အခန်း ၁၄၅၉
Vol. 98 Ch. 1459
အပိုင်း ( 1459 ) ဖုန်းမိသားစုခေါင်းဆောင် မသေသေးဘူး။
သွမ့်ရန်နှင့် ဖူရှင်းက ရွှီလုံကိုတော့ ကြောက်ရွံ့ပုံရသည်။ သူတို့က လုမင်ကို အေးစက်စက်ဖြင့် ကြည့်လိုက်သော်လည်း နောက်ပြန်ဆုတ်သွားကာ ဘာမျှ မပြောကြတော့ပေ။
"တစ်ဖက်ရန်သူက လက်စားချေဖို့ ရောက်နေတယ်ဆိုတာကတော့ အခြေခံအားဖြင့် အတည်ပြုနိုင်ပြီ။ ဖုန်းသခင်လေး၊ နောက်ထပ်ပစ်မှတ်က မင်းပဲ"
ရွီလုံက ထပ်မံပြောလိုက်သည်။ ယင်းကြောင့် ဖုန်းယီ၏ မျက်နှာမှာ ပို၍ ဖြူရော်လာတော့သည်။
"တမန်တော်ကြီးတွေ၊ မင်းတို့ ငါ့ကို ကယ်ကြရမယ်နော်"
ဖုန်းယီမှာ ကြောက်လွန်းသဖြင့် မျက်စိမျက်နှာပျက်သွားသည်။
"စိတ်မပူပါနဲ့၊ အရင်အခြေအနေကို ကြည့်ရရင် တစ်ဖက်လူက ညဘက်မှာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ချင်နေတာပဲ။ ဒါကိုကြည့်ခြင်းအားဖြင့် သူက အရမ်း မသန်မာနိုင်တာကြောင့် ငါတို့ ကြောက်နေစရာမလိုဘူး။ ဒါက ကိုင်တွယ်ရလွယ်ပါတယ်၊ အခု ငါတို့လုပ်ရမှာက တစ်ဖက်လူ ရောက်လာအောင်လို့ ဆွဲဆောင်ဖို့ပဲ"
ရွှီလုံ ပြောလိုက်သည်။
"ဆွဲဆောင်မှာ၊ ဘယ်လိုဆွဲဆောင်မှာလဲ"
ဖုန်းယီက မေးသည်။
"ဖုန်းသခင်လေးရဲ့ အိပ်ခန်းတစ်ဝိုက်မှာ ငါတို့ ဝင်္ကပါကြီးတစ်ခု တည်ဆောက်ထားမယ်။ ဒါဆိုရင် တစ်ဖက်လူ ဝင်လာတာနဲ့ ကုန်းပေါ်မှာ လိပ်ဖမ်းသလို တစ်ချက်တည်း ကိစ္စပြတ်လိမ့်မယ်"
ရွှီလုံက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။
ဖုန်းယီ၏ မျက်လုံးများက တောက်ပသွားခဲ့သည်။
"ဟုတ်လိုက်လေ၊ ဒါကို ဘာဖြစ်လို့ မတွေးခဲ့မိတာပါလိမ့်။ ငါ့ဖုန်းမိသားစုမှာလည်း အဆင့်ကိုး ကမ္ပည်းသခင်တွေ ရှိတာပဲ"
"ငါလည်း ကမ္ပည်းတာအိုကို လေ့ကျင့်ပါတယ်၊ ငါ နင့် ကူညီနိုင်တယ်"
သွမ့်ရန်က ရှေ့သို့လှမ်းကာ ပြောလိုက်သည်။
ထိုစကားကိုကြားတော့ လုမင်၏ မျက်လုံးများမှ အလင်းတစ်ခု လျှို့ဝှက်စွာ လက်သွား၏။ သို့သော်လည်း သူက တိတ်ဆိတ်နေကာ ဝင်္ကပါအတွက် ကူညီမည်ဟုလည်း မပြောခဲ့ပေ။
ယခုအခါ သူ၏ ဒုတိယခန္ဓာက ပြန်လည်ကောင်းမွန်သလောက်ရှိပြီး တောင်နှင့်မြစ်ပန်းချီကားအတွင်း၌ လေ့ကျင့်နေခဲ့သည်။
"ကောင်းပြီ၊ ဒါဆို အခုပဲ လှုပ်ရှားလိုက်ကြရအောင်"
