← Chapters

အခန်း ၁၄၅၁

Vol. 97 Ch. 1451

အခန်း ၁၄၅၁

Vol. 97 Ch. 1451

အပိုင်း ( 1451 ) တပည့် လုမင်။

ချိုးရင်ရင်နှင့် ချိုးဟောက်တို့သည် တူညီသော ဝိညာဉ်ခန္ဓာများရှိကြပြီး ရေခဲနဂါးတောင်ကြားသို့ ဝင်ရောက်ခဲ့ကြသည်။

ရွမ်ညီအကို သုံးယောက်ကတော့ အနီရောင်နဂါးတောင်ကြားကို ဝင်ရောက်သွား၏။

လူငယ်အားလုံး နဂါးတောင်ကြားခုနစ်ခုသို့ အသီးသီး ရွေးချယ်ဝင်ရောက်ခဲ့ပေသည်။

ယခုတစ်ကြိမ်တွင် မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ခဲ့သူပေါင်း နှစ်သောင်းကျော် ရှိခဲ့သည်။ သို့သော်လည်း လူတစ်သောင်းနှစ်ထောင်သာ ထွက်လာခဲ့၏။ ၎င်းတို့ထဲမှ ထက်ဝက်ကျော်က မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေတွင် ထာဝရ နေခဲ့ရလေသည်။

ယခုအခါ ဤလူတစ်သောင်းနှစ်ထောင်က တိမ်နဂါးတောင်ကြားမှလွဲ၍ အခြားနဂါးတောင်ကြားခြောက်ခုစီသို့ လူတစ်ထောင်ကျော်စီ ဝင်ရောက်ခဲ့ကြသည်။ တိမ်နဂါးတောင်ကြားတစ်ခုတည်းသာ တစ်ဦးမှ မရှိသေးခြင်း ဖြစ်ချေသည်။

လူတော်တော်များများ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။ တိမ်နဂါးတောင်ကြားသည် အမှန်တကယ် ထူးဆန်း၏။

ဤနေရာကို တိမ်နဂါးတောင်ကြားသခင်ကိုယ်တိုင် လာရောက်ခဲ့သော်လည်း တပည့်တစ်ဦးမှ လက်မခံခဲ့ပေ။

ထိုအချိန်တွင် လုမင်က လှမ်းထွက်လာပြီး တိမ်နဂါးတောင်ကြား သခင်ဆီသို့ လျှောက်သွားသည်။

'ဒီကောင်က တိမ်နဂါးတောင်ကြားကို ပါဝင်ချင်နေတာပဲ'

ရင်ဖုန်း၏ မျက်လုံးများက အရောင်ပြောင်းသွားသည်။

အမှန်အတိုင်းပြောရလျှင် လုမင်ကို တိမ်နဂါးတောင်ကြားသို့ မ၀င်ရောက်စေလိုပါ။

နောက်ဆုံးတွင်၊ သူ့အဆင့်အတန်းအရ အခြား နဂါးတောင်ကြားခုနစ်ခုမှာ မိတ်ဆွေများ ရှိသည်။ လုမင်သာ သူတို့နှင့် ပူးပေါင်းလိုက်ပါက လုမင်ကိုသတ်ရန် နည်းလမ်းများစွာ ရှိ၏။

သို့ရာတွင် တိမ်နဂါးတောင်ကြားတွင် ပါဝင်လျှင်တော့ ပြဿနာပိုများပေလိမ့်မည်။

'တိမ်နဂါးတောင်ကြားသခင်က သူ့စိတ်ခံစားချက်ကို အခြေခံပြီး တပည့်တွေကို အမြဲလက်ခံတာ။ လုမင်ကို သူ့တပည့်အဖြစ် လက်မခံဖို့ပဲ ငါမျှော်လင့်တယ်'

ရင်ဖုန်း သူ့ဘာသာသူ တွေးလိုက်သည်။

ရင်ပြင်တဝိုက်တွင် လူအများစုက လုမင်ကို လှမ်းကြည့်ကြ၏။

သူတော်စင်ချိုးဖြတ်ခြင်း‌ ဆေးလုံးကဲ့သို့ ရတနာတစ်ခုကို ပိုင်ဆိုင်ထားသော လုမင်ဟာ သဘာဝအတိုင်း အာရုံစူးစိုက်မှု၏ ဗဟိုချက် ဖြစ်ခဲ့သည်။

