← Chapters

အခန်း ၁၄၈၄

Vol. 99 Ch. 1484

အခန်း ၁၄၈၄

Vol. 99 Ch. 1484

အပိုင်း ( 1484 ) တန်တန် ထွက်ခွာသွားပြီ။

လုမင်လည်း အကြည့်လွှဲပြီး ချိုင့်ဝှမ်းအတွင်းသို့ ကြည့်လိုက်သည်။

ထိုနေရာတွင် မော့ဟဲ၏လက်တစ်ဖက် ကျန်ရစ်ခဲ့၏။ သူ၏ လက်ချောင်းတစ်ချောင်းမှာလည်း သိုလှောင်လက်စွပ်တစ်ကွင်း ရှိနေသေးသည်။

လုမင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ပြတ်သွားသော မော့ဟဲ၏လက်တွင် သိုလှောင်လက်စွပ်တစ်ခု ရှိ၏။

လုမင်လည်း ယွမ်ချီစွမ်းအင်ဖြင့် မော့ဟဲ၏ သိုလှောင်လက်စွပ်ကို ချွတ်ယူလိုက်သည်။

ထိုအချိန်တွင် ကမ္ပည်းတာအို ဒုတိယခန္ဓာက ချိုင့်ဝှမ်း၏ နက်နဲရာအရပ်မှ ထွက်လာ၏။ ၎င်းက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး လုမင်၏ မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်ပျောက်ကွယ်သွားသည်။

ကမ္ပည်းတာအို ဒုတိယခန္ဓာက အလွန်ရှားပါးပြီး လုမင်၏ ဝှက်ဖဲများထဲမှ တစ်ခုဟု ဆိုနိုင်သည်။ ယွမ်လုတွင် ထိုအကြောင်းကိုသိသူ များများမရှိပါ။

ထို့ကြောင့် တတ်နိုင်သမျှ သူ့ကို မဖော်ထုတ်မိစေရန်တော့ အစွမ်းကုန် ကြိုးစားရဖြစ်သည်။ ထို့ကြောင့်ပင် လုမင်က ချိုင့်ဝှမ်းအတွင်း၌ ဝင်္ကပါတည်ဆောက်ပြီးနောက် လျှို့ဝှက်နေရာတစ်ခုတွင် ပုန်းအောင်းနေစေခဲ့ခြင်း ဖြစ်သည်။

ဤနည်းဖြင့် မော့ဟဲ လွတ်မြောက်သွားသော်လည်း ဒုတိယခန္ဓာ လုမင်အကြောင်းကို မသိနိုင်ပေ။

ယွမ်လုတွင် ထိပ်သီးကျွမ်းကျင်သူများက တိမ်များကဲ့သို့ ပေါများသည်။ နေရာတိုင်းတွင် အန္တရာယ်များ အပြည့်ရှိ၏။

အကယ်၍ သူ့ဝှက်ဖဲကို လျှို့ဝှက်ထားနိုင်ပါက အရေးကြီးသောအခိုက်အတန့်တွင် သူ့အသက်ကို ကယ်တင်နိုင်မည် ဖြစ်သည်။

လုမင်၏ ဘဝခရီးတစ်လျှောက်တွင် အန္တရာယ်များစွာကို ဖြတ်သန်းခဲ့ဖူးသည်။ ထို့ကြောင့် ဤအချက်ကို သူ ကောင်းကောင်းသိပေသည်။

"ဒီနေရာက အရင်ထွက်သွားရအောင်"

လုမင်လည်း အနက်ရောင်တောင်ပံများကိုခတ်ပြီး ကောင်းကင်သို့တက်ကာ အဝေးသို့ ပျံသန်းသွားခဲ့သည်။

ဤနေရာက ကြာကြာဆက်နေရန် မသင့်လျော်ပေ။ နောက်ပိုင်းတွင် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူများ ရောက်လာနိုင်သည်။

လုမင်လည်း အရှိန်အဟုန်ဖြင့် ပျံသန်းခဲ့ပြီး မကြာမီ မိုင်သန်းပေါင်းများစွာကို ဖြတ်သန်းခဲ့လေသည်။ ထိုအချိန်တွင် လုမင်၏အရှိန်က လျော့ကျသွားသည်။

"လုမင်၊ ခဏရပ်ဦး"

တန်တန်က ရုတ်တရက် ပြောလိုက်၏။

လုမင်လည်း ရပ်လိုက်ပြီးနောက် တန်တန်ကို မေးခွန်းထုတ်သလို ကြည့်လိုက်သည်။

"လုမင်၊ ငါထွက်သွားတော့မယ်!"

