အခန်း ၁၄၇၁
Vol. 99 Ch. 1471
အပိုင်း ( 1471 ) တစ်ကွက်သာ။
လူအုပ်ထဲတွင် မော့ကျယ်က လှောင်ပြောင်သရော်ဟန်ဖြင့် ကြည့်နေသည်။ ဤအခိုက်တွင် သူက ရှေ့ကိုထွက်လာပြီး ဝင်ပြောလိုက်၏။
"လုမင်၊ မင်းနဲ့ သူတော်စင်ငယ်က တူညီတဲ့တိုက်ကြီးကနေ ရောက်လာကြပြီး ဟိုးအရင်ကတည်းက အချင်းချင်း သိကျွမ်းခဲ့ကြတယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ အဲဒီအချိန်က မင်းတို့ရဲ့ ချောင်ကျိုချောင်ကြားမှာ ပါရမီရှင်တွေ မရှိတာကြောင့် အမှိုက်ထဲက မင်းလိုကောင်က ပုလဲရတနာလို သူတော်စင်ငယ်နဲ့ ထိုက်တန်သလို ထင်ရစေခဲ့တာ"
"ဒါပေမဲ့ အခု သူတော်စင်ငယ်ရဲ့အရည်အချင်းတွေ ပေါ်လွင်လာခဲ့ပြီ၊ သူက မင်းနဲ့ တူညီတဲ့ကမ္ဘာမှာ လုံးဝ မရှိတော့ဘူး။ မင်းနဲ့ သူတော်စင်ငယ်ရဲ့ ကွာခြားချက်က အရမ်းကြီးလွန်းတယ်။ မင်းအတွက် ဘာကောင်းလဲဆိုတာ သိရင် သူဝောာ်စင်ငယ်ကို ထပ်လာပြီး မပတ်သက်ပါတော့နဲ့။ သူတော်စင်ငယ်ရဲ့ အချိန်တွေကို မဖြုန်းနဲ့"
လုမင်က အေးစက်စက်ဖြင့် တစ်ချက်ပြုံးကာ ပြောလိုက်သည်။
"ဒါဆို မင်းပြောချင်တာက မင်းဟာ အရမ်းသန်မာပြီး အရည်အချင်းကလည်း အရမ်းမြင့်မားတယ်ပေါ့"
"သေချာတာပေါ့၊ မင်းက ငါတို့နဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်နိုင်မှာလဲ"
တစ်ယောက်က လှောင်ပြောင်ပြောဆိုလိုက်၏။
"အဟက်"
လုမင် မထီမဲ့မြင်ဟန်ဖြင့် ပြုံးလိုက်သည်။
"ငါ လုမင်က တိုက်အဖွဲ့အစည်းတစ်ခုရဲ့ သေးငယ်တဲ့ ရှမ်းဟွမ်တိုက်ကြီးလို နေရာကနေ လာခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ အခု ငါ့အသက် နှစ်ဆယ့်ခြောက်နှစ်မှာ ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ရောက်နေပြီ။ ဒါပေမဲ့ မင်းတို့ ကိုယ့်ကိုယ်ကိုယ် ပါရမီရှင်လို့ ခေါ်တဲ့သူတွေ... ဒီလောက်ကောင်းမွန်တဲ့ ကျင့်ကြံခြင်းပတ်ဝန်းကျင်ကို ရရှိထားတာတောင် ကျင့်ကြံခြင်းအခြေခံက ဒါပဲရှိသေးတယ်။ ဒါနဲ့များ ငါ့ရှေ့မှာ ဘယ်လို မောက်မာတဲ့အမူအရာမျိုး ပြနေဝံ့တာလဲ။ ငါ့ကို နှစ်နည်းနည်း အချိန်ပေးရင် မင်းတို့အားလုံးကို ငါ့ခြေထောက်အောက်မှာ နင်းချေပြနိုင်တယ်"
လုမင်၏ မာန်မာနဖြင့် စွမ်းအားပြည့်ဝသောအသံက အဝေးကို ပျံ့လွင့်သွားခဲ့သည်။ ယင်းက ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူငယ်များကို မျက်နှာသုန်မှုန်သွားစေခဲ့ပေသည်။
"အတင့်ရဲလိုက်တာ၊ ငါတို့အားလုံးကို မင်းရဲ့ခြေအောက်မှာ နင်းနိုင်တယ်လို့ ပြောရအောင် မင်းကိုမင်း ဘယ်သူလို့ထင်လဲ"
