← Chapters

အခန်း ၁၄၈၇

Vol. 100 Ch. 1487

အခန်း ၁၄၈၇

Vol. 100 Ch. 1487

အပိုင်း ( 1487 ) ရွယ်နင်ရှင်း၏ အင်အား။

ယခုတစ်ကြိမ်တွင် သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတစ်ဦးပင် ပါဝင်ခဲ့သည်။

ယင်းက လုမင်ကိုသတ်ရန် ရင်ဖုန်း မည်မျှစိတ်ပိုင်းဖြတ်ထားကြောင်း ဖော်ပြခဲ့ပေသည်။

"ဂိုဏ်းတူတပည့်ချင်းကို သတ်တာလား။ ရယ်စရာကောင်းလိုက်တာ၊ ငါ့ရဲ့ ဆရာတူမောင်လေးက အမှိုက်တွေကိုပဲ သတ်လိုက်တာ၊ အဲဒါ ဘာဖြစ်လဲ။ သူ့ကို နဂါးနတ်ဘုရားတောင်ကြားမှာ ဆက်ပြီး နေခွင့်ပေးထားတာက အရင်းအမြစ်တွေကို ဖြုန်းတီးနေတာပဲ။ အခု သူ့ကိုသတ်လိုက်တာကမှ ကောင်းတောင်ကောင်းသေးတယ်"

ရွယ်နင်ရှင်းက အေးစက်စက်ဖြင့် ပြောလိုက်သည်။

လူအုပ်ကြီး မျက်လုံးပြူးသွားကြ၏။

ယင်းက ဘယ်လို ယုတ္တိဗေဒမျိုးဖြစ်သနည်း။ တကယ်ကို ကြီးစိုးသည်၊ မာနကြီးလွန်းသည်။

"မင်း…"

သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူနှင့် ရင်ဖုန်းတို့ အံ့အားသင့်သွားကြသည်။ ရွယ်နင်ရှင်း၏ စကားကို မည်သို့မည်ပုံ တုံ့ပြန်ရမည်မှန်း သူတို့မသိကြတော့ပေ။

သူက တကယ်ကို ကျိုးကြောင်းဆီလျော်ခြင်း ကင်းမဲ့သည်။

"ကဲ၊ အခုချက်ချင်း ငါ့ရှေ့က မြန်မြန်ထွက်သွားကြတော့။ မဟုတ်ရင် နင်တို့ကို တစ်ယောက်ပြီးတစ်ယောက် ကန်ထုတ်ပစ်မယ်"

ရွယ်နင်ရှင်းက အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ရွယ်နင်ရှင်း၊ ကြည့်ရတာ ဒီနေ့ မင်းက ဝင်စွတ်ဖက်ဖို့ ဆုံးဖြတ်ထားပုံရတယ်။ ဒီလိုဆိုမှတော့ ငါ မင်းကို အရင်ဆုံး ဖယ်ရှားရ‌တာပေါ့"

သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူက အေးစက်စက် ပြောလိုက်သည်။ သူ့ထံမှ ကြောက်စရာကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာပြီး ရွယ်နင်ရှင်းထံ တိုးဝင်သွား၏။

"ဝုန်း"

ရွယ်နင်ရှင်း၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။

ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်။

ရွယ်နင်ရှင်း၏ ကျင့်ကြံခြင်းအခြေခံက ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်သာဖြစ်ကြောင်း လူတိုင်း မြင်နိုင်သည်။ သို့ရာတွင် သူ့အရှိန်အဟုန်ကတော့ အလွန်သန်မာ၏။ သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူနှင့် ရင်ဆိုင်နေရသည့်တိုင် အနည်းငယ်မျှ နောက်မဆုတ်ပေ။

"တောင်တန်းတစ်ထောင်လက်သီး၊ သတ်"

သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်မှ ကျွမ်းကျင်သူက ဟိန်းဟောက်လိုက်သည်။ သူက ရှေ့သို့တက်လှမ်းပြီး ရွယ်နင်ရှင်းဆီသို့ လက်သီးချက် ထုတ်ဖော်လိုက်၏။

လက်သီးချက် ထုတ်ဖော်လိုက်သည်နှင့် ဧရာမတောင်ကြီးတစ်လုံးကဲ့သို့ ရွယ်နင်ရှင်းပေါ်ကို ကျရောက်လာတော့သည်။

"ဂါး"

