← Chapters

အခန်း ၁၄၇၇

Vol. 99 Ch. 1477

အခန်း ၁၄၇၇

Vol. 99 Ch. 1477

အပိုင်း ( 1477 ) မရဏနယ်မြေ။

အနက်ရောင်အလင်းတန်း ခုနစ်ခုက လျှပ်စီးကြောင်းခုနစ်ခုကဲ့သို့ ကောင်းကင်တွင် ဖြတ်သန်းသွားသည်။

လုမင်တွင် အနက်ရောင်တောင်ပံများနှင့် အေးခဲလေပုလဲတို့ရှိသော်လည်း ကျင့်ကြံခြင်းအခြေခံ နိမ့်ကျလွန်းသောကြောင့် အားနည်းချက်တစ်ခု ရှိနေဆဲပင်။

မော့ဟဲနှင့် အခြား သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူငါးဦးကလည်း အရှိန်အဝါအပြည့်ဖြင့် လုမင်နောက်ကို မဆုတ်မနစ် လိုက်လာခဲ့ကြသည်။

မကြာမီ၊ သူတို့က အဝေးကြီးကို ပျံသန်းလာခဲ့ကြပြီဖြစ်သော်လည်း နှစ်ဘက်ကြားမှ အကွာအဝေးက တိုးမလာသလို နီးလည်း မနီးလာခဲ့ပေ။

"ပူဖောင်းလေး"

လုမင်က ပူဖောင်းလေးကို အသံပို့လွှတ်ကာ ပြောလိုက်သည်။

ပူဖောင်းလေးလည်း အချိန်ဟင်းလင်းပြင်လျှောက်လမ်းကို ထပ်မံ ဖွင့်ချလိုက်၏။ နောက်အခိုက်တွင် လုမင်က မိုင်ထောင်ချီအကွာ‌အဝေးတွင် ပြန်ပေါ်လာကာ သူတို့ကြားမှ အကွာအဝေးကလည်း ကြီးမားသွားတော့သည်။

"ချီးပဲ၊ မင်း ပြေးချင်ရင် ဒီလောက်ဘယ်လွယ်ကူပါ့မလဲ"

မော့ဟဲက ဟိန်းဟောက်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ရတနာတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဟင်းလင်းပြင်လွန်းပျံတစ်ခု ဖြစ်၏။ ယင်းက အပြင်ရောက်သည်နှင့် တပြိုင်နက် ကြီးမားလာကာ ခဏချင်း မီတာရာနှင့်ချီ၍ ရှည်လျားလာလာတော့သည်။

"တက်ကြ"

မော့ဟဲ အော်ပြောလိုက်သည်။

အခြား သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူငါးဦးလည်း ဟင်းလင်းပြင်လွန်းပျံပေါ်ကို ပျံသန်းသွားကြသည်။

"ဝှစ်"

ဟင်းလင်းပြင်လွန်းပျံက အံ့မခန်း အမြန်နှုန်းဖြင့် ပျံသန်းသွား၏။ ယင်းက သူတို့ဘာသာ ပျံသန်းသည့်အမြန်နှုန်းထက် အများကြီးပိုမြန်ကာ လုမင်အနီးသို့ လျင်မြန်စွာ ချဉ်းကပ်လာတော့သည်။

"မကောင်းတော့ဘူး"

လုမင်၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။

ဟင်းလင်းပြင်လွန်းပျံသည် မြန်ဆန်လွန်း၏။ ယင်းက ယွမ်လု၏ အကျော်အမော်များ ခရီးသွားရန် အသုံးပြုသော ရတနာတစ်ခု ဖြစ်ချေသည်။

လုမင် မျက်နှာပျက်သွားသည်။ သူက အင်အားအပြည့်ဖြင့် ပျံသန်းခဲ့သော်လည်း ဟင်းလင်းပြင်လွန်းပျံမှာ တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ။

လုမင်လည်း နှစ်ဖက်ကြားမှ အကွာအဝေးကိုတိုးမြင့်ရန် ပူ‌ဖောင်းလေးအား အချိန်ဟင်းလင်းပြင် လျှောက်လမ်းတစ်ခု ထပ်မံဖွင့်ခိုင်းလိုက်ရသည်။

