အခန်း ၁၄၈၃
Vol. 99 Ch. 1483
အပိုင်း ( 1483 ) မော့ဟဲ ထွက်ပြေးသွားခြင်း။
ကမ္ပည်းအလင်းရောင်များ ထွန်းတောက်ပြီး ဝင်္ကပါကြီးတစ်ခု ပေါ်လာခဲ့သည်။ ချိုင့်ဝှမ်းအတွင်းရှိ ဒုတိယခန္ဓာ၏ ခန္ဓာကိုယ်က ရွှေရောင်အလင်းများ တောက်ပလာ၏။ ဝင်္ကပါအတွင်း၌ ရွှေရောင်ဓားအလင်းများ စုဖွဲ့လာတော့သည်။
"ရွှစ်... ရွှစ်..."
ရွှေရောင်ဓားအလင်းများက အရပ်ရပ်မှ ထွက်လာပြီး မော့ဟဲကို တိုက်ခိုက်လိုက်ကြသည်။
"ချိုးဖြတ်၊ ချိုးဖြတ်လော့"
မော့ဟဲက ကောင်းကင်ကို မော့ကြည့်ပြီး ဟိန်းဟောက်သည်။ သူ့ခန္ဓာကိုယ်မှ နတ်ဆိုးအလင်းများကို ထုတ်လွှတ်လာ၏။ အနက်ရောင် နတ်ဆိုးဓားအလင်းက တားဆီးမရသော နတ်ဆိုးနတ်ဘုရားကဲ့သို့ အရပ်ရပ်ကို ဖြတ်သန်းသွားခဲ့သည်။
နတ်ဆိုးဓားအလင်း ဖြတ်သန်းသွားသည့် နေရာတိုင်းမှ ရွှေရောင်ဓားအလင်းများ ပြိုကျသွားခဲ့ရပေသည်။
မနီးမဝေးတွင် လုမင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
မော့ဟဲ၏ တိုက်ခိုက်နိုင်စွမ်းသည် အလွန်အားကောင်း၏။ လွန်ခဲ့သည့် ရက်အနည်းငယ်က လုမင်နှင့် တိုက်ခိုက်ခဲ့စဉ်တွင် ၎င်းက သူ့ခွန်အားကို အပြည့်အဝ အသုံးမပြုခဲ့ပါ။
တော့ သူ ထုတ်ဖော်ပြသနေသော တိုက်ခိုက်ရေးအင်အားက အလွန်တုန်လှုပ်ဖွယ်ကောင်းလှသည်။
အချိန်နှစ်ရက်သာ ကြာခဲ့သော်လည်း ဒုတိယခန္ဓာလုမင် တည်ဆောက်ထားသော ဝင်္ကပါက အလွန်ကြောက်စရာကောင်းသည်။ ၎င်းက အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူကို သတ်ဖြတ်ရန်ပင် ပြဿနာများစွာမဖြစ်သင့်ပေ။
သို့တိုင်၊ မော့ဟဲက ပိတ်ဆို့ထားခဲ့သည်။
"အဆင့်မြင့် မြေကမ္ဘာဝိညာဉ်ခန္ဓာ"
လုမင်၏ စိတ်ထဲတွင် လှုပ်ရှားသွားသည်။
မော့ဟဲ၏ ဝိညာဉ်ခန္ဓာက အဆင့်မြင့် မြေကမ္ဘာဝိညာဉ်ခန္ဓာ ဖြစ်လိမ့်မည်။ ထိုသို့သော တာအိုခန္ဓာဖြင့် သူ၏ တိုက်ခိုက်နိုင်စွမ်းက အလွန်ထိတ်လန့်စရာကောင်းသည်။
စန်းပြည်နယ်တစ်ခုလုံးရှိ အင်အားစုတိုင်းတွင် အဆင့်မြင့် မြေကမ္ဘာဝိညာဉ်ခန္ဓာပိုင်ရှင်က များများမရှိပါ။ သူတို့ တစ်ဦးစီက ထိပ်တန်းပါရမီရှင်များဖြစ်ပြီး အဆင့်တူတွင် ပြိုင်ဘက်ကင်းကြသည်။ သူတို့အတွက် အဆင့်ကျော်တိုက်ခိုက်ခြင်းမှာ ထမင်းစား ရေသောက်သကဲ့သို့ လွယ်ကူရိုးရှင်းလှပေသည်။
"ဝင်္ကပါအကြီးကို အသုံးပြုရင်တောင် ဘာဖြစ်လဲ။ မင်းရဲ့ ဝင်္ကပါကို ငါ ဘယ်လိုချိုးဖျက်မယ်ဆိုတာ စောင့်ကြည့်ထား"