"မင်းတို့ လူရိုင်းကျွန်းမှာ ဆရာကြီးလုပ်နိုင်ရုံနဲ့ ယွမ်လုမှာလည်း ဒီလိုလုပ်နိုင်မယ်လို့ ထင်နေတာလား။ မင်းကိုယ်မင်း ပိုတွက်နေတာပဲ"
လူငယ်များစွာက တစ်ယောက်တစ်ပေါက် အော်ဟစ်လိုက်ကြသည်။
သူတို့မှ တစ်ယောက်ကလည်း ရှေ့သို့လှမ်းထွက်လာပြီး ဒေါသတကြီး အော်ဟစ်ပြောဆိုလိုက်၏။
"ကောင်လေး၊ ငါက ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူပဲ။ မင်းငါ့ကို တိုက်ခိုက်ဝံ့သလား"
"မင်းတိုက်ခိုက်ချင်မှတော့ တိုက်ခိုက်ကြတာပေါ့"
လုမင်က ရှဲ့နျန်ချင်းကိုလွှတ်ပေးကာ ရှေ့သို့တိုးလိုက်သည်။
"ကောင်လေး၊ အဆင့်တူချင်းဖြစ်ရင်တောင် စစ်မှန်တဲ့စွမ်းအားက ဘယ်လောက်ထိ သန်မာတယ်ဆိုတာ မင်းသိအောင် ငါပြမယ်။ ငါ မင်းကို ဆယ်ကွက်အတွင်း အနိုင်ယူမယ်"
လူငယ်က အေးစက်စက် အော်ဟစ်လိုက်သည်။ နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ နတ်ဆိုးအငွေ့အသက်များကလည်း ကောင်းကင်ကို ထိုးတက်သွား၏။ သူ့လက်ကို ဝှေ့ယမ်းလိုက်တော့ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအလင်းရောင်တစ်ခုက လုမင်ထံသို့ တိုးဝင်လာတော့သည်။
"ထွက်သွား"
လုမင်၏ မျက်လုံးများက အရောင်တစ်ချက်လက်သွားပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
နဝမနဂါးခြေလှမ်း။
ယခုအခါ လုမင်က နဝမနဂါးခြေလှမ်းကို ပြီးပြည့်စုံခြင်းအဆင့်ထိ လေ့ကျင့်ထားပြီး ဖြစ်သည်။ သူ၏ ခြေလှမ်းတိုင်းက ကြောက်ခမန်းလိလိ စွမ်းအားကြီးပေသည်။
"ဝုန်း"
လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ လေထု တုန်ခါသွားခဲ့သည်။ ထို့နောက် နဂါးဟိန်းသံက ကောင်းကင်ကိုးဆင့်ကို တုန်ခါသွားစေခဲ့၏။ လုမင်၏ ခြေဖဝါးအောက်မှ နဝမနဂါးကြီးတစ်ကောင် ပြေးထွက်လာဝောာ့သည်။
နဝမနဂါးက ပြိုင်ဘက်၏ နတ်ဆိုးအလင်းကို ချက်ချင်း ချေမှုန်းပစ်လိုက်သည်။ ထို့နောက် တစ်ဖက်လူကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။
တစ်ဖက်လူထံမှ နာကျင်စွာ အော်ဟစ်သံနှင့်အတူ သွေးများ ဖြာခနဲ ဖြစ်သွား၏။ သူ့ခန္ဓာကိုယ်က အရုပ်ကျိုးပြတ် လွင့်စဉ်သွားကာ ပါးစပ်မှ သွေးများ အန်ထွက်လာတော့သည်။
နောက်ဆုံးတွင်၊ မီတာတစ်ထောင်ကျော်အထိ လွင့်စဉ်သွားပြီးမှ ရပ်တန့်သွားခဲ့သည်။
တစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့ချေပြီ။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ထိုလူက မယုံကြည်နိုင်သလို တစ်ယောက်တည်း ရေရွတ်လိုက်သည်။