တန်တန်က ခဏလောက် စဉ်းစားပြီး ပြောသည်။

လုမင် အံ့အားသင့်သွား၏။

"မင်းထွက်သွားမှာလား"

တန်တန် ခေါင်းညိတ်လိုက်လေသည်။

"အရင်တုန်းက ရှန်းရွီတိုက်အဖွဲ့အစည်းမှာတော့ အထူးတလည် သွားစရာ နေရာကောင်းကောင်း မရှိခဲ့ဘူး၊ ဒါပေမဲ့ ဒီနေရာက မတူဘူးလေ။ ဒီနေရာမှာ အန္တရာယ်များတဲ့ တားမြစ်နယ်မြေတွေက နေရာအနှံ့ရှိတယ်၊ ဒါပေမဲ့ ကံကောင်းခြင်း အခွင့်အလမ်းတွေကလည်း နေရာအနှံ့မှာရှိပါတယ်။ ဒီမှာ ငါ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တယ်။ မင်းနဲ့ပဲ ဆက်နေမယ်ဆိုရင် မကြာခင် ဒီကလေးရဲ့ နောက်မှာ ကျန်ရစ်ခဲ့လိမ့်မယ်"

အဆုံးတွင် တန်တန်က ပူဖောင်းလေးကို တစ်ချက်ကြည့်လိုက်သည်။

လုမင် ဆွံ့အသွား၏။ ဤအကောင်က ပူဖောင်းလေး၏နောက်မှာ ကျန်နေခဲ့မည်စိုး၍ ထွက်သွားလိုခြင်း ဖြစ်မည်လော။

"လုမင်၊ အရင်က ဟိုသတ္တဝါနဲ့ နွားအိုကြီးရဲ့တိုက်ပွဲကို မင်းမြင်ခဲ့တယ်မဟုတ်လား။ နွားအိုကြီးက အဲဒီနေရာကို စောင့်ရှောက်နေပေမဲ့ အသုံးဝင်မှာမဟုတ်ဘူး။ အက်ကြောင်းတွေက တစ်ခုထက်မက ရှိတယ်။ တိုက်ပွဲတွေ အနှေးနဲ့အမြန် ဖြစ်လာတော့မှာပဲ၊ ဒါက ငါမျှော်လင့်ထားတာထက်တောင် ပိုပြီး စောချင်စောနိုင်တယ်"

"အဲဒီအချိန်ကျရင် ကောင်းကင်နဲ့မြေပြင် ပြိုပျက်ပြီး ကမ္ဘာကြီးပျက်လိမ့်မယ်။ ဒါကြောင့် ငါတို့ရဲ့အင်အားကို တတ်နိုင်သမျှ မြန်မြန်မြှင့်တင်ကြရမယ်"

တန်တန်၏ အမူအရာက တည်ကြည်ပြီး ရှားရှားပါးပါး လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

"တန်တန်၊ မင်းပြောပြောနေတဲ့ တိုက်ပွဲကြီးဆိုတာ ဘာလဲ။ ရန်သူကကော ဘယ်သူလဲ။ အဲဒါက မျက်လုံးသုံးလုံး သတ္တတွေလား၊ အဲဒီမျက်လုံးသုံးလုံး သတ္တဝါက ဘာတွေလဲ"

