← Chapters

အခန်း ၁၄၅၆

Vol. 98 Ch. 1456

အခန်း ၁၄၅၆

Vol. 98 Ch. 1456

အပိုင်း ( 1456 ) ဝိညာဉ်ခန္ဓာ ဆင့်ကဲ ပြောင်းလဲခြင်း။

'အဲဒါကိုပြန်ပြီး သန့်စင်လိုက်ရင်... ဒီနဂါးအရိုးနဲ့ ငါ့ရဲ့ နဂါးနတ်ဘုရားတိုက်ခိုက်ရေးခန္ဓာက ဘယ်အဆင့်ထိ ရောက်နိုင်မလဲ မသိဘူး'

လုမင်၏ နှလုံးသားက ပူလောင်သွားမိသည်။ နဂါးအရိုးကို သိမ်းလိုက်ပြီးနောက် အချိန်မဆိုင်းတော့ဘဲ တိမ်နဂါးတောင်ကြားကို ပြန်လာတော့သည်။

ဂူအိမ်တော်ထဲသို့ ပြန်ရောက်သောအခါ၊ လုမင်က ညဝိညာဉ်အရည်များကို ရှေးဟောင်း ဉာဏ်အလင်းသစ်ပင်ပေါ်သို့ ပထမဆုံး သွန်းလောင်းပေးလိုက်သည်။ ထို့နောက် တင်ပျဉ်ခွေထိုင်ရင်း အတွေးတစ်ခုဖြင့် လုမင် အရှေ့တွင် နဂါးအရိုး ပေါ်လာခဲ့၏။

"ဂါး"

နဂါးအရိုးက ကြည်လင်ပြီး အားကောင်းသော အနှစ်သာရများ ထုတ်လွှတ်နေကော နဂါးဟိန််းသံများပင် အဆက်မပြတ် ကြားနေခဲ့ရပေသည်။

"ကောင်းတယ်"

လုမင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။ သူ့ခန္ဓာကိုယ်မှ အားကောင်းသော ဝါးမျိုခြင်းစွမ်းအားများ ထွက်ပေါ်လာပြီး နဂါးအရိုးကို ဖုံးအုပ်လိုက်၏။ ချက်ချင်းဆိုသလိုပင်၊ ကြွယ်ဝသော အနှစ်သာရက နဂါးငယ်သေးသေးလေးများကဲ့သို့ ပျံသန်းလာပြီး လုမင်၏ ခန္ဓာကိုယ်ထဲကို စိမ့်ဝင်ပျံ့နှံ့သွားတော့သည်။

လုမင်လည်း အစစ်အမှန်နဂါး တိုက်ခိုက်ရေးကျင့်စဉ်နှင့် နဂါးနတ်ဘုရား တိုက်ခိုက်ရေးခန္ဓာတို့ကို အသုံးပြုလိုက်သည်။ သူက အနှစ်သာရစွမ်းအင်များကို စုပ်ယူပြီး သူ၏ ဝိညာဉ်ခန္ဓာကို သန့်စင်လိုက်လေသည်။

ဤသို့ဖြင့် အချိန်များက တစ်နေ့ပြီးတစ်နေ့ ကုန်လွန်သွားခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ နဂါးအရိုး၏ အရွယ်အစားက တဖြည်းဖြည်း သေးငယ်လာသည်။ ၎င်းပေါ်ရှိ အလင်းများကလည်း တဖြည်းဖြည်း မှိန်သွားခဲ့၏။ လုမင်၏ ခန္ဓာကိုယ်မှာတော့ နဂါးဟိန်းသံများနှင့် မြင့်မြတ်သော ရောင်ခြည်အလွှာတစ်ခု ထွက်လာတော့သည်။

လုမင်၏ ဝိညာဉ်ခန္ဓာက အသွင်ပြောင်းနေပြီ ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း လဝက်ကြာသွားပြီ။

"ခွမ်း"

