အခန်း ၁၄၇၈
Vol. 99 Ch. 1478
အပိုင်း ( 1478 ) အကျပ်အတည်း။
ဧရာမငှက်ကြီးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကြောင့် ကောင်းကင်၌ မပျံသန်းဝံ့တော့ပေ။ အားလုံး မြေပြင်မှသာ ပြေးနိုင်ကြသည်။
ဤနေရာက ထူးဆန်းလွန်းပေသည်။ အကြောင်းတစ်ခုခုကြောင့် ပြိုကျနေသလိုမျိုး တွင်းပေါက်များလည်း ပြည့်နေခဲ့သည်။ ထို့အပြင် ထူးထူးဆန်းဆန်းပုံစံဖြင့် အနက်ရောင် ရှေးသစ်ပင်များကလည်း ဤမြေမျိုးတွင် အမြစ်တွယ်နေခဲ့သေးသည်။
နောက်တွင် ကျန်သော သတ္တမအဆင့် သိုင်းအုပ်ချုပ်သူလေးဦးက အံ့မခန်းအမြန်နှုန်းဖြင့် လုမင်၏နောက်သို့ ဆက်လိုက်လာခဲ့ကြသည်။
ထို့ကြောင့် လုမင်လည်း ထွက်ပြေးရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
သူ၏ လက်ရှိအင်အားဖြင့်၊ သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူများကို အနိုင်ယူရန် အခွင့်အလမ်းမရှိပါ။ သတ္တမအဆင့် သိုင်းအုပ်ချုပ်သူလေးဦးကို မဆိုထားဘိ၊ တစ်ဦးတည်းဖြစ်လျှင်ပင် သူ အသတ်ခံရနိုင်လောက်သည်။
ထိုအချိန်တွင် သူ့နောက်မှ နာကျင်စွာ အော်ဟစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။
လုမင် လှည့်ကြည့်လိုက်တော့ သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတစ်ဦးက အနက်ရောင်ရွှံ့ပုံကြီးပေါ်တွင် ရပ်နေကြောင်း မြင်လိုက်ရသည်။ ရွံ့နွံများက အနက်ရောင်အခိုးအငွေ့များကို ချက်ချင်း ထုတ်လွှတ်လာ၏။ အနက်ရောင်အငွေ့များ ထိတွေ့မိသည်နှင့် ထိုကျွမ်းကျင်သူမှာ နာကျင်စွာ စတင်အော်ဟစ်တော့သည်။ ထို့နောက် အခြားသူများ၏ အံ့အားသင့်သော အကြည့်အောက်တွင် သူ့ခန္ဓာကိုယ်က ရွှံ့နွံပုံကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
"ဘုရား ဘုရား၊ ဒီနေရာက ဘာကြီးလဲ"
လုမင်၏ နဖူးမှ အေးစက်စက်ချွေးများ စီးကျလာခဲ့သည်။
သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတစ်ဦးမှာ အနက်ရောင်ရွှံ့ပုံကြီးပေါ်တွင် ခြေချမိပြီး သေဆုံးသွားခဲ့ရပေသည်။
လုမင်လည်း အလားတူ ရွှံ့နွံပုံကြီးပေါ် တက်နင်းခဲ့ဖူးသည်။ ကံကောင်းထောက်မစွာဖြင့် ထိုရွှံ့ပုံကိုတော့ မနင်းမိခဲ့ပေ။
ဤနေရာက အန္တရာယ်များ ပြည့်နေသည်။
ယင်းက အခြား သတ္တမအဆင့် သိုင်းအုပ်ချုပ်သူသုံးဦးကို မျက်စိမျက်နှာပျက်သွားစေခဲ့သည်။ သို့သော်လည်း နောက်မဆုတ်ဘဲ လုမင်နောက်ကို ဆက်လိုက်နေဆဲပင်။
"ဒီလူတွေ ဘာဖြစ်နေတာလဲ။ ဘာဖြစ်လို့ ငါ့နောက်ကို အသည်းအသန် လိုက်နေကြတာလဲ"
လုမင် စိတ်ရှုပ်ထွေးသွားသည်။
မော့ဟဲက ရှဲ့နျန်ချင်းကြောင့် သူ့ကိုအနာလိုပြီး ဖယ်ရှားလိုခြင်း ဖြစ်လျှင်ပင် ဤမျှတက်ကြွနေစရာ မလိုပါ။ ဤမျှ အန္တရာယ်များသောနေရာတွင် ရပ်တန့်သွားသင့်ပြီ ဖြစ်သည်။
မဟုတ်မှလွဲ၊ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ပုဂ္ဂိုလ်ကြီးတချို့က သူ့နောက်ကို လိုက်ရန် အမိန့်ပေးခဲ့ခြင်း ဖြစ်နိုင်ပါသလော။
