အခန်း ၁၄၇၀
Vol. 98 Ch. 1470
အပိုင်း ( 1470 ) ပြဿနာ။
"ငါ ကောင်းကင်နတ်ဆိုးဂိုဏ်းကို ရောက်လာပြီးနောက် တစ်ယောက်နဲ့ မတော်တဆ ပြဿနာဖြစ်ခဲ့တယ်။ အဲဒီကနေ တိုက်ပွဲကြီးတစ်ခု ဖြစ်လာခဲ့တယ်လေ။ မမျှော်လင့်ဘဲ ငါက ဆရာရဲ့ မျက်နှာသာပေးခြင်းကို ခံခဲ့ရတယ်။ ငါ့ရဲ့ဆရာက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ပါ။ သူက ငါ့ကို တပည့်အဖြစ် လက်ခံခဲ့တာ။ နောက်ပိုင်းတော့ ငါက ရှားပါးတဲ့ ကောင်းကင်နတ်ဆိုးခန္ဓာလို့ စမ်းသပ်မိခဲ့တာကြောင့် ငါ့ကို ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ သူတော်စင်ငယ်အဖြစ် သတ်မှတ်ခဲ့တာပဲ"
ရှဲ့နျန်ချင်းက ရှင်းပြလိုက်သည်။
"ကောင်းကင်နတ်ဆိုးခန္ဓာ၊ အဲဒါက သန္ဓေဝိညာဉ်ခန္ဓာအမျိုးအစားလား"
လုမင် စိတ်လှုပ်ရှားသွား၏။
ယင်းက ဖြစ်နိုင်သည်။ နောက်ဆုံးတွင်၊ ရှန်းရွှီတိုက်အဖွဲ့အစည်း၏ ကျင့်ကြံခြင်းအဆင့်နှင့် အခြေအနေများက နိမ့်ကျလွန်းသည်။ ထိုနေရာတွင် ကောင်းကင်ကို အံတုနိုင်သော စွမ်းရည်အချို့ကို ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ပေ။
သို့ရာတွင် ယွမ်လုတိုက်ကြီးက ခြားနားသည်။
ထို့အပြင်၊ သန္ဓေဝိညာဉ်ခန္ဓာများမှာလည်း အမျိုးအစားများစွာ ရှိသေးသည်။
ဥပမာအားဖြင့်၊ ရင်ဖုန်း၏ သန္ဓေဝိညာဉ်ခန္ဓာက သန္ဓေဝိညာဉ်ခန္ဓာများထဲတွင် အညံ့ဆုံး ဖြစ်သည်။
သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ပြီးနောက် သူက အဆင့်နိမ့် မြေကမ္ဘာဝိညာဉ်ခန္ဓာအဖြစ်သာ ပြောင်းလဲနိုင်ခဲ့ပေသည်။
အချို့ သန်မာသော သန္ဓေဝိညာဥ်ခန္ဓာများက အလယ်အလတ်တန်းစား မြေကမ္ဘာဝိညာဉ်ခန္ဓာ သို့မဟုတ် အဆင့်မြင့် မြေကမ္ဘာဝိညာဉ်ခန္ဓာအဖြစ်သို့ပင် ပြောင်းလဲနိုင်ကြသည်။
ရှဲ့နျန်ချင်း၏ သန္ဓေဝိညာဉ်ခန္ဓာက ထိုကဲ့သို့ ထူးခြားသောအရာ ဖြစ်လိမ့်မည်။ ထို့ကြောင့်ပင် သူ့အား ကောင်းကင်နတ်ဆိုးဂိုဏ်း၏ သူတော်စင်ငယ်အဖြစ် သတ်မှတ်ခံခဲ့ရခြင်း ဖြစ်မည်။
ထို့အပြင်၊ လုမင်ဟာ ရှဲ့နျန်ချင်း၏ ကျင့်ကြံခြင်းအခြေခံက သူ့ထက် မြင့်မားကြောင်း သိခဲ့ရသည်။ သူမက တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သို့ပင် ရောက်ရှိခဲ့ပြီ။ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်မှ ခြေတစ်လှမ်းသာ ကွာဝေးသည်။
