← Chapters

အခန်း ၁၄၆၄

Vol. 98 Ch. 1464

အခန်း ၁၄၆၄

Vol. 98 Ch. 1464

အပိုင်း ( 1464 ) မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အကြီးအကဲ။

အဘိုးအို၏ စကားကိုကြားတော့ ရွှီလုံ၏မျက်နှာမှာ ကြောက်ရွံ့မှုတို့ ပြည့်သွားသည်။ ထို့နောက်တော့ သူ မတုံ့ဆိုင်းတော့ပေ။ သူက ချက်ချင်း ဦးညွတ်ကာ ပြောလိုက်သည်။

"ဒီဂျူနီယာက အကြီးအကဲနဲ့ မိစ္ဆာဝိညာဉ်ဂိုဏ်းကို လက်အောက်ခံဖို့ ဆန္ဒရှိပါတယ်"

"မိစ္ဆာဝိညာဉ်ဂိုဏ်းလား"

လုမင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

ဤနာမည်ကို သူ မကြားဖူးသော်လည်း၊ ရွှီလုံက ဤနာမည်ကိုကြားရရုံဖြင့် အဘယ်ကြောင့် သေမတတ်ကြောက်သွားရသနည်း။

ရွှီလုံ၏ ကြောက်ရွံ့မှုက သာမန်မဟုတ်ဘဲ နှလုံးသားထဲမှ စိမ့်ထွက်လာခဲ့ခြင်း ဖြစ်သည်။ တစ်နည်းဆိုရသော်၊ ရွှီလုံက မိစ္ဆာဝိညာဉ်ဂိုဏ်းဟူသောအမည်ကို ကြားရပြီးနောက် အမှန်တကယ် ကြောက်ရွံ့သွားခြင်း ဖြစ်တော့သည်။

လုမင်လည်း မိစ္ဆာဝိညာဉ်ဂိုဏ်းကို စန်းပြည်နယ်ပယ် အပြင်ဘက်မှ အင်အားစုကြီးတစ်ခု ဖြစ်နိုင်သည်ဟု မှန်းဆခဲ့သည်။

"ဟားဟား၊ အနည်းဆုံးတော့ မင်းအတွက် ဘာကကောင်းမှန်း သိသေးတာပဲ။ အခု မင်းစိတ်ကို ဖြေလျှော့လိုက်ပါ"

အဘိုးကြီးက အေးစက်စက် ရယ်မောရင်း ပြောလိုက်သည်။ အနက်ရောင်အလင်းတန်းတစ်ခုက သူ့မျက်ခုံးနှစ်ခုကြားမှ ထွက်ပေါ်လာ၏။ ထိုအလင်းက ရွှီလုံ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်ကာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားတော့သည်။

ရွှီလုံ၏ အမူအရာက ပို၍ ရိုကျိုးလာပြီး အဘိုးကြီးကို ဦးညွတ်ကာ ပြောလိုက်သည်။

"ဒီငယ်သား ရွှီလုံက အနာဂတ်မှာ အကြီးအကဲအတွက် သေပါမယ်၊ အကြီးအကဲအတွက် ရှင်ပါ့မယ်"

"ကောင်လေး၊ မင်းကော ဘယ်လိုလုပ်မှာလဲ။ ဆိုးရွားတာတွေ ဖြစ်မလာခင် ဒီအဘိုးကြီးကို အညံ့ခံလိုက်ပါ။ ဒီအဘိုးကြီးကို ကူညီနေသရွေ့ အနာဂတ်မှာ ကောင်းကောင်းဆုချမယ်"

အဘိုးကြီးက ပြောလိုက်သည်။

"နေပါ၊ သူက မင်းရဲ့လက်ပါးစေလုပ်ချင်ပေမဲ့ ငါကတော့ စိတ်မဝင်စားဘူး"

လုမင် တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

"မင်း ဘာပြောလိုက်တာလဲ။ ကောင်လေး၊ မင်း သေချင်နေတာလား"

အဘိုးကြီး အေးစက်စက် ထအော်သည်။

"ဟားဟားဟား၊ ငါ့ကို ခြိမ်းခြောက်မနေစမ်းပါနဲ့။ ငါ့အထင်ပြောရရင် မင်းမှာ စွမ်းအားသိပ်မရှိဘူး မဟုတ်လား"