"မင်း ဘယ်လောက်ကြာကြာ ပြေးနိုင်လဲ ကြည့်ရသေးတာပေါ့"

ဟင်းလင်းပြင်လွန်းပျံတွင် မော့ဟဲ၏ မျက်လုံးများက အေးစက်နေခဲ့သည်။

ဤသို့ဖြင့် နေ့တစ်ဝက်ခန့် ကြာသွားပြီ။

"ဒီအတိုင်းဆက်သွားလို့တော့ မဖြစ်‌တော့ဘူး"

လုမင် မျက်မှောင်ကြုတ်လိုက်သည်။ ဤအတိုင်းဆက်သွားပါက ပူဖောင်းလေး မခံနိုင်တော့ဘဲ စွမ်းအင်ကုန်သွားလိမ့်မည်။ ထိုအချိန်တွင် သူ့အတွက် လွတ်မြောက်ရန် ဒုတိယအခွင့်အရေး မရှိနိုင်တော့ပေ။

ရှေ့တွင် မြစ်ကြီးတစ်စင်း ပေါ်လာခဲ့သည်။

တစ်ခုထူးဆန်းသည်မှာ မြစ်ရေက မှင်ကဲ့သို့ မည်းနက်နေခြင်း ဖြစ်၏။

မြစ်တစ်ဖက်ကမ်းမှာလည်း အနက်ရောင်များချည်း ဖြစ်သည်။

အနက်ရောင်မြေဆီ၊ အနက်ရောင်ကျောက်တုံးများ၊ အနက်ရောင်ပန်းပွင့်များနှင့် သစ်ပင်များပင် အနက်‌ရောင်များသာ ဖြစ်ချေသည်။

မြစ်၏ တစ်ဖက်ကမ်းနှင့် သည်ဘက်ကမ်းက မတူညီသော ကမ္ဘာနှစ်ခုကဲ့သို့ ဖြစ်သည်။ ယင်းက အလွန်ထူးဆန်းပေသည်။

သို့သော်လည်း လုမင်မှာ ခဏသာ အံ့သြသွားနိုင်သည်။ သူ လုံးဝ မရပ်ဘဲ ဆက်ပြေးသွား၏။ သူက မြစ်ကိုဖြတ်ကာ ထူးဆန်းသော အနက်ရောင်ကျွန်းဆီသို့ ပျံသန်းသွားတော့သည်။

"ဝှစ်"

မြစ်အပေါ်သို့ လုမင်ပျံသန်းသွားပြီးနောက် မကြာမီတွင် ဟင်းလင်းပြင်လွန်းပျံ ပေါ်လာခဲ့သည်။ သို့ရာတွင် ဆက်လက်ပျံသန်းလာခြင်း မရှိဘဲ မြစ်ရှေ့မှာ ရပ်သွားခဲ့ပေသည်။

မော့ဟဲနှင့် အခြား ကျွမ်းကျင်သူငါးဦးတို့လည်း ဟင်းလင်းပြင်လွန်းပျံအတွင်းမှ ထွက်လာခဲ့ကြကြသည်။ ထို့နောက် မော့ဟဲက ဟင်းလင်းပြင်လွန်းပျံကို သိမ်းဆည်းလိုက်လေသည်။

"ဒီကောင်လေးက စန်းပြည်နယ်ရဲ့ တားမြစ်နယ်မြေခြောက်ခုထဲက တစ်ခုဖြစ်တဲ့ မရဏနယ်မြေထဲကို တကယ်ကြီး ထွက်ပြေးသွားတာပဲ"

မြစ်တစ်ဖက်ခြမ်းရှိ ကျွန်းကိုကြည့်ရင်း မော့ဟဲ မျက်မှောင်ကြုတ်လိုက်သည်။ သူ့မျက်လုံးထဲမှာတော့ ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာခဲ့၏။

စန်းပြည်နယ်တွင်၊ ဝင်ရောက်သွားဝံ့ပါက သူတော်စင်များပင်လျှင် သေဆုံးကြရသော မဟာတားမြစ်နယ်မြေ‌ခြောက်ခု ရှိသည်။

