အခန်း ၁၄၈၈
Vol. 100 Ch. 1488
အပိုင်း ( 1488 ) ကြောက်လွန်းလို့။
"ဟားဟားဟား"
ထိုအချိန်တွင် ရင်ဖုန်းက အသံကျယ်ကျယ်ဖြင့် ရယ်မောပြီး ဝင်ပြောလိုက်သည်။
"ဖုန်းမိသားစုကို သွားစရာ မလိုတော့ဘူး ထင်တယ်။ ငါ့လူတွေကို အဲဒီ့ကို စေလွှတ်ပြီးပြီ၊ ဒါပေမဲ့ ဖုန်းမိသားစုက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတာကိုပဲ ငါသိလိုက်ရတယ်"
ထိုသို့ပြောဆိုပြီးနောက် ရင်ဖုန်းက အေးစက်စက်ဖြင့် လုမင်ကို ကြည့်လိုက်သည်။
"လုမင်၊ မင်းက ရက်စက်ကြမ်းကြုတ်တဲ့အပြင် တကယ်ပြတ်သားတာပဲ။ သက်သေ နည်းနည်းလေးမှ မထားခဲ့ဘူး"
သူ့စကားနောက်ကွယ်မှ အဓိပ္ပါယ်က ထင်ရှား၏။
ရင်ဖုန်းက လုမင်ဟာ ဖုန်းမိသားစုကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သူဟု ပြောဆိုနေခြင်း ဖြစ်သည်။
ဖုန်းမိသားစု အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပြီ။
ရင်ဖုန်းကို စိုက်ကြည့်ရင်း လုမင်၏ မျက်လုံးများက အေးစက်စက်အလင်းတို့ ဖြတ်သွားသည်။
ရင်ဖုန်းသည် လုမင်က သူ့ကိုဆန့်ကျင်ပြီး ဖုန်းမိသားစုကို သက်သေအဖြစ်ထားမှာ စိုးရိမ်သောကြောင့် ဖုန်းမိသားစုကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်နိုင်သည်။
သူဟာ လုမင်အတွက် သက်သေပြနိုင်သော ဖုန်းမိသားစုကို အမြစ်ပြတ် ချေမှုန်းခဲ့သော်လည်း၊ ယခုအခါ လုမင်က ဖုန်းမိသားစုအား နှုတ်ပိတ်သတ်ဖြတ်ခဲ့သူဟု ယိုးစွပ်နေ၏။
လုမင်ကို စိုက်ကြည့်ရင်း ရင်ဖုန်း၏မျက်နှာတွင် အေးစက်သော လှောင်ပြုံးတစ်ခု ပေါ်လာတော့သည်။
'ဟမ့်၊ အခု မင်းကိုယ်မင်း ဘယ်လိုသက်သေပြမလဲ ကြည့်ရအောင်'
ရင်ဖုန်းက စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။
"ရင်ဖုန်း၊ မင်းက ငါ့ကို အပြစ်တင်ဖို့၊ အထောက်အထားမကျန်ရအောင် ဖုန်းမိသားစုကို ဖျက်ဆီးတဲ့အထိ ရက်စက်သူဖြစ်ပါလား"
"မင်းငါ့ကိုမုန်းနေတာ ငါသိတယ်။ အရင်က မင်းမျက်နှာကို ငါက လူတိုင်းရှေ့မှာ ကိုးကြိမ်နင်းခဲ့တယ်လေ။ မဟာဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေမှာလည်း မင်းကို ငါ့ရှေ့မှာ ဒူးထောက်ရတဲ့အထိ ရိုက်နှက်ခဲ့တယ်။ ဒါကြောင့် မင်း ငါ့ကို လက်စားချေဖို့ ကြိုးစားနေတာ ငါ နားလည်နိုင်ပါတယ်"
လုမင်က လျစ်လျူရှုစွာ ပြုံးလိုက်သည်။ သူဟာ ရင်ဖုန်းက သူ့ကိုလက်စားချေချင်သောကြောင့် သက်သက်မဲ့ စွပ်စွဲနေသည်ဟု ပြောဆိုရင်း အထုပ်ကြီးအား ရင်ဖုန်းထံ ပြန်တွန်းပို့လိုက်လေသည်။