ထိုအချိန်တွင် ရွယ်နင်ရှင်းထံမှ ကြောက်စရာကောင်းသော နဂါးဟိန်းသံကို ကြားလိုက်ရသည်။ သူ့အရှိန်အဝါကလည်း ပို၍ အားကောင်းလာ၏။

ရွယ်နင်ရှင်းလည်း ရှေ့သို့ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

ရွယ်နင်ရှင်းက လက်သီးချက်ထုတ်ဖော်လိုက်သည်နှင့် ရေခဲအဖြစ်သို့ ပြောင်းလဲသွားပုံရပြီး ကြောက်မက်ဖွယ်ကောင်းအောင် အအေးဓာတ်က လွှမ်းမိုးလာတော့သည်။

"ဒုန်း"

ရွယ်နင်ရှင်း၏ လက်သီးက ဧရာမတောင်နှင့် တိုက်မိသွားသည်။

ကြောက်စရာကောင်းသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ ယင်းနောက် ဧရာမတောင်ကြီးက ခဏတာ အေးခဲသွားပြီး ပေါက်ကွဲထွက်သွား၏။ ကြောက်မက်ဖွယ်ကောင်းသော ရေခဲအငွေ့အသက်များကလည်း အရပ်ရပ်သို့ ပျံ့နှံ့သွားတော့သည်။

ထိုနေရာ၏ ပတ်ဝန်းကျင် အပူချိန်က လျင်မြန်စွာ ကျဆင်းသွားသည်။ ကျင့်ကြံခြင်းအခြေခံ နိမ့်ကျသူများဆိုပါက ၎င်းတို့၏ ခန္ဓာကိုယ်ကို ရေခဲအလွှာတစ်ခုက ဖုံးလွှမ်းသွားသောကြောင့် တုန်လှုပ်ခြောက်ခြားသွားကြသည်။

ထို့နောက် ရွယ်နင်ရှင်းနှင့် သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတို့ နှစ်ဦးစလုံး၏ ခန္ဓာများက တုန်ခါပြီး နောက်ပြန်ဆုတ်သွားခဲ့ရသည်။

"အစွမ်းထက်လိုက်တာ"

"မကောင်းဆိုးရွားပဲ"

လူအားလုံး၏ စိတ်ထဲတွင် တူညီသော အတွေးတစ်ခုပေါ်လာပြီး ရွယ်နင်ရှင်းကို အလန့်တကြား ကြည့်လိုက်ကြသည်။

လုမင်၏ မျက်လုံးများမှာလည်း အံ့အားသင့်မှုတို့ ပေါ်လာခဲ့ပေသည်။

ရွယ်နင်ရှင်း၏ တိုက်ခိုက်နိုင်စွမ်းက သူ့မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။

ရွယ်နင်ရှင်းက ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူဖြစ်သော်လည်း သတ္တမအဆင့် သိုင်းအုပ်ချုပ်သူတစ်ပါးကို တွန်းလှန်နိုင်ခဲ့၏။ ယေဘုယျအားဖြင့် သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်က အဆင့်မြင့် သိုင်းအုပ်ချုပ်သူနယ်ပယ်ဖြစ်ပြီး တိုက်ခိုက်နိုင်စွမ်းက နောက်တစ်ဆင့်သို့ ရောက်နေပြီ ဖြစ်သည်။

နဂါးနတ်ဘုရားတောင်ကြားကဲ့သို့ အင်အားစုကြီးတစ်ခုမှာပင် အဆင့်မြင့်သိုင်းအုပ်ချုပ်သူကို အလယ်အလတ်အဆင့် ကျွမ်းကျင်သူအဖြစ် သတ်မှတ်နိုင်ပေသည်။

"ထပ်လာမယ်"

ရွယ်နင်ရှင်း၏ မျက်လုံးများက စိတ်လှုပ်ရှားမှုတို့ ဖြစ်ပေါ်လာကာ အော်ဟစ်လိုက်သည်။ သူ့ခန္ဓာအတွင်းမှ နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာ၏။ ထို့နောက်တော့ အဖြူရောင် နှင်းနဂါးပုံရိပ်တစ်ခုက သူမ၏ ဦးခေါင်းထက်တွင် ပေါ်လာတော့သည်။

'ဒီဆရာတူအစ်မက တကယ်ကို တိုက်ခိုက်ရေးသမားပဲ'

လုမင် မနေနိုင်ဘဲ တွေးလိုက်မိသည်။

ရွယ်နင်ရှင်းနှင့် သူ ပထမဆုံး တွေ့ဆုံဖူးသော အခြေအနေကိုပင် ပြန်လည်သတိရမိ၏။ ထိုစဉ်ကလည်း ရွယ်နင်ရှင်းဟာ သူ့ကို သတိမပေးဘဲ လက်သီးနှင့်ထိုးခဲ့သည်။