မကြာသေးမီကပင် သူက မြင့်မားသူတစ်ယောက်ကဲ့သို့ အားအင်အပြည့်ဖြင့် လုပ်ဆောင်နေသေးသည်။ ယွမ်လု၏ ပါရမီရှင်ဟူသော ဘွဲ့အမည်ဖြင့် လူရိုင်းကျွန်းမှ ပုရွက်ဆိတ် လုမင်အား သင်ခန်းစာပေးလိုသည်။ သူတို့က တူညီသောအဆင့်တွင်ရှိလျှင်ပင် လုမင်ကို စစ်မှန်သော တိုက်ခိုက်နိုင်စွမ်းအား သိစေမည်ဟုလည်း ပြောခဲ့မိသည်။ ထို့ထက် သူဟာ လုမင်ကို ဆယ်ကွက်အတွင်း အနိုင်ယူမည်ဟု ပြောခဲ့သေးသည်။
သို့သော်လည်း ယခုတော့ လုမင်ထံတွင် တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားပြီ ဖြစ်သည်။
အစောပိုင်းမှ သူပြောခဲ့သောစကားများနှင့် လက်ရှိအခြေအနေကို နှိုင်းယှဉ်မိသောအခါ ရှက်လွန်းသဖြင့် တွင်းတစ်ခုရှာပြီး ဝင်ပုန်းနေရန်သာ ဆန္ဒရှိတော့သည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းမှ အခြား လူငယ်များလည်း မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
ထိုလူငယ်က ခေတ်သူမဟုတ်ဘဲ မြေကမ္ဘာ အဆင့်နိမ့် ဝိညာဉ်ခန္ဓာရှိသူ ဖြစ်သည်။ သူ၏တိုက်ခိုက်နိုင်စွမ်းကလည်း အားကောင်းပြီး အဆင့်တူကျင့်ကြံသူများကို အလွယ်တကူ ချေမှုန်းနိုင်စွမ်း ရှိ၏။ သို့တိုင် လုမင်ကို တစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့သေးသည်။ ယင်းက သူတို့၏ လုမင်အပေါ် အသိအမြင်များကို ပြန်လည်ဆန်းစစ်စေခဲ့သည်။
"ဘယ်သူ ငါ့ကို တိုက်ခိုက်ချင်သေးလဲ။ ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံက ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အစောပိုင်းအဆင့်မှာ ရှိတယ်။ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ဒါမှမဟုတ် သူ့အောက်က ဘယ်သူပဲဖြစ်ပဲဖြစ်ဖြစ် ငါ့ကိုလာပြီး တိုက်ခိုက်နိုင်တယ်။ မင်းတို့ ငါ့ကို အနိုင်ယူနိုင်သရွေ့ ငါ ချက်ချင်း ထွက်သွားမယ်"
လုမင်က လူအုပ်ကို ဝေ့ကြည့်လိုက်သည်။ သူ့အသံက အဝေးကို ပဲ့တင်ထပ်သွား၏။
"ဘာ၊ သိုင်းအုပ်ချုပ်သူနယ်ပယ် စတုတ္ထအဆင့်နဲ့ သူပအောက်က ကျင့်ကြံသူ ဘယ်သူဖြစ်ဖြစ် တိုက်ခိုက်နိုင်တာလား။ မောက်မာလိုက်တာကွာ"
"မင်း ကိုယ့်ကိုကိုယ် တော်တော်အထင်ကြီးနေတာပဲ"
ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူငယ်များက ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
လုမင်က စတုတ္ထမြောက် သိုင်းအုပ်ချုပ်သူနယ်ပယ် သို့မဟုတ် သူ့အောက်နယ်ပယ်ရှိ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ မည်သူမဆို သူ့ကိုတိုက်ခိုက်နိုင်ကြောင်း ပြောခဲ့၏။
သူသည် ဒုတိယအဆင့် သိုင်းအုပ်ချူပ်သူနယ်ပယ် အစောပိုင်းအဆင့်တွင်သာ ရှိသေးသော်လည်း ကောင်းကင်နတ်ဆိုးဂိုဏ်း၏ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ပါရမီရှင်များကိုပင် တိုက်ခိုက်နိုင်သည်ဟု ပြောဝံ့သည်။
