← Chapters

အခန်း ၁၄၆၉

Vol. 98 Ch. 1469

အခန်း ၁၄၆၉

Vol. 98 Ch. 1469

အပိုင်း ( 1469 ) ပြန်လည် တွေ့ဆုံခြင်း။

"ကောင်လေး၊ အခု ဒူးထောက်ပြီး မင်းရဲ့ပါးကို အကြိမ်နှစ်ရာ ပြန်ရိုက်လိုက်၊ ဒါဆိုရင် မင်းရဲ့အလောင်းကို အကောင်းအတိုင်း ချန်ထာပေးမယ်"

ကျင်းယွိက လုမင်ကို အထင်မြင်သေးဟန်ဖြင့် စိုက်ကြည့်လိုက်သည်။

"ဟာသပဲ၊ နျန်ချင်းနဲ့ ငါ ရင်းနှီးကျွမ်းဝင်ခဲ့တာက နှစ်ပေါင်းများစွာကြာနေပြီ။ ဘောင်မဝင်တဲ့စကားတွေ လာမပြောနဲ့"

လုမင် အေးစက်စက်ဖြင့် ပြောလိုက်၏။

လုမင်က ပြဿနာမဖြစ်လိုသော်လည်း ပြဿနာက သူ့ကိုဝင်တိုးနေမှတော့ မည်သို့ ရှောင်ထွက်တော့မည်နည်း။

ထို့အပြင် ဤလူငယ်များတွင် ရှဲ့နျန်ချင်းနှင့်ပတ်က်ပြီး ပုံမှန်မဟုတ်သော အတွေးများရှိနေမှန်း သူသိသည်။ ထိုအတွက်ကြောင့်ပင် သူ နောက်ဆုတ်တော့မည် မဟုတ်ပါ။ သူ လုမင်က ရှဲ့နျန်ချင်း၏ ချစ်သူဖြစ်ကြောင်း လူတိုင်းကို အသိပေးလိုသည်။

"သေစမ်း"

ကျင်းယွိက အော်ဟစ်ပြီး လက်ဝါးတစ်ဖက် ရိုက်ထုတ်လိုက်သည်။

"ဝုန်း"

ပေါက်ကွဲသံတစ်ချက်နှင့် ဧရာမလက်ဝါးကြီးက လုမင်ကို ဖိနှိပ်လိုက်၏။ ယင်းက နတ်ဆိုးအငွေ့အသက်များဖြင့် ပြည့်နှက်နေကာ စွမ်းအားကလည်း အံ့မခန်းပင်။

ယခင် ဖုန်းမိသားစု၏ခေါင်းဆောင်သည်လည်း စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူ ဖြစ်သည်။ သို့ရာတွင် သူ၏အရှိန်အဝါက ကျင်းယွိနှင့် နှိုင်းယှဉ်လျှင်တော့ ဘာမျှမဟုတ်ပေ။

ဤလူငယ်က ပါရမီရှင်တစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။

"ချိုးဖြတ်လော့"

လုမင်က ခပ်တိုးတိုးရေရွတ်ပြီး လှံတစ်လက်ဖြင့် ထိုးလိုက်သည်။

အစွန်းရောက်လှံ ဆယ့်သုံးချက်။

"ဝှစ်"

လှံအလင်းတစ်ခုက လေထုကို ဆုတ်ဖြဲပြီး နတ်ဆိုးလက်ဝါးကို ဖောက်ထွက်သွားသည်။

လှံဖျားမှ စွမ်းအင်စီးကြောင်းလေးခု ထွက်ပေါ်လာပြီး အံ့မခန်းစွမ်းအားဖြင့် ပေါက်ကွဲလိုက်ကြ၏။ နတ်ဆိုးလက်ဝါးကြီးက ပေါက်ကွဲထွက်ပြီး နတ်ဆိုးအငွေ့အသက်များအဖြစ် ပြောင်းလဲကာ လေထဲတွင် ပျောက်ကွယ်သွားတော့သည်။

"ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်နဲ့ အင်အားနည်းနည်းရှိတာပဲ၊ ဒါပေမဲ့ မင်းသေရမှာပဲ"

ကျင်းယွိ၏ မျက်လုံးများက အေးစက်သွားသည်။ သူ့အရှိန်အဝါများကလည်း ပို၍ အားကောင်းလာခဲ့၏။ သူ၏ နတ်ဆိုးအငွေ့အသက်များက မီးတောက်များကဲ့သို့ လောင်ကျွမ်းလာတော့သည်။