"ရပ်လိုက်စမ်း"

ထိုအချိန်တွင် အဘိုးအိုတစ်ယောက် ကောင်းကင်တွင် ပေါ်လာသည်။ သူ့ထံမှ ပြင်းထန်သော ရောင်ဝါက နေရာတစ်ခုလုံးကို လွှမ်းခြုံသွား၏။ လူအားလုံး သူတို့၏ ခန္ဓာကိုယ်အပေါ် ကြောက်မက်ဖွယ် ဖိအားများ ကျရောက်လာသလို ခံစားလာခဲ့ရတော့သည်။

သူတော်စင်နယ်ပယ် အကျော်အမော်။

ကောင်းကင်တွင် ပေါ်လာသူက သူတော်စင်နယ်ပယ် အကျော်အမော်ဖြစ်ကြောင်း သံသယဖြစ်စရာ မလိုပေ။

ထိုအဘိုးအိုက ရွှေရောင်နဂါး၀တ်ရုံရှည်ကို ၀တ်ဆင်ထားသည်။ သူ့အဝတ်အစားများက နဂါးပြစ်ဒဏ်ခတ်နန်းတော်မှ လူများဝတ်ထားသည့် ပုံစံအတိုင်း ဖြစ်ချေသည်။

နဂါးပြစ်ဒဏ်ခတ်နန်းတော်မှ အကြီးအကဲ။

"အကြီးအကဲကို နှုတ်ခွန်းဆက်ပါတယ်"

မျှော်လင့်ထားသည့်အတိုင်း၊ နဂါးပြစ်ဒဏ်ခတ်နန်းတော်မှ လူငယ်များက အဘိုးအိုကို မြင်သောအခါ ချက်ချင်း နှုတ်ဆက်လိုက်ကြသည်။

တခြားသူများလည်း နှုတ်ခွန်းဆက်လိုက်ကြ၏။

နဂါးပြစ်ဒဏ်ခတ်နန်းတော်၏ အကြီးအကဲရောက်လာသည်နှင့်တပြိုင်နက် ရွယ်နင်ရှင်းနှင့် သတ္တမအဆင့် သိုင်းအုပ်ချုပ်သူတို့၏ တိုက်ပွဲမှာလည်း ရပ်တန့်သွားတော့သည်။

"ဘာတွေဖြစ်နေတာလဲ"

နဂါးပြစ်ဒဏ်ခတ်နန်းတော်မှ အကြီးအကဲက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

တိမ်နဂါးတောင်ကြားတွင် နဂါးပြစ်ဒဏ်ခတ်နန်းတော်မှ ကျွမ်းကျင်သူများစွာ စုဝေးခဲ့ကြောင်း အသိပေးခံခဲ့ရသောကြောင့် သူ ချက်ချင်းပြေးလာခြင်း ဖြစ်သည်။ ယခု၊ သူ ရောက်လာသည်နှင့် ရွယ်နင်ရှင်းနှင့် နဂါးပြစ်ဒဏ်ခတ်နန်းတော်မှ ကျွမ်းကျင်သူများကြား တိုက်ပွဲကို မြင်တွေ့ခဲ့ရပေသည်။

"အကြီးအကဲကို တင်ပြပါရစေ၊ ကျွန်တော်က ငွေနဂါးတောင်ကြားသခင်ရဲ့ မြေး ရင်ဖုန်းပါ"

ရင်ဖုန်းက သူ့နာမည်ကို ပထမဆုံး မိတ်ဆက်လိုက်သည်။ ထို့နောက် သူ ဆက်ပြော၏။

"ဒါက ဘယ်လိုဖြစ်တာလဲဆိုတော့၊ လုမင်က ဂိုဏ်းတူတပည့်အချင်းချင်းသတ်ပြီး သူတို့ရဲ့ ရတနာတွေကို ခိုးယူလိုက်တာ။ ဒါက ဆိုးရွားလွန်းတဲ့ အပြစ်တစ်ခုကို ကျူးလွန်ခဲ့တာပါပဲ။ ဒါကြောင့် နဂါးပြစ်ဒဏ်ခတ်နန်းတော်ရဲ့ ဂိုဏ်းတူညီအစ်ကိုတွေနဲ့ ကျွန်တော်က သူ့ကို ဖမ်းဆီးဖို့ ကြိုးစားနေတာပါ"