"အကြီးအကဲ၊ ကျွန်တော်က လုမင်ပါ။ ကျွန်တော် တိမ်နဂါးတောင်ကြားထဲကို ဝင်ချင်ပါတယ်"

လုမင်က တိမ်နဂါးတောင်ကြားသခင်ရှေ့သို့ လျှောက်သွားပြီး ဦးညွတ်လိုက်သည်။

တိမ်နဂါးတောင်ကြားသို့ဝင်ရောက်ခြင်းမှာ လုမင်၏ နောက်ဆုံး ဆုံးဖြတ်ချက် ဖြစ်သည်။

ပထမအချက်အနေဖြင့် တိမ်နဂါးတောင်ကြား၏ဆောင်ပုဒ်မှာ လွတ်လပ်ခြင်း ဖြစ်သည်။ ယင်းကို လုမင် အတော် သဘောကျမိ၏။

လုံယွမ်ရှန်လည်း တိမ်နဂါးတောင်ကြားတွင် ရှိနေသည်။

လုံယွမ်ရှန်၏ စရိုက်က မဆိုးပေ။ လုမင်ဟာ လုံယွမ်ရှန်အပေါ်မှာတော့ အမြင်ကောင်းရှိသည်။

ထို့အပြင် လုံယွမ်ရှန်နှင့် တိမ်နဂါးတောင်ကြားသခင်က သူ့ကို ကူညီပေးခဲ့ဖူးသည်။ ထို့ကြောင့် နောက်ဆုံးတွင် တိမ်နဂါးတောင်ကြားသို့ ဝင်ရောက်ရန်သာ လုမင် ရွေးချယ်လိုက်တော့သည်။

တိမ်နဂါးတောင်ကြားသည် အားအနည်းဆုံးဖြစ်သည်ဟူသောအချက်ကိုမူ သူ လုံးဝ မစဉ်းစားခဲ့ပါ။

သူက လေ့ကျင့်ရန်အတွက် ယွမ်လုတိုက်ကြီးသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

လေ့ကျင့်ရန် တည်ငြိမ်သော ပတ်ဝန်းကျင်ရှိသရွေ့ သူ့အတွက် ဘာမျှမလိုပေ။

"မင်း တကယ်ပဲ တိမ်နဂါးတောင်ကြားကို ဝင်ချင်တာလား။ မင်း စဉ်းစားပြီးပြီလား။ “

တိမ်နဂါးတောင်ကြား၏ တောင်ကြားသခင်က ပြုံးလိုက်သည်။ သူက လုမင်ကို အခြားသူများကဲ့သို့ ချက်ချင်း မငြင်းခဲ့ပေ။

ယင်းက လူအများ၏ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။ တိမ်နဂါးတောင်ကြားသခင်က လုမင်ကို လက်ခံတော့မည်လော။

"ဂျူနီယာ စဉ်းစားပြီးပါပြီ"

လုမင် လေးလေးနက်နက် ပြောလိုက်သည်။

"ကောင်းပြီ၊ တိမ်နဂါးတောင်ကြားက ကြိုဆိုပါတယ်"

တိမ်နဂါးတောင်ကြားသခင်လည်း ပြုံးပြီး သဘောတူလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ"

လုမင်က တိမ်နဂါးတောင်ကြားသခင်ကို ဦးညွှတ်လိုက်သည်။

"ကလေး၊ မင်းနာမည်က လုမင် မဟုတ်လား။ ဒီအဘိုးကြီးကို မင်းရဲ့ဆရာအဖြစ်ခံယူပြီး ဒီအဘိုးကြီးရဲ့ နဝမမြောက် အစစ်အမှန်တပည့်ဖြစ်လာဖို့ ဆန္ဒရှိရဲ့လား"

တိမ်နဂါးတောင်ကြားသခင်က ထပ်မံပြောလိုက်သည်။

သူ့စကားကြောင့် အားလုံး တုန်လှုပ်သွား၏။

တိမ်နဂါးတောင်ကြားသခင်က လုမင်ကို အစစ်အမှန် တပည့်အဖြစ် လက်ခံဖို့ အစပြုခဲ့ပါသလော။

'ဒီကောင် တကယ်ကံကောင်းတာပဲ'

ရင်ဖုန်း အံကိုတင်းတင်းကြိတ်လိုက်သည်။

လုမင်သာ တိမ်နဂါးတောင်ကြားသခင်၏ အစစ်အမှန်တပည့် ဖြစ်လာပါက၊ လုမင်နှင့် ဆက်ဆံရာတွင် ပို၍ အခက်အခဲဖြစ်လိမ့်မည်။