မော့ဟဲက ကြိမ်းမောင်းလိုက်သည်။ နတ်ဆိုးဓားဖြင့် ဓားချက်ထုတ်ဖော်လိုက်သည်နှင့် မရေမတွက်နိုင်သော ရွှေရောင်ဓားအလင်းများ ပြိုကျသွားရသည်။
"ဝုန်း"
နတ်ဆိုးဓားအလင်းက ချိုင့်ဝှမ်းတစ်ဖက်ကို ခုတ်ချလိုက်၏။ ချိုင့်ဝှမ်းတစ်ခုလုံး တောက်လျှောက် တုန်လှုပ်သွားရသည်။ ၎င်း၏စွမ်းအားက ကြောက်စရာကောင်းလွန်းလှပေသည်။
သူက ချိုင့်ဝှမ်းကိုဖျက်ဆီးပြီး လုမင်၏ ဝင်္ကပါကို ဖျက်ဆီးရန်ကြိုးစားလိုက်ခြင်း ဖြစ်သည်။
"ဟားဟား၊ ဒါဆိုရင် ငါက လက်ဆောင်လေး ထပ်ပေးလိုက်ဦးမယ်"
ဤအခိုက်တွင် တန်တန်က ရယ်မောလိုက်သည်။ ယခုအခါ သူက ဒုတိယခန္ဓာ လုမင်ထံမှ ထွက်ခွာပြီး မူလခန္ဓာလုမင်ဆီသို့ ရောက်ရှိနေပြီဖြစ်သည်။ သူက ရယ်မောပြီး ကမ္ပည်းများကို လျင်မြန်စွာ ရေးဆွဲလိုက်၏။
"ဝမ်"
ချိုင့်ဝှမ်းထဲတွင် နောက်ထပ် ဝင်္ကပါကြီးတစ်ခု ပေါ်လာတော့သည်။
ဤသည်မှာ တန်တန် တည်ဆောက်ထားသော ဝင်္ကပါ ဖြစ်သည်။
ဝင်္ကပါ ပေါ်လာပြီးနောက် ဧရာမတူကြီးများအဖြစ် စုဖွဲ့ကာ မော့ဟဲ၏ဦးခေါင်းကို ထုချလိုက်တော့သည်။
"ဒုန်း၊ ဒုန်း၊ ဒုန်း"
တူထုချက် ကျရောက်လာသည်နှင့် မော့ဟဲ၏နတ်ဆိုးဓားက တုန်ခါသွားသည်။ သူ့ခန္ဓာကိုယ်သည်လည်း တုန်လှုပ်ပြီး ခြေလှမ်းအနည်းငယ် ဆုတ်သွားရပေသည်။
မော့ဟဲ၏ မျက်နှာက လေးနက်သွားပြီး ဓားအလင်းများ ဆက်တိုက် ထုတ်ဖော်လိုက်သည်။ သို့သော်လည်း သူ၏ နတ်ဆိုးဓားအလင်းများက တူကြီးအောက်တွင် ပြိုကျသွား၏။
"ဟားဟားဟား၊ ခုတ်... ခုတ်... ခုတ်၊ ဒီအယုတ်တမာကို ခုတ်... အဲ မဟုတ်သေးဘူး။ ဒီကောင်ကို အသေထုသတ်လိုက်"
တန်တန်က မာနထောင်လွှားစွာဖြင့် ရယ်မောရင်း သူ့လက်ကို အဆက်မပြတ် ဝှေ့ယမ်းလိုက်သည်။
နောက်ဆုံးတွင် မော့ဟဲ လုံးလုံးလျားလျား ဖိနှိပ်ခံခဲ့ရပြီး တုံ့ပြန်တိုက်ခိုက်ရန် မဖြစ်နိုင်တော့ပေ။ သူ့ကိုယ်သူသာ အသည်းအသန် ခုခံကာကွယ်နိုင်ခဲ့သည်။
"ရွှစ်... ရွှစ်"
ဓားအလင်းများကလည်း အဆက်မပြတ် ဖြတ်သန်းသွားကြ၏။ တချို့က မော့ဟဲ ဦးခေါင်းမှ သီသီကလေး ဖြတ်သန်းသွားကာ သူ့မျက်နှာမှာပင် သွေးစီးကြောင်းတစ်ခု ပေါ်လာတော့သည်။
မော့ဟဲ၏မျက်နှာတွင် ကြောက်ရွံ့မှုတို့ ပေါ်လာခဲ့သည်။
"ညနတ်ဆိုးကြေမုံ၊ သွားစမ်း"
