အခန်း ၁၄၇၅
Vol. 99 Ch. 1475
အပိုင်း ( 1475 ) ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၏ သဘောထား။
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်က စန်းပြည်နယ်တွင် အုပ်စိုးရှင်အဆင့် တည်ရှိမှုတစ်ခု ဖြစ်သည်။ သူ၏ လှုပ်ရှားမှုတိုင်းက စန်းပြည်နယ်ကို တုန်ခါသွားစေနိုင်၏။
သူဟာ နဂါးနတ်ဘုရားတောင်ကြား၏ တောင်ကြားသခင်နှင့် အဆင့်ချင်းတူသော ပုဂ္ဂိုလ်ကြီးတစ်ဦးလည်း ဖြစ်ချေသည်။
လုမင်လည်း ရှေ့သို့တိုးပြီး လက်ယှက်ကာ ပြောလိုက်သည်။
"မျိုးဆက်သစ် လုမင်က အကြီးအကဲကို နှုတ်ခွန်းဆက်ပါတယ်"
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်လေသည်။
"ကောင်လေး၊ မင်းက တကယ်ကို သန်မာတာပဲ။ ကစဉ့်ကလျားတာအိုနယ်မြေကိုတောင် လေ့ကျင့်ထားနိုင်တာက တကယ်ကိုရှားတယ်"
"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
လုမင် လက်ယှက်ပြီး ပြောလိုက်၏။
"အင်း"
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်က ခေါင်းညိတ်ပြပြီး ရှဲ့နျန်ချင်းကို စူးစူးစိုက်စိုက်ကြည့်ကာ ပြောလိုက်သည်။
"လူငယ်တွေအချင်းချင်း ချစ်ကြ ကြိုက်ကြတာကို ငါကန့်ကွက်မှာမဟုတ်ဘူး၊ ဒါပေမဲ့..."
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၏ လေသံက ရုတ်တရက် ပြောင်းလဲသွားသည်။
"ဒါပေမဲ့ အခုက မင်းတို့ လူငယ်တွေအတွက် ကျင့်ကြံခြင်းရဲ့ ရွှေရောင်ခေတ်ပဲ။ ဒီအချိန်မှာ ကျင့်ကြံခြင်းကိုပဲ ဦးစားပေးသင့်တယ်။ မင်းရဲ့ အရည်အချင်းက မဆိုးပေမဲ့ မင်းရဲ့ ကျင့်ကြံခြင်းအခြေခံကတော့ နိမ့်ပါးလွန်းတယ်။ ကျယ်ပြောလှတဲ့ ယွမ်လုတိုက်ကြီးမှာ ဒါက ဘာမှမဟုတ်ဘူး။ လုံလောက်တဲ့ အင်အားမရှိရင် စစ်မှန်တဲ့ လွတ်လပ်မှုကို အမှန်တကယ် ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ ကောင်လေး... မင်းနားလည်လား''
လုမင် မျက်ခုံးတစ်ချက်လှုပ်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော် နားလည်ပါတယ်"
"နောက်ပြီးတော့ နျန်ချင်းမှာ မွေးရာပါ ကောင်းကင်နတ်ဆိုးခန္ဓာရှိတယ်။ ဒါက ကမ္ဘာမှာ ရှားပါးတဲ့အရာပဲ။ အခု ဂိုဏ်းထဲမှာတင် သူ့ကို သဘောကျနေသူတွေ အများကြီးရှိတယ်။ မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက ဒီလောက်အားနည်းတာ နျန်ချင်းကို ဘယ်လိုလုပ်ပြီး ကာကွယ်နိုင်မှာလဲ"
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က ဆက်ပြောလိုက်သည်။
လုမင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ ကောင်းကင်နတ်ဆိုးဂိုဏ်ချုပ်၏ အဓိပ္ပါယ်က သိသာထင်ရှားသည်။
"ဆရာ၊ ကျွန်မနဲ့ လုမင်က သေခြင်းရှင်ခြင်း အခြေအနေတွေကို အတူတူ ဖြတ်သန်းခဲ့ဖူးပါတယ်။ လုမင် ကျိန်းသေပေါက် တိုးတက်လာမယ်လို့ ကျွန်မယုံကြည်တယ်။ သူက တပည့်ကို ထိခိုက်ခံမှာမဟုတ်ပါဘူး"
ရှဲ့နျန်ချင်းက ပြောလိုက်သည်။
"ငတုံးမလေး၊ မင်းက နုံအလွန်းတာပဲ။ ရှမ်းဟွမ်တိုက်ကြီးကို ယွမ်လုနဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်နိုင်မှာလဲ"
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က ပြောလိုက်၏။
“ဒါပေမဲ့လို့ ဆရာ...”
