အခန်း ၁၄၅၃
Vol. 97 Ch. 1453
အပိုင်း ( 1453 ) ပထမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်။
ဤသို့ဖြင့် နောက်ထပ် နှစ်ရက်ကြာသွားသည်။ လုမင်က ဒိုင်းလွှားနှင့် နတ်ဘုရားဝိညာဉ် ကာကွယ်ခြင်း ချပ်ဝတ်တန်ဆာ တို့ကို တစ်ခုပြီးတစ်ခု သန့်စင်ခဲ့၏။
ဒိုင်းက လုမင်၏ မျက်ခုံးနှစ်ခုကြားသို့ ပျံသန်းသွားပြီး အသိစိတ်ပင်လယ်အတွင်း၌ ပျောက်ကွယ်သွားခဲ့သည်။
နတ်ဘုရားဝိညာဉ်ကာကွယ်ရေး ချပ်ဝတ်တန်ဆာကတော့ သူ့ဒန်တျန်အတွင်းသို့ ဝင်ရောက်ပြီး နတ်ဘုရားဝိညာဉ်တစ်ခုလုံးကို လွှမ်းခြုံသွား၏။ နတ်ဘုရားဝိညာဉ်က ယခုအခါ ကျောက်စိမ်းချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပြီးပြီ။
ဤရတနာများကို သန့်စင်ပြီးနောက် လုမင်က သူ၏ ကျင့်ကြံခြင်းအခြေခံကို တိုးတက်စေရန် အုပ်ချုပ်သူ တာအိုနယ်မြေ သစ်သီးသုံးမျိုးအား ထုတ်ယူကာ သန့်စင်ရန် စီစဉ်ခဲ့သည်။
သာမန် သိုင်းအုပ်ချုပ်သူများအတွက် အုပ်ချုပ်သူတာအိုနယ်မြေသစ်သီးတစ်လုံးက ကျင့်ကြံခြင်းအခြေခံကို တိုးတက်စေရန် လုံလောက်သည်။
သို့သော်လည်း လုမင်ကတော့ ကစဉ့်ကလျားတာအိုနယ်မြေကို လေ့ကျင့်ထားသောကြောင့် ယုံကြည်မှု မရှိပါ။
သူက အုပ်ချုပ်သူတာအိုနယ်မြေ သစ်သီးတစ်လုံးကိုယူကာ ကိုက်စားလိုက်သည်။
အုပ်ချုပ်သူ တာအိုနယ်မြေသစ်သီးကို သန့်စင်ပြီး တစ်ရက်အကြာတွင်၊ လုမင် ခါးသက်သက်ဖြင့် ခေါင်းယမ်းပြီး ပြုံးလိုက်သည်။ အမှန်ပင်၊ အုပ်ချုပ်သူတာအိုနယ်မြေ သစ်သီးတစ်လုံးတည်းဖြင့် သူ၏ ကျင့်ကြံခြင်းကို တိုးတက်စေရန် မဖြစ်နိုင်ပါ။ သူ၏ ကျင့်ကြံခြင်းအခြေခံက သိုင်းအုပ်ချုပ်သူနယ်ပယ် ပထမအဆင့်တွင် ရှိနေဆဲ ဖြစ်သည်။
ယင်းနောက် လုမင်လည်း နောက်ထပ် အုပ်ချုပ်သူ တာအိုနယ်မြေသစ်သီးကို ထုတ်ယူကာ စတင်သန့်စင်လိုက်လေသည်။
မျက်စိတစ်မှိတ်အတွင်း နှစ်ရက်ကြာသွားသည်။ အုပ်ချုပ်သူ တာအိုနယ်မြေသစ်သီး သုံးလုံးစလုံးကိုလည်း သန့်စင်ပြီးသွား၏။ သို့သော်လည်း ယင်းက သူ၏ ကျင့်ကြံခြင်းကို ပထမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သို့သာ ရောက်ရှိသွားစေခဲ့သည်။ သူ့ခမျာ ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ပင် မချိုးဖျက်နိုင်ခဲ့ပေ။
"ကစဉ့်ကလျားတာအိုနယ်မြေက တိုးတက်ဖို့ အမှန်တကယ် ခက်ခဲတာပဲ။ အုပ်ချုပ်သူ တာအိုနယ်မြေ သစ်သီးသုံးလုံးက ငါ့ကို ပထမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ပထမအဆင့်ရဲ့ အထွတ်အထိပ်ကိုပဲ ရောက်စေနိုင်ခဲ့တယ်"