"ရပ်လိုက်စမ်း"

ထိုအချိန်တွင် စူးရှသော အသံကို ကြားလိုက်ရသည်။

ကျင်းယွိ တုန်လှုပ်သွားသည်။ လှည့်ကြည့်လိုက်ပြီးနောက် သူ့အမူအရာက သိသိသာသာ ပြောင်းလဲသွား၏။ သူက ချက်ချင်း ဦးညွှတ်ပြီး ပြောလိုက်သည်။

"ကျင်းယွိက သူတော်စင်ငယ်ကို နှုတ်ခွန်းဆက်ပါတယ်"

"သူတော်စင်ငယ်ကို နှုတ်ခွန်းဆက်ပါတယ်"

အခြား လူငယ်နှစ်ယောက်ကလည်း ဦးညွှတ်လိုက်ကြလေသည်။

"သူတော်စင်ငယ်လား"

လုမင်လည်း အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည်။

ထိုနေရာဘက်မှ မိန်းကလေးတစ်ယောက် သူတို့ဆီသို့ ပျံသန်းလာနေ၏။

သူမက အနက်ရောင် ဝတ်စုံကို ဝတ်ထားသည်။ သူမ၏ အသားအရည်က ဖြူဖွေးပြီး ရုပ်ရည်ကလည်း ချောမောပေသည်။

သို့ရာတွင် သူမက ရှဲ့နျန်ချင်းမဟုတ်ဘဲ လုမင် မရင်းနှီးသော မိန်းကလေးတစ်ယောက် ဖြစ်သည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် သူတော်စင်ငယ် တစ်ဦးထက်မက ရှိနေကြကြောင်း ထင်ရှားသည်။

သို့သော်လည်း ယင်းက ပုံမှန်ပင်။ ဂိုဏ်းအများစုတွင် သူတော်စင်ငယ်၊ သူတော်စင်သားတော်၊ ဂိုဏ်းချုပ်ငယ် စသည်ဖြင့် ရှိသည်။ သူတို့က ဂိုဏ်းတစ်ခု၏ အသန်မာဆုံး ပါရမီရှင်များဖြစ်ပြီး နောင်တွင် ထိုဂိုဏ်း၏ ခေါင်းဆောင်ရာထူးကို ဆက်ခံရန် အလားအလာရှိ၏။ သို့သော်လည်း များသောအားဖြင့် ထိုသို့သောလူက တစ်ဦးမကပေ။

အချို့ဂိုဏ်းများတွင် နှစ်ဦး၊ သုံးဦး သို့မဟုတ် ထို့ထက်မက ရှိကြသည်။

သူတို့ တစ်ယောက်ချင်းစီက အလွန်ထက်မြက်ကြပြီး အချင်းချင်း ယှဉ်ပြိုင်တတ်၏။ နောက်ဆုံး အသန်မာဆုံးသူသာလျှင် ဂိုဏ်းချုပ်ရာထူးကို အမွေဆက်ခံနိုင်မည် ဖြစ်သည်။

မိန်းကလေးက လေထဲမှ လျှောက်လာပြီး လုမင်တို့ရှေ့ကိုရောက်တော့ ရပ်တန့်သွားကာ ပြောလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ"

"သူတော်စင်ငယ်လျိုယွိ၊ ဒီမှာ အတင့်ရဲတဲ့ လူစိမ်းတစ်ယောက် ရောက်နေလို့ပါ။ သူက သူတော်စင်ငယ် ရှဲ့နျန်ချင်းရဲ့ချစ်သူလို့ ပြောဝံ့တယ်။ ငါတို့ သူ့ကို သတ်ရမယ်"

ကျင်းယွိက လေးလေးစားစား ပြောလိုက်သည်။

သူ၏ ကျင့်ကြံခြင်းက မဆိုးသော်လည်း လျိုယွိ၏ရှေ့မှာတော့ ရိုသေလေးစားပြီး ကြောက်ရွံ့နေရဆဲပင်။

"နျန်ချင်းရဲ့ ချစ်သူလား၊ စိတ်ဝင်စားစရာပဲ"

