အခန်း ၁၄၇၃
Vol. 99 Ch. 1473
အပိုင်း ( 1473 ) ကျင်းယွိနှင့် တိုက်ပွဲ။
ကျင်းယွိနှင့် ရင်ဆိုင်ရသောအခါ လုမင်လည်း သတိကြီးစွာထားပြီး မပေါ့ဆဝံ့ပေ။
ကျင်းယွိသည် လုမင်အား ပြင်းထန်သော ဖိအားပေးခဲ့သည်။
စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်ကို အလယ်အလတ်အဆင့် အုပ်ချုပ်သူဟု ခေါ်နိုင်သည်။ သူတို့၏အင်အားက တတိယအဆင့် သိုင်းအုပ်ချုပ်သူထက် များစွာ အားကောင်း၏။ ထို့အပြင် ကျင်းယွိ၏ ဝိညာဉ်ခန္ဓာက မရိုးရှင်းကြောင်း အခြား ကောင်းကင်နတ်ဆိုးဂိုဏ်းသား တပည့်များ၏ အမူအရာများမှ ပြောပြနိုင်သည်။
"အမှောင်ငှက်မွှေး"
ကျင်းယွိက လက်တစ်ဖက်ကိုဆန့်ပြီး လေထဲကို ဖမ်းဆုပ်ဟန်ပြုလိုက်သည်။ သူ့တာအိုနယ်မြေက ဖြန့်ကျက်ပြီး ထွက်ပေါ်လာ၏။
နတ်ဆိုးအငွေ့အသက်များ ပြည့်နှက်နေသော တာအိုနယ်မြေက လုမင်ဆီသို့ ဆက်လက် ဖြန့်ကျက်လာတော့သည်။
ဤတာအိုနယ်မြေတွင် အဆုံးမဲ့ နတ်ဆိုးစွမ်းအင်များ ပြည့်နေသည်။ လေထဲတွင် ဓားပျံများသဖွယ် လွင့်မျောနေသော ငှက်မွေးများတောင် ရှိသေးသည်။
"ဒါက ဂိုဏ်းတူအစ်ကိုကျင်းယွိရဲ့ အမှောင်ငှက်မွှေးတာအိုနယ်မြေပဲ"
"ဂိုဏ်းတူအစ်ကိုကျင်းယွိရဲ့ တာအိုနယ်မြေက ပဉ္စမအဆင့်ကို ရောက်သွားပြီ"
တစ်ယောက်ယောက်က အော်ပြောလိုက်သည်။
'အမှောင်ငှက်မွှေးတာအိုနယ်မြေ၊ အတော် အံ့သြစရာကောင်းတဲ့ တာအိုနယ်မြေပဲ'
လုမင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။
ကမ္ဘာပေါ်တွင် မရေအတွက်နိုင်သော တာအိုများရှိပြီး မည်သည့်တာအိုနယ်မြေကိုမဆို တွေ့နိုင်သည်။
အချို့သော ပါရမီရှင်များက သိုင်းအုပ်ချုပ်သူမဖြစ်မီတွင် တာအိုအမျိုးမျိုးကို နားလည်ကြသည်။ ထိုသို့ဖြင့် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ပြီးနောက် အံ့သြဖွယ်ကောင်းသော တာအိုနယ်မြေအချို့ကို ထုတ်ဖော်နိုင်ကြ၏။
ဥပမာအားဖြင့်၊ အချို့သောလူများက သိုင်းအုပ်ချုပ်သူနယ်ယ်သို့ မရောက်ရှိမီ လေနှင့်မီး တာအိုများကို နားလည်ကြသည်။ ထို့ကြောင့် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ပြီးနောက်၊ တာအိုနယ်မြေတစ်ခုတည်းထက် ပို၍အားကောင်းသော လေနှင့်မီး တာပိုနယ်မြေကို စုစည်းနိုင်လိမ့်မည်။
ကျင်းယွိ၏တာအိုနယ်မြေက အမှောင်နှင့်ငှက်မွှေးတာအိုနယ်မြေတို့ကို ပေါင်းစပ်ထားသော ပေါင်းစပ်တာအိုနယ်မြေတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ ထို့အပြင်၊ ၎င်းက သူ၏ ကျင့်ကြံခြင်းအဆင့်ထက် ကျော်လွန်ပြီး ပဉ္စမအဆင့်တွင် ဖြစ်၏။ ထိုစွမ်းအားက တကယ်ကို အံ့သြစရာ ဖြစ်သည်။