လုမင် ခါးသက်သက်ဖြင့် ပြုံးလိုက်သည်။
သို့သော်လည်း ပထမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သို့ ရောက်သွားခြင်းက မဆိုးပါ။ အခွင့်အရေးတစ်ခု ရရှိသည်နှင့် တပြိုင်နက်၊ ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်နိုင်မည် ဖြစ်သည်။
'အခု ငါက သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ရောက်ပြီဆိုတော့ တာအိုနယ်မြေသိုင်းပညာကို လေ့ကျင့်ဖို့ အချိန်ကျပြီ'
လုမင် တွေးလိုက်သည်။
မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ပြီးမှ သူ တိုက်ခိုက်မှုများဟာ အလွန်ရိုးရှင်းကြောင်း သိခဲ့ရပေသည်။
အချိန်အများစုတွင်၊ သူက သူ့ပြိုင်ဘက်များကို ချေမှုန်းရန်အတွက် အတားအဆီးမဲ့သော ကောင်းကင်သိုင်းနှင့် ကစဉ့်ကလျားတာအိုနယ်မြေကို အားကိုးခဲ့သည်။
အတားအဆီးမဲ့သော ကောင်းကင်သိုင်းက ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်နှင့် ပေါင်းစပ်ထားကာ အလွန်အစွမ်းထက်သည်။ သိုင်းအုပ်ချုပ်သူနယ်ပယ်တွင် အလွန် ကြောက်စရာကောင်းသော စွမ်းအားကို ထုတ်လွှတ်ရန် လုံလောက်၏။
သို့သော်လည်း၊ အတားအဆီးမဲ့သော ကောင်းကင်သိုင်းတစ်ခုတည်းကို အသုံးပြုရန်မှာ ရိုးရှင်းလွန်းလှသည်။
ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်မှာလည်း စွမ်းအားကြီးမားသည့်တိုင် စွမ်းအင်စားသုံးမှု မြင့်မား၏။ ယင်းက ဝှက်ဖဲဖြစ်ပြီး အလိုရှိသလို အသုံးမပြုနိုင်ပေ။
ထို့ကြောင့် လုမင်ဟာ တိုက်ခိုက်ရေး တာအိုနယ်မြေသိုင်းပညာကို လေ့ကျင့်လိုခဲ့သည်။
ကိုယ်ဖော့သိုင်းနှင့် ပတ်သက်လျှင်တော့ လောလောဆယ် မလိုပါ။
ပထမဦးစွာ၊ လေဓာတ်စွမ်းအင်တာအိုသိုင်းက တာအိုသိုင်းပညာတစ်ခုမျှသာဖြစ်သော်လည်း အေးခဲလေပုလဲ၊ အနက်ရောင်တောင်ပံများတို့နှင့် တွဲဖက်လိုက်သော် သူ့အမြန်နှုန်းက အံ့မခန်း ဖြစ်နိုင်သည်။
ဒုတိယအနေဖြင့် နဝမနဂါးခြေလှမ်း ရှိသည်။ ၎င်းက တာအိုနယ်မြေသိုင်းပညာမဟုတ်သော်လည်း နဂါးနတ်ဘုရား တိုက်ခိုက်ရေးခန္ဓာနှင့် ပေါင်းစပ်လိုက်သောအခါ ၎င်း၏စွမ်းအားက တုန်လှုပ်စရာကောင်းနေဆဲပင်။
ထို့ကြောင့် ယခုအချိန်တွင် မည်သည့်ကိုယ်ဖော့သိုင်းကိုမျှ လေ့ကျင့်ရန်မလိုပါ။