လုမင်က အဘိုးကြီးကို စိုက်ကြည့်ရင်း ပြောလိုက်၏။

အဘိုးကြီး၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။

"ကောင်လေး၊ ဒီအဘိုးကြီး ဒဏ်ရာရထားတာက မှန်ပါတယ်၊ ဒါပေမဲ့ သိုင်းအုပ်ချုပ်သူတစ်ယောက်ကိုတော့ အသာလေး ကိုင်တွယ်နိုင်သေးတယ်"

"ဟုတ်လား၊ ငါ့အမြင်မှာတော့ မင်းက ကျားတစ်ကောင်ရဲ့စွမ်းအားကို ခဏငှားသုံးထားတဲ့ မြေခွေးအိုကြီးနဲ့ ပိုတူတယ်။ ငါတို့ ပထမဆုံးဝင်လာတုန်းက မင်းဟာ အသံကျယ်ကျယ်နဲ့ အော်ပြီး သွမ့်ရန်နဲ့ ဖူရှင်းကို သတ်လိုက်တာ။ အဲဒါက သူတို့ရဲ့ နတ်ဘုရားဝိညာဉ်ကို တိုက်ရိုက် ဖျက်ဆီးလိုက်တာပဲ ဖြစ်ရမယ်။ အဲဒီနောက် မင်းက သူတော်စင်နယ်ပယ် အရှိန်အဝါကို တမင်ထုတ်လွှတ်ပြီး ငါတို့ကို ခြိမ်းခြောက်ခဲ့တယ်"

"ဒါပေမဲ့ မင်းမှာသာ သူတော်စင်မယ်ပယ် ကျင့်ကြံသူတစ်ဦးရဲ့ အင်အားရှိဦးမယ်ဆိုရင် ဘာကြောင့် ဒီလိုလုပ်ဖို့လိုမှာလဲ။ နောက်ပြီး မင်းက ငါတို့ကို ဒီနေရာရောက်အောင် ဆွဲဆောင်ဖို့အတွက် ဖုန်းမိသားစုရဲ့ခေါင်းဆောင်ကို လိုတယ်။ ငါ့အမြင်တော့ ဒီနည်းလမ်းက ပိုလို့တောင် အသုံးပြုစရာမလိုသေးတယ်။ ပြောရရင် မင်းအနေနဲ့ ဒီကနေ ထွက်သွားလို့မရဘူး၊ မဟုတ်ရင် မင်းရဲ့အခြေ‌အနေက ပိုပြီးဆိုးလာလိမ့်မယ်။ ငါပြောတာ မှန်တယ် မဟုတ်လား"

လုမင်က ရှင်းပြရင်း တဖြည်းဖြည်း ဆုတ်သွားခဲ့သည်။

အဘိုးကြီး၏ အမူအရာ ပြောင်းသွား၏။

ရွှီလုံ၏ အမူအရာလည်း ပြောင်းလဲသွားတော့သည်။

'ချီးပဲ၊ ဒီလုမင်က အတော်သိတာပဲ။ ဘာဖြစ်လို့ အစောကြီးကတည်းက မပြောရတာလဲ'

ရွှီလုံလည်း စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

လုမင်သာ စောစောပြောခဲ့ပါက ဤအဘိုးကြီးထံ အညံ့ခံလိုက်မည် မဟုတ်ပေ။ သူ အသက်စွန့်ပြီး ကြိုးစားပါက လွတ်မြောက်ကောင်းလွတ်မြောက်နိုင်လောက်သည်။

"ကောင်လေး၊ မင်းက အတော်သတိကြီးပါတယ်... ဒါပေမဲ့ မင်းသေရဦးမှာပဲ။ ရွှီလုံ၊ ဒီကောင်လေးကို ငါ့အတွက် သတ်လိုက်"

အဘိုးကြီးက ပြောလိုက်သည်။

ရွှီလုံ၏ အမူအရာ ပြောင်းလဲသွား၏။ လုမင်နှင့် ရင်ဆိုင်ရန် သူ ယုံကြည်မှုမရှိပေ။

"အကြီးအကဲ၊ သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံက အားနည်းပေမဲ့..."

