ပြောလိုက်သည်။
"မှန်ပါတယ်။ စန်းဧကရာဇ်ရဲ့ အမွေကို လုမင် မရခဲ့ဘူး"
အကြီးအကဲဟုန်က ဝင်ပြောလိုက်၏။
"စန်းဧကရာဇ်ရဲ့ အမွေအနှစ်က အရမ်းအရေးကြီးတယ်။ အရာအားလုံးကို စစ်ဆေးဖို့ လုမင်ကို အကုန် လွှဲပြောင်းပေးစေဖို့ အကြံပြုချင်တယ်။ နောက်ဆုံးအနေနဲ့ သူ့ဝိညာဉ်ကို ရှာဖွေရမယ်။ ဒါက ဘာတစ်ခုမှ မမှားဘူးဆိုတာ သေချာစေမဲ့ တစ်ခုတည်းသော နည်းလမ်းပဲ"
ရင်ဖုန်းက ရက်စက်ကြမ်းကြတ်သော မျက်လုံးများနှင့်ကြည့်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ဟားဟားဟားဟား"
ထိုအချိန်တွင် လုမင်က ရုတ်တရက် ဟားတိုက်ပြီး ရယ်မောလိုက်သည်။
"ငါ အမွေမရခဲ့ဘူးလို့ ပြောထားပြီးပြီ။ အကြီးအကဲဟုန်ကလည်း သက်သေခံခဲ့ပြီးပြီ။ နောက်ပြီး မဟာဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေထဲကို ဝင်တဲ့သူတွေက ကိုယ်ဆန္ဒရှိမှ လွှဲပြောင်းပေးနိုင်တယ်လို့ ပြောထားပြီးသားပဲ။ အခုတော့ ကိုယ့်ဘာသာရှာထားရတဲ့ ရတနာတွေ လွှဲပေးဖို့ အတင်းအကြပ် ခိုင်းစေနေတယ်။ ဒါက နဂါးနတ်ဘုရားတောင်ကြား သူတို့ရဲ့ တပည့်တွေကို ဆက်ဆံပုံလား။ ဒီလိုဆိုရင်တော့ စိတ်ပျက်စရာ ကောင်းလွန်းတယ်"
"အတင့်ရဲလိုက်တာ"
ငွေနဂါးတောင်ကြားသခင်က အေးစက်စက် အော်ဟစ်လိုက်၏။
"မင်းက အပြင်တပည့်တစ်ယောက်ပဲ၊ နဂါးနတ်ဘုရားတောင်ကြားအကြောင်း ဘယ်လိုပြောရဲတာလဲ။ အတင့်ရဲလိုက်တဲ့ကောင်လေး၊ ဖုန်းအာပြောတာ မှန်တယ်... မင်းရဲ့ဝိညာဉ်ကို သေချာအောင် ငါရှာဖွေရမယ်... “
ထိုစကားကို ပြောပြီးနောက် ငွေနဂါးတောင်ကြားသခင်က ရှေ့သို့လှမ်းကာ အရှိန်အဝါဖိအားဖြင့် လုမင်အား ဖိချလိုက်သည်။ လုမင်လည်း ဟင်းလင်းပြင်က အေးခဲသွားသလို သူ့ခန္ဓာကိုယ်ကို လုံးဝမလှုပ်နိုင်တော့ပေ။
"ရင်ကျန်း၊ မင်းကြည့်တော့ ဒီလောက် အသက်ကြီးနေပြီ။ နောက်ပြီး တောင်ကြားသခင်တစ်ယောက်ဖြစ်ပြီး အငယ်တစ်ယောက်ကို ဒီလိုပုံစံနဲ့ ဆက်ဆံတာ မရှက်ဘူးလား"
ထိုအချိန်တွင် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။
စကားသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက်တည်း၊ သူ့ခန္ဓာကိုယ်ကို ရုတ်တရက် ပြေလျော့သွားသလို လုမင် ခံစားလိုက်ရ၏။ ထို့နောက် သူ၏ လွတ်လပ်မှုကို ပြန်ရခဲ့ပေသည်။
လူများစွာတို့ တုန်လှုပ်သွားကြသည်။ ငွေနဂါးတောင်ကြားသခင်ကို ဤသို့ပြောဝံ့တာက မည်သူဖြစ်သနည်း။
ငွေနဂါးတောင်ကြားသခင်လည်း မျက်မှောင်ကြုတ်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ကောင်းကင်တွင် လူရိပ်နှစ်ခု ပေါ်လာခဲ့သည်။
တစ်ဦးက သူ့မျက်နှာမှာ နူးညံ့သိမ်မွေ့သော အပြုံးနှင့် အဘိုးကြီးတစ်ယောက် ဖြစ်သည်။ အဘိုးအို၏ နောက်တွင်မူ လူလတ်ပိုင်း အမျိုးသားတစ်ဦး ရှိ၏။
'အကြီးအကဲ လုံယွမ်ရှန်'
လုမင် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
အဘိုးအိုနောက်မှ လိုက်လာသူ လူလတ်ပိုင်းအရွယ် အမျိုးသားမှာ လုံယွမ်ရှန်မှတပါး အခြား မဟုတ်ပေ။
"တိမ်နဂါး တောင်ကြားသခင်ကို နှုတ်ခွန်းဆက်ပါတယ်"
ဤအဘိုးအိုကိုတွေ့သောအခါ လူအများက ဦးညွှတ်လိုက်ကြသည်။
'တိမ်နဂါးတောင်ကြားသခင်လား'
လုမင်၏ နှလုံးသားမှာ တုန်လှုပ်သွား၏။ နောက်ထပ် တောင်ကြားသခင်တစ်ဦး ရောက်လာပြန်ပြီ။
ငွေနဂါးတောင်ကြားသခင်က တိမ်နဂါးတောင်ကြားသခင်ကို စူးစိုက်ကြည့်ပြီး ပြောလိုက်သည်။
"ဘာလဲ၊ အခြားသူတွေရဲ့ အရေးကိစ္စမှာ ဝင်စွတ်ဖက်ချင်လို့လား"
"အခြားသူတွေရဲ့ အရေးကိစ္စကို ဝင်စွက်တယ်ဆိုတာက ဘာကိုဆိုလိုတာလဲ။ ဒီကလေးပြောတာ မှန်တယ်။ ငါတို့ နဂါးနတ်ဘုရားတောင်ကြာက တပည့်တွေကို ဘယ်လိုလုပ်ပြီး ဒီလိုပုံစံနဲ့ ဆက်ဆံနိုင်မှာလဲ။ ရလာတဲ့ ရတနာတွေကို လွှဲပြောင်းပေးချင်သည်ဖြစ်စေ၊ မလွှဲအပ်သည်ဖြစ်စေ သူ့အပေါ်မှာပဲ မူတည်တယ်။ ရှင်းရှင်းပြောရရင် ဒီကောင်လေး စန်းဧကရာဇ်ရဲ့အမွေကို မရခဲ့ဘူးဆိုတဲ့ အချက်ကို မပြောနဲ့ဦး၊ တကယ် ရခဲ့ရင်တောင် လွှဲပေးချင်သည်ဖြစ်စေ မလွှဲအပ်သည်ဖြစ်စေ သူ့အပေါ်မှာပဲ မူတည်တယ်။ ငါတို့ နဂါးနတ်ဘုရားတောင်ကြား လုပ်ရမှာက တပည့်တွေရဲ့ တိုးတက်မှုအတွက် သေချာစေဖို့ပဲ"
တိမ်နဂါးတောင်ကြားသခင်က အေးအေးလူလူ ပြောလိုက်သည်။