ရှဲ့နျန်ချင်းက တစ်ခုခု ဆက်ပြောချင်သည်။
"နျန်ချင်း"
လုမင်က ရှဲ့နျန်ချင်း၏ စကားကို ကြားဖြတ်ပြောလိုက်လေသည်။
"နျန်ချင်း၊ အကြီးအကဲမှန်ပါတယ်။ ယွမ်လုတိုက်ကြီးက ရှမ်းဟွမ်တိုက်ကြီးထက် အဆပေါင်းများစွာ ကြီးမားတယ်။ ယွမ်လုတိုက်ကြီးမှာ ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံက နိမ့်ပါးလွန်းတာကြောင့် မင်းရဲ့ ကျင့်ကြံခြင်းအခြေခံကို သိပ်ပြီးအာမခံနိုင်ဘူး၊ ဒါပေမဲ့ ငါ သေချာပေါက် ကြိုးစားပြီး လေ့ကျင့်သွားမှာပါ။ အနာဂတ်မှာ ယွမ်လုရဲ့ အထွတ်အထိပ်ကို ငါရောက်တဲ့အခါ ငါတို့တွေ အမှန်တကယ် လွတ်လွတ်လပ်လပ် နေရလိမ့်မယ်"
"ဒါကြောင့်ပဲ မင်းလည်း ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ ကောင်းကောင်းလေ့ကျင့်ပါ။ အနာဂတ်မှာ မင်းနဲ့ငါ ကမ္ဘာအဆုံး ခရီးဆက်ကြမယ်"
ယင်းက လုမင်၏ ခံစားချက်အမှန် ဖြစ်သည်။ ယွမ်လုကို ရောက်လာပြီးမှ လုမင်ဟာ သူ့ကိုယ်သူ မည်မျှ အရေးမပါမှန်း သိလာခဲ့ရသည်။
ရှမ်းဟွမ်တိုက်ကြီးတွင် သိုင်းအုပ်ချုပ်သူက အမြင့်ဆုံးသော အုပ်စိုးရှင် ဖြစ်သည်။ သို့သော်လည်း ယွမ်လုမှာတော့ သိုင်းအုပ်ချုပ်သူများကို နေရာအနှံ့တွင် မြင်ရသည်။ သူတို့ကို ပုရွက်ဆိတ်များဟုပင် ဆို၍ရပေသည်။
ယွမ်လုတွင် စစ်မှန်သော အကျော်အမော် ပုဂ္ဂိုလ်များက တိမ်များကဲ့သို့ များပြား၏။
သိုင်းဧကရာဇ်တစ်ပါးကိုပင် လုမင် မြင်ဖူးသည်။ ယင်းက တကယ်ကို ကြောက်စရာကောင်းလွန်းလှပေသည်။
လောက၏ အထွတ်အထိပ်သို့ ရောက်နိုင်မှသာလျှင် အခြားသူများ၏ ချုပ်ကိုင်မှုမှ အမှန်တကယ် လွတ်လပ်၍ အချုပ်အနှောင်ကင်းမဲ့မည် ဖြစ်သည်။
ဤအခိုက်တွင် လုမင်၏စိတ်ထဲ၌ တိုက်ခိုက်လိုစိတ်တို့ ပြည့်နေခဲ့သည်။ သူ၏ ရည်မှန်းချက်က သူတော်စင်နယ်ပယ် သို့မဟုတ် သိုင်းဧကရာဇ်နယ်ပယ်မဟုတ်ဘဲ ကမ္ဘာလောက အထွတ်အထိပ်သို့ ဖြစ်၏။
ဖော်မပြနိုင်သော ယုံကြည်မှုတစ်ခုက လုမင်၏ ခန္ဓာကိုယ်မှ ထွက်လာတော့သည်။
“အတော် မာနကြီးတဲ့ လူငယ်လေးပဲ။ ဒါဆိုရင်လည်း မင်း အထွတ်အထိပ်ရောက်မဲ့နေ့ကို ငါစောင့်နေပါမယ်။ အခုတော့ သွားချေဦး"
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။
"ဆရာ၊ ကျွန်မ လုမင်ကို လိုက်ပို့ပေးချင်တယ်"
ရှဲ့နျန်ချင်းက ပြောသည်။
"ကောင်းပြီ"
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က ခေါင်းညိတ်လိုက်၏။ ထို့နောက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
"လုမင်..."