လုမင်လည်း မေးခွန်းများစွာ ဆက်တိုက်မေးလိုက်သည်။

တန်တန်က ခေါင်းကိုခါယမ်းလိုက်၏။

"မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက အားနည်းလွန်းတယ်၊ အခုလောလောဆယ်တော့ ငါ မပြောနိုင်သေးဘူး။ မင်းကို ငါပြောလိုက်ရင် အာရုံပြောင်းသွားလိမ့်မယ်၊ မင်း အနာဂတ်မှာ ရင်ဆိုင်ရမဲ့ ရန်သူက သာမန်မဟုတ်ဘူးဆိုတာကိုပဲ သိထားပါ။ ဒါကမှ တကယ့်ရန်သူ၊ တကယ်ကို ကြောက်စရာကောင်းတဲ့ ရန်သူတွေပဲ။ မင်း အခုရင်ဆိုင်နေရတဲ့ ရန်သူဆိုတာက သူတို့နဲ့ယှဉ်ရင် ကစားစရာအရုပ်တွေထက် မပိုဘူး"

"အဲဒီတိုက်ပွဲက တိုက်ပွဲရဲ့ အထွတ်အထိပ်ဖြစ်လိမ့်မယ်။ နောက်ဆုံးတိုက်ပွဲလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ လက်ရှိအခြေအနေတွေအရ ဒါက သိပ်ကြာတော့မှာမဟုတ်ဘူး။ ဒါကြောင့် မင်းရဲ့ ခွန်အားကို မြန်မြန်မြှင့်တင်သင့်တယ်။ ငါသွားပြီ"

တန်တန်က ပြောဆိုပြီးနောက် အလင်းတန်းတစ်ခုကဲ့သို့ အဝေးကို ပြေးထွက်သွားလေသည်။

သို့သော်လည်း နောက်အခိုက်အတန့်တွင် တန်တန်က ပြန်ပြေးလာပြီး လုမင်အား ငါးခူပြုံးပြုံး၍ ကြည့်ကာပြောလိုက်သည်။

"လုမင်၊ ငါထွက်သွားတော့မှာဆိုတော့ နှုတ်ဆက်လက်ဆောင်အဖြစ် ဆေးပင်လေးဘာလေး မပေးချင်ဘူးလား"

"ထွက်သွား"

လုမင် ဒေါသတကြီးဖြင့် ပိတ်ရိုက်လိုက်၏။ တန်တန်၏ ခန္ဓာကိုယ်က အစက်ကလေးတစ်စက်အဖြစ် မိုးကုပ်စက်ဝန်းတွင် ပျောက်ကွယ်သွားတော့သည်။

"အား၊ လုမင်... မင်းက အကြင်နာမဲ့လူပဲ..."

တန်တန်၏ အသံက အဝေးမှ ထွက်ပေါ်လာခဲ့သည်။

"ဒီကောင်…"

လုမင်၏ မျက်လုံးများက ခံစားချက်အရိပ်အမြွက်တို့ ပေါ်လာခဲ့သည်။

တန်တန်သည် စိတ်မချရသော်လည်း လုမင်နောက်ကို နှစ်ပေါင်းများစွာ လိုက်ပါနေခဲ့သူ ဖြစ်၏။ လုမင် လောင်ကျွမ်းနေသော နေအင်ပါယာမှ ထွက်လာကတည်းက လုမင်၏နောက်ကို လိုက်နေခဲ့သူ ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်နှစ်နီးပါး ကုန်ဆုံးသွားခဲ့ပြီ။

ထို့ကြောင့် ယခုကဲ့သို့ ထွက်ခွာသွားသောအခါ အနည်းငယ် ဝန်လေးနေခဲ့သည်။

သို့သော်လည်း တန်တန်ပြောတာမမှားကြောင်း လုမင် နားလည်သည်။ သူ့နောက်ကို ဆက်လိုက်ပါက တန်တန်၏ တိုးတက်မှုမှာ ပို၍ နှေးကွေးသွားလိမ့်မည်။ ယွမ်လုတိုက်ကြီးကဲ့သို့ နေရာမျိုးတွင် တန်တန် တစ်ယောက်တည်းနေပါက မြန်မြန်ဆန်ဆန် ပြန်ကောင်းလာနိုင်သည်။

တန်တန်၏ လုံခြုံရေးကိုတော့ လုမင် စိတ်မပူပါ။ ထို‌အကောင်က လိမ္မာပါးနပ်ပြီး ဉာဏ်များသည်။ ထို့အပြင် သူက အတွေ့အကြုံကြွယ်ဝပြီး ဗဟုသုတလည်း ရှိ၏။ သူလိုလူက အဆင်မပြေဖြစ်မည်လော။