လုမင်၏ စိတ်ထဲမှာ အတွေးများစွာ ပေါ်လာခဲ့သည်။
မကြာမီ၊ သူတို့က မိုင်တစ်ထောင်ကျော် အကွာအဝေးကို ဖြတ်သန်းသွားခဲ့သည်။ သူတို့ရှေ့မှ မြေမျက်နှာသွင်ပြင်က တောင်များ၊ ချိုင့်များနှင့် ပိုရှုပ်ထွေးလာ၏။
"ဝုန်း"
ရုတ်တရက်၊ ချိုင့်ဝှမ်းကြီးတစ်ခုမှ ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရသည်။
ထို့နောက် အတွင်းပိုင်းမှ အနက်ရောင်နွားအုပ်ကြီး ပြေးထွက်လာတာကို မြင်လိုက်ရ၏။ ၎င်းတို့က သူတို့ဆီကို ဦးတည်ပြေးလာတော့သည်။
ဤနွားနက်ကြီးများက အလွန်ကြီးမားသည်။ အများစုက အမြင့် သုံးမီတာနှင့် အရည် ငါးမီတာ ရှိ၏။ သူတို့၏ ခန္ဓာကိုယ်များကလည်း သံနက်နှင့်ပြုလုပ်ထားသကဲ့သို့ နက်မှောင်နေပေသည်။ သူတို့၏ မျက်လုံးများကတော့ ယခင်က ဧရာမငှက်ကြီးကဲ့သို့ သွေးနီရောင် ဖြစ်သည်။
ထို့အထဲတွင် ပိုကြီးမားသော အကောင်ကြီးများပင် ရှိ၏။ သူတို့က လေးမီတာ သို့မဟုတ် ငါးမီတာခန့် မြင့်မားသည်။
"ဝူး"
ဤနွားနက်ကြီးများက ပေါ်လာသည်နှင့် အော်ဟစ်ပြီး လုမင်နှင့် အခြားလူများဆီသို့ တဟုန်ထိုး ပြေးဝင်လာခဲ့ကြသည်။
"ဒုန်း"
လုမင်၏ ညာဘက်ခြမ်းတွင် သုံးမီတာမြင့်သော နွားနက်ကြီးတစ်ကောင် ပေါ်လာခဲ့သည်။ ၎င်း၏ ဦးချိုနှစ်ချောင်းက ဓားနှစ်လက်ကဲ့သို့ လုမင်ထံ တိုးဝင်လာ၏။
"ထွက်သွား"
လုမင်လည်း ဘေးကိုခုန်ရှောင်ပြီး လက်သီးဖြင့်ထိုးချလိုက်သည်။
"ဒုန်း"
လက်သီးက နွားနက်၏ခန္ဓာကို ထိမှန်ပြီး လွင့်စဉ်သွားစေခဲ့၏။
နွားနက်၏ အင်အားက ပထမအဆင့် သိုင်းအူက်ချုပ်သူနှင့် ညီမျှသည်။ ထို့ကြောင့် လုမင်ကိုမတားဆီးနိုင်ဘဲ လက်သီးတစ်ချက်ဖြင့် မီတာရာဂဏန်းခန့် လွင့်စဉ်သွားကာ တောင်နံရံကို ဝင်ဆောင့်လိုက်မိတော့သည်။
ကျောက်တုံးများက နေရာအနှံ့သို့ လွင့်စဉ်သွားကြသည်။ ထို့နောက် နွားနက်ကြီးက ခေါင်းယမ်းကာ မတ်တပ်ရပ်လာပြန်သည်။
"မာလှချေလား"
လုမင် အံ့သြသွားသည်။
ဤလက်သီးတွင် သူ့အင်အားကို အပြည့်အ၀အသုံးမပြုသော်လည်း သာမန်ပထမအလွှာ သိုင်းအုပ်ချုပ်သူများ တုန်းခနဲ လဲသေသွားနိုင်သည်။ သို့သော်လည်း ဤနွားနက်ကြီးကတော့ ဘာမျှဖြစ်ပုံမရပေ။
"ဒုန်း ဒုန်း"
လုမင်က ပထမဆုံး နွားနက်တစ်ကောင်ကို ထိုးလိုက်သောအခါ နောက်ထပ် နွားနက်နှစ်ကောင်က ရှေ့သို့ တိုးလာသည်။
ဤနွားနက်နှစ်ကောင်၏ ခွန်အားက ပို၍ ကြီးမား၏။ ၎င်းတို့နှစ်ကောင်စလုံးက ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ရောက်နေပြီ ဖြစ်သည်။
လုမင်လည်း လက်သီးနှစ်ချက် ဆက်တိုက်ထုတ်လိုက်ပြီး နွားနက်နှစ်ကောင်ကို လွင့်စဉ်စေလိုက်သည်။ သို့သော်၊ ယခင်အတိုင်း သူတို့က ဘာမှမဖြစ်ခဲ့ဘဲ ခေါင်းယမ်းကာ မတ်တပ်ရပ်လာခဲ့ကြသည်။
သူတို့၏ အရိုးများက သံမဏိကဲ့သို့ မာကျောလွန်းပေသည်။