နဂါးအရိုးပေါ်၌ အက်ကွဲကြောင်းများပေါ်လာပြီး၊ နောက်ဆုံးတွင် ပေါက်ကွဲသံနှင့်အတူ အမှုန့်ဖြစ်သွားသည်။ နဂါးအရိုးတွင် ဝိညာဉ်အနှစ်သာရ မရှိတော့သဖြင့် ဆက်လက် မထိန်းသိမ်းနိုင်တော့ပေ။

ထိုအချိန်တွင် လုမင်၏ ခန္ဓာကိုယ်မှ ကျယ်လောင်သော နဂါးဟိန်းသံကို ကြားလိုက်ရသည်။ နဝမနဂါးအရိပ်က လုမင်၏ ခန္ဓာကိုယ်ပေါ်တွင်ပေါ်လာပြီး လုမင်ခန္ဓာကိုယ်ကို ဝိုင်းရံလိုက်၏။ ခဏအကြာမှ ၎င်းက လုမင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားတော့သည်။

လုမင်၏ ခန္ဓာကိုယ်အနှံ့ရှိ ကြွက်သားများက လှုပ်ရှားပြီး အရိုးအဆစ်ချိုးသလို အသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ ခဏအကြာမှ အရာအားလုံး တိတ်ဆိတ်သွားလေသည်။

"ဟူး"

ထိုအချိန်တွင် လုမင် အသက်ပြင်းပြင်းရှူပြီး မျက်လုံးဖွင့်လိုက်သည်။

'အလယ်အလတ်တန်းစား မြေကမ္ဘာဝိညာဉ်ခန္ဓာ'

သူ့ခန္ဓာကိုယ်အတွင်းမှ အားကောင်းသော စွမ်းအင်များကိုခံစားရင်း လုမင်၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

လုမင်၏ ဝိညာဉ်ခန္ဓာက ဆင့်ကဲပြောင်းလဲမှု ပြီးမြောက်ကာ အလယ်လတ်တန်းစား မြေကမ္ဘာဝိညာဉ်ခန္ဓာအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ဤသည်မှာ မြေကမ္ဘာ အဆင့်နိမ့် ဝိညာဉ်ခန္ဓာမှ အလယ်အလတ်အဆင့် မြေကမ္ဘာဝိညာဉ်ခန္ဓာအဖြစ်သို့ အသွင်ပြောင်းသွားခြင်း ဖြစ်၏။

ဤအကြောင်းကို အခြားသူများသိပါက ရုတ်ရုတ်သဲသဲ ဖြစ်သွားပေမည်။

ဝိညာဉ်ခန္ဓာ၏ အနှစ်သာရက တိုးတက်ရန် အလွန်ခက်ခဲသည်။

သာမန်သိုင်းအုပ်ချုပ်သူများက သူတို့၏ ဝိညာဉ်ခန္ဓာများကိုလည်း သန့်စင်ခဲ့ကြသည်။ သူတို့၏ ကျင့်ကြံခြင်းအခြေခံ တိုးတက်လာသည်နှင့်အမျှ ဝိညာဉ်ခန္ဓာများကလည်း အားကောင်းလာလိမ့်မည်။

သို့သော်လည်း ဤကဲ့သို့ တိုးတက်လာခြင်းက အရေအတွက် တိုးခြင်းမျှသာ ဖြစ်သည်။

ဥပမာအားဖြင့်၊ အဆင့်နိမ့် မြေကမ္ဘာဝိညာဉ်ခန္ဓာရှိသော ကျင့်ကြံသူတစ်ဦးဖြစ်လျှင် သူ၏ကျင့်ကြံခြင်းအခြေခံ မြင့်မားလာသည်နှင့်အမျှ ဝိညာဉ်ခန္ဓာကလည်း ပို၍ အားကောင်းလာလိမ့်မည်။ သို့သော်၊ ယင်းက မြေကမ္ဘာအဆင့်နိမ့် ဝိညာဉ်ခန္ဓာအဖြစ်သာ ရှိနေမြဲ ဖြစ်သည်။ ဤအရာက အနှစ်သာရဖြစ်ပြီး တိုးတက်မည် မဟုတ်ပေ။