လျိုယွိ၏ မျက်လုံးများက အရောင်တစ်ချက်လက်သွားပြီး သူ့နှုတ်ခမ်းထောင့်မှာလည်း နားလည်ရခက်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူမက လုမင်ကိုကြည့်ပြီး ပြောလိုက်၏။

"နင်က တကယ်ပဲ နျန်ချင်းရဲ့ ချစ်သူလား"

"မှန်ပါတယ်။ ဒါက တကယ် ဟုတ်၊မဟုတ် နျန်ချင်းကိုတွေ့တာနဲ့ သိလိမ့်မယ်"

လုမင် ပြောလိုက်သည်။

"ကောင်းပြီလေ၊ ဒီတစ်ခါ နင့်ကိုယုံလိုက်မယ်။ ဒါပေမဲ့ နင် လိမ်ဝံ့ရင်တော့ ကောင်းကင်နတ်ဆိုးဂိုဏ်းက နင့်ရဲ့ သင်္ချိုင်းမြေဖြစ်မယ်ဆိုတာ သိထားရမယ်"

လျိုယွိ၏ မျက်လုံးများက သတ်ဖြတ်လိုသော အရိပ်အယောင်များ ပေါ်လာခဲ့သည်။

"ငါက ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူတစ်ဦးပါပဲ။ ငါ ဒီလောက်ထိ ဘယ်လိုသတ္တိကောင်းမှာလဲ"

လုမင် ပြုံးလိုက်သည်။

"ကောင်းပါပြီ၊ နျန်ချင်းကို သွားတွေ့ရအောင်"

လျိုယွိ ပြောလိုက်၏။

"သူတော်စင်ငယ်..."

ကျင်းယွိ၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။

"ပါးစပ်ပိတ်ထားစမ်း။ ငါ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာရှိတာလား"

လျိုယွိက ကျင်းယွိကို အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်၏။ ကျင်းယွိ၏ နဖူးမှ ချွေးများ ချက်ချင်းစိမ့်ထွက်လာပြီး ခေါင်းငုံ့သွားကာ အသံမထွက်‌ဝံ့တော့ပေ။

"သွားကြရအောင်"

လျိုယွိက လေထဲမှပင် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ နက်နဲရာဆီသို့ လျှောက်သွားသည်။ လုမင်လည်း လျိုယွိ၏နောက်သို့ လိုက်သွားခဲ့သည်။

လမ်းတွင် လူအချို့က လုမင်အား အထူးအဆန်းသဖွယ် လှမ်းကြည့်သော်လည်း လျိုယွိဖြစ်ကြောင်း တွေ့သောအခါ မည်သူမျှ ဘာမှ မပြောကြတော့ပေ။

နတ်ဆိုးတောင်များစွာကို ဖြတ်ကျော်ပြီးနောက် နတ်ဆိုးစွမ်းအင်များက ပို၍ အားကောင်းလာခဲ့သည်။

မကြာမီ၊ သူတို့က အလွန်ကြီးမားသော နတ်ဆိုးတောင်ဆီသို့ ရောက်လာခဲ့သည်။ ထို့နောက် ကြီးကျယ်ခမ်းနားသော နန်းတော်တစ်ခုရှေ့သို့ ရောက်သွားကြ၏။

"ဒါက နျန်ချင်းရဲ့ နေအိမ်ပဲ"

လျိုယွိက ပြောလိုက်သည်။

လုမင်၏ မျက်လုံးများမှာလည်း မျှော်လင့်ချက် အရိပ်အယောင်များ ပေါ်လာတော့သည်။

ရှဲ့နျန်ချင်းနှင့် မတွေ့ရသည်မှာ နှစ်ဝက်ကျော်သွားပြီ။

သူတို့နှစ်ဦးဟာ ရှန်းရွှီတိုက်ကြိးတွင် လမ်းခွဲကတည်းက မတွေ့ရခြင်း ဖြစ်သည်။ ယခုအခါ သူမ အဆင်ပြေရဲ့လား သူ သိချင်မိပေသည်။

"သူတော်စင်ငယ် လျိုယွိ၊ နင် ဒီကို ဘယ်အတွက်ရောက်လာတာလဲဆိုတာ သိပါရစေ"