လုမင်လည်း ရှဲ့နျန်ချင်းက အဘယ်ကြောင့် မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေသို့ မသွားသည်ကို နောက်ဆုံး နားလည်သွားခဲ့သည်။ အကြောင်းမှာ ရှဲ့နျန်ချင်းက သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ချိုးဖြတ်သွား ခြင်းကြောင့် မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေသို့ မဝင်နိုင်တော့ခြင်းပင်။
ထို့နောက် လုမင်ဟာ လမ်းတစ်လျှောက်မှ သူ၏ အတွေ့အကြုံများကိုလည်း အတိုချုံးရှင်းပြခဲ့သည်။
"ရှောင်ချင်း၊ လျိုယွိက မင်းနဲ့ မသင့်မြတ်ဘူးလား"
လုမင် မေးလိုက်သည်။
"ဟုတ်တယ်၊ သူကော ငါပါ သူတော်စင်ငယ်တွေပဲ၊ ငါတို့က ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အနာဂတ် ဂိုဏ်းခေါင်းဆောင်ရာထူးအတွက် ယှဉ်ပြိုင်ဖို့ အရည်အချင်းပြည့်မီတယ်။ သူ နင့်ကို ခေါ်လာပေးတာက တကယ်တော့ ငါ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေချင်တာကြောင့်ပဲ"
ရှဲ့နျန်ချင်းက ရှင်းပြလိုက်သည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် တာအိုလက်တွဲဖော်ရှာဖွေခြင်းကို တားမြစ်ထားသော စည်းမျဉ်း မရှိပေ။ သို့ရာတွင် သူတော်စင်ငယ်များကိုတော့ သူတော်စင်နယ်ပယ်သို့ မချိုးဖြတ်နိုင်မီ အခြားသူများနှင့် မပေါင်းသင်းမိစေရန် ယေဘုယျအားဖြင့် မျှော်လင့်ထားကြသည်။
ယခုတော့ လျိုယွိက ရှဲ့နျန်ချင်းတွင် ချစ်သူရှိပြီး သူတို့ ချိန်းတွေ့နေကြကြောင်း အခြားသူများအား အသိပေးရန် လုမင်ကို ဤနေရာသို့ ရည်ရွယ်ချက်ရှိရှိ ခေါ်ဆောင်လာခဲ့ပေသည်။ ဤနည်းအားဖြင့်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ပုဂ္ဂိုလ်ကြီးများ၏ ရှဲ့နျန်ချင်းအပေါ်အမြင်က ဆိုးရွားသွားမည် ဖြစ်သည်။ သူမ ဂိုဏ်းခေါင်းဆောင်ရာထူးအတွက် ယှဉ်ပြိုင်ရန် အခွင့်အလမ်းလည်း ပို၍ နည်းပါးသွားလိမ့်မည်။
ဤသည်မှာ လျိုယွိမှ လုမင်အား ခေါ်ဆောင်လာရခြင်း၏ ရည်ရွယ်ချက် ဖြစ်သည်။
ရှဲ့နျန်ချင်းက နှုတ်ခမ်းကိုမဲ့ကာ တစ်ချက်ပြုံးပြီး ဆက်ပြောလိုက်သည်။
"သူ ဂိုဏ်းခေါင်းဆောင်ရာထူးအတွက် ယှဉ်ပြိုင်ချင်တယ်ဆိုရင်လည်း သူ့ဘာသာ ယှဉ်ပြိုင်ပါစေ။ ငါကတော့ ဂိုဏ်းခေါင်းဆောင်ရာထူးကို ဂရုမစိုက်ဘူး"
"ရှောင်ချင်း၊ မင်း စိတ်ဝင်စားစည်ဖြစ်စေ စိတ်မဝင်စားစည်ဖြစ်စေ... အနာဂတ်မှာ မင်း ပိုပြီး သတိထားသင့်တယ်"
လုမင်လည်း စိုးရိမ်စိတ်ဖြင့် သတိပေးလိုက်သည်။
"ငါနားလည်ပါတယ်"
ရှဲ့နျန်ချင်း ခေါင်းညိတ်လိုက်လေသည်။
နှစ်ယောက်သား စကားစမြည် ပြောနေခဲ့ကြသည်။