'ကစဉ့်ကလျားတာအိုနယ်မြေ'
လုမင်၏ အတွေးတစ်ခုဖြင့် ကစဉ့်ကလျားတာအိုနယ်မြေက ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
သူက ကစဉ့်ကလျားတာအိုနယ်မြေဖြင့် ကျင်းယွိ၏ အမှောင်ငှက်မွှေးတာအိုနယ်မြေကို တိုက်ခိုက်ရန် ကြိုးစားလိုက်ခြင်း ဖြစ်၏။
“ဟားဟားဟား၊ ဒီကောင်လေးက သူ့ကိုယ်သူ အထင်ကြီးနေတာပဲ။ ဂိုဏ်းတူအစ်ကိုကျင်းယွိရဲ့ တာအိုနယ်မြေကို သူ့ရဲ့ တာအိုနယ်မြေနဲ့ တကယ်ကြီး ရင်ဆိုင်ဝံ့တယ်"
"စောင့်ကြည့်ပါ၊ သူရှုံးတော့မယ်။ ဂိုဏ်းတူအစ်ကိုကျင်းယွိရဲ့ အမှောင်ငှက်မွှေးတာအိုနယ်မြေက ပဉ္စမအဆင့်မှာရှိပြီး သူကတော့ ဒုတိယအဆင့်မှာပဲ ရှိတယ်။ သူ ချက်ခြင်းပြိုကျတော့မှာပါလေ၊ အသက်တစ်ရှိုက်စာထက်ပိုပြီး ထိန်းထားနိုင်မှာ မဟုတ်ဘူး"
တစ်ဖက်တွင် လူငယ်အချို့က လှောင်ပြောင်လိုက်ကြသည်။
ဒုတိယအဆင့် တာအိုနယ်မြေဖြင့် ပဉ္စမအဆင့် တာအိုနယ်မြေကို တိုက်ခိုက်ရန် မည်သို့ဖြစ်နိုင်ပါမည်နည်း။
"ဒုန်း"
တာအိုနယ်မြေနှစ်ခု တိုက်မိပြီးနောက် လေထုကို တုန်လှုပ်သွားစေခဲ့သည်။ ထို့နောက်တော့ တာအိုနယ်မြေနှစ်ခုက ရောယှက်ပြီး ပြင်းထန်စွာ ဆန့်ကျင်ခဲ့တော့သည်။
အသက်တစ်ရှိုက်စာ၊ အသက်နှစ်ရှိုက်၊ အသက်သုံးရှိုက်...
မျက်စိတစ်မှိတ်အတွင်း အသက် ဆယ်ရှိုက်စာ ကြာသွားသည်။
တာအိုနယ်မြေများကတော့ တစ်ခုနှင့်တစ်ခု ရောထွေးပြီး အပြင်းအထန် တိုက်နေကြဆဲပင်။
ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူငယ်အချို့၏ မျက်နှာအမူအရာများ ပြောင်းလာခဲ့ကြသည်။ လုမင်ကိုကြည့်ရင်း သူတို့ မျက်လုံးများ ပြူးကျယ်သွား၏။
ဒုတိယအဆင့် တာအိုနယ်မြေတစ်ခုက ပဉ္စမအဆင့် အမှောင်ငှက်မွှေး တာအိုနယ်မြေကို အမှန်တကယ် ဆန့်ကျင်နိုင်သည်။ ထို့ပြင် အနိုင်ရသူကို အချိန်အတော်ကြာ ဆုံးဖြတ်ရခက်နေပုံရ၏။ ယင်းက မည်သို့ဖြစ်နိုင်ပါသနည်း။
ယင်းက မည်သို့သော တာအိုနယ်မြေအမျိုးအစားနည်း။ အဘယ်ကြောင့် ဤမျှ ကြောက်စရာကောင်းခဲ့ပါသနည်း။
"ပဉ္စမအဆင့် တာအိုနယ်မြေက ဒါပဲလား။ ပျက်စီးစမ်း"
ထိုအချိန်တွင် လုမင်က ရုတ်တရက် အေးစက်စက်ဖြင့်ပြောပြီး လက်တစ်ဖက်ကို ဖိချဟန်ပြုလိုက်သည်။
"ဝမ်"
ရှေးဦးကစဉ့်ကလျားတာအိုနယ်မြေက တုန်ခါသွားသည်။ ယင်းက သန်းနှင့်ချီ လေးလံလာပြီး အရာအားလုံးကို ဖိနှိပ်လိုက်၏။