အဆင့်နိမ့် မြေကမ္ဘာဝိညာဉ်ခန္ဓာမှ အလယ်အလတ်တန်းစား မြေကမ္ဘာဝိညာဉ်ခန္ဓာကိုယ်သို့ မြှင့်တင်ခြင်းကတော့ အရည်အသွေးပိုင်းဆိုင်ရာတိုးတက်မှုတစ်ခု ဖြစ်တော့သည်။

လုမင်ကတော့ အနှစ်သာရ တိုးတက်မှုကို ပြီးမြောက်စေခဲ့သည်။ ဝိညာဉ်ခန္ဓာ၏ အနှစ်သာရအဆင့်က မြင့်လေ၊ ပို၍ အားကောင်းလေလေပင်။ ထို့အပြင်၊ လူတစ်ဦး၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့် ဝိညာဉ်ခန္ဓာ၏ အရည်အသွေးကလည်း ကြီးမားလာလိမ့်မည်။

ဝိညာဉ်ခန္ဓာတစ်ခု၏ ပင်ကိုယ်အရည်အသွေးကို မြှင့်တင်ရန် အလွန့်အလွန် ခက်ခဲသည်။

လူတစ်ဦး၏ ဝိညာဉ်ခန္ဓာကို မြှင့်တင်ရန် နည်းလမ်းများမှာ အလွန်နည်းပါး၏။

ယခင်က တိရိသည်ပင် ဝိညာဉ်တစ်သောင်း ကျင့်ကြံမှုနည်းလမ်းကို မတော်တဆ ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းက ဝိညာဉ်ခန္ဓာ၏ အနှစ်သာရကို မြှင့်တင်ပေးနိုင်သည့် နည်းလမ်းတစ်ခုဖြစ်သော်လည်း အလွန်ခက်ခဲ၏။ ၎င်းကို လေ့ကျင့်မှုအောင်မြင်နိုင်ရန် အစွမ်းထက် သွေးအနှစ်သာရနှင့် သွေးမျိုးဆက်အမျိုးပေါင်း တစ်သောင်း လိုအပ်သည်။

တိရီဟာ ဤအတွက် အနှစ်တစ်သောင်းခန့်ကြာအောင် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ အကယ်၍ အောင်မြင်သွားပါက အဆင့်နိမ့် မြေကမ္ဘာဝိညာဉ်ခန္ဓာအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။

ယွမ်လုတိုက်ကြီးမှာတော့ ဝိညာဉ်ခန္ဓာ အနှစ်သာရကို မြှင့်တင်ပေးနိုင်သည့် သဘာဝရတနာတချို့ရှိကြောင်း ဒဏ္ဍာရီများ ထွက်ပေါ်နေသည်။ သို့သော်လည်း မိုးနှင့်မြေ၏ သဘာဝရတနာများက အလွန်ရှားပါးကာ အဖိုးမဖြတ်နိုင်ပေ။

"ထည့်ဝင်မှတ်နှစ်သန်း အကုန်ကျခံခဲ့ရတဲ့ နဂါးအရိုးက မြေကမ္ဘာအဆင့်နိမ့်ဝိညာဉ်ခန္ဓာကနေ အလယ်လတ်တန်းစား မြေကမ္ဘာဝိညာဉ်ခန္ဓာအထိပဲ တိုးတက်စေနိုင်ခဲ့တယ်။ ဒီအတိုင်းဆိုရင် အနာဂတ်မှာ ငါ့ရဲ့ ဝိညာဉ်ခန္ဓာကို အဆင့်မြှင့်တင်ဖို့အတွက် အရင်းအမြစ် ဘယ်လောက်လိုအပ်မလဲဆိုတာ မသိနိုင်တော့ဘူး"