မော့ဟဲ ဟိန်းဟောက်လိုက်သည်။ သူ့မျက်ခုံးနှစ်ခုကြားမှ အလင်းတန်းတစ်ခု ထွက်လာသည်။ ထို့နောက် အနက်ရောင် ရှေးဟောင်းကြေးမုံတစ်ခုက မော့ဟဲ၏ ဦးခေါင်းထံသို့ ပျံဝဲသွား၏။ ထို့နောက် အလင်းတန်းတစ်ခု ကျရောက်လာကာ မော့ဟဲကို ဖုံးအုပ်လိုက်တော့သည်။
ဓားအလင်းများနှင့် တူကြီးများက ရှေးဟောင်းကြေးမုံ၏ အလင်းမျက်နှာပြင်ပေါ်သို့ ထိုးခုတ် ထုရိုက်လိုက်ကြသည်။ သို့သော် အလင်းမျက်နှာပြင်က တုန်ခါသွားသည့်တိုင် ပျက်စီးမသွားခဲ့ပါ။
"သူတော်စင်ရတနာ"
လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။
မော့ဟဲ အသုံးပြုခဲ့သော ရှေးဟောင်းကြေးမုံက သူတော်စင်ရတနာတစ်ခု ဖြစ်၏။
သို့သော်လည်း တွေးကြည့်ရလျှင် မော့ဟဲကဲ့သို့ ပါရမီရှင်တစ်ဦးအတွက် သူ့ကိုယ်သူကာကွယ်ရန် သူတော်စင်ရတနာ ရှိနေခြင်းမှာ ပုံမှန်ဖြစ်သည်။
သူတော်စင်ရတနာ၏ အကာကွယ်ကို ရယူပြီးနောက် မော့ဟဲက မခုခံတော့ဘဲ တိုက်ခိုက်ရန် အာရုံစိုက်လိုက်သည်။
"ဝုန်း... ဝုန်း"
နတ်ဆိုးဓားအလင်းများ ထွက်ပေါ်လာ၏။ နတ်ဆိုးဓားအလင်းက ရွှေရောင်ဓားအလင်းနှင့် တူကြီးတို့ကို တိုက်မိကာ ဝင်္ကပါကြီးနှစ်ခုစလုံး တုန်လှုပ်သွားတော့သည်။
"သတ်"
မော့ဟဲ မာန်သွင်းလိုက်သည်။ သူက ဓားချက်များထုတ်ဖော်ရင်း ချိုင့်ဝှမ်း၏ထွက်ပေါက်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်သွား၏။
ဤအတိုင်း ဆက်သွားနေပါက မော့ဟဲ လွတ်မြောက်သွားနိုင်ချေမှာ အလွန်များနေပြီ ဖြစ်သည်။
'ကြည့်ရတာ ထိပ်တန်းပါရမီရှင်တွေရဲ့ စွမ်းအားကို ငါ လျှော့တွက်ထားခဲ့မိပုံရတယ်'
ဤအတွေးက လုမင်၏ စိတ်ထဲတွင် လင်းလက်သွားသည်။ သို့သော်လည်း သူ့မျက်လုံးများမှ သတ်ဖြတ်ချင်သော စိတ်ဆန္ဒမှာ ပို၍ ပြင်းထန်လာတော့သည်။
"တန်တန်၊ ပူဖောင်းလေး... တိုက်ခိုက်ကြတော့"
လုမင်က တန်တန်နှင့် ပူဖောင်းလေးကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။ သူ့နောက်ကျောမှ အနက်ရောင်တောင်ပံများက လှုပ်ရှားသွား၏။ သူက အတောင်ကိုခတ်ပြီး မော့ဟဲထံ ပျံသန်းသွားတော့သည်။
လုမင်၏ လက်များက လျင်မြန်စွာ လှုပ်ရှားသွားပြီး တံဆိပ်တော်တစ်ခုကို ပြုလုပ်လိုက်သည်။
"ကစဉ့်ကလျားမှောက်လှန်ကောင်းကင်တံဆိပ်တော်"
လုမင်ထံမှ ခပ်တိုးတိုး အသံတစ်ခု ထွက်ပေါ်လာ၏။ ဧရာမ ရှေးဦးကစဉ့်ကလျား တံဆိပ်တော်တစ်ခုက အလွန်ကြောက်မက်ဖွယ်ကောင်းသော အတက်အကျများကို သယ်ဆောင်ကာ မော့ဟဲ၏ဦးခေါင်းပေါ်မှ ဖိချလာတော့သည်။