သူတို့ရှေ့မှ ‌မရဏနယ်မြေဆိုလျှင် ပို၍ ကြောက်စရာကောင်း၏။ ယင်းက တားမြစ်နယ်မြေ ခြောက်ခုတွင် ပထမ ဖြစ်သည်။ ယင်းက ဘယ်အချိန်က တည်ရှိခဲ့မှန်းတော့ မသိရဘဲ ရှေးကတည်းက တည်ရှိခဲ့မှန်းသာ သိကြရပေသည်။ ဒဏ္ဍာရီများအရ ရှေးခေတ်တွင် ဧကရာဇ်တစ်ပါး ဝင်ရောက်သွားဖူးသော်လည်း အဆုံးတွင် ကြောက်လန့်တကြား ဆုတ်ခွာသွားခဲ့ရပေသည်။

ထိုဧကရာဇ် ဘယ်လိုအန္တရာယ်ကို ရင်ဆိုင်ခဲ့ရမှန်းတော့ မည်သူမျှမသိပေ။

ယင်းက အလွန်အန္တရာယ်များမှန်းသာ သိသည်။

"သခင်လေးမော့ဟဲ၊ အခု ငါတို့ ဘာဆက်လုပ်မလဲ"

အနက်ရောင်ဝတ် လူတစ်ဦးက မေးလိုက်သည်။

"လိုက်၊ သူ့နောက်ကို လိုက်သွားပြီး သတ်ရမယ်။ သူ အသက်ရှင်နေသေးရင် ငါ သူ့ကို တွေ့ချင်တယ်၊ သူသေသွားရင် သူ့အလောင်းကို မြင်ချင်တယ်"

မော့ဟဲက အေးစက်စက် ပြောလိုက်သည်။

မူလက သူဟာ ယုံကြည်မှုအပြည့်ရှိခဲ့သည်။ သူဟာ လုမင်ကိုသတ်ရန် သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူငါးဦးကိုပင် ခေါ်ဆောင်ခဲ့၏။ ယင်းက ကောင်းမွန်သော အစီအစဉ်ဖြစ်ကာ လုမင်၏အဆင့်ဖြင့် လွတ်မြောက်ရန် မဖြစ်နိုင်ပေ။

သို့သော်လည်း လုမင်က အမှန်တကယ် လွတ်မြောက်သွားခဲ့သည်။ ထို့ပြင် သူ့လက်မှ လွတ်မြောက်သွားခဲ့ခြင်း ဖြစ်၏။ သူပြန်သွားပါက ဤကိစ္စကို မည်သို့ရှင်းရပါမည်နည်း။

ထို့ကြောင့်ပင် သူဟာ လုမင်ကို ပို၍မုန်းတီးနေတော့သည်။ လုမင်ကို သေအောင်သတ်ရမည်။

"သူ့နောက်ကို လိုက်သွားရမှာလား"

ကျွမ်းကျင်သူများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။

"ဟုတ်တယ်၊ မြန်မြန်လုပ်ကြ။ မဟုတ်ရင် ဒီကောင်ကို လိုက်မီတော့မှာ မဟုတ်ဘူး။ ဒီတစ်ခေါက် ငါတို့ကို ဘယ်သူအမိန့်ပေးလိုက်တယ်ဆိုတာ သိသင့်တယ်။ ဒီကောင်လေးလွတ်သွားခဲ့ရင် ပြန်သွားရင်တောင် ငါကတော့ အဆင်ပြေမှာပဲ။ ဒါပေမဲ့... မင်းတို့ကတော့ အကျိုးဆက်ကို သိသင့်တယ်"

မော့ဟဲက အေးစက်စက်ဖြင့် ပြောလိုက်သည်။

သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူများ၏ မျက်နှာများ မည်းမှောင်သွားကြသည်။ သူတို့က အံကိုတင်းတင်းကြိတ်ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ထို့နောက်တော့ နတ်ဆိုးအလင်းငါးခုကဲ့သို့ မြစ်ကိုဖြတ်ကာ လုမင်အနောက်ကို လိုက်သွားကြတော့သည်။