တစ်ချိန်တည်းမှာပင်၊ သိုင်းအုပ်ချုပ်သူနယ်ပယ် ဒုတိယအဆင့်မှ လူစိမ်း အမျိုးသားတစ်ဦးက သူတော်စင်ငယ် ရှဲ့နျန်ချင်း၏ ချစ်သူဖြစ်ကြောင်း သတင်းများ ကောင်းကင်နတ်ဆိုးဂိုဏ်း တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သည်။
"ဘာ၊ ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အမှိုက်က သူတော်စင်ငယ်ရဲ့ ချစ်သူလား။ ရယ်စရာပဲ"
"ငန်းအသား စားချင်နေတဲ့ ဖားတစ်ကောင်ပဲ။ သူက သူတော်စင်ငယ်နဲ့ မထိုက်တန်ကြောင်း ငါသူ့ကို အသိပေးလိုက်မယ်"
ဒေါသနှင့် မနာလိုခြင်းများ ပြည့်နှက်နေသော အသံများက လူငယ်များထံမှ ဆူဆူညံညံ ထွက်ပေါ်လာခဲ့သည်။
ထိုအခြေအနေကို ရှဲ့နျန်ချင်းနှင့် လုမင်ကတော့ သတိမထားမိကြသေးပါ။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ဖက်ပြီး အေးအေးဆေးဆေး ရှိနေဆဲ ဖြစ်သည်။
နာရီအနည်းငယ်ကြာပြီးနောက်...
"လုမင်၊ နင်က ကောင်းကင်နတ်ဆိုးဂိုဏ်းကို ရောက်လာခဲတယ်။ ငါ နင့်ကို လိုက်ပြမယ်လေ၊ ကောင်းကင်နတ်ဆိုးဂိုဏ်းမှာလည်း နေရာကောင်းတွေ ရှိတယ်"
ရှဲ့နျန်ချင်းက ပြောလိုက်သည်။
"ကောင်းတာပေါ့"
လုမင် ခေါင်းညိတ်လိုက်၏။
နှစ်ယောက်သား နန်းတော်မှ ထွက်လာပြီးနောက် လက်ချင်းချိတ်ကာ လေထဲမှ လမ်းလျှောက်ထွက်ခဲ့ကြသည်။
သို့သော်လည်း သိပ်မကြာခင်မှာပင် လူငယ်တစ်ယောက်က တားလိုက်သည်။
"သူတော်စင်ငယ်ကို ဘယ်လိုတောင် အခွင့်ကောင်းယူဝံ့တာလဲ။ မင်းသေသင့်တယ်"
လူငယ်က ဟိန်းဟောက်လိုက်၏။ လုမင်နှင့် ရှဲ့နျန်ချင်းက လက်တွဲထားသည်ကို မြင်လိုက်ရသောအခါ သူ့မျက်လုံးများက မနာလိုခြင်းဖြင့် မီးများ တောက်လောင်လာတော့သည်။
ရှဲ့နျန်ချင်းက ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဒဏ္ဍာရီတစ်ခုကဲ့သို့ ဖြစ်သည်။
သူသည် အဆင့်နိမ့် တိုက်ငယ်တစ်ခုမှ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တမန်တော်များ ခေါ်ယူခြင်းဖြင့် ရောက်ရှိလာခဲ့သူ ဖြစ်သည်။ ရောက်လာသည်နှင့်တပြိုင်နက် သူမကို ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်က တိုက်ရိုက်တပည့်အဖြစ် လက်ခံခဲ့၏။ နောက်ပိုင်း သူမတွင် ရှားပါးသော သန္ဓေဝိညာဉ်ခန္ဓာရှိကြောင်း သိရှိကြပြီး သူတော်စင်ငယ်အဖြစ် ခန့်အပ်ခံခဲ့ရပေသည်။
ထို့အပြင် ရှဲ့နျန်ချင်းက အလွန်လှပသည်။ ရှဲ့နျန်ချင်းနှင့် နှိုင်းယှဉ်ပါက ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အခြား မိန်းမလှအားလုံး မှေးမှိန်သွားလိမ့်မည်။