ရွှီလုံက ရှင်းပြရန် ကြိုးစားလိုက်သည်။

"သတ်၊ သူ့ကိုသတ်၊ သတ်..."

အရိုးစု အဘိုးအိုက အေးစက်စက် အော်ဟစ်လိုက်၏။ ရွှီလုံလည်း ကြီးစွာသော နာကျင်မှုကို ခံစားလိုက်ရသကဲ့သို့ အော်ဟစ်လိုက်တော့သည်။

"အကြီးအကဲ၊ ကျုပ်ကိုချမ်းသာပေးပါ။ ကျုပ် သူ့ကို အခုသတ်ပါ့မယ်"

"သူ့ကိုသတ်"

အဘိုးအိုက ပြောလိုက်သည်။

"လုမင်၊ ငရဲကိုသွားစမ်း"

နောက်အခိုက်အတန့်တွင် ရွှီလုံလည်း လုမင်အား ရက်စက်ကြမ်းကြုတ်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

"ဝှစ်...၊ ဝှစ်...၊ ဝှစ်..."

ရွှီလုံထံမှ ဓားအလင်းများက လုမင်၏ သေကွင်းသေကွက်များကို ဦးတည်ကာ ပစ်ခွင်းလာခဲ့သည်။

"ဒုန်း၊ ဒုန်း၊ ဒုန်း"

လုမင်လည်း လက်သီးချက်အနည်းငယ် ထုတ်ဖော်ရင်း ရွှီလုံ၏ဓားအလင်းများကို ချေဖျက်လိုက်၏။

"လုမင်၊ မင်း ဘာအတွက် ခုခံနေရသေးတာလဲ။ မြန်မြန် အသေခံလိုက်စမ်း။ မင်း လွတ်မြောက်ပြီး နဂါးနတ်ဘုရားတောင်ကြားကို ပြန်ရောက်သွားရင်တောင် ရင်ဖုန်းက မင်းကိုအလွတ်ပေးမှာ မဟုတ်ဘူး"

ရွှီလုံက ဟိန်းဟောက်လိုက်သည်။

"မင်းက တကယ်ကို ရင်ဖုန်းလွှတ်လိုက်တဲ့လူပဲ"

လုမင်၏ မျက်လုံးများက အေးစက်သွားသည်။

ယခင်က အနှီရွှီလုံဟာ သူ၏ ကျင့်ကြံခြင်းအခြေခံကို ဖုံးကွယ်ထားခဲ့သည်။ လုမင်က ဖုန်းမိသားစုခေါင်းဆောင်ကို တိုက်ခိုက်နေစဉ်မှာလည်း အငှားဓားဖြင့် သတ်နိုင်ရန် ဘေးမှ ရပ်ကြည့်နေခဲ့၏။ ထိုစဉ်ကတည်းက လုမင် သံသယရှိခဲ့ခြင်း ဖြစ်သည်။

ယခုတော့ အမှန်ဖြစ်နေသည့်ပုံပင်။

"အစကတော့ မင်းအဆင်သင့်မဖြစ်သေးတဲ့အချိန်မှာ မင်းကိုသတ်ဖို့အခွင့်အရေးရှာချင်ခဲ့တာ။ ဒါ‌ပေမဲ့ အခုချိန်ရောက်မှတော့ မထူးတော့ပါဘူး"

ရွှီလုံက ရူးသွပ်သွားသလို လုမင်အား ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။

သူဟာ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အကြီးအကဲထံ အညံ့ခံထားပြီး ဖြစ်သည်။ ဤသတင်း ပျံ့သွားပါက သူသေမည်မှာ သေချာသည်။ ထို့ကြောင့် လုမင်သေရမည်။

"သတ်"

ထိုအချိန်တွင် လုမင်က တတိယသွေးမျိုးဆက်ကို ထုတ်ဖော်လိုက်သည်။ တတိယသွေးမျိုးဆက်မှ စွမ်းအင်များက လုမင်ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွား၏။