"ကောင်လေး၊ မင်းက ပုရွက်ဆိတ်တစ်ကောင်ပဲ။ ပုံမှန်ဆိုရင် မင်းရဲ့ကံကြမ္မာကိုလက်ခံပြီး ပုရွက်ဆိတ်တစ်ကောင် ဆက်ဖြစ်သင့်ပေမဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းကို တကယ်ကြီးလာခဲ့တယ်။ မင်းက ငန်းအသားစားဖို့ ကြိုးစားနေတဲ့ ဖားတစ်ကောင်ပဲ။ ဒီအတွက် မင်းကို ဒီကမ္ဘာကြီးကနေ ဖယ်ရှားလိုက်ဖို့ကလွဲပြီး ငါ့မှာ ရွေးချယ်စရာမရှိတော့ဘူး"

မော့ဟဲက အမှောင်ကမ္ဘာကိုလှမ်းကြည့်ရင်း အေးစက်စက်ဖြင့် ပြောလိုက်သည်။

လုမင်လည်း မြစ်ကိုဖြတ်ပြီးနောက် အရှိန်အဟုန်ဖြင့် ဆက်လက်ပျံသန်းခဲ့ပေသည်။

အောက်ခြေမြေပြင်က အလွန်ရှုပ်ထွေးပြီး တွင်းပေါက်များ၊ ထူးဆန်းသောပုံစံရှိသည့် ကျောက်တုံးများဖြင့် ပြည့်နေသည်။ ထို့အပြင် ဤကျောက်တုံးများ အားလုံးက အနက်ရောင် ဖြစ်၏။

ရှေးဟောင်းသစ်ပင်ကြီးများလည်း မြေပြင်ပေါ်တွင် ပေါက်နေကြသေးသည်။

သို့သော်လည်း ဤရှေးဟောင်းသစ်ပင်များကပါ အနက်ရောင်များ ဖြစ်သည်။ သို့ရာတွင် ၎င်းတို့၏ ပင်စည်များနှင့် အကိုင်းအခက်များ‌ကအရွက်များ ခပ်ကျဲကျဲကျဲဖြစ်ကာ သရဲကြီးများကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းမျိုး ဖြစ်ပေါ်စေခဲ့ပေသည်။

ထို့ပြင် ရှေ့သို့ပျံသန်းသွားလေလေ သစ်ပင်ကြီးများက ပို၍မြင့်မားလာလေ ဖြစ်သည်။

အမြင့် မီတာရာဂဏန်း မြင့်မားသော အနက်ရောင် ရှေးဟောင်းသစ်ပင်များကိုလည်း နေရာတိုင်းတွင် မြင်တွေ့နိုင်သေးသည်။

ထိုအချိန်တွင် လုမင်က သူ့နောက်သို့ လူငါးဦး လိုက်လာနေကြောင်း တွေ့လိုက်ရသည်။

"ဒီကောင်တွေက ငါ့ကို တကယ် အလွတ်မပေးဘူးပဲ"

လုမင်၏ မျက်လုံးများက အေးစက်စက်အလင်းတို့ လက်သွားသည်။

မျက်စိတစ်မှိတ်အတွင်း မိုင် တစ်သောင်းကျော် အကွာအဝေးကို ကျော်ဖြတ်သွားကြပြီ။ သို့သော်လည်း သူတို့ဟာ အကန့်အသတ်မရှိသော အမှောင်ကမ္ဘာထဲတွင် ရှိနေဆဲ ဖြစ်သည်။

ရုတ်တရက် လုမင်ဟာ သူ့အပေါ်မှ ကြီးမားသော အရိပ်တစ်ခု ပေါ်လာသည်ကို ခံစားလိုက်ရသည်။

မော့ကြည့်လိုက်ပြီးနောက် လုမင်၏ မျက်လုံးများ ပြူးကျယ်သွား၏။

ကောင်းကင်ယံ၌ ကြီးမားသော ငှက်ကြီးတစ်ကောင်က မည်သည့်နေရာမှန်းမသိ ထွက်ပေါ်လာခဲ့သည်။

ထိုဧရာမငှက်ကြီး၏ အသွင်က ထူးဆန်းပေသည်။ ဦးခေါင်းနှစ်လုံးနှင့် အနက်ရောင် ခန္ဓာကိုယ်တစ်ခု ရှိသည်။ သူ့မျက်လုံးများကတော့ မီးတောက်များကဲ့သို့ နီရဲနေ၏။ အရေးကြီးဆုံးက သူ့ခန္ဓာဟာ အလွန်ကြီးမားသည်။ သူ့အတောင်ပံများ ဖြန့်ကျက်လိုက်သည်နှင့် ကောင်းကင်တစ်ခုလုံးကို မုန်တိုင်းတိမ်တိုက်ကဲ့သို့ ဖုံးလွှမ်းသွားသည်။ လုမင်နှင့် သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူများကို သူ့အရိပ်ကြီးက ဖုံးအုပ်သွားတော့သည်။