"သူ့ရဲ့ဝိညာဉ်ကို ငါအတင်းရှာမယ်ဆိုရင် ဘာဖြစ်မလဲ"
ငွေနဂါးတောင်ကြားသခင်က သွေးတိုးစမ်းသည့်သဘောဖြင့် မေးသည်။
"မင်းစမ်းကြည့်လို့ရတယ်"
တိမ်နဂါးတောင်ကြားသခင်၏ မျက်လုံးများက အရောင်လက်သွားပြီးနောက် သူ့ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါများ ထွက်လာပေါ်လာသည်။
ငွေနဂါးတောင်ကြားသခင်က တိမ်နဂါးတောင်ကြားသခင်ကို လေးနက်သောအမူအရာဖြင့် ကြည့်လိုက်၏။ ခဏအကြာတွင် သူက အကြီးအကဲဟုန်ကိုကြည့်ကာ မေးလိုက်သည်။
"အကြီးအကဲဟုန်၊ ဒီကောင်လေး စန်းဧကရာဇ်ရဲ့ အမွေကို မရရှိခဲ့တာ သေချာလား"
"စန်းဧကရာဇ် မသေသေးလို့ မရနိုင်ပါဘူး"
အကြီးအကဲဟုန်က တည်တည်ငြိမ်ငြိမ်ပင် ပြောသည်။
"ဘာ"
ငွေနဂါးတောင်ကြားသခင် တုန်လှုပ်သွား၏။
သူတင်မကဘဲ ရောက်လာကြသူအားလုံးလည်း ထိတ်လန့်သွားကြသည်။
စန်းဧကရာဇ် မသေသေးဘူး။
ဤစကားလုံးများက ထိတ်လန့်စရာကောင်းလွန်းပြီး အရာအားလုံးကို ရှင်းပြနိုင်ခဲ့သည်။
ခဏအကြာတွင် မြင်ကွင်းက တဖြည်းဖြည်း တိတ်ဆိတ်သွားလေသည်။
"ဆက်ရအောင်"
ငွေနဂါးတောင်ကြားသခင်လည်း သူ့အင်္ကျီလက်ကို ခါယမ်းပြီး ဘေးမှ ကုလားထိုင်တစ်ခုဆီ လှမ်းထိုင်လိုက်သည်။
"ဆက်ကြရအောင်ပါ"
တိမ်နဂါးတောင်ကြားသခင်လည်း ထိုင်လိုက်သည်။
"ကောင်လေး၊ မင်းနာမည် စာရင်းသွင်းပါ"
ဆံပင်ဖြူ အဖိုးအိုက လုမင်ကို ပြောလိုက်သည်။
လုမင်လည်း ခေါင်းညိတ်ပြပြီး စာရင်းသွင်းကာ စင်ပေါ်မှ ပြန်ဆင်းခဲ့တော့သည်။
နောက်တော့ တစ်ယောက်ပြီးတစ်ယောက် သူတို့၏ ရတနာများကို လွှဲပြောင်းပေးရန် တက်လာခဲ့ကြသည်။
ဤသို့ဖြင့် နှစ်ရက်နှင့် နှစ်ညတာ ကုန်လွန်သွားပြီးနောက်မှာတော့ ရတနာများ လွှဲအပ်ခြင်းကိစ္စ နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။
နောက်တစ်ခုကတော့ ဒုတိယအချက်ဖြစ်သော နဂါးတောင်ကြားခုနစ်ခုထဲမှ တစ်ခုကို ရွေးချယ်ရန် ဖြစ်သည်။
နဂါးတောင်ကြားတစ်ခုစီမှ အကြီးအကဲတစ်ဦးစီ ရောက်လာပြီး ရင်ပြင်ရှိ ကောင်တာတစ်ခုစီတွင် ထိုင်လိုက်ကြလေသည်။