တိမ်နဂါးတောင်ကြားသခင်က ကာကွယ်ပေးတတ်ခြင်းကြောင့် ကျော်ကြားသည်။ သူ့အစွမ်းသတ္တိမှာလည်း အလွန် ကြောက်စရာကောင်း၏။ သူ့အဖိုး ရေခဲနဂါး တောင်ကြားသခင်သည်ပင် တိမ်နဂါးတောင်ကြားသခင်ကို သတိထားရသည်။

တခြားလူငယ်များလည်း လုမင်ကို မနာလိုစိတ်နှင့် ကြည့်လိုက်ကြလေသည်။

တောင်ကြားသခင်တစ်ဦး၏ အစစ်အမှန်တပည့်အဖြစ် လက်ခံ ခံရခြင်းမှာ အဘယ်ဂုဏ်နှင့် အခွင့်အလမ်း ဖြစ်သနည်း။

တိမ်နဂါးတောင်ကြားက နဂါးတောင်ကြားခုနစ်ခုတွင် အားအနည်းဆုံးဖြစ်သော်လည်း သူက တောင်ကြားသခင်တစ်ဦး ဖြစ်နေ‌သေးသည်။ သူ၏ ကျင့်ကြံခြင်းမှာလည်း နားမလည်နိုင်လောက်အောင် ဖြစ်ခဲ့သည်။

လုမင်လည်း အံ့သြသွားသည်။ တိမ်နဂါးတောင်ကြားသခင်က သူ့ကို အစစ်အမှန်တပည့်အဖြစ် လက်ခံဖို့ မမျှော်လင့်ထားပေ။

"ကလေး၊ မင်းဘယ်လိုထင်လဲ။ မင်းဆန္ဒမရှိရင် ငါမင်းကိုအတင်းအကျပ်ခိုင်းမှာမဟုတ်ပါဘူး"

တိမ်နဂါးတောင်ကြားသခင်က ပြုံးလျက် ပြောလိုက်သည်။

"တပည့် လုမင်က ဆရာကို နှုတ်ခွန်းဆက်ပါတယ်"

ခဏတာ စဉ်းစားပြီးနောက် လုမင် ဦးညွှတ်လိုက်သည်။

သူဟာ ယွမ်လုတိုက်ကြီးကို အခုမှရောက်လာခြင်းဖြစ်၍ ကျောထောက်နောက်ခံ လိုအပ်သည်။ ယင်းက အနာဂတ် သူ၏ ကျင့်ကြံခြင်းအတွက်လည်း များစွာ အထောက်အကူ ဖြစ်လိမ့်မည်။

"ကောင်းတယ်၊ ဟားဟားဟား"

တိမ်နဂါးတောင်ကြားသခင်လည်း လုမင်က သဘောတူလိုက်သောကြောင့် အားပါးတရ ရယ်မောလိုက်သည်။

"ဒီကောင် ဘယ်လိုတောင်ကံကောင်းနေလဲ မသိဘူး။ တိမ်နဂါးတောင်ကြားသခင်က တပည့်အဖြစ် လက်ခံသွားပြီ"

"သူက လူရိုင်းကျွန်းက နိမ့်ပါးတဲ့ ပုရွက်ဆိတ်တစ်ကောင်ပဲလေ။ တိမ်နဂါးတောင်ကြားသခင် ဘာတွေတွေးနေလဲ မသိပါဘူး"

ဒေသခံလူငယ်အချို့လည်း မနာလိုစိတ်ကြောင့် မျက်လုံးများ နီရဲလာကာ တီးတိုး ပြောဆိုလိုက်ကြသည်။

"သူ့ရဲ့ အရည်အချင်းက မလုံလောက်ရင် ဆရာကောင်းတစ်ယောက် ရှိနေရင်တောင် အသုံးမဝင်ဘူး။ အနာဂတ်မှာ တခြားသူတွေရဲ့ ချနင်းခံရဦးမှာပဲ"

တစ်ယောက်ကလည်း လှောင်ပြောင်ပြောဆိုလိုက်၏။

အများစုက မနာလိုသလို မကျေမနပ်ဖြစ်ကြသော်လည်း တစ်ချို့ကတော့ လုမင်အတွက် ပျော်ရွှင်ခဲ့ကြပေသည်။