ရွှီလုံ ပြောလိုက်သည်။
သွမ့်ရန်နှင့် ဖုန်းမိသားစုမှ ကမ္ပည်းသခင်များလည်း ဝင်္ကပါတည်ဆောက်ရန် ချက်ချင်း လုပ်လိုက်ကြသည်။ ထို့အပြင် ဝင်္ကပါကို ဖုံးကွယ်ရန် အစီရင်အမျိုးမျိုးကိုလည်း ထပ်မံ ရေးဆွဲလိုက်၏။ ဤသို့ဖြင့် စေ့စေ့စပ်စပ် မရှာဖွေဘဲ ဝင်္ကပါကို သိနိုင်တော့မည် မဟုတ်ပေ။
ဝင်္ကပါက တည်ဆောက်ခြင်း မပြီးစီးမီ ဒုတိယမြောက်နေ့ ညနေခင်းအထိ လုပ်ကိုင်ခဲ့ရသည်။
ထိုညမှာတော့ လုမင်နှင့် အခြားသူများက ဖုန်းယီ၏အိပ်ခန်းအနီးတွင် စောင့်ကြပ်မနေတော့ပေ။ ထိုအစား ကိုယ့်အခန်းကိုပြန်ကာ အနားယူခဲ့ကြသည်။ အကယ်၍ ဆက်လက်စောင့်ကြပ်နေပါက ခြုံပုတ်ကိုရိုက်ပြီး မြွေကိုသတိပေးသလိုသာ ဖြစ်လိမ့်မည်။
ဤသို့ဖြင့် နောက်နှစ်ရက် ကြာသွားခဲ့သည်။ လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိသေး။
တတိယမြောက် ညမှာတော့...
"ကယ်ကြပါဦး"
ရုတ်တရက် အော်ဟစ်လိုက်သံကြီးက တိတ်ဆိတ်နေသော ညကောင်းကင်တွင် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
ဖုန်းယီ၏ အသံ ဖြစ်၏။
"ဝှစ်"
လေ့ကျင့်နေသော လုမင်လည်း မျက်လုံးများ ဖျတ်ခနဲဖွင့်ကာ ပြေးထွက်သွားတော့သည်။
သူ ပြေးထွက်လိုက်သည်နှင့် ဖုန်းယီ၏ အိပ်ခန်းမှ ကောင်းကင်သို့ ထိုးတက်သွားသော ရုပ်သွင်တစ်ခုကို မြင်လိုက်ရသည်။ ထိုပုံရိပ်က ဖုန်းယီကို လက်ထဲတွင်ကိုင်ထားပြီး လျိုခုန်းတောင်ဆီသို့ ပျံသန်းသွားနေသည်။
"လိုက်ကြ"
ဤအခိုက်တွင် ရွှ်ီလုံ၊ ဖူရှင်းနှင့် သွမ့်ရန်တို့လည်း ပေါ်လာပြီး အရှိန်အဟုန်ဖြင့် ပြေးလိုက်သွား၏။ လုမင်လည်း ထိုပုံရိပ်နောက်ကို ပြေးလိုက်သွားတော့သည်။
ပြေးသူ၊ လိုက်သူနှင့် လူရိပ်ခြောက်ခုက မျက်စိတစ်မှိတ်အတွင်း လျိုခုန်းတောင်ဆီသို့ ပြေးသွားသည်။
လျိုခုန်းတောင်သို့ ရောက်လာသည်နှင့် ရှေ့မှလူရိပ်က တောအုပ်အတွင်းသို့ ပြေးဆင်းသွားခဲ့သည်။
လုမင်နှင့် ကျန်သုံးယောက်လည်း နောက်မှ အနီးကပ်လိုက်ရင်း တောအုပ်ထဲကို ပြေးဆင်းလိုက်၏။
"ကယ်ကြပါဦး"
ဖုန်းယီကလည်း ကြောက်လန့်တကြား ထပ်အော်လိုက်သည်။