"မဟုတ်ကဟုတ်က"
ရင်ဖုန်း၏ မျက်နှာက မည်းမှောင်သွားသည်။
"ငါ မဟုတ်တာကို ဘယ်မှာပြောလို့လဲ။ အဲဒီမြင်ကွင်းတွေကို လူအများကြီး မြင်ဖူးတယ်။ မင်းမှာသာ စွမ်းရည်ရှိရင် သူတို့အားလုံးကိုတောင် သတ်ချင်သတ်ဦးမှာ"
လုမင် နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်၏။
နဂါးပြစ်ဒဏ်ခတ်နန်းတော်၏ အကြီးအကဲ မျက်မှောင်ကြုတ်လိုက်သည်။
လုမင်နှင့် ရင်ဖုန်းတို့ နှစ်ယောက်စလုံးတွင် သူတို့ကိုယ်ပိုင် အကြောင်းပြချက်များ ရှိကြ၏။ ထို့ကြောင့် ဘယ်သူ့ကို အမှန်ယူရမည်မှန်း မသိတော့ပေ။
"အကြီးအကဲ၊ ရင်ဖုန်းက မစ်ရှင်ကိုစွက်ဖက်ဖို့ တပည့်တစ်ဦးကို လာဘ်ထိုးခဲ့ပါတယ်။ သူက မစ်ရှင်အတွင်းမှာ ရွှီလုံ၊ သွမ့်ရန်နဲ့ တခြားသူတွေ ကျုပ်ကို သတ်ပစ်ဖို့ ရည်မှန်းထားတာပါ။ အဲဒီ့နောက် သူကပဲ ဖုန်းမိသားစုတစ်ခုလုံးကို အစုလိုက်အပြုံလိုက် သတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလူက အာဃာတကြီးမားလွန်းပြီး ရက်စက်လွန်းတယ်။ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရပါမယ်"
လုမင်က နဂါးပြစ်ဒဏ်ခတ်နန်းတော်၏ အကြီးအကဲကို လက်ယှက်ပြကာ ရင်ဖုန်းအား အပြစ်ပုံချပေးလိုက်သည်။
"မင်း... မင်းလျှောက်ပြောမနေနဲ့။ မင်း ငါ့ကို စွပ်စွဲနေတာ၊ ငါ့ကို စွပ်စွဲနေတာလား"
ရင်ဖုန်း အော်ဟစ်လိုက်သည်။
"စွပ်စွဲနေတာလား၊ အမှန်တရားကို သိချင်ရင် ရိုးရှင်းပါတယ်။ ငါ မင်းကို အနိုင်ယူပြီး မင်းရဲ့ဝိညာဉ်ကို ရှာဖွေနေသရွေ့ အမှန်တရားက သဘာဝအတိုင်း ပေါ်လာလိမ့်မယ်"
လုမင်က လျစ်လျူရှုစွာပြောရင်း ရင်ဖုန်းဆီသို့ လျှောက်သွားသည်။
"မင်းဘာလုပ်မလို့လဲ။ မင်းငါ့ကို သတ်ချင်နေတာလား"
ရင်ဖုန်း အလန့်တကြား အော်ဟစ်လိုက်၏။
"ရပ်လိုက်"
လူရိပ်တစ်ခုက ရှေ့ကို တိုးလာပြီး လုမင်ရှေ့မှာ ရပ်လိုက်သည်။ ၎င်းက နဂါးပြစ်ဒဏ်ခတ်နန်းတော်မှ သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် လူငယ် ဖြစ်သည်။
"နင့်ရဲ့ပြိုင်ဘက်က ငါပဲ"
ရွယ်နင်ရှင်းက ချက်ချင်း ရှေ့ထွက်လာပြီး နဂါးပြစ်ဒဏ်ခတ်နန်းတော်မှ ထိုလူငယ်အား လက်သီးချက်ဖြင့် ထိုးချလိုက်၏။
နဂါးပြစ်ဒဏ်ခတ်နန်းတော်မှ လူငယ်လည်း ရွယ်နင်ရှင်းကို တိုက်ခိုက်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