ရှဲ့နျန်ချင်းက လုမင်ကို တွန့်ဆုတ်နေသော အမူအရာဖြင့် ကြည့်လိုက်သည်။
"ငတုံးမလေး၊ ငါက ဒီကို မင်းနဲ့တွေ့ဖို့သက်သက် ဝင်လာခဲ့တာပဲလေ။ မင်းနဲ့တွေ့ပြီးရင် ငါထွက်သွားရမှာပဲ။ ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ ငါ အမြဲနေလို့ ဘယ်ရပါ့မလဲ"
လုမင်က ရှဲ့နျန်ချင်း၏ လက်ကလေးကို ခပ်ဖွဖွ ဖျစ်ညှစ်ဆုပ်ကိုင်ပြီး ပြုံးကာပြောလိုက်သည်။
"နောက်ပြီးတော့ ကောင်းကင်နတ်ဆိုးဂိုဏ်းက နဂါးနတ်ဘုရားတောင်ကြားနဲ့လည်း သိပ်မဝေးပါဘူး။ အချိန်ရတဲ့အခါ ပြန်လာတွေ့လို့ရတယ်"
လုမင် ဆက်ပြောလိုက်၏။
"အင်း"
ရှဲ့နျန်ချင်းလည်း ညင်သာစွာ ခေါင်းညိတ်ပြလိုက်လေသည်။ ထို့နောက် လုမင်၏ လက်ကိုဆွဲပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ထွက်ခဲ့သည်။
မကြာမီ၊ သူတို့က ကောင်းကင်နတ်ဆိုးဂိုဏ်း အပြင်ကို ရောက်လာကြ၏။ ရှဲ့နျန်ချင်းကတော့ လုမင်နှင့် လမ်းခွဲရန် တွန့်ဆုတ်နေဆဲပင်။ သူက လုမင်နှင့် ပို၍ အချိန်ကြာကြာ ရှိချင်သည်။ ထို့ကြောင့် တဖြည်းဖြည်းချင်း လျှောက်ခဲ့ကြလေသည်။
ဤသို့ဖြင့် နေ့တစ်ဝက်လောက် ကုန်သွားသည်။
"ရှောင်ချင်း၊ မင်း ပြန်သွားသင့်ပြီ။ မင်း ဆက်ပြီးလိုက်နေရင် ငါတို့ နဂါးနတ်ဘုရားတောင်ကြားကို ပြန်ရောက်သွားတော့မယ်"
လုမင် ပြုံးပြီး ပြောလိုက်သည်။
"လုမင်၊ ဆရာ့ကို အပြစ်မတင်ပါနဲ့။ သူက…"
ရှဲ့နျန်ချင်းက ခပ်တိုးတိုးလေး ပြောသည်။ သို့သော်လည်း သူ့စကားမဆုံးမီပင် လုမင်၏နှုတ်ခမ်းက သူမ၏နှုတ်ခမ်းများကို ဖိကပ်သွားခဲ့ပြီ။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားကြသည်။
ဆယ်မိနစ်ကျော်ခန့် ကြာပြီးမှ သူတို့နှစ်ယောက် လူချင်းခွဲလိုက်ကြလေသည်။
"ဘာမှပြောစရာ မလိုပါဘူး။ မင်းငါ့ကို ယုံထားဖို့ပဲ လိုတယ်။ အနာဂတ်မှာ ငါ ဒီကမ္ဘာကို သေချာပေါက် စိုးမိုးလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် ငါတို့ကို ဘယ်သူကမှ တားဆီးနိုင်မှာမဟုတ်တော့ဘူး"
လုမင်က ပြုံးပြီး ရှဲ့နျန်ချင်းအတွက် အနက်ရောင် လက်ကောက်တစ်ခုကို ထုတ်ယူလိုက်သည်။