လူလတ်ပိုင်း အမျိုးသမီးတစ်ဦးက လျိုယွိရှေ့တွင် ပေါ်လာကာ အနည်းငယ် ဦးညွှတ်လိုက်သည်။

"ကျေးဇူးပြုပြီး နျန်ချင်းကိုတွေ့ဖို့ သူငယ်ချင်းဟောင်းတစ်ယောက် ရောက်လာတယ်လို့ ပြောလိုက်ပါ"

လျိုယွိက ခပ်တိုးတိုး ပြောလိုက်၏။

"သူငယ်ချင်းဟောင်းလား"

လူလတ်ပိုင်းအမျိုးသမီးက ပြောဆိုပြီး လုမင်ကို အကဲခတ်သလို ကြည့်လိုက်သည်။

"ဒါက သူလား"

"ဟုတ်ပါတယ်၊ ဒါက လုမင်တဲ့။ သူက နျန်ချင်းရဲ့ ချစ်သူလို့ ပြောနေတယ်"

လျိုယွိ ပြုံးလိုက်သည်။

"သူတော်စင်ငယ်ရဲ့ ချစ်သူလား"

လူလတ်ပိုင်း အမျိုးသမီး၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

"သူက ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူတစ်ဦးပဲလေ။ သူတော်စင်ငယ်လျိုယွိ၊ နင် တစ်ခုခုများ မှားနေတာလား"

"ဒါက ကောင်းကင်နတ်ဆိုးဂိုဏ်းပါ။ သူ လိမ်ဝံ့မယ် မထင်ဘူး။ သူ မှန်တယ်၊ မှားတယ်က နျန်ချင်းထွက်လာရင် အဖြေပေါ်ပါလိမ့်မယ်"

လျိုယွိက ပြောလိုက်သည်။

လူလတ်ပိုင်း အမျိုးသမီး၏ မျက်လုံးများက အရောင်လက်သွားပြီးနောက် ခဏစဉ်းစားကာ ခေါင်းညိတ်လိုက်လေသည်။

"ကောင်းပါပြီ၊ ငါ သူတော်စင်ငယ်ကို အသိပေးလိုက်မယ်"

ထိုသို့ပြောပြီး လူလတ်ပိုင်းအမျိုးသမီးက လှည့်ကာ နန်းတော်ထဲကို ဝင်သွားသည်။

ခဏအကြာတွင် နန်းတော်အတွင်းမှ ပုံရိပ်တစ်ခုက လျင်မြန်စွာ ထွက်ပေါ်လာပြီး လုမင်ရှေ့တွင် ရပ်လိုက်၏။

"လုမင်၊ တကယ်ပဲ နင်လား"

အံ့အားသင့်ခြင်းနှင့် စိတ်လှုပ်ရှားမှုတို့ ရောနှောနေသော အသံတစ်သံကြားလိုက်ရသည်။

လှပသော ပုံရိပ်လေးတစ်ခုက လုမင်ရှေ့မှာရပ်ပြီး လုမင်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။

"နျန်ချင်း"

လုမင်လည်း ပျော်ရွှင်စွာ ပြုံးသွား၏။

သူတို့ ခွဲခွာခဲ့ရသည်မှာ နှစ်ဝက်ကျော်သွားပြီ။ နောက်ဆုံးတော့ ယွမ်လုတွင် ရှဲ့နျန်ချင်းကို ပြန်တွေ့ခဲ့ရပြီ ဖြစ်သည်။

သူတို့ နောက်ဆုံးတွေ့တာ နှစ်ဝက်ကြာခဲ့သော်လည်း ရှဲ့နျန်ချင်းကတော့ လှပနေဆဲပင်။ သူ့ထံမှ ဖြာထွက်နေသော နတ်ဆိုးအငွေ့အသက်များကတော့ ယခင်ကထက် ပို၍ ပြင်းထန်လာခဲ့သည်။ တချိန်တည်းမှာပင် သူမကို မြင်ရသူတိုင်း၏ နှလုံးသားများ လှုပ်ရှားသွားစေနိုင်သည့် ဆွဲဆောင်အားတစ်ခု ရှိသေးသည်။

ရှဲ့နျန်ချင်း၏ အနားမှာရပ်နေသော လျိုယွိရလည်း လှပသည်။ သို့သော်လည်း ရှဲ့နျန်ချင်းနှင့် အတူယှဉ်ရပ်လိုက်ချိန်မှာတော့ အနည်းငယ် မှေးမှိန်နေသေးသည်။ အခြားသူများ၏ အကြည့်များကလည်း လျိုယွိမှ ရှဲ့နျန်ချင်းဆီသို့ သဘာဝအတိုင်း ပြောင်းသွားကြသည်။