"ငါလည်း နေရာရှာပြီး တိတ်တဆိတ် လေ့ကျင့်ဦးမှပါ"

လုမင် ရေရွတ်လိုက်သည်။

တိုက်တန်နွားချေးပိုးကောင်ကြီးနှင့် နတ်မျက်စိ သတ္တဝါတို့၏ တိုက်ပွဲ မြင်ကွင်းက သူ့စိတ်ထဲမှာ ထင်ရှားနေဆဲပင်။

ထိုမြင်ကွင်းသည် ထိတ်လန့်စရာကောင်းလွန်းသည်။ တိုက်တန်နွားချေးပိုးကောင်ကြီးကို မဟာတာအိုက ရစ်ပတ်ထား၏။ သူ၏ လှုပ်ရှားမှုတိုင်းတွင် လောကနိယာမနှင့် တာအိုများ ပါဝင်နေပုံရသည်။ ထိုအကြောင်းကိုတွေးလိုက်တိုင်း လုမင်၏ ကစဉ့်ကလျားတာအိုနယ်မြေက တုန်လှုပ်သွားပုံရသည်။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ၊ သူ၏စိတ်ထဲတွင် တိုက်တန်နွားချေးပိုးကောင်ကြီး၏ ပုံရိပ်က မှုန်ဝါးဝါးဖြစ်လာသည်ကို လုမင် သတိပြုမိလိုက်သည်။ မဟာတာအို၏ အငွေ့အသက်များသည်လည်း မှုန်ဝါးဝါး ဖြစ်လာပြီ။

ယင်းက မကြာမီ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။

ထို့ကြောင့် လုမင်လည်း နေရာတစ်ခုကို ချက်ချင်းရှာကာ တိတ်တဆိတ် နားလည်ဆင်ခြင်လိုခဲ့သည်။ မဟုတ်ပါက အလဟဿဖြစ်သွားလိမ့်မည်။

လုမင်လည်း အနက်ရောင်တောင်ပံများကိုခတ်ပြီး ထိုနေရာမှ ထွက်သွားသည်။ တစ်နာရီကြာပြီးနောက် ဆိတ်ငြိမ်သောနေရာကို ရှာတွေ့ပြီး တင်ပျဉ်ခွေထိုင်လိုက်၏။ တိုက်တန်နွားချေးပိုးနှင့် မျက်လုံးသုံးလုံး သတ္တဝါတို့ကြား တိုက်ပွဲမြင်ကွင်းများက သူ့စိတ်ထဲတွင် တစ်ဖန်ပေါ်လာသည်။ လုမင်၏ ကစဉ့်ကလျားတာအိုနယ်မြေအပေါ် နားလည်မှုကလည်း လျင်မြန်စွာပင် ပို၍ နက်ရှိုင်းလာတော့သည်။

အချိန်များ ကုန်လွန်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာ လဝက်ကြာသွားပြီ။

ထိုအချိန်တွင်၊ ကစဉ့်ကလျားတာအိုနယ်မြေက လုမင်၏ ခန္ဓာကိုယ်မှ အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ ဖုံးလွှမ်းထားနိုင်သော ဧရိယာကလည်း ယခင်ကထက် နှစ်ဆပိုကြီး၏။

ဤလဝက်တွင်း လုမင်၏ ကစဉ့်ကလျားတာအိုနယ်မြေက လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ယခုတော့ ဖြတ်ကျော်သွားပြီး တတိယအဆင့်သို့ ရောက်နေပြီ။

ကစဉ့်ကလျားတာအိုနယ်မြေ တတိယအဆင့်။

ထိုအချိန်တွင်၊ လုမင်၏စိတ်ထဲမှာ တိုက်တန်နွားချေးပိုးနှင့် မျက်လုံးသုံးလုံး သတ္တဝါတို့ကြား တိုက်ပွဲမြင်ကွင်းများက ရှိနေဆဲဖြစ်သော်လည်း အလွန်မှိန်ဖျော့သွားခဲ့သည်။ ထို့ပြင် မဟာတာအို၏ အရှိန်အဝါကိုလည်း လုံးဝ အာရုံမခံစားနိုင်တော့ပေ။