"ဝုန်း"
ကျင်းယွိ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ သူ၏ အမှောင်ငှက်မွှေးတာအိုနယ်မြေက ပေါက်ကွဲသံနှင့်အတူ ပြိုကျသွား၏။ သူ့ခန္ဓာကိုယ်လည်း တုန်လှုပ်သွားပြီး ခြေလှမ်းသုံးလှမ်း ဆုတ်သွားရတော့သည်။
"ဒါက…"
အားလုံး အံသြသွားကြသည်။
ကျင်းယွိ၏မျက်နှာလည်း ဒယ်အိုးဖင်ပမာ မည်းမှောင်သွား၏။
တာအိုနယ်မြေချင်း ထိပ်တိုက်တွေ့ဆုံမှုတွင် သူက အမှန်တကယ် ရှုံးနိမ့်ခဲ့ရသည်။
သူ၏ ပဉ္စမအဆင့် တာအိုနယ်မြေက လုမင်၏ ဒုတိယအဆင့် တာအိုနယ်မြေကိုပင် မယှဉ်နိုင်ပေ။ ယင်းက ကျင်းယွိ၏ သတ်ဖြတ်ချင်စိတ်ကို ပို၍ ပြင်းထန်လာစေခဲ့သည်။
မူလက သူသည် ရှဲ့နျန်ချင်း၏ရှေ့တွင် ကောင်းမွန်စွာ စွမ်းဆောင်ပြီး လုမင်အား အလွယ်တကူ နင်းချေလိုခဲ့သည်။ သူသည် လုမင်က မည်မျှအားနည်းသည်ကို ရှဲ့နျန်ချင်းအား ပြချင်မိ၏။ သူကမှ စစ်မှန်သော ပါရမီရှင်ဖြစ်ကြောင်း ပြသလိုသည်။
ယခုမူ၊ သူ၏ ပဉ္စမအဆင့်တာအိုနယ်မြေက လုမင်၏ ဒုတိယအဆင့် တာအိုနယ်မြေကိုတောင် မယှဉ်နိုင်ခဲ့ပေ။ သူ့မျက်နှာ လုံးဝပျက်သွားသည်ဟု ဆိုနိုင်သည်။
"ဝုန်း"
ကျင်းယွိထံမှ အားကောင်းသော နတ်ဆိုးစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
"ကောင်လေး၊ တာအိုနယ်မြေက ကျင့်ကြံသူတစ်ဦးရဲ့ တိုက်ခိုက်မှုစွမ်းရည်တွေထဲက တစ်ခုထက်မပိုပါဘူး။ ဒါက လူတစ်ယောက်ရဲ့ တိုက်ခိုက်နိုင်စွမ်းကို ကိုယ်စားမပြုပါဘူး။ အခု မင်းကို စစ်မှန်တဲ့ တိုက်ခိုက်နိုင်စွမ်းက ဘယ်လိုဆိုတာ ငါပြမယ်"
ကျင်းယွိက အော်ဟစ်ကြုံးဝါးလိုက်သည်။ သူ၏ ဝိညာဉ်ခန္ဓာက နတ်ဆိုးစွမ်းအင်များဖြင့် တောက်ပလာ၏။ ကျင်းယွိ၏ မျက်ခုံးနှစ်ခုကြားမှ နတ်ဆိုးဓားပျံတစ်စင်း ထွက်လာပြီးနောက် သူ့လက်ထဲတွင် ဆုပ်ကိုင်ထာလိုက်တော့သည်။
"ဟာသပဲ၊ တာအိုနယ်မြေတစ်ခုက တစ်ဦးရဲ့ တိုက်ခိုက်ရေးစွမ်းအားအားလုံးကို ကိုယ်စားမပြုဘူးလား။ မင်းမှာ တကယ်အရည်အချင်းရှိရင် ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်အထိ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်လိုက်လေ။ ငါ မင်းကို တစ်ချက်တည်း အနိုင်ယူပြမယ့်
လုမင်က အထင်မြင်သေးစွာဖြင့် လှောင်ပြောင်ပြောဆိုလိုက်သည်။
ကျင်းယွိက လုမင်ကို ဖိနှိပ်ရန် သူ၏ တာအိုနယ်မြေကို ဦးစွာ အသုံးပြုခဲ့သည်။ သူ၏ တာအိုနယ်မြေက လုမင်နှင့် မယှဉ်နိုင်တော့မှ တာအိုနယ်မြေသည် လူတစ်ဦး၏ တိုက်ခိုက်ရေးအင်အားအားလုံးကို ကိုယ်စားမပြုကြောင်း ပြောခဲ့၏။ ယင်းက ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သနည်း။