တစ်ချိန်တည်းမှာပင် တန်တန်က ပျံထွက်သွားပြီး လျင်မြန်စွာကြီးထွားလာခဲ့သည်။ ယခင်ကဲ့သို့ပင်၊ ၎င်းက ရှေးဦးကစဉ့်ကလျား တံဆိပ်တော်ကြီးကို နင်းချကာ ၎င်း၏စွမ်းအားကို ပို၍ ကြောက်စရာကောင်းစေခဲ့၏။
ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်က တောင်ကြီးတစ်လုံး ပြိုကျသကဲ့သို့ မော့ဟဲကို ဖိချလာတော့သည်။
မော့ဟဲ၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်၏စွမ်းအားကို သူ ခံစားဖူး၏။ အနက်ရောင် ရှေးဟောင်းကြေးမုံက ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်နှင့် တိုက်မိသောအခါ အကန့်အသတ်မဲ့ နတ်ဆိုးအလင်းရောင်ကို ထုတ်လွှတ်လာတော့သည်။
"ဝုန်း"
ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်နှင့် အနက်ရောင် ရှေးဟောင်းကြေးမုံ တိုက်မိပြီးနောက် ပေါက်ကွဲသံတစ်ချက်နှင့် ကြောက်မက်ဖွယ် လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာခဲ့သည်။
ထိုအချိန်တွင် လုမင်က မော့ဟဲနှင့် မနီးမဝေးနေရာသို့ ပြေးသွားသည်။ အနက်ရောင်အလင်းတန်းနှစ်ခုက သူ့မျက်လုံးများမှ ရုတ်တရက် ထွက်ပေါ်လာပြီး မော့ဟဲဆီသို့ ပစ်ခတ်လိုက်၏။
နတ်ဘုရားဓားကျင့်စဉ်။
အနက်ရောင်အလင်းနှစ်ခုက နတ်ဘုရားဓားနှစ်လက်ကဲ့သို့ မော့ဟဲ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး သူ၏ နတ်ဘုရားဝိညာဥ်ကို တိုက်ခိုက်လိုက်သည်။ မော့ဟဲလည်း သူ၏ နတ်ဘုရားဝိညာဉ်မှ နာကျင်မှုကို ခံစားခဲ့ရပြီး သူ့အရှိန်အဝါများပင် မှိန်ဖျော့သွား၏။ ယွမ်ချီစွမ်းအင် လည်ပတ်မှုနှုန်းမှာလည်း နှေးကွေးလာတော့သည်။
ထိုအချိန်တွင် ပူဖောင်းလေးက စတင်တိုက်ခိုက်ခဲ့သည်။ အချိန်ဟင်းလင်းပြင် ဓားသွား အများအပြားက မော့ဟဲထံကို ဖြတ်တောက်သွား၏။
တစ်ချိန်တည်းမှာပင်၊ အဆုံးမဲ့ရွှေရောင်ဓားအလင်းများနှင့် တူကြီးများက မော့ဟဲကို တိုက်ခိုက်လာကြပြန်တော့သည်။
"ဝုန်း... ဝုန်း"
မော့ဟဲ၏ ခန္ဓာကိုယ်က တုန်ခါသွားသည်။ သူက အတတ်နိုင်ဆုံးခုခံရန် ကြိုးစားသော်လည်း တိုက်ခိုက်မှုများစွာကြောင့် သူ၏ခံစစ်မှာ ကျိုးပေါက်သွားတော့သည်။
အနက်ရောင် ရှေးဟောင်းကြေးမုံ၏ အလင်းရောင်က ခွပ်ခနဲ အသံတစ်ချက်နှင့် ကွဲအက်သွားသည်။
"ခုတ်လော့"