သို့သော်လည်း လုမင် လွန်စွာ ကျေနပ်နေမိဆဲ ဖြစ်သည်။ သူသာ ပုံမှန်အတိုင်း လေ့ကျင့်ခဲ့ပါက ကစဉ့်ကလျားတာအိုနယ်မြေကို တတိယအဆင့်သို့ရောက်ရန် အနည်းဆုံး တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် လိုအပ်မည် ဖြစ်သည်။

ယခုတော့ တတိယအဆင့်ကို လဝက်အတွင်း ရောက်သွားပြီ။ ယင်းက ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်သည်။

သို့သော်လည်း လုမင်၏ ကျင့်ကြံခြင်းအခြေခံက ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အစောပိုင်းအဆင့်တွင် ရှိနေဆဲပင်။

သို့ရာတွင် ကစဉ့်ကလျားတာအိုနယ်မြေ ချိုးဖြတ်ပြီးနောက် သူ၏ ကျင့်ကြံခြင်းအခြေခံကို မြှင့်တင်ရန်မှာ ပို၍လွယ်ကူသည်။

ထိုအချိန်တွင် လုမင်၏လက်ထဲတွင် သိုလှောင်လက်စွပ်တစ်ခု ပေါ်လာသည်။

ယင်းက မော့ဟဲ၏ သိုလှောင်လက်စွပ် ဖြစ်၏။ ယခင်က လုမင်ဟာ နားလည်ဆင်ခြင်နေရပြီး ယင်းကိုစစ်ဆေးရန် အချိန်မရှိခဲ့ပါ။

သိုလှောင်လက်စွပ်မှ မော့ဟဲ၏ အမှတ်အသားကို ချိုးဖျက်ပြီးနောက် လုမင်ဟာ ဝိညာဉ်အသိဖြင့် စကင်န်ဖတ်ခဲ့သည်။

အလယ်အလတ်တန်းစား ကျောက်ကြမ်းများ သန်းပေါင်း ဆယ်ဂဏန်းရှိ၏။ ယင်းက လုမင်ထက် များစွာပို၍ ချမ်းသာသည်။

အခြား ဝိညာဉ်ဆေးပင်များနှင့် အမျိုးမျိုးသော ပစ္စည်းများလည်း ရှိသေးသည်။ ယင်းတို့ကိုတော့ လုမင်က တစ်ချက်သာကြည့်ပြီး ကျော်ခဲ့သည်။

ထို့အပြင် အုပ်ချုပ်သူဝိညာဉ်ရတနာများ အများအပြား ရှိ၏။

"အဲဒါက..."

အဆုံးတွင်၊ လုမင်၏အကြည့်က ကြည်လင်ပြတ်သားသော အပြာရောင် ဓားတစ်လက်ပေါ်သို့ ကျရောက်သွားသည်။

ဤကြည်လင်သောဓားက အစွမ်းထက်သော ရောင်ဝါတို့ဖြင့် ပြည့်နှက်နေ၏။

သူတော်စင်ရတနာ ဖြစ်သည်။ ယင်းက ရေများ စီးဆင်းနေပုံရ၏။ ဤသည်မှာ ရေကိုအခြေခံသော သူတော်စင်ရတနာ ဖြစ်သည်။

လုမင်၏ ခန့်မှန်းမှုအရ ဤဓားမှာ မော့ဟဲ၏တာအိုနှင့် မကိုက်ညီသောကြောင့် သိုလှောင်လက်စွပ်တွင် ထည့်သိမ်းထားခြင်း ဖြစ်လိမ့်မည်။ ယင်းက လုမင်အတွက် အကျိုးအမြတ်များစေခဲ့သည်။

ဤသူတော်စင်ရတနာကို နဂါးနတ်ဘုရားတောင်ကြားတွင် ထည့်ဝင်မှတ်တစ်သန်းနှင့် လဲလှယ်နိုင်လိမ့်မည်။

All Chapters