မဟာဧကရာဇ်၏လျှို့ဝှက်နယ်မြေမှ လုမင် ရရှိခဲ့သော လက်ကောက် ဖြစ်၏။
"သူတော်စင်ရတနာလား"
ရှဲ့နျန်ချင်း၏ မျက်လုံးများက အရောင်လက်သွားကာ ရေရွတ်လိုက်သည်။
"ငတုံးမလေး ပြန်သွားတော့၊ ငါလည်း သွားတော့မယ်"
လုမင်လည်း ရှဲ့နျန်ချင်း၏ နဖူးကို ခပ်ဖွဖွနမ်းပြီး လှည့်ထွက်သွားသည်။
"လုမင်၊ ငါလည်း ကြိုးကြိုးစားစား လေ့ကျင့်မယ်။ နင် အထွတ်အထိပ်ကို ရောက်တဲ့အခါ ငါ နင်နဲ့အတူ လိုက်ခဲ့မယ်"
ရှဲ့နျန်ချင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထို့နောက်တော့ ကောင်းကင်နတ်ဆိုးဂိုဏ်းဆီသို့ လှည့်ပြန်ခဲ့တော့သည်။
...........
"ဝှစ်"
လုမင်က ကောင်းကင်မှ ဖြတ်သန်းသွားရင်း လေကိုဆန့်ကာ ရပ်ကာလိုက်သည်။
"အနာဂတ်မှာ ကမ္ဘာကြီးကို ငါ သေချာပေါက် စိုးမိုးနိုင်လိမ့်မယ်"
လုမင် ဟိန်းဟောက်လိုက်၏။ သူ့အသံက မိုင်ထောင်ပေါင်းများစွာ ပဲ့တင်ထပ်သွားသည်။
ကောင်းကင်နတ်ဆိုးဂိုဏ်း ခရီးစဉ်အတွင်း သူ သက်တောင့်သက်သာ ခံစားခဲ့ရသည်ဟုဆိုလျှင် လိမ်ညာပြောဆိုခြင်းသာ ဖြစ်လိမ့်မည်။
မျိုးဆက်သစ်များကို မဆိုထားဘိ၊ နောက်ဆုံးတွင် ရှဲ့နျန်ချင်း၏ ဆရာသခင်သည်ပင် ပေါ်လာခဲ့သည်။ သူ့စကားမှာ ရိုးရှင်းသော်လည်း သူ့သဘောထားက ထင်ရှား၏။ လုမင်က အားနည်းလွန်းကာ ရှဲ့နျန်ချင်းနှင့် မထိုက်တန်ပေ။ ထို့ကြောင့် ရှဲ့နျန်ချင်းနှင့် တတ်နိုင်သမျှ ဝေးဝေးနေရမည် ဖြစ်သည်။
ဤသည်က ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၏ စစ်မှန်သော ရည်ရွယ်ချက်ပင်။
လုမင်လည်း ရှဲ့နျန်ချင်းကို ယွမ်လုသို့ ရောက်ရှိသည်နှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၏ တပည့်အဖြစ် လက်ခံခြင်း ခံရမည်ဟု မမျှော်လင့်ခဲ့ပေ။ သူမက ကောင်းကင်နတ်ဆိုးဂိုဏ်း၏ သူတော်စင်ငယ် ဖြစ်လာခဲ့သည်။
ထို့ကြောင့်ပင် သူတို့ကြားတွင် အနှောင့်အယှက်များ ရှိလာခဲ့ပေသည်။
လုမင်လည်း သူ့ဒေါသကို ထိန်းလိုက်သည်။
သို့ရာတွင်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ် မမှားတာကို သူသိသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက အားနည်းနေသေးသည်။