ရှေ့မှလူက အနက်ရောင်ဝတ်ရုံကြီးကို ဝတ်ဆင်ထားကြောင်း လုမင်တို့လေးဦး မြင်လိုက်ရသည်။ ညကောင်းကင်တွင်၊ သူက ဖုန်းယီကိုခေါ်ပြီး အလွန်လျင်မြန်သော အဟုန်ဖြင့် ဖြတ်သန်းသွားလာနေ၏။ သူက မြန်လွန်းသဖြင့် အမှောင်ထဲမှ တစ္ဆေတစ်ကောင်ပမာ ဖြစ်နေတော့သည်။
"ဒီည မင်း မလွတ်နိုင်တော့ဘူး၊ အသာတကြည် အဖမ်းခံပါ"
ရွှီလုံက အော်ပြောလိုက်သည်။ ယွမ်ချီစွမ်းအင် ပေါက်ကွဲလိုက်သည်နှင့် သူ့အမြန်နှုန်းက ပို၍ မြန်ဆန်လာ၏။
မျက်စိတစ်မှိတ်အတွင်း၊ သူတို့အဖွဲ့ဟာ လျိုခုန်းတောင်ပေါ်သို့ မိုင်ထောင်ပေါင်းများစွာ ခရီးနှင်ခဲ့သည်။ လုမင်နှင့် အခြားလူများလည်း ဝတ်ရုံနက် လူရိပ်နှင့် ပိုမို နီးကပ်လာတော့သည်။
"ရပ်လိုက်ကြ"
ဤအခိုက်တွင် လုမင်က ရုတ်တရက် အော်လိုက်သည်။
ရွှီလုံ၊ သွမ့်ရန်နှင့် ဖူရှင်းလည်း ဘာမှန်းမသိဘဲ အလောတကြီး ရပ်လိုက်ကြ၏။
"လုမင်၊ နင် ဘာလုပ်နေတာလဲ။ ဒါက ဘာအဓိပ္ပာယ်လဲ"
သွမ့်ရန်က လုမင်ကို ကြိမ်းမောင်းသည်။
"ဘာတွေအော်နေတာလဲ၊ အဲဒီလူကို ကြည့်လိုက်တဲ့အခါ မင်းသိလိမ့်မယ်"
လုမင် လျစ်လျူရှုစွာ ပြောလိုက်သည်။
ထိုစကားကြောင့် လှမ်းကြည့်လိုက်ပြီးနောက် သွမ့်ရန်နှင့် အခြားသူများ အံ့ဩသွား၏။
အကြောင်းမူကား၊ ဝတ်ရုံနက်နှင့်လူက ဤအခိုက်တွင် ရပ်တန့်နေကာ ထွက်မပြေးတော့သောကြောင့်ပင်။
ထူးဆန်းစွာပင် လုမင်ကလည်း ရပ်လိုက်သည်။ ဝတ်ရုံနက်နှင့်လူက လွတ်မြောက်ရန် အခွင့်အလမ်းရှိပါလျက်နှင့် အဘယ်ကြောင့် ရပ်လိုက်ရသနည်း။
ရွှီလုံ၊ သွမ့်ရန်နှင့် ဖူရှင်းတို့ သုံးဦးစလုံး သံသယများ ပြည့်သွားခဲ့ကြသည်။
"ငါတို့ရှေ့မှာ အဆုံးစွန် သတ်ဖြတ်ခြင်း ဝင်္ကပါကြီးတစ်ခုရှိတယ်။ ငါတို့ ဝင်လိုက်တာနဲ့ သေမှာပဲ"
လုမင် ပြောလိုက်သည်။
"ဘာ"
"အဆုံးစွန် သတ်ဖြတ်ခြင်း ဝင်္ကပါကြီးလား"
ရွှီလုံတို့သုံးဦးစလုံး တအံ့တဩ ဖြစ်သွားခဲ့ကြသည်။
သွမ့်ရန်ကတော့ စေ့စေ့ကြည့်လိုက်ပြီးနောက် လုမင်ကို ပြန်ပြော၏။
"မဖြစ်နိုင်ဘူး၊ ရှေ့မှာ ဘာဝင်္ကပါအရိပ်အယောင်မှမရှိတာ... ဝင်္ကပါကြီးတစ်ခုရှိနေဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ တကယ်လို့ ရှိခဲ့ရင်တောင် ငါမမြင်ဘဲ ဘယ်လိုလုပ်ရှိမှာလဲ။ လုမင်၊ နင် ဒီအချိန်မှာ မဟုတ်တာတွေ မပြောနဲ့"
"ဟမ့်၊ မင်း မယုံရင် စမ်းကြည့်လို့ရတယ်"