လုမင် သက်ပြင်းလိုက်သည်။

မူက သူ၏ ဝိညာဉ်ခန္ဓာကို အဆင့်မြင့် မြေကမ္ဘာဝိညာဉ်ခန္ဓာအဖြစ် မြှင့်တင်ရန် မျှော်လင့်ခဲ့ပေသည်။ ယခုတော့ သူ စိတ်ကူးယဉ်နေမိခဲ့ပုံရသည်။

သူ၏ နဂါးနတ်ဘုရား တိုက်ခိုက်ရေးခန္ဓာကိ မြှင့်တင်ရန် လိုအပ်သော အရင်းအမြစ်များနှင့် နဂါးအနှစ်သာရများသည်ပင် သူထင်ထားသည်ထက် များစွာ ပို၍ ဈေးကြီးသည်။ ထို့အပြင်၊ အဆင့်မြင့်မားလေလေ... သူ၏ ဝိညာဉ်ခန္ဓာကို မြှင့်တင်ရန် နဂါးအနှစ်သာရ ပိုလိုအပ်လေလေပင်။

အလယ်အလတ်အဆင့် မြေကမ္ဘာဝိညာဉ်ခန္ဓာမှ အဆင့်မြင့် မြေကမ္ဘာဝိညာဉ်ခန္ဓာသို့ တိုးတက်ရန်အတွက် လိုအပ်သော နဂါးအနှစ်သာရ ပမာဏမှာ အဆင့်နိမ့် မြေကမ္ဘာဝိညာဉ်ခန္ဓာမှ မြေကမ္ဘာ အလယ်လတ်တန်းစား ဝိညာဉ်ခန္ဓာထိ အဆင့်မြှင့်တင်ရန် လိုအပ်သော ပမာဏထက် ဆယ်ဆပိုများသည်။

နောက်ပိုင်းတွင် သူ၏ ဝိညာဉ်ခန္ဓာကို ကောင်းကင်ဝိညာဉ်ခန္ဓာအဖြစ်သို့ မြှင့်တင်လိုပါက၊ မခန့်မှန်းနိုင်လောက်သော ပမာဏကို လိုအပ်ပေလိမ့်မည်။

ထိုအကြောင်းကို တွေးမိရုံဖြင့် လုမင် သွေးတိုးချင်သွားသည်။

"တဖြည်းဖြည်းသွားတာပေါ့လေ။ ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံ ပိုမြင့်မားလာမှ ကျောက်ကြမ်းနဲ့ ထည့်ဝင်မှတ်တွေရဖို့ အပြင်မှာ ခရီးကြမ်းထွက်ရမယ်"

လုမင် ဆုံးဖြတ်လိုက်သည်။

ထို့နောက် ဆက်လက် လေ့ကျင့်လိုက်လေသည်။ သူက အစွန်းရောက်လှံ ဆယ့်သုံးချက်နှင့် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်တို့ကို နားလည်ဆင်ခြင်ခဲ့သည်။

ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကိုလည်း အခြားသော တာအိုသိုင်းပညာများကဲ့သို့ အဆင့်ခြောက်ဆင့် ခွဲခြားထားသည်။ ယခုအခါ လုမင်က ပထမအဆင့်တွင်သာရှိသေးသော်လည်း ဒုတိယအဆင့်သို့ ဖြတ်ကျော်သွားတော့မည်။

မျက်စိတစ်မှိတ်အတွင်း နောက်ထပ် ဆယ်ရက်ကြာသွားသည်။ လုမင် တိမ်နဂါးတောင်ကြားသို့ ဝင်ရောက်ခဲ့သည်မှာလည်း တစ်လကျော်သွားပြီ။

ဆယ်ရက်ကြာ ကြိုးကြိုးစားစား လေ့ကျင့်ပြီးနောက်၊ ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်က ဒုတိယအဆင့်သို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်။ အစွန်းရောက်လှံ ဆယ့်သုံးချက်ကလည်း ဒုတိယအဆင့်သို့ ရောက်ရှိခဲ့၏။

