← Chapters

အခန်း ၁၄၈၀

Vol. 99 Ch. 1480

အခန်း ၁၄၈၀

Vol. 99 Ch. 1480

အပိုင်း ( 1480 ) တုန်လှုပ်ချောက်ချားဖွယ်ရာ တိုက်ပွဲ။

"အဲဒါ သူ... တကယ်ကြီး သူပဲ၊ အဲဒီတုန်းက စစ်ပွဲမှာ သူ မသေခဲ့ဘူး"

တန်တန် အော်လိုက်သည်။

လုမင် အံ့ဩသွား၏။ တန်တန်က ထိုတည်ရှိမှုကို အမှန်တကယ် သိနေပါသလော။

"တန်တန်၊ မင်း သူ့ကို သိလား"

လုမင် အသံတိုးတိုးဖြင့် မေးလိုက်သည်။

ယခင် ဧရာမမြွေကြီးနှစ်ကောင်က ထိုပုံရိပ်ကြောင့် ဆုတ်ခွာသွားကြောင်း သူသေချာနေပြီ။

ဤကြောက်မက်ဖွယ် တားမြစ်နယ်မြေ၏ အနက်ရှိုင်းဆုံးအပိုင်းတွင်၊ ရင့်ကျက်သော‌ ရှေးဟောင်း ဉာဏ်အလင်းသစ်ပင်တစ်ပင် ရှိသည်။ ရှေးဟောင်းဉာဏ်အလင်းသစ်ပင်အောက်မှာ တင်ပျဉ်ခွေထိုင်နေသော တည်ရှိမှုတစ်ခုလည်း ရှိ၏။ ဤအရာသည် လုမင်၏ မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။

ထို့အပြင် တန်တန်က သူ့ကို သိပုံရသေးသည်။

"မမှားပါဘူး၊ ဒီကောင် ပြာဖြစ်သွားရင်တောင် ငါမှတ်မိတယ်"

ရေရွတ်ရင်း တန်တန်၏မျက်နှာက ဒေါသတို့ ပြည့်နှက်လာခဲ့သည်။

ထိုပုံရိပ်ကြီးက တန်တန်၏ပြိုင်ဘက် ဖြစ်နိုင်ပါမည်လော။ တန်တန်က ထိပ်တန်းစစ်သားရဲဆယ်ကောင်ထဲမှ တစ်ကောင် ဖြစ်သည်။ သို့ဆိုလျှင် ဤကြီးကျယ်ခမ်းနားသော ရုပ်သွင်က မည်သို့သော တည်ရှိမှုမျိုး ဖြစ်မည်နည်း။

တွေးရင်း လုမင် နှလုံးခုန် မြန်လာခဲ့သည်။

"တွိ..."

ပူဖောင်းလေးလည်း အော်မြည်ပြီး ထိုရုပ်သွင်ကို စူးစူးစိုက်စိုက် ကြည့်လိုက်လေသည်။

"ဝမ်"

ထိုအချိန်တွင် ထိုပုဂ္ဂိုလ်ကြီး၏ မျက်လုံးများက ဖျတ်ခနဲ ပွင့်လာသည်။ တောက်ပသော အလင်းတန်းနှစ်ခုက ကမ္ဘာကို တစ်ခြမ်းခွဲသွားမည့် စူးရှထက်မြက်သော နတ်ဓားနှစ်ချောင်းကဲ့သို့ သူ့မျက်လုံးများမှ ထွက်ပေါ်လာ၏။

ထိုပုဂ္ဂိုလ်ကြီး၏ အကြည့်က ပထမဆုံး ပူဖောင်းလေးပေါ်သို့ ကျရောက်လာခဲ့သည်။ ထို့နောက် တန်တန်နှင့် နောက်ဆုံးတွင် လုမင်ကို ကြည့်လိုက်၏။

ဤအကြည့်ကြောင့် လုမင်ဟာ သူ့တစ်ကိုယ်လုံးသို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ကျရောက်လာသလို ခံစားလိုက်ရသည်။ ထိုအကြည့်က သူ့ခန္ဓာကိုယ်ထဲကို ထိုးဖောက်ဝင်ရောက်သွားသလို အသက်တောင် ကောင်းကောင်းမရှူနိုင်တော့ပေ။