တစ်ဖက်တွင်၊ လုမင်က ရင်ဖုန်းဆီသို့ ဆက်လျှောက်သွားခဲ့သည်။
"တိုက်ခိုက်၊ တိုက်ခိုက်ကြ၊ သူ့ကိုသတ်ကြ"
ရင်ဖုန်း အော်ဟစ်လိုက်၏။
"ဝှစ်၊ ဝှစ်၊ ဝှစ်"
ရင်ဖုန်းနောက်သို့ လိုက်လာကြသော လူငယ်များလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ လုမင်အား တိုက်ခိုက်ကြတော့သည်။
"ထွက်သွား"
လုမင် ကြိမ်းမောင်းလိုက်သည်။ အနက်ရောင် အတောင်ပံများ ပေါ်လာသည်။ တောင်ပံခတ်သံနှင့်အတူ လူငယ်ငါးဦး သွေးအန်ပြီး လွင့်စဉ်သွား၏။
လေထဲမှ နဂါးပြစ်ဒဏ်ခတ်နန်းတော်၏ အကြီးအကဲလည်း မျက်ခုံးပင့်ပြီး လှုပ်ရှားရန် ဟန်ပြင်လိုက်သည်။ သို့သော်၊ ထိုအခိုက်တွင် သူ့နားထဲသို့ အသံတစ်ခု ဝင်ရောက်လာပြီး သူ့လှုပ်ရှားမှုလည်း ရပ်တန့်သွားတော့သည်။
"ဝှစ်"
လုမင်က လေဓာတ်စွမ်းအင်တာအိုသိုင်းကို ထုတ်ဖော်လိုက်သည်။ သူ့အရှိန်က သိသိသာသာ တိုးလာပြီး ခြေလှမ်းတစ်လှမ်းဖြင့် ရင်ဖုန်းဆီသို့ ချဉ်းကပ်သွား၏။
"ပြန်သွားစမ်း"
"သတ်"
အနည်းဆုံး လူငယ် တစ်ဒါဇင်က လုမင်ဆီသို့ ပြေးလာကြပြန်သည်။ ၎င်းတို့ထဲမှ အချို့က ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်၏။
"ဝမ်"
တတိယအဆင့် ကစဉ့်ကလျားတာအိုနယ်မြေက ထိုလူငယ်များကို ဖုံးအုပ်သွားသည်သည်။ ထိုလူငယ်များလည်း အရိုးများ ကျိုးတော့မည်ကဲ့သို့ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်ကို ကြောက်စရာကောင်းသော ဖိအားတစ်ခု ကျရောက်လာသည်အား ခံစားလိုက်ရတော့သည်။
အားနည်းသူများဆိုပါက မြေပေါ်သို့ လဲကျကာ သွေးများ အန်ထွက်လာခဲ့ကြသည်။
ယင်းနောက် လုမင်က ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် လက်သီးချက်ထုတ်ဖော်ရင်း ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူအချို့ကိုပါ လွင့်စဉ်သွားစေတော့သည်။
လူအတော်များများ ပင့်သက်ရှိုက်လိုက်မိကြသည်။
လုမင်က ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်သာ ရှိသေးသော်လည်း ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူများပင် မယှဉ်နိုင်ပါ။ သူတို့အားလုံး၏ လုမင်၏ တိုက်ခိုက်မှုတစ်ခုဖြင့် လွင့်စဉ်သွားကြသည်။
လုမင်က လျှပ်စီးကဲ့သို့ ရင်ဖုန်းထံ ချဉ်းကပ်သွား၏။
ရင်ဖုန်း၏မျက်နှာက သွေးဆုတ်ဖြူရော်သွားပြီး ကသောကမျော ဆုတ်သွားတော့သည်။
လုမင်ကို သူ့ဝိညာဥ်အား ရှာဖွေသည်အထိ အတင့်ရဲလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