"ကောင်လေး၊ မင်းကိုယ်မင်း အဆင့်တူသူတွေကို တိုက်ခိုက်နိုင်လို့ အရမ်းထူးချွန်ပြီလို့ မထင်နဲ့။ ငါ မင်းနဲ့ တိုက်ခိုက်မယ်"
လူငယ်တစ်ယောက်က ဒေါသတကြီး အော်ဟစ်ပြီး ရှေ့သို့ တိုးလိုက်သည်။ သူ့ထံမှ အားကောင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာ၏။ ကောင်းကင်ကို ဖုံးလွှမ်းသွားသော နတ်ဆိုးတိမ်တိုက်တစ်ခုလည်း ခဏချင်း ပေါ်လာတော့သည်။
သူ၏ ကျင့်ကြံခြင်းအခြေခံက တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်တွင် ဖြစ်သည်။
"ဒုန်း၊ ဒုန်း၊ ဒုန်း"
လုမင်က အချိန်မဆွဲပါ။ သူက ရှေ့သို့ ခြေတစ်ချက်လှမ်းပြီး နဝမနဂါးခြေလှမ်းကို ထပ်မံ ထုတ်ဖော်လိုက်သည်။
လုမင် ခြေတစ်ချက်လှမ်းလိုက်တိုင်း ဧရာမဘီလူးကြီးတစ်ကောင် လျှောက်လာသကဲ့သို့ ဟင်းလင်းပြင်က တုန်ခါသွား၏။
တခဏချင်းမှာပင် ဧရာမ နဝမနဂါးကြီးတစ်ကောင်က လေထဲတွင် ထွက်ပေါ်လာကာ ပြိုင်ဘက်ဆီကို တိုးဝင်သွားတော့သည်။
"ချိုးဖြတ်လော့"
ထိုလူငယ်က ဟိန်းဟောက်ပြီး လက်သီးချက်ပေါင်း ဒါဇင်နှင့်ချီကာ အဆက်မပြတ် ထုတ်ဖော်လိုက်သည်။ အနက်ရောင် လက်သီးအင်အားများက လုမင်ထံသို့ တိုးဝင်သွား၏။
သို့သော်လည်း နဝမနဂါးနှင့် တိုက်မိသောအခါတွင် လက်သီးအင်အား အားလုံး ပြိုကျသွားတော့သည်။
"ဝုန်း"
ယခင်လူငယ်ကဲ့သို့ပင် ထိုလူငယ် လွင့်စဉ်သွားခဲ့သည်။ နာကျင်စွာ အော်ဟစ်သံနှင့်အတူ သူ့ပါးစပ်ထဲမှ သွေးများ အန်ထွက်ခဲ့ပေသည်။
နောက်တစ်ဦး။
ယခင်လူငယ်ကဲ့သို့ပင် တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။
သူ့ကိုကြည့်ရသည်မှာ တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်နှင့် ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အကြားတွင် ကွာခြားပုံမပေါ်ပါ။
တစ်ခုတည်းသော ခြားနားချက်ဟူ၍ လုမင်က ခြေလှမ်းအနည်းငယ် ပို၍လှမ်းခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူငယ်များလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။ လုမင်၏အင်အားက ဘယ်လောက်တောင် ကြောက်စရာကောင်းနေပါသနည်း။ သူက တကယ်ပဲ လူရိုင်းကျွန်းက လူတစ်ယောက်လား။
အနောက်ဘက်တွင် ရှဲ့နျန်ချင်းက ပြုံးလိုက်သည်။
လုမင် ပို၍ သန်မာလာခဲ့ပြီ။
"ဟမ့်၊ ဒီတိုက်ခိုက်မှုနှစ်ခုမှာ သူက အင်အားအကုန်သုံးပြီး ထုတ်ဖော်ခဲ့ ဖြစ်ရမယ်။ သူက နောက်လူတွေမလာရဲအောင် သက်သက်ခြောက်နေတာ"
လူအုပ်ထဲမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။
မော့ကျယ်။
ထိုစကားကိုကြားတော့ လူအများ၏ မျက်လုံးများ အရောင်လက်သွား၏။ ယင်းက အမှန်တကယ် ဖြစ်ကောင်းဖြစ်နိုင်သည်။