ထို့ကြောင့်ပင် ရှဲ့နျန်ချင်းက ကောင်းကင်နတ်ဆိုးဂိုဏ်းရှိ လူငယ်များစွာ၏ နတ်ဘုရားမတစ်ပါး ဖြစ်လာခဲ့ရသည်။
သို့သော်လည်း ရှဲ့နျန်ချင်း၏ စရိုက်က အေးစက်ပြီး ခပ်ခွာခွာနေတတ်သည်။ သူမက လူတိုင်းကို အေးစက်သောအမူအရာဖြင့် ဆက်ဆံပြီး ဒေါသထွက်လွယ်တတ်၏။ ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် သူမကို ပြုံးစေနိုင်သော လူငယ်တစ်ယောက်မှ မရှိခဲ့ပေ။
ယခုတော့ ရှဲ့နျန်ချင်း၏ ချစ်သူက ရုတ်တရက်ပေါ်လာပြီး သူမနှင့် လက်ချင်းချိတ်ကာ လျှောက်သွားနေခဲ့သည်။ ယင်းကြောင့် လူငယ်များ ဒေါသပေါက်ကွဲလုနီးပါး ဖြစ်ခဲ့ရသည်။ မနာလိုလွန်းလို့ သွေးများပင် အန်တော့မည်။
"ထွက်သွား"
ရှဲ့နျန်ချင်းထံမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"သူတော်စင်ငယ်၊ ဒီကောင်က အမှိုက်သာသာပဲလေ။ မင်း သေချာပြန်စဉ်းစားပါဦး"
လူငယ်က လက်မလျှော့ဘဲ အော်ပြောလိုက်သည်။
"ထွက်သွား၊ နင့်မှာ အသက်သုံးရှိုက်စာပဲ အချိန်ရမယ်"
ရှဲ့နျန်ချင်း အေးစက်စက် ပြောလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များက သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့သွား၏။
လူငယ်၏ မျက်နှာက ဒယ်အိုးဖင်ကဲ့သို့ မည်းမှောင်သွားသည်။ သို့သော်လည်း စောဒကမတက်ဝံ့တော့ဘဲ လုမင်ကို သတိပေးနေသလို ခပ်တင်းတင်းကြည့်ကာ လှည့်ထွက်သွားတော့သည်။
"ရှောင်ချင်း၊ မင်းက ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ အတော် နာမည်ကြီးနေပုံရတယ်"
လုမင် ရေရွတ်လိုက်သည်။
ရှဲ့နျန်ချင်းက ချစ်စဖွယ်ပြုံးရင်း လုမင်ကို လှည့်ကြည့်လိုက်၏။ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ အခြားလူငယ်များသာ ရှဲ့နျန်ချင်း၏ အမူအရာကိုမြင်လျှင် သူတို့ အံသြသွားလိမ့်မည်။
"ဘာဖြစ်လို့လဲ။ မနာလိုဘူးလား၊ ဖိအားတွေ ခံစားနေရပြီလား။ ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ ငါ့ကို ပိုးပန်းနေသူတွေ အများကြီးနော်။ အခြားဂိုဏ်းကြီးတွေက ပါရမီရှင်တွေတောင် ရှိတယ်။ သူတို့ထဲမှာ တချို့ဆိုရင် သိုင်းအုပ်ချုပ်သူနယ်ပယ်ရဲ့ အထွတ်အထိပ်ကိုတောင် ရောက်နေကြပြီ"
ရှဲ့နျန်ချင်းက မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း လုမင်ကို ကြည့်လိုက်သည်။