သူ့စိတ်ဝိဥာဉ်ကို ရှာဖွေလိုက်ပါက အမှန်တရားက ထင်ရှားလာတော့မည် ဖြစ်သည်
ထို့ကြောင့် သူ့ကို လုမင်ဖမ်းဆီးခွင့် မပြုနိုင်ပေ။
သို့ရာတွင် လုမင်၏ အရှိန်က မြန်လွန်းသည်။ သူ့နောက်လိုက်လာသော လူငယ်များက လုမင်ကို တားဆီးရန် အခွင့်အလမ်း မရှိပေ။
"ခွေးမသား၊ မင်းလုပ်ဝံ့လား"
ထိုအချိန်တွင် ကောင်းကင်ယံမှ နတ်ဘုရားတစ်ပါး၏ ဟိန်းဟောက်သံကဲ့သို့ ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရသည်။ ထို့နောက် ဧရာမ လက်ကြီးတစ်ဖက်က တိမ်များပေါ်မှ ဆင်းလာပြီး လုမင်ကို ဖမ်းဆုပ်လိုက်၏။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကြောင့် လုမင် ရုတ်တရက် မလှုပ်ရှားနိုင်တော့ဘဲ နေရာတွင် အေးခဲသွားတော့သည်။
"ငွေနဂါးတောင်ကြားသခင်"
လုမင် ဒေါသတကြီး အော်လိုက်သည်။
သူ့ကို တိုက်ခိုက်ခဲ့သူမှာ ငွေနဂါးတောင်ကြားသခင် ဖြစ်၏။
ဂုဏ်သိက္ခာရှိသော တောင်ကြားသခင်တစ်ဦးက မျိုးဆက်သစ်လူငယ် လုမင်ကို အမှန်တကယ် တိုက်ခိုက်ခဲ့ပေသည်။
"ရင်ကျန်း၊ မင်းက ပိုပိုဆိုးရွားလာတာပဲ။ ငါ့တပည့်ကို တိမ်နဂါးတောင်ကြားရှေ့မှာ မင်း ဘယ်လိုတိုက်ခိုက်ဝံ့တာလဲ။ ငါမမြင်နိုင်ဘူးလို့ မင်းထင်နေတာလား"
တိမ်နဂါးတောင်ကြား၏ နက်နဲရာအရပ်မှ တည်ငြိမ်သော အသံတစ်ခုကို ကြားလိုက်ကြရသည်။
ထို့နောက် ဓားအလင်းတစ်ခု ထွက်ပေါ်လာပြီး ဧရာမလက်ကြီးကို ခုတ်ချလိုက်၏။ ဧရာမလက်ကြီးက ဓားအလင်းအောက်တွင် တိုက်ရိုက်နှစ်ခြမ်းခွဲထွက်သွားတော့သည်။
"ယွင်လောရှ"
ကောင်းကင်အမြင့်မှ အသံတစ်ခုကို ကြားလိုက်ရသည်။ နောက်အခိုက်တွင် ငွေရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး ငွေရောင်ဝတ်စုံဝတ် အဖိုးအိုတစ်ယောက် ပေါ်လာ၏။
ငွေနဂါးတောင်ကြားသခင်။
ငွေနဂါးတောင်ကြားသခင်က ပေါ်လာသည်နှင့် တိမ်နဂါးတောင်ကြား၏ နက်နဲရာသို့ လှမ်းကြည့်လိုက်သည်။
ထိုအချိန်တွင် တိမ်နဂါးတောင်ကြားမှ အဘိုးအိုတစ်ဦးက တိမ်တိုက်များပေါ်မှ လျှောက်လာခဲ့သည်။ တိမ်နဂါးတောင်ကြားသခင် ပေါ်လာပြီ။
"မင်အာ၊ မင်းလုပ်စရာရှိတာလုပ်ပါ"
တိမ်နဂါးတောင်ကြားသခင်က ပေါ်လာသည်နှင့် ပြောလိုက်သည်။
သူ့ရည်ရွယ်ချက်က ရှင်း၏။ လုမင်ကို ကူညီပြီး ရင်ဖုန်းကိုဖယ်ရှားလိုသည်။
"ဂျူနီယာ၊ မင်းလုပ်ဝံ့လား"
ငွေနဂါးတောင်ကြားသခင်က အေးစက်စက်ဖြင့် လုမင်ကို စိုက်ကြည့်လိုက်သည်။