ထို့နောက်တော့ ကစဉ့့်လျားတာအိုနယ်မြေကိုဖြန့်ကျက်ပြီး အတားအဆီးမဲ့သော ကောင်းကင်သိုင်းဖြင့် တိုက်ခိုက်လိုက်တော့သည်။

"ဝုန်း"

ဤလက်သီးချက်က ရွှီလုံ၏ ခုခံမှုအားလုံးကို တိုက်ရိုက် ထိုးဖောက်သွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော လက်သီးအင်အားက ရွှီလုံ၏ရင်ဝကို ထိမှန်သွား၏။

ရွှီလုံ၏ ခန္ဓာကိုယ်တစ်ဝက်လောက် ပေါက်ကွဲထွက်ပြီး အဝေးသို့ လွင့်စဉ်သွားတော့သည်။

ဝှက်ဖဲအချို့မှလွဲ၍ ဤလက်သီးချက်မှာ လုမင်၏ အင်အားအပြည့် တိုက်ခိုက်မှုနီးနီး ဖြစ်သည်။ ဤလက်သီးချက်က သာမန် စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူကိုသတ်ရန် လုံလောက်၏။ ရွှီလုံက ယင်းကို လုံးဝ မခုခံနိုင်ခဲ့ပေ။

ရွှီလုံကို တစ်ချက်တည်းဖြင့် သတ်လိုက်ပြီးနောက် လုမင်၏ နောက်ကျော၌ အနက်ရောင်တောင်ပံများ ပေါ်လာခဲ့သည်။ အတောင်များကို ခတ်လိုက်ပြီးနောက် သူ့ပုံရိပ်က ထွက်ပေါက်ဆီသို့ တဟုန်ထိုး ပျံသန်းသွားတော့သည်။

"ကစဉ့်ကလျားတာအိုနယ်မြေ၊ ဒါက ကစဉ့်ကလျားတာပိုနယ်မြေပဲ။ စန်းပြည်နယ်လို နေရာလေးတစ်ခုမှာ ကစဉ့်ကလျားတာအိုနယ်မြေကို နားလည်ထားတဲ့ ပါရမီရှင်တစ်ယောက် ပေါ်လာမယ်လို့ မမျှော်လင့်ထားဘူး။ သတ်၊ သူ့ကိုသတ်ရမယ်"

အဘိုးအို၏ မျက်လုံးများက ကြောက်စရာကောင်းသော သတ်ဖြတ်ချင်စိတ်တို့ ပေါ်လာခဲ့သည်။ အနက်ရောင်အလင်းများက သူ့မျက်ခုံးနှစ်ခုကြားတွင် ပေါ်လာခဲ့၏။

"သတ်"

အဘိုးကြီးက ရုတ်တရက် ဟိန်းဟောက်လိုက်သည်။ အနက်ရောင်အလင်းတန်းတစ်ခုက‌ လေဟာပြင်ကို ထွင်းဖောက်ပြီး လုမင်ဆီသို့ ချက်ချင်း ပစ်လွှတ်လာတော့သည်။

တယ်လီပို့လိုက်သကဲ့သိူ့ သူ့အမြန်နှုန်းက မယုံနိုင်လောက်အောင် မြန်သည်။

လုမင် အံ့သြသွား၏။ သူ ရှောင်ချင်သော်လည်း နောက်ကျသွားပြီ။

ဤအလင်းတန်းက ကစဉ့်ကလျားနယ်မြေကို တိုက်ရိုက်ထိုးဖောက်ဝင်ရောက်ကာ လုမင်၏ ခန္ဓာကိုယ်တွင်းရှိ နတ်ဘုရားဝိညာဉ်ဆီသို့ ပြေးသွားတော့သည်။

"ဝမ်"

အလင်းတန်းက နတ်ဘုရားဝိညာဉ်အပေါ်သို့ ကျရောက်လာခဲ့သည်။ နတ်ဘုရားဝိညာဉ်ပေါ်ရှိ ကျောက်စိမ်းချပ်ဝတ်တန်ဆာက တောက်ပသောအလင်းရောင်များ ထုတ်လွှတ်လာသည်။ ယင်းက အလင်းလွှာတစ်ခုအဖြစ် တိုက်ခိုက်မှုကို တားဆီးသွား၏။