'စွမ်းအားကြီးမားလွန်းတယ်'

လုမင်၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ပေါ်လာခဲ့သည်။

ထိုရုပ်သွင်က အရှိန်အဝါအနည်းငယ်မျှပင် ထုတ်မပြသေးပါ။ သူ၏ ရိုးရှင်းသောအကြည့်တစ်ခုက လုမင်ကို ကြီးမားသောဖိအားများ ခံစားရစေခဲ့သည်။ ယင်းက မဟာစကြာဝဠာတစ်ခုလုံးကို ရင်ဆိုင်နေရသလိုဖြစ်ကာ ခုခံနိုင်မည့်အတွေးမျိုး အနည်းငယ်မျှ ထုတ်ဖော်မရခဲ့ပေ။

လုမင်လည်း တစ်ဖက်လူ၏ အတွေးတစ်ခုဖြင့် သူ့အား ပြာအဖြစ်သို့ ပြောင်းလဲသွားစေနိုင်သော ခံစားချက်မျိုး ဖြစ်ပေါ်နေခဲ့သည်။

"ယား"

ဤအခိုက်အတန့်တွင် ရက်စက်ကြမ်းကြုတ်သော စိတ်ဆန္ဒများ ပြည့်နှက်နေသည့် ကြောက်စရာအော်သံကြီးတစ်ခု အဝေးမှ ထွက်ပေါ်လာခဲ့သည်။

"အဲဒါက…"

လုမင်လည်း နောက်ဆုံးတွင် သူ့အကြည့်များကို ရှေးဟောင်းဉာဏ်အလင်းသစ်ပင်နှင့် မြင့်မားသောရုပ်သွင်ပြင်မှ အမှောင်ကမ္ဘာ အနက်ရှိုင်းဆုံးနေရာသို့ လွှဲလိုက်သည်။

ထိုနေရာတွင် ဟင်းလင်းပြင်က ကြီးမားသော အပေါက်ကြီးတစ်ပေါက်တစ်ခုအဖြစ် စုတ်ပြဲသွားပုံရ၏။ တုနှိုင်းမရလောက်အောင် ကြီးမားသော အနက်ရောင်တွင်းနက်ကြီးက လေထဲတွင် ထွက်ပေါ်လာတော့သည်။

အတွင်းပိုင်းကလည်း ငရဲတွင်းထဲ ရောက်သွားသကဲ့သို့ မည်းမှောင်နေခဲ့သည်။

ကြောက်မက်ဖွယ်အော်သံကြီးက ထိုတွင်းနက်ကြီးတွင်းမှ ထွက်ပေါ်လာခြင်းပင်။

"ယား၊ ဂါး"

နောက်တော့ အော်သံများက တစ်စထက်တစ်စ ကျယ်လောင်လာပြီး ပို၍ ကြောက်စရာကောင်းလာခဲ့သည်။

ထိုအသံမှ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းတစ်ခု ထွက်ပေါ်လာပြီး လုမင်၏ ကစဉ့်ကလျားတာအိုနယ်မြေကို တုန်ခါသွားစေခဲ့သည်။ လုမင်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါပြီး အဆက်မပြတ်ဆုတ်သွားရင်း သွေးတစ်ပွက် အန်ထွက်လုနီးဖြစ်သွား၏။

ဘယ်လောက်ကြောက်စရာကောင်းသော အသံနည်း။

လုမင်နှင့် တွင်းနက်ကြီးကြားတွင် မသိနိုင်သော အကွာအဝေးတစ်ခုက ခြားထားသည်။ သို့တိုင် တွင်းနက်ထဲမှ ထွက်ပေါ်လာသောအသံက လုမင်ကို ဒဏ်ရာရစေခဲ့သေးသည်။

ထိုအချိန်တွင် သစ်ပင်အောက်မှ ပုဂ္ဂိုလ်ကြိးက မတ်တပ်ရပ်လိုက်သည်။

မတ်တပ်ထရပ်လိုက်သည်နှင့် သူ၏ရုပ်သွင်က ပို၍ ခမ်းနားလာပြီး ကောင်းကင်ထက်ပင် မြင့်မားသွား၏။