လှံရှည်ကို ပေါ့ပေါ့ပါးပါး လွှဲလိုက်ခြင်းဖြင့် အင်အားလေးခုကို တခဏချင်း လွှတ်ထုတ်နိုင်သည်။ အင်အားကလည်း တကယ်ကို ကြောက်စရာပင်။

ထိုအချိန်တွင် မက်ဆေ့ခ်ျတစ်ခုကို လုမင် လက်ခံရရှိခဲ့သည်။ သူ့တွင် တာဝန်တစ်ခု ရှိ၏။

နဂါးနတ်ဘုရားတောင်ကြားက သူ့ကို တာဝန်တစ်ခု ပေးလာပြီ ဖြစ်သည်။

ယေဘူယျအားဖြင့်၊ တပည့်အသစ်များမှာ သုံးလအတွင်း ဂိုဏ်း၏ တာဝန်တစ်ခု လက်ခံရသည်။

လုမင်လည်း တာဝန်အတိုင်း နဂါးနတ်ဘုရားတောင်ကြားမှ ထွက်လာခဲ့လေသည်။ နှင်းတောင်လေးတစ်လုံးကို သူ ရောက်လာတော့ ကြိုတင်ရောက်နှင့်ပြီးဖြစ်သော လူတချို့ကို တွေ့လိုက်ရသည်။

ဤလူများမှာလည်း လုမင်နှင့် တူညီသော တာဝန်တစ်ခု ရှိပေသည်။

"မင်းက လုမင်ပဲ"

လုမင်ရောက်လာတော့ လူတချို့က ချက်ချင်း မှတ်မိသွားသည်။

နောက်ဆုံးတွင်၊ လုမင် နဂါးနတ်ဘုရားတောင်ကြားသို့ ဝင်ရောက်သောနေ့က အုတ်အုတ်ကျက်ကျက် ဖြစ်ခဲ့‌ရသေးသည်။ တိမ်နဂါးတောင်ကြား၏ တောင်ကြားသခင်နှင့် ရေခဲနဂါး‌တောင်ကြား၏ တောင်ကြားသခင်တို့လည်း ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာကြသည်။ အဆုံးတွင် တိမ်နဂါးတောင်ကြားသခင်က လုမင်ကို သူ၏ အစစ်အမှန်တပည့်အဖြစ် ကိုယ်တိုင် လက်ခံခဲ့ပေသည်။

ထိုနေ့တွင် လူအတော်များများ ရှိနေသောကြောင့် အချို့က လုမင်ကို မှတ်မိနေခြင်းမှာ ပုံမှန် ဖြစ်သည်။

"မိတ်ဆွေ‌တို့ကို ဘယ်လိုခေါ်ရမလဲ"

လုမင်က လက်ယှက်ပြီး ထိုလူများကို အကဲခတ်လိုက်သည်။

လုမင်အပြင် ဤနေရာမှာ အခြား လူလေးယောက်ရှိသည်။ ၎င်းတို့ထဲတွင် တစ်ဦးက အသက်သုံးဆယ်ကျော်ခန့်ရှိသော လူထွားကြီးတစ်ဦး ဖြစ်၏။ သူ့အငွေ့အသက်များက အားလုံးထဲမှာ ကြောက်စရာအကောင်းဆုံး ဖြစ်သည်။

ကျန်သုံးယောက်ကတော့ နည်းနည်း ငယ်ရွယ်ပေသည်။ နှစ်ယောက်က အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်နှစ်ဦး ဖြစ်သည်။ ကျန်တစ်ဦးကတော့ အသက်နှစ်ဆယ်ကျော်အရွယ် မိန်းကလေးတစ်ယောက်ဖြစ်ပြီး လှပ၏။

"ငါက ရွှီလုံပါ"

လူထွားကြီးက သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

ထို့နောက်တွင် ကျန်သုံးယောက်ကလည်း သူတို့ကိုယ်သူတို့ မိတ်ဆက်ကြ၏။

လူငယ်နှစ်ဦးတွင် တစ်ယောက်က ကျန့်ခုန်းဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ဖူရှင်းဟုခေါ်သည်။