"ဂီး"

ဧရာမငှက်ကြီးက ရုတ်တရက် အော်ဟစ်လိုက်သည်။ သူ့ပါးစပ်မှ ကြောက်မက်ဖွယ်စွမ်းအားများ ထွက်ပေါ်လာပြီး သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို ထိုးသုတ်လိုက်၏။

"မဟုတ်ဘူး"

ထိုကျွမ်းကျင်သူက အော်ဟစ်လိုက်သော်လည်း သူ့ခန္ဓာကို မထိန်းချုပ်နိုင်တော့ဘဲ ဧရာမငှက်ကြီး၏ပါးစပ်ဆီသို့ ပျံသန်းသွားတော့သည်။ ထို့နောက်တွင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဧရာမငှက်ကြီး၏ မျိုချခြင်းကို ခံခဲ့ရသည်။

လုမင်လည်း အံ့ဩသွားသည်။ သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတစ်ဦးက ဧရာမငှက်ကြီးရှေ့တွင် ခုခံရန်ပင် အခွင့်အရေးမရှိပေ။

ဧရာမ ငှက်ကြီး၏ စွမ်းအားက ကြောက်စရာကောင်းလွန်းသည်။

"ဂီး"

ဧရာမငှက်ကြီးက အော်ဟစ်ပြီး လုမင်နှင့် ကျန်ကျွမ်းကျင်သူလေးဦးကို စူးစမ်းသလို တစ်ဖန်ကြည့်လာပြန်သည်။

"သေရော"

လုမင်လည်း လန့်ဖျတ်သွားပြီး မြေပြင်ပေါ်ကို ချက်ချင်း ထိုးဆင်းပြေးတော့သည်။

မြေပြင်မှ ရှေးဟောင်းသစ်ပင်ကြီးများက ဧရာမငှက်ကြီး၏ အမြင်အာရုံကို ပိတ်ဆို့နိုင်ကာ လွတ်မြောက်နိုင်စေသည်။

တစ်ချိန်တည်းမှာပင်၊ အခြား သတ္တမအဆင့် သိုင်းအုပ်ချုပ်သူလေးပါးတို့သည်လည်း လုမင်နည်းတူ ရှေးဟောင်းအနက်ရောင်သစ်ပင်များကြားသို့ ပြေးဝင်သွားခဲ့ကြလေသည်။

မျှော်လင့်ထားသည့်အတိုင်း သူတို့‌ မြေပြင်ပေါ်သို့ ဆင်းသွားသောအခါ ငှက်ကြီးက အော်ဟစ်ပြီး ပတ်ဝနိးကျင်ကို အကဲခတ်လိုက်သည်။ ထို့နောက်မှာတော့ ဆက်လက်တိုက်ခိုက်ခြင်းမပြုတော့ဘဲ ကောင်းကင်သို့ ပျံတက်သွားတော့သည်။

"ဒီကောင်တွေက ကပ်ပါးကောင်တွေကျနေတာပဲ"

လုမင် ရေရွတ်လိုက်သည်။ သတ္တမအဆင့် သိုင်းအုပ်ချုပ်သူလေးယောက်က သူ့နောက်ကို လိုက်နေသေးမှန်း လုမင် သိ၏။ ထို့ကြောင့် အရှိန်ပြင်းပြင်းဖြင့် တောနက်ထဲမှာ ဆက်ပြေးရပြန်တော့သည်။

"ဝှစ်"

လုမင်လည်း လေဓာတ်စွမ်းအင်တာအိုသိုင်းဖြင့် ခြေလှမ်းကာ ပြေးထွက်သွားခဲ့သည်။

All Chapters