"တကယ်ပဲ ငါ နည်းနည်း မနာလို ဖြစ်ပါတယ်၊ ဒါပေမဲ့ ဖိအားမရှိဘူး။ ဒီလူတွေက ငါ့အမြင်မှာ ဘာမှမဟုတ်ဘူးလေ။ နှစ်အနည်းငယ်ကြာရင် သူတို့က ငါ့ရဲ့ပြိုင်ဘက် ဖြစ်လာတော့မှာ မဟုတ်ဘူး"
လုမင်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။
"နင် အတော်လေး အရှက်မဲ့လာတယ်နော်"
ရှဲ့နျန်ချင်းက ပြုံးပြီး ကြည့်လိုက်သည်။
ထိုအချိန်တွင် လုမင်က သူ့ရှေ့ကို ရုတ်တရက် ကြည့်လိုက်၏။
အဝေးမှ အလင်းတန်းများ ကောင်းကင်သို့ ထိုးတက်သွားတာကို မြင်လိုက်ရသည်။ သူတို့က ဝေးကွာနေသေးသော်လည်း ယင်းမှာ ဒေါသတကြီးဖြင့် သူတို့ဆီသို့ ပျံသန်းလာသော လူငယ်များဖြစ်ကြောင်း မြင်နိုင်သေးသည်။
လုမင်က နှုတ်ခမ်းကိုတွန့်ကွေးပြီး ပြောလိုက်သည်။
"ငါ့ကို အရှက်မရှိတဲ့သူလို့ ပြောလာမှတော့ ငါ ဘယ်လောက်ထိ အရှက်မဲ့တယ်ဆိုတာ ပြရသေးတာပေါ့"
ထိုသို့ပြောဆိုပြီးနောက် လုမင်က ရှဲ့နျန်ချင်း၏ သွယ်လျသောခါးကို တိုက်ရိုက်ပွေ့ဖက်ကာ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်တော့သည်။
"အတင့်ရဲလိုက်တာ၊ မင်းရဲ့ ညစ်ပတ်နေတဲ့ လက်တွေကို လွှတ်လိုက်စမ်း"
"ယုတ်မာတဲ့ ပုရွက်ဆိတ်၊ မင်း သတ္တိကောင်းလှချေလား။ ငါ မင်းရဲ့လက်တွေကို ဖြတ်မိတော့မယ်"
"ဟေ့ကောင်၊ အခုလွှတ်စမ်း"
လုမင်နှင့် ရှဲ့နျန်ချင်းရှေ့တွင် လူငယ်များစွာ ပေါ်လာခဲ့သည်။ လုမင်မှ ရှဲ့နျန်ချင်းအား ပွေ့ဖက်ထားသည်ကို တွေ့လိုက်သောအခါ သူတို့၏ မျက်လုံးများက ဒေါသဖြင့် မီးတောက်လောင်မတတ် ဖြစ်သွားသည်။ သူတို့၏ မျက်နှာများကလည်း နီရဲလာပြီး လုမင်ကို အစိမ်းလိုက်ဝါးစားပစ်ရန် မစောင့်နိုင်တော့ပေ။
"အားလုံး ထွက်သွားကြစမ်း၊ ဒါက နင်တို့နဲ့ ဘာမှမဆိုင်ဘူး"
ရှဲ့နျန်ချင်းက အေးစက်စက်ဖြင့် ပြောလိုက်သည်။
"သူတော်စင်ငယ်၊ မင်းက ငယ်ပါသေးတယ်။ ဒီကောင် လှည့်စားတာကို လက်မခံထားနဲ့"
"မှန်ပါတယ်။ မင်းမှာ တုနှိုင်းမရတဲ့ အရည်အချင်းရှိတယ်။ ဒါကြောင့် တူညီတဲ့ အရည်အချင်းရှိတဲ့ ယောက်ျားကိုပဲ ရှာရမယ်။ ဥပမာပြောရရင် ငါလိုလူပေါ့။ ဒီဒုတိယအဆင့်သိုင်းအုပ်ချုပ်သူက လုံးဝ အမှိုက်သာသာပဲကို"
လူငယ်များက တစ်ယောက်တစ်ပေါက် ပြောဆိုလိုက်ကြသည်။
"မော့ကျယ်"
ရုတ်တရက် လုမင်ဟာ လူအုပ်ထဲတွင် အသိကျွမ်းဟောင်း တစ်ယောက်ကို တွေ့လိုက်ရသည်။ ၎င်းက မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေအတွင်းကို ဝင်ရောက်ခဲ့သော မော့ကျယ်ပင် ဖြစ်ချေတော့သည်။