လုမင်၏ နောက်ကျောမှ အနက်ရောင်တောင်ပံများက ကောင်းကင်ဓားများကဲ့သို့ မော့ဟဲကို ပိုင်းဖြတ်ရန် ကြိုးစားလိုက်သည်။
မော့ဟဲ၏မျက်လုံးများက ကျဉ်းမြောင်းသွားပြီး အရေးကြီးသော အခိုက်အတန့်တွင် သူ့ခန္ဓာကို ဘေးသို့ အနည်းငယ် ရွေ့လိုက်၏။
"ရွှပ်"
သွေးများက အရပ်ရပ်သို့ ဖြာထွက်သွားခဲ့သည်။ မော့ဟဲမှာ သေကွင်းသေကွက်ကို မထိစေရန် ရှောင်နိုင်ခဲ့သော်လည်း လုံး၀ မလွတ်နိုင်ခဲ့ပေ။ သူ့လက်တစ်ဖက်ကို အနက်ရောင်တောင်ပံများက ဖြတ်တောက်သွားခဲ့သည်။
"အား"
မော့ဟဲ အော်ဟစ်လိုက်သည်။ သူ့မျက်လုံးထဲတွင် ရူးသွပ်သော အကြည့်တစ်ခု ပေါ်လာသည်။ ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ ပြတ်သွားသောလက်မှ သွေးများက အနက်ရောင်ရှေးဟောင်းကြေးမုံပေါ်သို့ ကျရောက်သွား၏။ ဤအခိုက်အတန့်တွင်၊ အနက်ရောင်ရှေးဟောင်းကြေးမုံက တောက်ပစွာ ထွန်းလင်းနေပြီး အနီရင့်ရောင် နတ်ဆိုးမီးတောက်များကို ထုတ်လွှတ်လာတော့သည်။ တချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးများ ထွက်လာခဲ့သည်။
လုမင်လည်း အနက်ရောင်တောင်ပံများဖြင့် သူ့ကိုယ်သူရစ်ပတ်ပြီး အလျင်အမြန် ကာကွယ်လိုက်ရသည်။ သို့တိုင် ထိုစွမ်းအား၏ သက်ရောက်မှုကြောင့် သူ့ခန္ဓာကိုယ် တုန်လှုပ်ကာ လွင့်စဉ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ကစဉ့်ကလျားမှောက်လှန်ကောင်းကင်တံဆိပ်တော်က ပြိုကျသွားသည်။ တန်တန်လည်း အော်ဟစ်ပြီး လွင့်စဉ်သွား၏။
ရွှေရောင်ဓားအလင်းနှင့် တူကြိးများလည်း ပြိုကျသွားတော့သည်။
"လုမင်၊ ဒီအမုန်းတရားကို ငါ မှတ်ထားတယ်။ နောက်တစ်ကြိမ်ပြန်တွေ့ရင် ငါ မင်းကို သေချာပေါက်သတ်မယ်"
မော့ဟဲထံမှ ဒေါသတကြီး ဟိန်းဟောက်သံ ထွက်လာခဲ့သည်။
အနက်ရောင်ရှေးဟောင်းကြေးမုံက သွေးအလင်းများ ထွက်ပေါ်လာပြီး မော့ဟဲကို ရစ်ပတ်လိုက်၏။ ထို့နောက်တော့ ချိုင့်ဝှမ်းအတွင်းမှ ပြေးထွက်သွားပြီး သွေးအလင်းတစ်ခုအဖြစ် အဝေးကို ပျံသန်းပျောက်ကွယ်သွားတော့သည်။
"အချိန်မလုံလောက်ခဲ့တာ စိတ်မကောင်းစရာပဲ၊ ဝင်္ကပါရဲ့ စွမ်းအားက မလုံလောက်ဘူး"
လုမင်လည်း မော့ဟဲထွက်ခွာသွားသော လမ်းကြောင်းကို လှမ်းကြည့်ရင်း အနည်းငယ် နောင်တရသလို ခံစားလိုက်ရသည်။
ဒုတိယခန္ဓာလုမင်သာ အချိန်နှစ်ရက်လောက် ပိုရပါက ဝင်္ကပါစွမ်းအား ပိုကြီးမားလာပြီး မော့ဟဲကိုသတ်နိုင်ပေလိမ့်မည်။