အဓိက လိုအပ်သည်မှာ တိုက်ခိုက်ရေး ဖြစ်သည်။ ထို့အပြင် လုမင်က အုပ်ချုပ်သူဝိညာဉ်ရတနာ သို့မဟုတ် သူတော်စင်ရတနာတစ်ခု၏ စွမ်းအားကို ထုတ်လွှတ်နိုင်မည့် ကျင့်စဉ်တစ်ခုအား လေ့ကျင့်လိုသည်။
လုမင်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုသောအခါ၊ ယေဘူယျအားဖြင့် သူ၏ ခန္ဓာကိုယ်နှင့် တိုက်ခိုက်လေ့ရှိသည်။ သူ့တွင် အုပ်ချုပ်သူအဆင့် ဝိညာဉ်ရတနာ သို့မဟုတ် သူတော်စင်ရတနာရှိလျှင်ပင် အသုံးမဝင်ပေ။ ဥပမာအားဖြင့်၊ သူ၏ပြိုင်ဘက်က ဓားသမားဖြစ်ပြီး သူတော်စင်ရတနာဓားကို ကိုင်ဆောင်ကာ သူနှင့်တိုက်ခိုက်ပါက၊ လက်နက်မဲ့သော သူ့ဘက်မှာ အားနည်းချက်များ ရှိနေတော့မည် မဟုတ်လား။
"ဘယ်လို တာအိုသိုင်းပညာကို ငါ လေ့ကျင့်ရပါ့မလဲ"
လုမင် တွေးတောလိုက်သည်။
နဝမနဂါး၏ မှတ်ဉာဏ်အပိုင်းအစများတွင် တာအိုနယ်မြေ သိုင်းပညာများစွာ ပါရှိသည်။
ကစဉ့်ကလျားတာအိုနယ်မြေကလည်း တုပ၍မရအောင် အလွန်ထူးခြားသော တာအိုနယ်မြေအချို့မှလွဲ၍ အခြားသော တာအိုနယ်မြေအားလုံးသို့ ပြောင်းလဲနိုင်စွမ်း ရှိ၏။ ဥပမာအားဖြင့် လှံတာအိုနယ်မြေ၊ ဓားတာအိုနယ်မြေ...
ထို့ကြောင့် လုမင်ဟာ ဤတာအိုနယ်မြေ သိုင်းပညာအားလုံးကို လေ့ကျင့်၍ရသည်။
"အစွန်းရောက်လှံ ဆယ့်သုံးချက်"
ခဏအကြာတွင် တာအိုနယ်မြေ သိုင်းပညာတစ်ခုကို လုမင် ရွေးချယ်ပြီးသွားသည်။
အစွန်းရောက်လှံ ဆယ့်သုံးချက်က လှံသိုင်းတစ်ခု ဖြစ်၏။
လုမင်၏ ကျင့်ကြံခြင်းအခြေခံ နိမ့်ကျစဉ်က သူဟာ လှံကို အမြဲအသုံးပြုခဲ့သည်။ ထို့ကြောင့် သူ့တွင် လှံများနှင့် ပတ်သက်မှုတစ်ခု ရှိသေးသည်။
သို့သော်လည်း နောက်ပိုင်း သူ၏ ကျင့်ကြံခြင်းအခြေခံ မြင့်မားလာသောအခါ သင့်လျော်သော လှံသိုင်းပညာကို မရရှိတော့ပေ။ ထို့အပြင် အတားအဆီးမဲ့သော ကောင်းကင်သိုင်းက အလွန်အစွမ်းထက်သောကြောင့် လုမင်ဟာ လှံသိုင်းပညာကို တဖြည်းဖြည်း ရပ်တန့်ခဲ့သည်။
ထို့အပြင်၊ အစွန်းရောက်လှံ ဆယ့်သုံးချက်၏ တိုက်ခိုက်မှု စွမ်းအားက လုမင်ကို လွန်စွာ ကျေနပ်အားရစေသည်။
အစွန်းရောက်လှံ ဆယ့်သုံးချက်သည် လှံတာအိုနယ်မြေကို အခြေခံအဖြစ် အသုံးပြုသည်။ ထို့နောက် လှံကိုအသုံးပြု၍ အဆက်မပြတ် တိုက်ခတ်နေသော မုန်တိုင်းအဖြစ် ထုတ်ဖော်နိုင်စွမ်း ရှိ၏။
ယင်းကို အမြင့်ဆုံးအဆင့်အထိ လေ့ကျင့်လိုက်ပါက လှံချက် ဆယ့်သုံးချက်ဆင့်၍ အဆက်မပြတ် ပေါက်ကွဲနိုင်သည်။ ယင်း၏ အဖျက်စွမ်းအားကလည်း အံ့မခန်း ဖြစ်လိမ့်မည်။
"ဝှစ်"
နောက်အခိုက်အတန့်တွင် လုမင်၏လက်ထဲမှာ လှံတစ်ချောင်း ပေါ်လာသည်။