ထို့အပြင် ချိုင့်ဝှမ်းမှ နွားနက်များ ထပ်မံထွက်ရှိလာနေသည်။ အကြမ်းဖျင်း အနည်းဆုံး တစ်ထောင်ခန့်ရှိပြီး နောက်ထပ်လည်း ထွက်လာနေသေးသည်။
ဤနွားနက်များထဲတွင် အားအနည်းဆုံးမှာ ပထမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် ဖြစ်သည်။ အားကောင်းသူများက ဒုတိယအလွှာနှင့် တတိယအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်တွင် ရှိ၏။
လုမင်ဟာ ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် နွားနက်များကိုပင် မြင်ခဲ့သည်။
"ဒုန်း"
ဤနွားနက်ကြီးများ ခြေတစ်ချက်ချလိုက်တိုင်း မြေငလျင်လှုပ်သကဲ့သို့ မြေပြင်ကို တုန်လှုပ်စေခဲ့ပေသည်။
"သတ်"
"ဖယ်ကြစမ်း"
ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူ သုံးဦးလည်း နွားနက်များကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်။
အနက်ရောင်ဓားအလင်းတစ်ခု ထွက်ပေါ်လာပြီး နွားနက်များ လွင့်စဉ်သွား၏။ အားနည်းသူများက နောက်ဆုံးတွင် ၎င်းတို့၏ ခုခံအားများ ပျက်စီးကာ ထက်ဝက် ပိုင်းဖြတ်ခံရပြီး အနက်ရောင်သွေးများ စီးကျလာတော့သည်။
"ဝူး... ဝူး"
နွားနက်များမှာ သွေးဖြင့် နှိုးဆွခံလိုက်ရသကဲ့သို့ဖြစ်ပြီး ပို၍ပင် ဒေါသထွက်လာခဲ့ကြသည်။ ၎င်းတို့ထဲမှ အများစုက ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ကျွမ်းကျင်သူ သုံးဦးကို တိုက်ခိုက်လိုက်၏။ တချို့က ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်တွင် ရှိသည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူသုံးဦးကလည်း ပူးပေါင်းရင်ဆိုင်ကာ လုမင်ထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့ကြပေသည်။
"ဒုန်း"
လုမင်ကိုလည်း နွားနက်တစ်အုပ်က ဝိုင်းရံထားသည်။ ထိုအထဲတွင် အသန်မာဆုံးက ပဉ္စမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် ဖြစ်၏။
"ဒုန်း"
လုမင်က ပဉ္စမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် နွားနက်ကြီး၏ ဦးခေါင်းကို လက်သီးဖြင့် တစ်ချက်ထိုးလိုက်သည်။ လုမင် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားရပြီး သူ့ခန္ဓာကိုယ်လည်း တုန်လှုပ်သွား၏။ သူ၏ လက်သီးများပင် ထုံကျင်သွားရသည်။
ကြောက်စရာကောင်းပေသည်။
ဤနွားနက်တစ်ကောင်ချင်းစီတွင် ထိတ်လန့်တုန်လှုပ်စရာကောင်းသော ခွန်အားများကို ပိုင်ဆိုင်ထားကြသည်။
"သွားမှ"
လုမင်လည်း နွားနက်တစ်ကောင်၏ ဦးခေါင်းကို ခြေဆောင့်နင်းကာ လေဓာတ်စွမ်းအင်တာအိုသိုင်းဖြင့် ပြေးထွက်သွားသည်။
သို့သော် နွားနက်များက လက်မလျှော့ဘဲ လုမင်နောက်သို့ လိုက်နေကြဆဲပင်။
နွားနက်အချို့က ၎င်းတို့၏ဦးချိုများမှ အနက်ရောင်အလင်းတန်းများကိုပင် ပစ်လွှတ်လိုက်ကြသည်။
လုမင်လည်း အနက်ရောင်တောင်ပံများကိုဖြန့်ကာ သူ့နောက်ကျောမှ အနက်ရောင်ရောင်ခြည်များကို ပိတ်ဆို့ထားလိုက်သည်။
"ဝုန်း"