၎င်းက သူ့လက်ဖျစ်တစ်ချက်တီးလိုက်ရာ လုမင်တို့ဆီသို့ အလင်းတန်းများ ဖြာထွက်လာခဲ့သည်။ ထိုအလင်းတန်းက လုမင်နှင့် အခြားလူများကို ပိတ်ဆီးထားသော အလင်းလွှာတစ်ခုအဖြစ် ပြောင်းလဲသွား၏။

ဤတော့မှ ထိုကြောက်မက်ဖွယ်အသံကြီးလည်း ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

ကြီးကျယ်ခမ်းနားသော ရုပ်သွင်ကြီးက အမှန်တကယ်ပင် သူတို့ကို ကာကွယ်ပေးခဲ့သည်။ သူက တန်တန်၏ အသိအကျွမ်းဟောင်းတစ်ဦး ဖြစ်လိမ့်မည်။

လုမင်၏ မျက်လုံးများ တောက်ပလာခဲ့သည်။

"ယား"

အော်သံကြီးများကတော့ ကောင်းကင်ကို တုန်ခါစေဆဲ ဖြစ်သည်။ ထိုအချိန်တွင် ထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခုကို လုမင် တွေ့လိုက်ရ၏။

အနက်ရောင် တွင်းနက်ကြီးထဲမှ လက်တံနှစ်ခုဟာ ရုတ်တရက် ထွက်လာသည်။

အဆိုပါ လက်တံကြီးနှစ်ခုက ရေဘဝဲ လက်တံနှစ်ခုကဲ့သို့ အနှိုင်းမဲ့ ကြီးမားပြီး အနက်ရောင် တောက်တောက် ဖြစ်၏။

အတွင်းမှ ပိုကြီးမားသောအရာတစ်ခု တိုးထွက်လာရန် ကြိုးစားနေသလို လက်တံကြီးနှစ်ခုက တွင်းပေါက်နံရံနှစ်ဖက်ကို တွယ်ကပ်လာတော့သည်။

"ခုတ်လော့"

ကြီးကျယ်ခမ်းနားသောရုပ်သွင်ကြီးက အေးစက်စက် စကားတစ်ခွန်းကို ပြောလိုက်သည်။ မဟာတာအို၏ ကောင်းချီးပေးခံရသကဲ့သို့ ကမ္ဘာကြီး တုန်လှုပ်သွား၏။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းနှစ်ခုက လက်တံကြီးနှစ်ဖက်ကို ခုတ်ပိုင်းလိုက်တော့သည်။

သို့သော်လည်း ထိုအချိန်တွင်၊ အနက်ရောင် နောက်ထပ် လက်တံနှစ်ချောင်းက တွင်းပေါက်ကြီးထဲမှ ဓားအလင်းနှစ်ခုဆီသို့ တိုးထွက်လာသည်။ ပေါက်ကွဲသံနှစ်ခုဖြင့် ဓားအလင်းနှစ်ခု ပျက်စီးသွားတော့သည်။

"ဒုန်း၊ ဒုန်း"

ကြီးကျယ်ခမ်းနားသော ရုပ်သွင်က ရှေ့သို့လှမ်းထွက်လိုက်သည်။ သူ့မျက်လုံးများက လျှပ်စီးလက်နေပုံရ၏။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကလည်း သူ့အား ထောက်ပံ့ထားသကဲ့သို့ အဆုံးမဲ့အလင်းများဖြင့် သူ့ခန္ဓာကိုယ်ကို ဝန်းရံထားတော့သည်။

လုမင် အံ့သြသွားခဲ့သည်။ ယင်းက မည်သို့သောနယ်ပယ် ဖြစ်သနည်း။ သူတို့၏ လှုပ်ရှားမှုက မဟာတာအိုကိုပင် လှုပ်ရှားသွားစေသည်။ ကောင်းကင်နှင့်မြေပြင်ကလည်း သူ၏လက်နက်နှင့် အစေခံဖြစ်နေသကဲ့သို့ပင်။