အနန္တနဂါးလှံ။
"ဝမ်"
အနန္တ နဂါးလှံက တုန်ခါသွားပြီး ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၏။
လုမင် ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။
"မဟုတ်သေးဘူး၊ အနန္တနဂါးလှံရဲ့ အဆင့်က မလုံလောက်ဘူး"
ဒုတိယခန္ဓာသည် ယခင်က အနန္တနဂါးလှံကို သန့်စင်ထားပြီး အဆင့်ကိုး ဝိညာဉ်ရတနာအဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း၊ လုမင်၏ လက်ရှိအဆင့်မှာတော့ အဆင့်ကိုး ဝိညာဉ်ရတနာမှာ သိပ်ပြီး အသုံးမဝင်တော့ပါ။ ယင်းအစား၊ စွမ်းအားကို မထိန်းနိုင်သောကြောင့် ဝိညာဉ်လက်နက်ပင်လျှင် ပျက်စီးသွားရမည် ဖြစ်သည်။
"ဒုတိယခန္ဓာ ပြန်ကောင်းလာမဲ့အချိန်ကိုပဲ စောင့်တာပေါ့လေ။ ပြီးမှ အနန္တနဂါးလှံကို အဆင့်မြှင့်တင်ရမယ်"
လုမင်လည်း အနန္တနဂါးလှံကို ပြန်လည်သိမ်းဆည်းလိုက်လေသည်။ ထို့နောက် လုမင်၏လက်ထဲတွင် နောက်ထပ်လှံတစ်ချောင်းပေါ်လာသည်။
ဤလှံမှာ မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေတွင် လုမင် ရရှိခဲ့သော အုပ်ချုပ်သူ ဝိညာဉ်လက်နက် ဖြစ်သည်။
"ဝမ်"
လှံက တုန်ခါသွားပြီး ခပ်တိုးတိုး အသံတစ်ခု ထွက်ပေါ်လာ၏။ လုမင်လည်း အတော်ကျေနပ်သွားလေသည်။
'အခွင့်အရေးရရင် သူတော်စင်ရတနာ လှံတစ်ချောင်းနဲ့ သူတော်စင်ရတနာ လက်အိတ်တစ်စုံကို ငါ ရှာရလိမ့်မယ်'
လုမင် တွေးလိုက်သည်။
သူတော်စင်ရတနာ လက်အိတ်တစ်စုံဖြင့်၊ အတားအဆီးမဲ့သောကောင်းကင်သိုင်းကို အသုံးပြုသောအခါ အားနည်းချက်ရှိတော့မည် မဟုတ်ပါ။
လုမင်လည်း အစွန်းရောက်လှံ ဆယ့်သုံးချက်ကို ဂရုတစိုက် နားလည်ဆင်ခြင်လိုက်သည်။
သို့သော်လည်း မကြာမီတွင်၊ လုံယွမ်ရှန်ထံမှ မက်ဆေ့ချ်တစ်ဆောင် ရောက်လာသည်။ လုံယွမ်ရှန်က လုမင်ကို လာရှာခြင်း ဖြစ်၏။
လုမင်က ဂူတံခါးကိုဖွင့်လိုက်သောအခါ လုံယွမ်ရှန် အပြင်ဘက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
"နဝမမြောက်ညီလေး၊ ဆရာ မင်းကို ခေါ်နေတယ်"
လုံယွမ်ရှန်က ပြောသည်။
လုမင် ခေါင်းညိတ်လိုက်၏။ သူ လေ့ကျင့်နေသည်မှာ ခုနစ်ရက်ကြာသွားပြီ ဖြစ်သည်။ တိမ်နဂါးတောင်ကြားသခင်လည်း သူ့ကိုရှာရန် အချိန်တန်ပြီ။
လုမင်လည်း လုံယွမ်ရှန်နှင့်အတူ တိမ်တိုက်နဂါးတောင်ကြားအတွင်းပိုင်းသို့ လိုက်ပါသွားခဲ့သည်။