မိန်းကလေးကတော့ သွမ့်ရန် ဖြစ်ချေသည်။

သူတို့အားလုံးက သူတို့၏ ကျင့်ကြံခြင်းအဆင့်များကို ဖုံးကွယ်ထားခြင်း မရှိပေ။ ထို့ကြောင့် ဝိညာဉ်အသိဖြင့် ကြည့်လိုက်ပြီးနောက် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို လုမင် သိခဲ့သည်။

အဆင့်သုံး သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျင့်ကြံခြင်းဖြင့် ရွှီလုံက အားလုံးထဲတွင် အသန်မာဆုံး ဖြစ်သည်။

ဖူရှင်းနှင့် သွမ့်ရန်ကလည်း တတိယအဆင့် သိုင်းအုပ်ချုပ်သူများသာ ဖြစ်၏။ တစ်ဦးက အစောပိုင်းအဆင့်မှာဖြစ်ပြီး နောက်တစ်ဦးကတော့ နှောင်းပိုင်းအဆင့် ရှိပေသည်။

ကျန့်ခုန်း၏ ကျင့်ကြံခြင်းအခြေခံကလည်း ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်တွင် ရှိသည်။

အဆင့်အရ ပထမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သာရှိသေးသော လုမင်က အားလုံးထဲတွင် အညံ့ဆုံး ဖြစ်နေခဲ့ပေသည်။

"ငါတို့ရဲ့ တာဝန်ကို လူတိုင်း ကြည့်ပြီးကြမယ်လို့ ယုံကြည်တယ်။ ခုန်း‌ဆစ်တောင်ရဲ့ ဖုန်းမိသားစုဟာ နဂါးနတ်ဘုရားတောင်ရဲ့ လက်အောက်ခံမျိုးနွယ်တစ်ခုပဲ။ တစ်ရက် ဖုန်းမိသားစုရဲ့ဘိုးဘေး အသတ်ခံလိုက်ရတယ်။ ဖုန်းမိသားစုက စုံစမ်းကြည့်ပေမဲ့ သဲလွန်စ ဘယ်လိုမှရှာမရခဲ့ဘူး။ ဒါတင်မကသေးဘဲ ရက်နည်းနည်းကြာတော့ ဖုန်းမိသားစုရဲ့ ဖုန်းမိသားစုရဲ့ ပုဂ္ဂိုလ်တွေ ထပ်ပြီး အသတ်ခံရပြန်တယ်။ ဒါကြောင့် ဖုန်းမိသားစု စိုးရိမ်လာပြီး နဂါးနတ်ဘုရားတောင်ကို အကူအညီတောင်းလာခဲ့တာ"

"အခု ငါတို့ရဲ့တာဝန်က ဖုန်းမိသားစုရဲ့‌ ခေါင်းဆောင်နဲ့ အခြားပုဂ္ဂိုလ် သေဆုံးရခြင်း အကြောင်းရင်းကိုစုံစမ်းဖို့နဲ့ ဖုန်းမိသားရဲ့ ဘေးကင်းလုံခြုံမှု‌ သေချာစေရေးအတွက် တရားခံကို ရှာဖို့ပဲ"

ရွှီလုံက တာဝန်ကို အတိုချုံး ရှင်းပြလိုက်သည်။

လုမင်တို့ ခေါင်းညိတ်လိုက်၏။ သူတို့လည်း တာဝန်ကို ကြည့်ထားပြီးပြီ ဖြစ်သည်။

"ကောင်းပြီ၊ ဒါဆို စထွက်ကြရအောင်"

ရွှီလုံက ပြောလိုက်သည်။

ထို့နောက်တော့ လူတိုင်း ကောင်းကင်သို့ ပျံတက်ကာ လျိုခုန်းတောင်ရှိ ဖုန်းမိသားစုဆီသို့ ပျံသန်းသွားတော့သည်။

All Chapters