ဤနယ်ပယ်သည် မယုံနိုင်စရာကောင်းပြီး စိတ်ကူးမယဉ်နိုင်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"ဝုန်း၊ ဝုန်း"

ကြီးကျယ်ခမ်းနားသော ရုပ်သွင်ကြီးက လက်သီးနှစ်ချက်ကို ဆက်တိုက်ထုတ်ဖော်လိုက်သည်။

အနက်ရောင် လက်တံကြီးနှစ်ချောင်း တိုက်ရိုက်ပေါက်ကွဲသွား၏။ အဆုံးမဲ့အနက်ရောင်အရည်များက အရပ်ရပ်သို့ ပျံ့သွားပြီး မြေပြင်ပေါ်တွင် ရွှဲသွားတော့သည်။

အနက်ရောင်အရည်အတွင်းမှ အနက်ရောင်မြူခိုးများ ထွက်လာခဲ့သည်။

လုမင် အံ့ဩသွား၏။ အနက်ရောင်ကမ္ဘာ၊ အနက်ရောင်မြူနှင့် အနက်ရောင် ရွှံ့နွံတို့က ဤလက်တံများ ပေါက်ကွဲခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်ပါမည်လော။

"ဝူး"

လက်တံများ ပေါက်ကွဲသွားပြီးနောက် ဒေါသတကြီး ဟိန်းဟောက်သံက တွင်းနက်ကြီးထဲမှ ထွက်ပေါ်လာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းများ ဖြာထွက်လာ၏။

ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းများက အဆုံးမဲ့အကွာအဝေးကိုဖြတ်သန်းကာ လုမင်နှင့် အခြားသူများဆီသို့ ရောက်လာတော့သည်။

"ဝုန်း"

လုမင်၏တကိုယ်လုံး တုန်ခါပြီး သူ့သွေးများ ပွက်ပွက်ဆူလာသလို ခံစားလိုက်ရသည်။ သူ့နှုတ်ခမ်းထောင့်မှလည်း သွေးများ စီးကျလာ၏။

လုမင်၏ ပခုံးပေါ်ရှိ တန်တန်သည်ပင် လွင့်ထွက်သွားတော့သည်။

"ချီးပဲ၊ ဒီကောင် သေချာပေါက် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာဖြစ်မယ်။ မင်း ငါတို့ကို ကာကွယ်ချင်မှတော့ အသံလှိုင်းတွေကို အပြည့်အဝခွဲမထုတ်ဘဲ ဘာဖြစ်လို့ တချို့ဝင်ခွင့်ပြုလိုက်ရတာလဲ။ ဒီကောင်က ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ။ သူ ငါ့ကို မနာလိုနေတာပဲ"

တန်တန်က အလန့်တကြားအော်ဟစ်ရင်း အဝေးမှ မြင့်မားသောရုပ်သွင်ကြီးကို စိုက်ကြည့်လိုက်သည်။

"ဝူး"

တွင်းပေါက်အတွင်းမှ အော်သံများက ဆက်လက်ထွက်ပေါ်လာသည်။ နောက်တော့ အပေါက်ထဲတွင် ကြီးမားသော ဦးခေါင်းတစ်ခု ပေါ်လာခဲ့၏။

ထိုဦးခေါင်းက အကြေးခွံများဖြင့် ဖုံးအုပ်ထားကာ မျက်ခုံးကြားတွင် မျက်လုံးသုံးလုံး အမှန်တကယ် ရှိသည်။

မျက်လုံးသုံးလုံး။

လုမင်လည်း ကောင်းကင်ဘုံရှိ ကျွန်းငယ်လေးတွင် သူတွေ့ခဲ့သော နတ်မျက်စိမျိုးနွယ်ကို မနေနိုင်ဘဲ တွေးလိုက်မိသည်။

ထိုဦးခေါင်းကြီး၏ မျက်ခုံးနှစ်ခုကြားမှ တတိယမျက်လုံးက ခမ်းနားထည်ဝါသောရုပ်သွင်ဆီသို့ အဖျက်စွမ်းအားတစ်ခု ပစ်လွှတ်လာခဲ့သည်။ ကြီးကျယ်ခမ်းနားသောရုပ်သွင်ကြီးက လက်သီးချက်ထုတ်ဖော်ပြီး ဖျက်ဆီးခြင်းအလင်းရောင်ကို ဖျက်ဆီးပစ်လိုက်၏။