လုမင် အေးစက်စက် ပြုံးလိုက်သည်။
သွမ့်ရန်လည်း မျက်နှာအမူအရာ ပြောင်းလဲသွား၏။ လုမင်၏ ယုံကြည်မှုအပြည့်ရှိနေသော အမူအရာကြောင့် သူ့ကိုယ်သူပင် သံသယဝင်လာကာ ရှေ့ဆက်မတိုးဝံ့တော့ပေ။
သူ့အသက်ကို လောင်းကြေးထပ်ပြီး မလုပ်ဝံ့ပါ။
ရွှီလုံနှင့် ဖူရှင်းတို့သည်လည်း သံသယဝင်လာခဲ့ကြသည်။
"ဟားဟားဟား၊ ဒီဝင်္ကပါက ဒီလောက်လျှို့ဝှက်ထားတာတောင် မင်း ရှာတွေ့သွားဦးမယ်လို့ မထင်ထားဘူး။ တကယ်ကို နဂါးနတ်ဘုရားတောင်ရဲ့ တပည့်တစ်ယောက် ဖြစ်ထိုက်ပါပေတယ်"
သူတို့ရှေ့မှ ဝတ်ရုံနက်နှင့်လူက အက်ရှရှလေသံဖြင့် ရယ်မောလိုက်သည်။
"မင်းဘယ်သူလဲ။ ဖုန်းမိသားစုက ငါတို့ နဂါးနတ်ဘုရားတောင်ရဲ့ လက်အောက်ခံမျိုးနွယ်စုတစ်ခုပဲ။ နဂါးနတ်ဘုရားတောင်ကြားရဲ့ လူကိုထိတာက နဂါးနတ်ဘုရားတောင်ကြားကို ရန်စလိုက်တာပဲ။ အခု မင်းကို အခွင့်အရေးတစ်ခုပေးမယ်၊ ဖုန်းယီကို လွှတ်လိုက်ပါ"
ဖုန်းယီက အေးစက်စက် ပြောလိုက်သည်။
"အဟက်၊ နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်တွေက တကယ်ကိုကြီးစိုးတာပဲ"
ဝတ်ရုံနက်နှင့်လူက လှောင်ပြောင်လိုက်သည်။
"ဟားဟားဟား၊ ဟန်ဆောင်မနေပါနဲ့တော့"
ထိုအချိန်တွင်၊ လုမင်က လှောင်ပြောင်ပြောဆိုလိုက်သည်။
"ဒါတွေအကုန်လုံးက မင်းရဲ့ အကြံအစည်တွေပဲ။ ဖုန်းမိသားစုကို ငါတို့ ရောက်လာကတည်းက၊ မဟုတ်ဘူး... နဂါးနတ်ဘုရားတောင်ကို အကူအညီတောင်းကတည်းက ဒါတွေကို မင်း ကြံစည်နေခဲ့တာ။ မင်းရဲ့ရည်ရွယ်ချက်က ငါတို့ကို ဒီသတ်ဖြတ်ခြင်းဝင်္ကပါဆီကို ဆွဲဆောင်ဖို့ပဲ။ ဟုတ်တယ် မဟုတ်လား ဖုန်းမိသားစုခေါင်းဆောင်"
"ဘာ"
လုမင်၏စကားကြောင့် ရွှီလုံ၊ သွမ့်ရန်နှင့် ဖူရှင်းတို့ အံ့ဩသွားကြသည်။
ဖုန်းမိသားစုရဲ့ ခေါင်းဆောင်၊ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။
"လုမင်၊ နင်ဘာတွေပြောနေတာလဲ။ ဖုန်းမိသားစုရဲ့ခေါင်းဆောင်က ငါတို့ကိုယ်တိုင် စစ်ဆေးပြီးပြီပဲ။ သူသေနေပြီ"
သွမ့်ရန်က ရှုတ်ချလိုက်သည်။
"ငါတို့တွေ့တဲ့လူက ဖုန်းမိသားစုရဲ့ ခေါင်းဆောင် အစစ်အမှန်လို့ ဘယ်သူပြောလဲ"
လုမင် နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်၏။
"ဒါက..."