"ဒီမှာရှိတဲ့ အကြီးအကဲတစ်ယောက်စီက နဂါးတောင်ကြားတွေကို ကိုယ်စားပြုတယ်။ မင်းတို့ ဆန္ဒရှိတဲ့ နဂါးတောင်ကြားရှေ့ကိုသွားပြီး စာရင်းသွင်းလိုက်ပါ"
အကြီးအကဲဟုန်က ကောင်တာ ခုနစ်ခုကို ညွှန်ပြလိုက်သည်။
ကောင်တာ ခုနစ်ခုတွင် မတူညီသော နဂါးတောင်ကြားကို ကိုယ်စားပြုသည့် သင်္ကေတတစ်ခုစီ ပါရှိသည်။
သို့ရာတွင် ငွေနဂါးတောင်ကြားနှင့် တိမ်နဂါးတောင်ကြားက ထူးခြား၏။
အခြားသော နဂါးတောင်ကြားများက သက်ဆိုင်ရာ အကြီးအကဲများကို စေလွှတ်သော်လည်း ထိုနဂါးတောင်ကြားနှစ်ခုမှ တောင်ကြားသခင်များကတော့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့ကြသည်။
"ရေခဲနဂါးတောင်ကြားကို ဝင်ချင်ပါတယ်"
လူငယ်တစ်ယောက်က ရှေ့သို့တိုးလာကာ ရေခဲနဂါးတောင်ကြားဆီသို့ လျှောက်သွားသည်။
"မင်းရဲ့ ဝိညာဉ်ခန္ဓာကို မြင်ပါရစေ"
ရေခဲနဂါးတောင်ကြားမှ လူကြီးက ပြောသည်။
ထိုလူငယ်ထံမှ အေးစက်သော ရောင်ဝါများ ထွက်ပေါ်လာပြီး နဂါးဟိန်းသံကို ကြားလိုက်ရ၏။
"ဟုတ်တယ်၊ အဲဒါက ရေခဲနဂါး တိုက်ခိုက်ရေးခန္ဓာပဲ။ မင်းဝင်လို့ရတယ်"
ရေခဲနဂါးတောင်ကြားမှ လူကြီးက ခေါင်းညိတ်ပြပြီး လူငယ်၏ အချက်အလက်ကို မှတ်တမ်းတင်လိုက်လေသည်။
"အကြီးအကဲ၊ ကျွန်တော်က ခရမ်းရောင်နဂါးတောင်ကြားကို ဝင်ချင်တာပါ"
"အနက်ရောင်နဂါး တောင်ကြားထဲကို ဝင်ချင်ပါတယ်"
လူငယ်များလည်း ရှေ့သို့တိုးလာကာ ပါဝင်လိုသော နဂါးတောင်ကြားကို ရွေးချယ်လိုက်ကြသည်။
ရင်ဖုန်းက ငွေနဂါးတောင်ကြားကို သဘာဝအတိုင်း ဝင်ရောက်ခဲ့၏။
ဟဲယွိကတော့ သွေးနဂါးတောင်ကြားသို့ ဝင်ရောက်ခဲ့ပေသည်။
"အကြီးအကဲ၊ ကျွန်တော် တိမ်နဂါးတောင်ကြားကို ဝင်ရောက်ချင်ပါတယ်"
လူငယ်တစ်ယောက်က တိမ်နဂါးတောင်ကြားသခင်ဆီသို့ လျှောက်သွားကာ လေးလေးစားစား ပြောလိုက်သည်။
မမျှော်လင့်ဘဲ တိမ်နဂါးတောင်ကြားသခင်က ခေါင်းကိုခါယမ်းလိုက်လေသည်။
"မင်းက တိမ်နဂါးတောင်ကြားနဲ့ မသင့်တော်ပါဘူး။ သွားချေဦးတော့"
"ဟင်"
လူအများ အံ့အားသင့်သွားကြသည်။ တိမ်နဂါးတောင်ကြားက သူတို့ကို လက်မခံပေ။