လုမင်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားသော်လည်း ထွက်ပေါက်ဆီသို့ လျင်မြန်စွာ ဆက်သွားတော့သည်။

"နတ်ဘုရားဝိညာဉ်ကို ကာကွယ်တဲ့ ရတနာပဲ၊ ဒီလိုရှားပါးတဲ့ ရတနာကိုတောင် ပိုင်ဆိုင်ထားတယ်။ ငါ သူ့ကို လွတ်မြောက်သွားဖို့ ခွင့်မပြုနိုင်ဘူး"

အဘိုးကြီးက အသံနက်ကြီးဖြင့် အော်လိုက်သည်။ သူက အရိုးစုတစ်ခုကဲ့သို့ လေထဲကို တဖြည်းဖြည်း ကြွတက်လာ၏။

"အကြီးအကဲ၊ ကျုပ်ရဲ့ ကျင့်ကြံခြင်းအပေါ် တံဆိပ်ကို ဖယ်ရှားပေးပါ။ ကျုပ် အဲဒီကောင်လေးကို လိုက်ရှာဖို့ ကူညီပေးမယ်"

ဖုန်းမိသားစုခေါင်းဆောင်က အော်လိုက်သည်။

"မင်းလိုအမှိုက်က ဆက်ထားနေရင်တောင် အသုံးမဝင်ဘူး။ သေတော့"

အဘိုးကြီး၏ မျက်လုံးများက အေးစက်စက် အလင်းရောင်တစ်ချက်လက်သွားသည်။ သူ့ပါးစပ်ကိုဟကာ လေထဲသို့ စုပ်ယူလိုက်၏။ အနက်ရောင်အလင်းတစ်ခုက ဖုန်းမိသားစုခေါင်းဆောင်ကို ချက်ချင်း လွှမ်းခြုံသွားသည်။ ထိုအခါ သူ့ခန္ဓာကိုယ်က သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ရှုံ့သွား၏။ ဖုန်းမိသားစုခေါင်းဆောင်လည်း နာကျင်စွာ အော်ဟစ်ရင်းဖြင့်ပင် သွေ့ခြောက်နေသော အလောင်းကောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ရွှီလုံ၊ သွမ့်ရန်နှင့် ဖူရှင်း၏ အလောင်းများသည်လည်း ခြောက်သွေ့သော အလောင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။ သူတို့၏ သွေးအနှစ်သာရများကို အဘိုးကြီးက ဝါးမြိုသွား၏။ ထိုအချိန်တွင် သူ၏ အသားအရေက အနည်းငယ်ပို၍ တင်းရင်းလာတော့သည်။

"သတ်"

ခပ်တိုးတိုး ကြိမ်းမောင်းပြီး အနက်ရောင်အလင်းတန်းတစ်ခုကဲ့သို့ လုမင်နောက်ကိုလိုက်ကာ ဂူထဲမှ ပြေးထွက်လာခဲ့သည်။

လုမင်က ဂူထဲမှ ပျံသန်းထွက်လာခဲ့သည်။ အေးခဲလေပုလဲမှ စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲကို စီးဆင်းလာ၏။ သူက အေးခဲလေပုလဲနှင့် အနက်ရောင်တောင်ပံများကို ပေါင်းစပ်ကာ ပျံသန်းလိုက်တော့သည်။

သို့သော်လည်း သူ ဝေးဝေးမပျံသန်းနိုင်မီ၊ လေတိုးသံတစ်ခု သူ့နောက်မှ ထွက်ပေါ်လာသည်။ အနက်ရောင်အလင်းတစ်ခုက အလွန်လျင်မြန်သောအရှိန်ဖြင့် သူ့ဆီသို့ ပျံသန်းလာ၏။

'ဒီအဘိုးကြီးက သူ့ဒဏ်ရာတွေကို ဂရုမစိုက်တော့ဘဲ ငါ့ကို သတ်ချင်နေတာပဲ'

လုမင်၏မျက်နှာက မှုန်ကုပ်သွားကာ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းလိုက်တော့သည်။

All Chapters