ထိုအချိန်တွင် အပေါက်မှ လက်တံအနည်းငယ် ထပ်ထွက်လာပြီး အပေါက်တစ်ဝိုက်ကို ဖိထားလိုက်သည်။ ကြည့်ရသည်မှာ ထိုအကောင်ကြီးက အပြင်ကို ထွက်လာချင်ပုံပင်။

"ပြန်သွားစမ်း"

ကြီးကျယ်ခမ်းနားသောရုပ်သွင်က အော်ဟစ်လိုက်သည်။ သူ့အသံက ပိုမို ကျယ်လောင်လာ၏။ သူက စွမ်းအားကြီးမားသော လက်သီးချက်ကို ထုတ်ဖော်လိုက်တော့သည်။

အပေါက်တစ်ဝိုက်တွင် ဖိထားသော လက်တံများအားလုံး တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားကြသည်။

အနက်ရောင်အရည်များက ကျယ်ပြောလှသော မြေပြင်ပေါ်ကို ရေပက်တင်သကဲ့သို့ ကျသွား၏။ အချို့မှာလည်း လုမင်ရှိရာနှင့် အခြားနေရာများသို့ပင် ကျရောက်လာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ကြီးကျယ်ခမ်းနားသော ရုပ်သွင်ကြီးက သူတို့အတွက် အကာအကွယ်တစ်ခု ပေးထားသည်။ မဟုတ်ပါက လုမင်နှင့် တခြားသူများအတွက် လွယ်မည်မဟုတ်ပေ။

"သတ်"

ထိုအချိန်တွင် ကြီးကျယ်ခမ်းနားသော ရုပ်သွင်ကြီးက ဟိန်းဟောက်ကာ အမှောင်တွင်းသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့သည်။

"ဝုန်း၊ ဝုန်း"

အနက်ရောင် တွင်းကြီးထဲတွင် ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာသည်။ ဟင်းလင်းပြင်က တိုက်ရိုက်ပြိုကျသွား၏။ လုမင်က ပြိုကျနေသော ဟင်းလင်းပြင်ကို လှမ်းကြည့်လိုက်ရာ အတွင်းပိုင်းမြင်ကွင်းများကို မြင်လိုက်ရလေသည်။

၎င်းက အနှိုင်းမဲ့ကြီးမားပြီး အကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ ထိုအကောင်ကြီးက ယခင် သူမြင်ခဲ့သော နတ်မျက်စိမျိုးနွယ်နှင့် အနည်းငယ် ဆင်တူ၏။

သို့ရာတွင်၊ ၎င်း၏အရွယ်အစားက နတ်မျက်စိမျိုးနွယ်ဝင်များထက် အဆများစွာ ကြီးမားသည်။ ထို့အပြင်၊ ၎င်း၏နောက်ကျောတွင် ကြီးမားသော အနက်ရောင် လက်တံကြီး ရှစ်ခုပါရှိပြီး အလွန်ရက်စက်ကြမ်းကြုတ်ပုံရသည်။

သူ့လက်နှစ်ဖက်ကတော့ ဧရာမပုဆိန်ကြီးနှစ်ချောင်းကို ကိုင်ဆောင်ထားကာ ကြီးကျယ်ခမ်းနားသော ရုပ်သွင်နှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပေသည်။

ကြီးကျယ်ခမ်းနားသောရုပ်သွင်ကြီးကို မဟာတာအိုက ထောက်ပံ့ထားပြီး သူ့စွမ်းအားကလည်း အံ့မခန်း ဖြစ်သည်။ သူတို့နှစ်ယောက်က ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြရရာ ဟင်းလင်းပြင်က ပြိုကျလာတော့သည်။

နောက်ဆုံးတွင် သူတို့နှစ်ဦးက ဟင်းလင်းပြင်ကိုဖြတ်သန်းပြီး ကြယ်တာရာ ကောင်းကင်ကြီးကို ရောက်သွားကြသည်။

All Chapters