"ဟမ့်"
ကျင်းယွိက နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။ သူ့မျက်နှာက ပို၍အေးစက်သွားပြီး ဓားချက် ထုတ်ဖော်လိုက်သည်။
ကောင်းကင်တွင် ဓားအလင်းတစ်ခု လင်းလက်သွားသည်။ အချိန်ခဏအတွင်း ဓားအလင်းက လုမင်ဆီသို့ ဖြတ်သန်းလာ၏။
လုမင်လည်း ယွမ်ချီစွမ်းအင်ကို ဖြန့်ကျက်လိုက်သည်။ ကစဉ့်ကလျားစွမ်းအင်ကြိုးမျှင်က သူ့ကြွက်သားများမှတဆင့် စီးဆင်းသွားပြီးနောက် သူ၏ဝိညာဉ်ခန္ဓာ ကြံ့ခိုင်မှုက တိုးတက်လာတော့သည်။
"ဂါး"
လုမင်၏ ခန္ဓာကိုယ်အတွင်းမှ နဂါးဟိန်းသံ ထွက်ပေါ်လာခဲ့သည်။
ထို့နောက်၊ လုမင်က ကစဉ့်ကလျားတာအိုနယ်မြေနှင့်အတူ လက်သီးချက် ထုတ်ဖော်လိုက်၏။
"ဝုန်း"
ဤလက်သီးချက်က ကျင်းယွိ၏ ဓားအလင်းပေါ်သို့ ကျရောက်သွားတော့ ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာတော့သည်။ လုမင်၏ ခန္ဓာနှင့် ကစဉ့်ကလျားတာအိုနယ်မြေက ပြင်းထန်စွာ တုန်ခါသွားရသည်။ ထို့အပြင် နောက်ကို ပြင်းပြင်းထန်ထန် ဆုတ်သွားရ၏။
'အတော်သန်မာတာပဲ'
မီတာတစ်ထောင်ခန့် ဆုတ်သွားပြီးမှ လုမင် ရပ်လိုက်သည်။ သူ့လက်သီးတွင် စပ်ဖျဉ်းဖျဉ်းဖြစ်နေသလို ခံစားလိုက်ရ၏။ တစ်ချိန်တည်းမှာပင် သူ့တစ်ကိုယ်လုံးမှ သွေးများ ဆူပွက်လာတော့သည်။
ကျင်းယွိ၏ ဝိညာဉ်ခန္ဓာကလည်း မော့ကျယ်ကဲ့သို့ အလယ်အလတ် မြေကမ္ဘာ ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်သည်မှာ သေချာသည်။ ထို့အပြင် သူ၏ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျင့်ကြံခြင်းအခြေခံကို ပေါင်းလိုက်သောအခါ သူ၏ တိုက်ခိုက်ရေး စွမ်းအားက အံ့မခန်းပင်။
ကျင်းယွိကဲ့သို့ ပါရမီရှင်တစ်ဦးဆိုပါက သိူင်းအုပ်ချုပ်သူနယ်ပယ် ပဉ္စမအလွှာမှ ကျင့်ကြံသူများကိုပင် အလွယ်တကူ သတ်ပစ်နိုင်သည်။ သို့မဟုတ် ထို့ထက်ပင် ပို၍ သန်မာဦးမည်။
"ဟားဟားဟား၊ အဲဒီကောင်လေး မယှဉ်နိုင်တော့ဘူး"
လူတော်တော်များများ ရယ်မောလိုက်ကြသည်။
နောက်ဆုံးတွင် ကျင်းယွိကို လုမင် မယှဉ်နိုင်တော့ပါ။ ဤတော့မှ သူတို့အားလုံး သက်ပြင်းချရင်း သက်သာရာ ရခဲ့ကြသည်။ နောက်ဆုံးမှာတော့ ယခင်က လုမင်တစ်ဦးတည်း၏ ဖိနှိပ်ခြင်းခံရပြီး သူတို့ မျက်နှာပျက်ခဲ့ရပေသည်။
"လုမင်"
တစ်ဖက်တွင် ရှဲ့နျန်ချင်းက စိုးရိမ်ပူပန်သော အမူအရာတို့ကို လှစ်ဟလာခဲ့သည်။