"အောင်မလေး၊ ကြောက်လွန်းလို့"
လုမင် နှုတ်ခမ်းကိုမဲ့ပြီး အနက်ရောင်တောင်ပံများကို ခတ်လိုက်၏။ သူက လေပြင်းတိုက်ခတ်သကဲ့သို့ ရင်ဖုန်းထံ ဦးတည်သွားတော့သည်။
"အဘိုး၊ ကျွန်တော့်ကို ကယ်ပါဦး"
ရင်ဖုန်း ထအော်လိုက်သည်။
"မင်းဘယ်လိုတောင် လုပ်ဝံ့တာလဲ"
ငွေနဂါးတောင်ကြားသခင် အော်ဟစ်လိုက်သည်။ သူ့ထံမှ ကြောက်မက်ဖွယ်ကောင်းသော နဂါးဟိန်းသံကို ကြားလိုက်ရသည်။ ငွေဖြူရောင် အလင်းတန်းတစ်ခုက ကောင်းကင်သို့ မီတာတစ်သောင်းအထိ ထိုးတက်သွား၏။ သူ့ထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာတော့သည်။
"ရင်ကျန်း၊ မင်း တိုက်ခိုက်ချင်ရင် ငါ အဖော်ပြုပေးမယ်"
တိမ်နဂါးတောင်ကြားသခင်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ငွေနဂါးသခင်ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။ သူက ငွေနဂါးတောင်ကြားသခင်ကို ဓားဖြင့် ခုတ်ချလိုက်၏။
ဓားချက်က ရိုးရှင်းသော်လည်း ငွေနဂါးတောင်ကြားသခင်၏ အမူအရာ ပြောင်းလဲသွားသည်။ ငွေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး တိမ်နဂါးတောင်ကြားသခင်ကို ပြန်လည် တိုက်ခိုက်လိုက်၏။
"ဝုန်း"
သူတို့နှစ်ဦး ထိပ်တိုက်တွေ့သောအခါ ကောင်းကင်က ဓားအလင်းနှင့် ငွေရောင်အလင်းဟူ၍ နှစ်ဖက်ကွဲသွားပုံရသည်။ ကြီးမားကျယ်ပြန့်သော ရောင်ဝါက လူတိုင်းကို အသက်ရှူမဝအောင် ဖြစ်စေခဲ့ပေသည်။
"ဒါက တောင်ကြားသခင်တွေရဲ့ ခွန်အားပဲလား။ သူတို့က အရမ်းသန်မာတယ်"
လူများစွာတို့ တုန်လှုပ်သွားကြသည်။
"သွားပြီး တိုက်ခိုက်ကြစို့"
တိမ်နဂါးတောင်ကြားသခင်က ပြောလိုက်သည်။ ထို့နောက် ငွေနဂါးတောင်ကြားသခင်နှင့် ကောင်းကင်ကို ထိုးတက်သွား၏။
တစ်ဖက်မှာတော့ လုမင်က ရင်ဖုန်းနောက်ကို ဆက်လိုက်သွားတော့သည်။
ရင်ဖုန်းကို အကာအကွယ်ပေးသော လူငယ်တချို့ကိုလည်း သွေးအန်ပြီး လွင့်စဉ်သွားစေခဲ့သည်။ ရင်ဖုန်း မည်မျှပင် လျင်မြန်စွာ ဆုတ်ခွာသွားပါစေ၊ သူ့အမြန်နှုန်းက လုမင် များစွာ နှေးကွေးနေသေးသည်။
"ဝမ်"
လုမင်က ရင်ဖုန်းရှေ့မှာပေါ်လာပြီး ရှေးဦးကစဉ့်ကလျားတာအိုနယ်မြေဖြင့် ချေမှုန်းလိုက်သည်။ ရင်ဖုန်း၏ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာ၏။
ထို့နောက်တော့ လုမင်က ရင်ဖုန်းကို လည်ကုပ်မှကိုင်ပြီး အနက်ရောင်အတောင်ပံများကိုခတ်ကာ တိမ်နဂါးတောင်ကြားသို့ ခေါ်ဆောင်သွားတော့သည်။