မကြာမီ၊ တိမ်နဂါးတောင်ကြား၏ အဆုံးကို ရောက်သွားသည်။ ဤနေရာတွင် ဂူတစ်လုံးသာ ရှိ၏။ ဂူထဲသို့ ဝင်လာပြီးနောက် ရေခဲစင်မြင့်တစ်ခုပေါ်တွင် ထိုင်နေသော တိမ်နဂါးတောင်ကြားသခင်ကို တွေ့လိုက်ရလေသည်။
"ဆရာ၊ နဝမမြောက်ညီလေး ရောက်လာပါပြီ။ ကျွန်တော် သွားပါဦးမယ်"
လုံယွမ်ရှန်က ဦးညွတ်ပြီး နေရာမှ ပြန်ထွက်သွားခဲ့သည်။
"တပည့် လုမင်က ဆရာကို နှုတ်ခွန်းဆက်ပါတယ်"
လုမင်က တိမ်နဂါးတောင်ကြားသခင်ကို ဦးညွှတ်လိုက်သည်။
"အိမ်း"
တိမ်နဂါးတောင်ကြားသခင်က ပြုံးပြီး ခေါင်းညိတ်လိုက်၏။ သူက လုမင်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
"မဆိုးဘူး၊ မင်းရဲ့ ကျင့်ကြံခြင်းက ပထမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီပဲ။ မင်းရဲ့ အခြေခံအုတ်မြစ်ကလည်း ခိုင်မာတယ်။ မကြာခင် ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူ နယ်ပယ်ကို ဖြတ်ကျော်နိုင်လိမ့်မယ်"
လုမင်က ဘာမျှပြန်မပြောဘဲ ငြိမ်သက်စွာ နားထောင်နေလေသည်။
"မင်အာ၊ မင်းရဲ့ တာအိုနယ်မြေကို ပြပါဦး။ ငါကြည့်ပါရစေ"
တိမ်နဂါးတောင်ကြားသခင်က ပြောလိုက်သည်။
လုမင်လည်း ခေါင်းညိတ်ပြီး ကစဉ့်ကလျားတာအိုနယ်မြေကို ချက်ချင်း ထုတ်ဖော်လိုက်၏။
ကစဉ့်ကလျားတာအိုနယ်မြေက ဖုံးကွယ်ထားစရာ မလိုပါ။ အစွမ်းထက် ရန်သူများနှင့် ရင်ဆိုင်ရတိုင်း ယင်းကို သူထုတ်ဖော်လေ့ရှိသည်။ ထို့ကြောင့် ဗဟုသုတကြွယ်ဝသူနှင့် တွေ့ရပါက ချက်ချင်း သိရှိပေလိမ့်မည်။
မျှော်လင့်ထားသည့်အတိုင်း၊ ရှေးဦးကစဉ့်ကလျားတာအိုနယ်မြေကို ထုတ်လွှတ်လိုက်သည်နှင့် တိမ်နဂါးတောင်ကြားသခင်၏ မျက်လုံးများက ပြူးကျယ်သွားကာ တအံ့တဩ ရေရွတ်လိုက်သည်။
"ရှေးဦးကစဉ့်ကလျား တာအိုနယ်မြေ"
တိမ်နဂါးတောင်ကြားသခင် အလွန်တုန်လှုပ်သွားကြောင်း သိသာထင်ရှားလှပေသည်။
ခဏအကြာမှ တိမ်နဂါးတောင်ကြားခင် ငြိမ်သက်သွားပြီး မျက်မှောင်ကြုတ်ကာ ဆင်ခြင်စပြုလာခဲ့သည်။
အတန်ကြာတော့ တိမ်နဂါးတောင်ကြားသခင်က ခေါင်းကိုအနည်းငယ်ခါယမ်းလိုက်လေသည်။
"မင်အာ၊ ဆရာကိုယ်တိုင် မင်းရဲ့ ပါရမီကို ဒီလောက်မြင့်မားမယ်လို့ ငါ မမျှော်လင့်ထားဘူး။ မင်းက ကစဉ့်ကလျားတာအိုနယ်မြေကိုတောင် အမှန်တကယ် အောင်မြင်ထားတာပဲ"
"ကစဉ့်ကလျားတာအိုနယ်မြေက ဒဏ္ဍာရီမှာပဲရှိတာ၊ ဆရာ့ရဲ့ဘဝမှာ ကစဉ့်ကလျားတာအိုနယ်မြေကို အောင်မြင်ထားတဲ့ လူတစ်ယောက်ကို ပထမဆုံး တွေ့ဖူးတာပဲ။ ဒါကြောင့် ဆရာကိုယ်တိုင် မင်းကို သင်ပေးစရာဘာမှမရှိမှာကို ကြောက်ရတယ်"