ရွှီလုံ၊ သွမ့်ရန်နှင့် ဖူရှင်းတို့ နှုတ်ဆိတ်သွားကြသည်။
မမှားပေ၊ သူတို့ တွေ့ခဲ့သောလူက ဖုန်းမိသားစု၏ ခေါင်းဆောင် အစစ်အမှန်ဟု မည်သူပြောသနည်း။
သူတို့မြင်ခဲ့သောသူက ဖုန်းမိသားစု၏ခေါင်းဆောင် အစစ်အမှန်မဟုတ်လျှင် ဖုန်းယီကကော။
သူတို့၏ အေးစက်သော အကြည့်များက ဖုန်းယီပေါ်သို့ ကျရောက်သွားခဲ့သည်။
ထိုအချိန်တွင် ဝတ်ရုံနက်နှင့်လူက ဖုန်းယီကို ပြန်လွှတ်ပေးပြီးပြီ။ ဖုန်းယီတွင် ဘာဒဏ်ရာမှမရှိပေ။
"ဒီလောက် ဖုံးကွယ်ထားတဲ့ ငါ့စီအစဉ်ကို မင်း မြင်နိုင်ဦးမယ်လို့ ငါ တကယ်ကို မမမျှော်လင့်ထားဘူး"
ဝတ်ရုံနက်နှင့်လူက ရုတ်တရက် သက်ပြင်းချလိုက်ပြီး သူ့ခေါင်းစွပ်ကို ဖယ်လိုက်သည်။
ရွှီလုံ၊ သွမ့်ရန်နှင့် ဖူရှင်းတို့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
မမှားပေ၊ ဤသည်က ဖုန်းမိသားစု၏ ခေါင်းဆောင် ဖြစ်သည်။ ခေါင်းတလားများကို ဖွင့်ခဲ့စဉ်က သူတို့မြင်ခဲ့သော ဖုန်းမိသားစု၏ခေါင်းဆောင်နှင့် ချွတ်စွတ် တူ၏။
တစ်နည်းဆိုရသော်၊ ခေါင်းတလားထဲတွင် သူတို့တွေ့ခဲ့ရသော ဖုန်းမိသားစု၏ခေါင်းဆောင်က အတုအယောင် ဖြစ်သည်။
ကျင့်ကြံခြင်းကမ္ဘာတွင် အခြားသူတစ်ဦး၏အသွင်အပြင်ကို ပြောင်းလဲရန် အထူးနည်းလမ်းများကို အသုံးပြုခြင်းက ရိုးရှင်းသောကိစ္စ ဖြစ်သည်။
သို့သော်လည်း အရှိန်အဝါများကိုတော့ ပြောင်းလဲရန် ခက်၏။ ပုံပန်းသဏ္ဍာန်များ ပြောင်းလဲနိုင်သော်လည်း အရှိန်အဝါများကတော့ ပြောင်းလဲမည် မဟုတ်ပေ။
သို့ရာတွင် ဖုန်းမိသားစု၏ခေါင်းဆောင်ကို သူတို့ တစ်ခါမျှ မတွေ့ဖူးကြပါ။ ထို့ကြောင့် သူ၏ အရှိန်အဝါကို မသိကြပေ။ ထို့ကြောင့်ပင် ဖုန်းမိသားစုက မိသားစုခေါင်းဆောင် အယောင်ဆောင်ရန် လွယ်ကူခဲ့ကြခြင်း ဖြစ်သည်။
"ကောင်လေး၊ ငါ့အစီအစဉ်က တကယ်ကို အားနည်းချက်မရှိဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဒါကို မင်း ဘယ်လိုရှာတွေ့ခဲ့တာလဲဆိုတာ ငါ တကယ်သိချင်မိတယ်"
ဖုန်းမိသားစု၏ခေါင်းဆောင်က ဖော်ထုတ်ခံလိုက်ရသော်လည်း စိုးရိမ်ပူပန်ခြင်းမရှိဘဲ လုမင်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။
"အားနည်းချက်မရှိဘူးလား။ အဟက်၊ ငါ့အမြင်မှာတော့ ချို့ယွင်းချက်တွေနဲ့ ပြည့်နေတာပဲ"
လုမင် တစ်ချက်ပြုံးလိုက်သည်။