ထိုအချိန်တွင် ချိုင့်ဝှမ်းတစ်ခုမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရသည်။ ထို့နောက်တော့ ဧရာမ နွားကြီးတစ်ကောင် ထွက်ပေါ်လာတော့သည်။
ဤနွားနက်ကြီးက အနည်းဆုံး အရပ် ဆယ်မီတာနှင့် အရှည် ဆယ်မီတာကျော် ရှိသည််။ ၎င်းကိုကြည့်ရသည်မှာ ကြောက်စရာကောင်းသော အငွေ့အသက်များ ထွက်ပေါ်နေသည့် တောင်ကုန်းငယ်တစ်ခုကဲ့သို့ပင်။
"ဝူး"
နွားနက်ကြီးက ထွက်လာသည်နှင့် တပြိုင်နက် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူ သုံးဦးကို တိုက်ခိုက်လိုက်သည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူ သုံးဦးက စွမ်းအားကြီးမားပြီး နတ်ဆိုးစွမ်းအင်များ ပြည့်နှက်နေ၏။ သဘာဝအတိုင်း၊ သူတို့က လုမင်ထက် ပို၍ဆွဲဆောင်မှုရှိသည်။
"ဒုန်း"
နွားနက်ကြီးက ခြေတစ်ချက်လှမ်းလိုက်သည်နှင့် မီတာထောင်ဂဏန်း အကွာအဝေးကို ချက်ချင်း ဖြတ်ကျော်သွားသည်။ ၎င်းက ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူ တစ်ဦးထံ ဦးတည်သွား၏။
"မကောင်းတော့ဘူး"
ထိုလူ မျက်စိမျက်နှာပျက်သွားပြီး ဓားအလင်းများ အလျင်အမြန် ထုတ်ဖော်လိုက်၏။
သို့သော်လည်း ဧရာမ နွားနက်ကြီးက မြင်ပုံမရဘဲ ရှေ့သို့ဆက်လာခဲ့သည်။ နတ်ဆိုးဓားအလင်း ကြေမွသွားပြီး ဧရာမ နွားနက်ကြီးက ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူကို ဝင်ဆောင့်လိုက်၏။ ထိုလူ ငယ်သံပါအောင်အော်ဟစ်ရင်း လွင့်စဉ်သွားတော့သည်။ သူ့ခန္ဓာက အနက်ရောင် ရှေးဟောင်းသစ်ပင်ကြီးများစွာကို ဖောက်ထွက်သွားခဲ့သည်။ နောက်ဆုံး ရပ်တန့်သွားချိန်မှာတော့ သူ့တွင် အသက်မရှိတော့ပေ။
တစ်ချက်တည်းဖြင့် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ထိုနွားနက်ကြီး၏ စွမ်းအားက အံ့မခန်းပင်။
ကျန်သော ကျွမ်းကျင်သူနှစ်ဦးလည်း ကြောက်လန့်တကြားဖြစ်ပြီး အရပ်ရပ်ကို ထွက်ပြေးသွားကြသည်။
"ဝူး"
နွားနက်ကြီးက ဟိန်းဟောက်လိုက်သည်။ သူ့ခေါင်းပေါ်ရှိ ဦးချိုများက အလင်းများ ထွန်းတောက်လာ၏။ အနက်ရောင်အလင်းတန်းနှစ်ခုက နတ်ဆိုးဓားနှစ်လက်ကဲ့သို့ ပြေးထွက်သွားပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူ နှစ်ဦးကို ပိုင်းလိုက်သွားတော့သည်။
ထိုကျွမ်းကျင်သူနှစ်ဦးက ၎င်းတို့၏ နတ်ဆိုးဓားများဖြင့် ပိတ်ဆို့ရန် ကြိုးစားခဲ့သော်လည်း နှစ်ဦးစလုံး ညည်းတွားကာ လွင့်စဥ်သွားကြသည်။ သွေးတစ်ပွက်စီအန်ကာ ပြန်ကျလာပြီးနောက် နွားနက်များအလယ်ကို ရောက်သွားခဲ့၏။ ထို့နောက်တော့ နတ်ဆိုးဓားအလင်းရောင် အနည်းငယ်သာလက်နိုင်ပြီး ထာဝရ ပျောက်ကွယ်သွားတော့သည်။
ထိုအချိန်တွင် ဧရာမနွားနက်ကြီးက လုမင်ကိုကြည့်ပြီး ဟိန်းဟောက်ကာ ပြေးလာပြန်သည်။
"သေဟ"
လုမင် ဒေါသတကြီးဖြင့် ကျိန်ဆဲလိုက်သည်။ ထို့နောက်တော့ ပူဖောင်းလေးကို ဟင်းလင်းပြင်လျှောက်လမ်းဖွင့်စေကာ အသက်ထွက်မတတ် ပြေးလေတော့သည်။