"ဂိုဏ်းတူတပည့်တွေကို သတ်လိုက်တာလား"

နဂါးပြစ်ဒဏ်ခတ်နန်းတော်မှ အကြီးအကဲ၏ မျက်လုံးများက အေးစက်စက်အလင်းများ လက်သွားပြီး လုမင်ကိုကြည့်ကာ ပြောလိုက်သည်။

“ဒါအမှန်ပဲလား”

"ရင်ဖုန်းရဲ့ ပါးစပ်က ခွေးပါးစပ်ပဲ။ သူက တွေ့ကရာလူကို ကိုက်နေတာ"

လုမင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

"လုမင်၊ မင်း ဘာပြောလိုက်တာလဲ"

ရင်ဖုန်းက လုမင်ကို ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်၏။ လုမင်က သူ့ကို ခွေးတစ်ကောင်ဟု သုံးနှုန်းဝံ့သည်။

"ခွေးလို့ ပြောတာလေ၊ ရင်ခွေး"

လုမင် အေးအေးဆေးဆေး ပြောလိုက်၏။

ရင်ဖုန်း၏မျက်နှာက ပြာနှမ်းသွားပြီး နဂါးပြစ်ဒဏ်ခတ်နန်းတော်၏ အကြီးအကဲကို လက်ယှက်ပြကာ ပြောလိုက်သည်။

"အကြီးအကဲ၊ ဒီကောင် ဂိုဏ်းတူတပည့်တွေကို သတ်လိုက်တယ်ဆိုတဲ့ သက်သေတွေက အထင်အရှားရှိပါတယ်။ သက်သေတွေကို စုဆောင်းဖို့ တစ်ယောက်ယောက်ကို စေလွှတ်ထားပြီးသားပြီ။ ခင်ဗျား ဒီကိစ္စကို တရားမျှတမှုရှိရှိ စီရင်ပေးပါ။ မဟုတ်ရင် နဂါးနတ်ဘုရားတောင်ကြားက လူအားလုံး စိတ်ပျက်ရလိမ့်မယ်"

"လုမင်၊ မင်းဘာပြောစရာရှိလို့လဲ"

နဂါးပြစ်ဒဏ်ခတ်နန်းတော်မှ အကြီးအကဲက လုမင်ကို စိုက်ကြည့်လိုက်သည်။

"ဟုတ်တာပေါ့၊ ကျုပ်ပြောစရာရှိတယ်။ ရွှီလုံကို တစ်ယောက်ယောက်က ထိန်းချုပ်ထားခဲ့တာ..."

ထို့နောက်တွင်၊ လုမင်က မစ်ရှင်ခရီးစဉ်မှ အဖြစ်အပျက်များကို ပြန်ပြောပြလိုက်သည်။

ဤတစ်ကြိမ်မှာတော့ လုမင်က နောက်ဆုံးအကြိမ်ကထက် ပိုရှင်းလင်းစွာ ရှင်းပြခဲ့၏။ အရေးကြီးသောအချက်အချို့ကိုတော့ ကျော်သွားသည် သို့မဟုတ် အနည်းငယ်ပြင်ဆင်ခဲ့ပေသည်။

ဥပမာအားဖြင့်၊ မိစ္ဆာဝိညာဉ်အကြီးအကဲက လုမင်နောက်သို့ လိုက်လာသောကြောင့် လုမင်ဟာ ငရဲဖိနှိပ်ကျောက်စာချပ်ဖြင့် သူ၏ရုပ်ခန္ဓာကို ဖျက်ဆီးပစ်ခဲ့သည်။ ထိုအကြောင်းကို လုမင် အမှန်အတိုင်း မပြောပြခဲ့ပေ။ တစ်ဖက်လူက ဒဏ်ရာ ပြင်းပြင်းထန်ထန်ရနေသောကြောင့် သူ့ကို လိုက်မမီနိုင်ဘူးဟုသာ ပြောခဲ့သည်။

"မင်းဘာပြောလိုက်တယ်၊ မိစ္ဆာဝိညာဉ်ဂိုဏ်းလား"

လုမင်၏ စကားအဆုံးတွင် နဂါးပြစ်ဒဏ်ခတ်နန်းတော်၏ အကြီးအကဲထံမှ ကြောက်စရာကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။ ကြောက်ရွံ့မှုအရိပ်အယောင်များလည်း သူ့မျက်လုံးထဲတွင် ပေါ်လာ၏။

"ဟုတ်ပါတယ်၊ အကြီးအကဲ"