ချိုးရင်ရင်၊ ချိုးဟောက်နှင့် ရွမ်ညီနောင်တို့သုံးဦးကတော့ လုမင်အတွက် အမှန်တကယ် ပျော်ရွှင်ခဲ့ကြသည်။

"ကောင်းပြီ"

ထိုအချိန်တွင် တိမ်နဂါးတောင်ကြားသခင်က မတ်တပ်ထရပ်ပြီး လူအုပ်ကို တစ်ချက်ဝေ့ကြည့်ကာ ပြောလိုက်သည်။

"မဟာဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေထဲကို ဝင်ခဲ့ပြီးနောက် ငါ့တပည့်ဆီမှာ ရတနာတွေ ရှိကောင်းရှိနိုင်တယ်။ အဲဒါက သူ့အခွင့်အရေးပဲ။ ရွယ်တူ မျိုးဆက်သစ်တွေကြားက ပြိုင်ဆိုင်မှုကို ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ သက်ကြားအိုတွေ တစ်ခုခုလုပ်ဝံ့ရင်တော့ ငါ့ကို ဒေါသကြီးတယ်ဆိုပြီး အပြစ်မတင်ကြနဲ့"

တိမ်နဂါးတောင်ကြားသခင်က အမြဲတမ်း နူးညံ့သိမ်မွေ့သူ ဖြစ်သည်။ သို့သော်လည်း ဤအခိုက်တွင် သူ့ထံမှ အေးစက်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာ၏။ ရင်ပြင်တစ်ခုလုံးက ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များဖြင့် ပြည့်နှက်သွားသည်။ အထွတ်အထိပ် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူအချို့ဆိုလျှင် ရင်ဘတ်ပေါ်မှ တောင်ကြီးတစ်လုံးဖြင့် ဖိချထားသလို ခံစားရကာ ကောင်းစွာ အသက်မရှူနိုင်တော့ပေ။

'သူတော်စင်ချိုးဖြတ်ခြင်း ဆေးလုံးကို မေ့လိုက်ပါတော့'

လူများစွာတို့မှာ စိတ်ထဲမှ ခါးသက်သက်ဖြင့် ရယ်မောကြသည်။

ယခင်ကတော့ လုမင်၏ သူတော်စင်ချိုးဖြတ်ခြင်းဆေးလုံးကို မျက်စောင်းကျနေသူ အများအပြား ရှိခဲ့သည်။ သို့သော်လည်း တိမ်နဂါးတောင်ကြားသခင်ဟာ သူ့လူများကို အကာအကွယ်ပေးတတ်မှုကြောင့် ကျော်ကြားသည်။ ထို့အပြင် သူဟာ အလွန် အစွမ်းထက်၏။ ထို့ကြောင့် သူတော်စင်ချိုးဖြတ်ခြင်း ဆေးလုံးကို တပ်မက်သူများအားလုံး သူတို့၏ အတွေးများကို ရုတ်သိမ်းလိုက်ရန်သာ တတ်နိုင်တော့သည်။

သူတော်စင်ချိုးဖြတ်ခြင်းဆေလုံးနှင့်ယှဉ်လျှင် သူတို့ဘဝက ပိုအရေးကြီးသည်။

"ဟားဟားဟား၊ လုမင်... မဟုတ်သေးဘူး၊ နဝမမြောက် ဆရာတူညီလေး... ဂုဏ်ယူပါတယ်။ ငါတို့ အခုကစပြီး ညီအစ်ကိုတွေ ဖြစ်သွားပြီ"

လုံယွမ်ရှန်က အားပါးတရ ရယ်မောလိုက်သည်။

"မင်္ဂလာပါ အစ်ကိုကြီး"

လုမင်လည်း လုံယွမ်ရှန်ကို လက်ယှက်ပြီး ဦးညွတ်လိုက်လေသည်။

"ငါက ဆရာရဲ့ ဒုတိယတပည့်ပါ၊ မင်း ငါ့ကို ဒုတိယ ဆရာတူအစ်ကိုလို့ ခေါ်လို့ရတယ်"

လုံယွမ်ရှန်က ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

"ကောင်းပြီ၊ တိမ်နဂါးတောင်ကြားကို ပြန်ကြရအောင်"

ထိုစကားကို ပြောလိုက်ပြီးနောက် တိမ်နဂါးတောင်ကြားသခင်က လေထဲသို့ ခြေတစ်ချက်လှမ်းကာ ထွက်သွား၏။