လုမင်၏ အစောပိုင်းလှုပ်ရှားမှုများမှာ ရိုးရှင်းပုံပေါက်သော်လည်း သူ့အင်အားအကုန်သုံးပြီး ဝှက်ဖဲများကို ထုတ်ဖော်ထားခြင်း ဖြစ်နိုင်ချေရှိသည်။ ထို့ကြောင့်ပင် ပြိုင်ဘက်များကို တစ်ချက်တည်း အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်လိမ့်မည်။
သို့ဆိုလျှင် လုမင်၏ အင်အားက ယခုအခါ ကန့်သတ်ချက်သို့ ရောက်ရှိသွားနိုင်သည်။
ယင်းက ဖြစ်နိုင်ချေရှိ၏။ လူတော်တော်များများက ထိုသို့ ထင်လိုက်ကြသည်။
ထိုသို့မဟုတ်ပါက လူရိုင်းကျွန်းမှ နိမ့်ပါးသောပုရွက်ဆိတ်တစ်ကောင်ဟာ ဤမျှသန်မာသော တိုက်ခိုက်နိုင်စွမ်းကို မည်သို့ ထုတ်ဖော်နိုင်မည်နည်း။
"မော့ကျယ်၊ မင်းငါ့ကို လာပြီး တိုက်ခိုက်ဝံ့လား"
လုမင်က မော့ကျယ်ကိုစိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
မော့ကျယ် မျက်နှာကွက်ခနဲပျက်သွား၏။
မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေတွင် လုမင်နှင့် အမှန်တကယ် သူတိုက်ခိုက်ခဲ့ဖူးသည်။ ထိုစဉ်က သူဟာ လုမင်နှင့် မယှဉ်နိုင်ခဲ့ပေ။
"မော့ကျယ် သွားလိုက်ပါ၊ ဒီကောင်လေးကို ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ပါရမီရှင်တွေ ဘယ်လောက်ထိ အစွမ်းထက်ကြောင်း သိပါစေ"
"ဟုတ်တယ်၊ မင်းရဲ့ ခွန်အားနဲ့ဆိုရင် သူ့ကို ဖြုတ်ချဖို့ လွယ်လွယ်လေးပဲ"
ကောင်းကင်နတ်ဆိုးဂိုဏ်းမှ အခြားလူငယ်လေးများက ဝင်ရောက်တိုက်တွန်းလိုက်ကြသည်။ ယင်းက မော့ကျယ်၏ မျက်နှာကို ပို၍ မည်းမှောင်သွားစေခဲ့ပေသည်။
"ဘာလဲ၊ မင်းငါ့ကို မတိုက်ခိုက်ဝံ့ဘူးလား။ ဒါဆိုရင်လည်း ရှုံးနိမ့်တာကို ဝန်ခံပြီး အားလုံး ထွက်သွားကြစမ်း"
လုမင် လှောင်ပြောင်လိုက်သည်။
"အတင့်ရဲလိုက်တာ၊ မော့ကျယ်... သူ့ကို သင်ခန်းစာကောင်းကောင်းပေးလိုက်စမ်းပါ"
လူငယ်တစ်ယောက်က ဒေါသတကြီးဖြစ်သွားသည်။
"ဒုန်း"
မော့ကျယ်လည်း ငြိမ်မနေနိုင်တော့ပေ။ သူက ရှေ့ကိုထွက်လာပြီး လုမင်ကိုစိုက်ကြည့်ကာ ပြောလိုက်သည်။
"လုမင်၊ ခေတ်တွေပြောင်းသွားပြီ။ အခု ငါက မင်းကိုအနိုင်ယူဖို့ လုံလောက်ပြီ"
"ဝုန်း"
မော့ကျယ်ထံမှ အားကောင်းသော ရောင်ဝါတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။
သိုင်းအုပ်ချုပ်သူနယ်ပယ် တတိယအဆင့် အထွတ်အထိပ်။
မဟာဧကရာဇ်လျှို့ဝှက်နယ်မြေ ပြီးဆုံးချိန်မှစပြီး အချိန်တိုလေးအတွင်း မော့ကျယ်၏ ကျင့်ကြံခြင်းအခြေခံက သိုင်းအုပ်ချုပ်သူနယ်ပယ် တတိယအဆင့်၏ အထွတ်အထိပ်သို့ အမှန်တကယ် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။