ယခုအချိန်တွင် ရှဲ့နျန်ချင်းကို သူနှင့်အတူခေါ်ထားပါက လွတ်လပ်မှုရှိဦးမည် မဟုတ်ပါ။ ယခုနေ သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ ကျွမ်းကျင်သူတစ်ဦးက ရှဲ့နျန်ချင်းကို တပ်မက်ခဲ့သည်ရှိသော သူဘာလုပ်နိုင်မည်နည်း။
ခွန်အား၊ အရာအားလုံးက ခွန်အားပေါ်တွင်မူတည်နေသေးသည်။
သူ ပိုပြီး သန်မာဖို့ လိုသည်။
လုံမန်နဂါးမဟာမိတ်ကို ထူထောင်ပြီး ရှမ်းဟွမ်တိုက်ကြီးကိုအုပ်စိုး၍ တိရီကို သတ်လိုက်ပြီးကတည်းက လုမင် အနည်းငယ် စိတ်အေးလက်အေး ရှိခဲ့သည်။
သူ၏ သိုင်းတာအိုကိုလိုက်စားခြင်းက မပြောင်းလဲသော်လည်း ယခင်ကဲ့သို့ ဖိအားများကို မခံစားရပေ။ ဖိအားများမရှိပါက ရှေ့ကိုဆက်ရန် ပေါ့လျော့နိုင်သည်။
ယခုတော့ နောက်ထပ် ပြင်းထန်သော ဖိအားတစ်ခု ထွက်ပေါ်လာခဲ့ပြီ။
"ဝှစ်"
လုမင်လည်း ကောင်းကင်ကိုဖြတ်ပြီး ရှေ့သို့ လျင်မြန်စွာ ပျံသန်းသွားသည်။ သူဟာ ကျယ်ပြောလှသော နယ်မြေကြီးကို လျှပ်တပြက်အတွင်း ဖြတ်သန်းပြီး နဂါးနတ်ဘုရားတောင်ကြားကို ဦးတည်သွား၏။
ရုတ်တရက် လုမင်၏ နှလုံးသားက တင်းကြပ်လာခဲ့သည်။ ကြီးမားသော အန္တရာယ်ကို ခံစားလိုက်ရ၏။
အနက်ရောင်တောင်ပံများက လုမင်၏ နောက်ကျောတွင် ပေါ်လာပြီး သူ့တကိုယ်လုံးကို ရစ်ပတ်သွားတော့သည်။
"ဝှစ်"
မိုးနှင့်မြေကို ဖြတ်နိုင်ပုံရသော နတ်ဆိုးဓားအလင်းတစ်ခုက ကောင်းကင်မှ လုမင်ဆီသို့ ဖြတ်လာခဲ့သည်။
"ထန်"
နတ်ဆိုးဓားအလင်းက အနက်ရောင်အတောင်ပံများကို ခုတ်ထစ်လိုက်၏။ လုမင်လည်း တောင်ကြီးတစ်လုံးဖြင့် တိုက်မိသလို ခံစားရကာ လွင့်စဉ်သွားတော့သည်။
မီတာထောင်ပေါင်းများစွာ ပျံသန်းပြီးမှ သူ့ခန္ဓာကိုယ်ကို တည်ငြိမ်စေနိုင်ကာ ပါးစပ်မှ သွေးများ ထွက်လာခဲ့သည်။
"ကောင်းကင်နတ်ဆိုးဂိုဏ်း"
လုမင်၏ မျက်လုံးအကြည့်များက လျှပ်စီးတဖျတ်ဖျတ်လက်သွားသည်။
ကောင်းကင်မှ လူရိပ်ခြောက်ခု ဆင်းသက်လာ၏။ သူတို့က လုမင်ကို အရပ်ရပ်မှ ဝိုင်းရံကာ ပိတ်ဆို့ထားလိုက်ကြတော့သည်။