အခြားတောင်ကြားများဆိုလျှင် သူတို့၏ ဝိညာဉ်ခန္ဓာများက သင့်လျော်သရွေ့ လက်ခံမည် ဖြစ်သည်။
နောက်ဆုံးတွင်၊ ဤလူငယ်များက သူတို့၏အရည်အချင်းကို အစမ်းသပ်ခံနိုင်သော ပါရမီရှင်များ ဖြစ်၏။ သူတို့က နဂါးနတ်ဘုရားတောင်ကြားသို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီသော်လည်း တိမ်နဂါးတောင်ကြားသခင်က လက်မခံပေ။
"ဟားဟားဟား၊ မင်းတို့ မသိလို့ပါ။ တိမ်နဂါးတောင်ကြားက လူတစ်ရာကျော်ပဲရှိပြီး နဂါးတောင်ကြား ခုနစ်ခုထဲမှာ အအားနည်းဆုံးပဲ။ ဒါကြောင့် ပုံမှန်အားဖြင့်တော့ ဝင်ရောက်သူအရေအတွက်က အနည်းဆုံးဖြစ်တယ်။ နောက်ပြီး တိမ်နဂါးတောင်ကြားသခင်က လူလက်ခံတဲ့နေရာမှာ ထူးခြားတယ်။ သူက အများနဲ့အတူ၊ သူ့စိတ်နေစိတ်ထားကို အခြေခံပြီးတော့ဘဲ လူတွေကိုလက်ခံတာ”
ဒေသခံ တပည့်တစ်ဦးက ရှင်းပြလိုက်သည်။
"သူ့စိတ်နေစိတ်ထားပေါ် မူတည်ပြီး လက်ခံတာတဲ့လား"
လူတော်တော်များများက ဘာပြောရမည်မှန်း မသိကြတော့ပေ။
မျှော်လင့်ထားသည့်အတိုင်းပင်၊ နောက်ထပ် လူတချို့က တိမ်နဂါးတောင်ကြားသို့ ဝင်ရောက်လိုသော်လည်း အားလုံးမှာ တိမ်နဂါးတောင်ကြားသခင်၏ ငြင်းပယ်ခံခဲ့ရသည်။
"လုမင်၊ နင် ဘယ်နဂါးတောင်ကြားထဲ ဝင်ချင်လဲ"
ချိုးရင်ရင်က မေးသည်။
"မသိသေးဘူး"
လုမင် ခေါင်းယမ်းလိုက်သည်။ သူ တကယ်ကို မစဥ်းစားရသေးပါ။
သူ၏ ဝိညာဉ်ခန္ဓာက နဝမနဂါး တိုက်ခိုက်ရေးခန္ဧာ ဖြစ်သည်။ ပြောရလျှင် သူက မည်သည့်နဂါးတောင်ကြားသို့မဆို ဝင်နိုင်ပေသည်။
သူ၏ တာအိုနယ်မြေကလည်း ကစဉ့်ကလျားတာအိုနယ်မြေ ဖြစ်သည်။ မည့်သည့်နဂါးတောင်ကြားသို့ သူဝင်ခဲ့သည်ဖြစ်စေ ကိစ္စမရှိပါ။
သို့သော်လည်း ငွေနဂါးတောင်ကြားနှင့် သွေးနဂါးတောင်ကြားကိုတော့ ဖယ်ထုတ်ထားပြီးပြီ ဖြစ်သည်။ ဤနဂါးတောင်ကြားသို့ သူဝင်ရောက်မည် မဟုတ်ချေ။
ကျန်သော နဂါးတောင်ကြားငါးခုတွင် ဘာဖြစ်ဖြစ် အဆင်ပြေသည်။
"အဲဒါဆို ငါသွားပြီး စာရင်းသွင်းလိုက်ဦးမယ်။ ငါက ရေခဲနဂါးတောင်ကြားမှာ ပါဝင်ချင်တာ"
ချိုးရင်ရင်က ပြောလိုက်သည်။
"သွားပါ"
လုမင် ပြုံးလိုက်လေသည်။