လုမင်လည်း ခေါင်းညိတ်လိုက်သည့်တိုင် သူ့စိတ်ထဲတွင် အံ့ဩသွားလေသည်။

မိစ္ဆာဝိညာဉ်ဂိုဏ်းအကြောင်း ပြောလိုက်သည်နှင့် ဤသူတော်စင်နယ်ပယ် အကြီးအကဲ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုတို့ ပေါ်လာသည်။ ဤအကြောက်တရားမျိုးသည် ထိုစဉ်က ရွှီလုံနှင့် အတူတူပင်။ သူတို့၏ နှလုံးသားထဲမှ စိမ့်တက်လာသည့် ကြောက်ရွံ့မှုမျိုး ဖြစ်သည်။

သူဝေ့ကြည့်လိုက်တော့ နဂါးနတ်ဘုရားတောင်ကြားရှိ တပည့်များစွာသည်လည်း မိစ္ဆာဝိညာဉ်ဂိုဏ်းအကြောင်း ကြားရပြီးနောက် သူတို့၏မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်ကို ထပ်မံတွေ့လိုက်ရပေသည်။

"မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ အကြီးအကဲတစ်ဦး၊ မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ အကြီးအကဲတစ်ဦးက အမှန်တကယ် အသက်ရှင်နေသေးတာလား။ မိစ္ဆာဝိညာဉ်ဂိုဏ်း တစ်ဖန် နိုးထလာတော့မှာလား"

နဂါးပြစ်ဒဏ်ခတ်နန်းတော်မှ အကြီးအကဲက တီးတိုး ရေရွတ်လိုက်သည်။ သူ့မျက်လုံးထဲမှ အကြောက်တရားမှာလည်း ပိုမိုပြင်းထန်လာ၏။

"လုမင်၊ မဖြစ်နိုင်တာတွေကို လျှောက်မပြောနဲ့။ လွန်ခဲ့တဲ့နှစ်ပေါင်း ရှစ်သောင်းလောက်ကတည်းက မရေမတွက်နိုင်တဲ့ အင်အားစုတွေရဲ့ မဟာမိတ်အင်အားကြောင့် မိစ္ဆာဝိညာဉ်ဂိုဏ်း ပျက်စီးသွားခဲ့ပြီ။ မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ ဘယ်အကြီးအကဲက နှစ်ပေါင်းရှစ်သောင်းကြာ အသက်ရှင်နေဦးမှာလဲ။ မင်း လျှောက်ပြောနေတာ၊ ဒီနေရာမှာ သက်သေပြမဲ့သူမရှိတာနဲ့ မင်းပြောချင်တာ လျှောက်ပြောနေတာပဲ"

ရင်ဖုန်းက ရက်စက်ကြမ်းကြုတ်သော အကြည့်ဖြင့်ကြည့်ပြီး အော်ဟစ်လိုက်သည်။

ယနေ့တွင် ဤအခွင့်အရေးကိုသုံးပြီး လုမင်ကို သတ်ရမည် ဖြစ်သည်။ အနည်းဆုံးတော့ လုမင်၏ ကျင့်ကြံခြင်းအခြေခံကို ဖျက်ဆီးရလိမ့်မည်။

"လုမင် မင်းပြောသမျှအတွက် သက်သေရှိလား။ မင်းပြောသမျှမှန်ကြောင်း သက်သေပြဖို့ အထောက်အထားရှိရဲ့လား။ မင်း အပြစ်ကင်းစင်ကြောင်း သက်သေပြနိုင်မလား"

နဂါးပြစ်ဒဏ်ခတ်နန်းတော်၏ အကြီးအကဲလည်း အသက်ပြင်းပြင်းရှူကာ သူ့ကိုယ်သူ ထိန်းချုပ်လိုက်သည်။ သူက လုမင်ကို ပြန်ကြည့်လိုက်၏။

"သက်သေက အရမ်းရိုးရှင်းပါတယ်။ ဖုန်းမိသားစုမှာ အသက်ရှင်နေသေးတဲ့သူတွေ အများကြီးရှိသေးတယ်။ အဲဒီမှာ အတွင်းဇာတ်လမ်းကို သိတဲ့သူတစ်ယောက်ရှိမှာပဲ။ ဖုန်းမိသားစုထဲက လူတွေကို ရှာပြီး မေးကြည့်ပါ။ အဲဒီအခါ ကျုပ်ပြောခဲ့တာတွေက မှန်လား မှားလားဆိုတာ သိလိမ့်မယ်"

လုမင် ပြောလိုက်သည်။

All Chapters