ယင်းကြောင့် လျိုယွိ၏ မျက်လုံးများက မနာလိုမှုတို့ လင်းလက်လာခဲ့သည်။ သို့သော်လည်း အပြင်ပန်းမှာတော့ ပြုံးနေဆဲဖြစ်လေသည်။

"ဂိုဏ်းတူညီမလေး၊ သူက နင့်ရဲ့ချစ်သူလို့ ပြောနေခဲ့တာ အခုတော့ ဒါက အမှန်ဖြစ်ပုံရတယ်"

"မှန်ပါတယ်"

ရှဲ့နျန်ချင်း ခေါင်းညိတ်လိုက်လိုက်သည်။

"ဟင်းဟင်း၊ ဒါဆိုရင်တော့ ဂိုဏ်းတူညီမလေးနျန်ချင်းကို ဂုဏ်ပြုလိုက်ပါတယ်နော်။ ဒါပေမဲ့ ငါ နည်းနည်းသိချင်နေမိတယ်။ နင့်ချစ်သူရဲ့ ကျင့်ကြံခြင်းအခြေခံက အတော်နိမ့်ကျတယ်လေ။ သူက ဒုတိယဆင့် သိုင်းအုပ်ချုပ်သူ..."

ထိုနေရာအရောက်တွင် လျိုယွိက ရပ်လိုက်သည်။ သို့ရာတွင် သူမ၏ လေသံမှာ သရော်လှောင်ပြောင်မှု အရိပ်အမြွက်တို့ အပြည့်ရှိ၏။

"ငါ့အမြင်အရတော့ လုမင်ရဲ့ အရည်အချင်းက နင့်ထက် အများကြီး ပိုသန်မာတယ်။ သူ့အတွက် နင့်ကို ကျော်ဖြတ်ဖို့ အချိန်သိပ်ကြာမှာမဟုတ်ဘူး။ ကောင်းပြီလေ၊ ဂိုဏ်းတူအစ်မ... ကျေးဇူးပြုပြီး ပြန်သွားပါတော့"

ရှဲ့နျန်ချင်းက လျိုယွိနှင့် အဆင်မပြေသကဲ့သို့ အေးစက်စက် ပြောလိုက်သည်။

"ခစ်ခစ်၊ ဒါဖြင့်လည်း ဂိုဏ်းတူညီမလေး... ငါအရင်သွားတော့မယ်"

လျိုယွိလည်း ခပ်တိုးတိုးရယ်ပြီး ပျံသန်းကာ ထွက်သွားတော့သည်။

"လုမင်... ငါနဲ့လိုက်ခဲ့ပါ"

ရှဲ့နျန်ချင်းက လုမင်၏ လက်ကိုဆွဲကာ နန်းတော်ထဲသို့ ဝင်သွားသည်။

နန်းတော် အနောက်ဘက်တွင် ခမ်းနားသော ဝင်းတစ်ခု ရှိသည်။ ဝင်းထဲတွင် ရှဲ့နျန်ချင်းက လုမင်၏ပခုံးပေါ်တွင် ဦးခေါင်းမှေးတင်ပြီး ရပ်နေ၏။ လုမင်လည်း အခွင့်အရေးကို အသုံးချပြီး ရှဲ့နျန်ချင်း၏ သွယ်လျသောခါးကိုဖက်ကာ ပတ္တမြားသဖွယ် အနီရဲရဲ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်လေသည်။

မြင်ကွင်းက နူးညံ့သိမ်မွေ့မှုနှင့် ပြည့်နေခဲ့သည်။

ဤသို့ဖြင့် အချိန်အတော်ကြာပြီးမှ နှုတ်ခမ်းများ ကွဲသွားကြလေသည်။

ထို့နောက် တစ်ယောက်ကိုတစ်ယောက်ဖက်ပြီး စကားစမြည် ပြောဆိုလိုက်ကြသည်။

"ရှောင်ချင်း၊ မင်းက ဘယ်လိုလုပ်ပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ သူတော်စင်ငယ် ဖြစ်လာတာလဲ။"

လုမင်လည်း သူသိချင်တာကို မေးလိုက်သည်။

All Chapters