"အက်ကြောင်းတစ်ထောင်နတ်ဆိုးဓား"
ကျင်းယွိက လက်ဝါးတစ်ချက်ရိုက်ထုတ်ပြီး လုမင်ကို တွန်းထုတ်လိုက်သည်။ ထို့နောက် အခွင့်အရေးကို ဆုပ်ကိုင်ရင်း နတ်ဆိုးဓားဖြင့် လုမင်ဆီသို့ တစ်ဖန် ခုတ်ပိုင်းလိုက်၏။
အေးခဲလေပုလဲ၏ စွမ်းအင်များက လုမင် ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားသည်။ သူက လေဓာတ်စွမ်းအင်တာအိုသိုင်းကို အသုံးပြုခဲ့၏။ သူ့ခန္ဓာကိုယ်က ဖျတ်ခနဲတောက်ပြီး ကျင်းယွိ၏ ဓားအလင်းကို ရှောင်ထွက်သွားတော့သည်။
ကျင်းယွိ မျက်မှောင်ကြုတ်ပြီး ဓားချက် ထပ်မံထုတ်ဖော်လိုက်သည်။ ဤတစ်ကြိမ်တွင်၊ လုမင်၏ ဆုတ်ခွာရာလမ်းကြောင်းသုံးခုကို ပိတ်ဆို့ထားသည့် ဓားအလင်းသုံးခု ထွက်ပေါ်လာ၏။
သို့သော်လည်း လုမင်၏ အရှိန်က အလွန်မြန်သည်။ ကျင့်ကြံခြင်းအခြေခံ အားနည်းသူများဆိုပါက လုမင်၏ အရိပ်ကိုတောင် မမြင်နိုင်ပေ။ သူက ဓားအလင်းသုံးခုကို တစ်ခုပြီးတစ်ခု ရှောင်ထွက်သွားသည်။
"ဖြတ်၊ ဖြတ်၊ ဖြတ်စမ်း"
ကျင်းယွိ ဟိန်းဟောက်လိုက်သည်။ ဤတစ်ကြိမ်တွင် သူက ဓားအလင်းခုနစ်ခုကို ခဏချင်း ထုတ်ဖော်လိုက်၏။
ကံမကောင်းစွာဖြင့်၊ လုမင်က အားလုံးကို ရှောင်ထွက်နိုင်ခဲ့သည်။
"ချီးတဲ့မှပဲ၊ အဲဒါဘာလုပ်တာလဲကွ။ မင်းမှာ အရည်အချင်းရှိရင် ဂိုဏ်းတူအစ်ကိုကျင်းယွိကို ထိပ်တိုက် ရင်ဆိုင်လိုက်စမ်းပါ"
"ဟုတ်တယ်၊ မင်းက ရှောင်ပဲရှောင်တတ်တာလား"
လူငယ်တချို့က အားမလိုအားမရဖြစ်လာပြီး မကျေမနပ် အော်ဟစ်လိုက်ကြသည်။
"ရယ်စရာကောင်းလိုက်တာ၊ ကျင့်ကြံသူတစ်ယောက်ရဲ့ ကိုယ်ဖော့နည်းက သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည် တစ်စိတ်တစ်ပိုင်းမဟုတ်ဘူးလို့ ဘယ်သူပြောလဲ"
လုမင် လှောင်ပြောင်လိုက်၏။
ထိုလူငယ်များ၏ မျက်နှာများ နီရဲသွားကြသည်။
အမှန်လည်း ကိုယ်ဖော့နိုင်စွမ်းက တိုက်ခိုက်ခြင်း၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုပင်။
တိုက်ခိုက်မှု၊ လှုပ်ရှားမှုနှင့် ကာကွယ်ရေးတို့က လူတစ်ဦး၏ အင်အားများ ဖြစ်သည်။
ပြိုင်ဘက်ကိုပင် မထိနိုင်ပါက မိမိ၏ တိုက်ခိုက်နိုင်စွမ်းကို မည်သို့ အသုံးချရမည်နည်း။
"မင်းမလွတ်နိုင်ဘူး"
ကျင်းယွိ ဟိန်းဟောက်လိုက်သည်။ ဤတစ်ကြိမ်တွင် သူက ဓားအလင်းဆယ့်ရှစ်ခုကို တပြိုင်နက်တည်း ထုတ်ဖော်လိုက်၏။ ဓားအလင်းများက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ လုမင်ဆီသို့ ဖြတ်သန်းသွားတော့သည်။