တပည့်စုဆောင်းမှုက မပြီးသေးပါ။ သို့သော်လည်း တိမ်နဂါးတောင်ကြားသခင်က လုမင်ကို ၎င်း၏ အစစ်အမှန်တပည့်အဖြစ် လက်ခံပြီးနောက်တွင် နောက်ထပ် လက်မခံတော့ဘဲ ချက်ချင်း ထွက်ခွာသွားခဲ့သည်။

"နဝမမြောက် ဆရာတူညီလေး၊ တိမ်နဂါးတောင်ကြားကို သွားကြရအောင်"

လုံယွမ်ရှန်က ပြုံးပြီး ပြောလိုက်သည်။ ထို့နောက် လေထဲသို့ ခြေလှမ်းပြီး တိမ်နဂါး တောင်ကြားသခင်နောက်ကို လိုက်သွား၏။ လုမင်လည်း နောက်မှ အနီးကပ်လိုက်သွားတော့သည်။

ဤတစ်ကြိမ်တွင် သူတို့က အပြင်ဘက်ချိုင့်ဝှမ်းဆီသို့ မသွားဘဲ နက်နဲသောအရပ်မှ နှင်းတောင်ကြီးဆီသို့ ဦးတည်သွားကြသည်။

သူတို့ဟာ တဖွဲဖွဲကျဆင်းနေသော နှင်းများကြားမှ လျှောက်လှမ်းသွားကြ၏။ တစ်ချက်ကြည့်လိုက်ပါက ကြီးမားသော နှင်းတောင်ကြီးများ၏ အဆုံးကိုပင် မမြင်နိုင်ပေ။

'နဂါးနတ်ဘုရားတောင်ကြားမှာ ဆီးနှင်းတွေက တစ်နှစ်ပတ်လုံး အမြဲကျနေတာလေ။ တကယ်ကို အံ့သြစရာကောင်းတယ်။ ဒဏ္ဍာရီအရတော့ နှင်းတောင်ကြီးရဲ့ နက်နဲတဲ့အရပ်မှာ ကြောက်စရာကောင်းတဲ့ ရေခဲနဂါးကြီးတစ်ကောင် အိပ်စက်နေတယ်တဲ့။ အဲဒီ ကြောက်စရာကောင်းတဲ့ ရေခဲနဂါးကြီးက နဂါးနတ်ဘုရားတောင်ရဲ့ အစောင့်အရှောက်ပဲ'

ဒဏ္ဍာရီတစ်ခု သူ့စိတ်ထဲကိုရောက်လာတော့ လုမင်စိတ်ထဲမှာ လှုပ်ရှားသွားမိသည်။

လုမင်လည်း အောက်ဘက်မှ ကြီးမားသော နှင်းတောင်များကို ဖြတ်ကျော်ပျံသန်းသွားလေသည်။

ရုတ်တရက် သူတို့ရှေ့တွင် ကြီးမားသော ရေခဲတောင်ကြားတစ်ခု ပေါ်လာသည်။

ဤရေခဲတောင်ကြား၏ ပတ်ဝန်းကျင်အနေအထားမှာ အလွန်ထူးခြားသည်။ အထက်တွင် တိမ်တိုက်များ ရှိပြီး တိမ်များမှ နှင်းပွင့်များ ကျဆင်းနေ၏။ ယင်းက ရေခဲပြင်ချောက်ကြီး တစ်ခုလုံးကို နှင်းထူထပ်သော အံ့ဖွယ် နယ်မြေတစ်ခုကဲ့သို့ ဖြစ်နေစေခဲ့ပေသည်။

"ယွမ်ရှန်၊ မင်အာကို ဂူအိမ်တော်တစ်ခု ရွေးချယ်ရအောင် ခေါ်သွားလိုက်ပါ။ မင်အာက လျှို့ဝှက်နယ်မြေထဲကို ဝင်ထားရတော့ ပင်ပန်းနေမှာပေါ့။ အရင်ဆုံး အနားယူလိုက်ပါဦး"

တိမ်နဂါးတောင်ကြားသခင်က လုံယွမ်ရှန်ကို ပြောလိုက်သည်။ ထို့နောက်တော့ ရေခဲတောင်ကြား၏ နက်နဲရာဆီသို့ ပျံသန်းသွားကာ ပျောက်ကွယ်သွားတော့သည်။

All Chapters