အခန်း ၁၄၈၉
Vol. 100 Ch. 1489
အပိုင်း ( 1489 ) တန်ခိုးကြီးသော တိမ်နဂါးတောင်ကြားသခင်။
ဤအချိန်တွင် ကောင်းကင်ယံမှ တိုက်ပွဲကြီးက လူအားလုံး၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
လုမင်က ရင်ဖုန်းကိုဖမ်းဆီးပြီးနောက် ကောင်းကင်ကို မော့ကြည့်လိုက်၏။
ကောင်းကင်ယံ၌ တိုက်ပွဲက ပြင်းထန်ပြီး အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ငွေရောင်စက်လုံးတစ်ခုနှင့် ဓားအလင်းတစ်ခုက ထိပ်တိုက်တွေ့ဆုံသွား၏။ နဂါးဟိန်းသံကလည်း ကောင်းကင်တွင် ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။
ရုတ်တရက်၊ ဓားအလင်းတစ်ခုက တောက်ပလာပြီး ငွေရောင်အလင်းများ ပျောက်ကွယ်သွားသည်။ ထို့နောက် လူအုပ်ကြီးအထက် ကောင်းကင်ယံတွင် လူရိပ်တစ်ခု ပေါ်လာခဲ့၏။
ရေခဲနဂါးတောင်ကြားသခင် ဖြစ်တော့သည်။
ရေခဲနဂါးတောင်ကြားသခင်၏ ရင်ဘတ်တွင် နက်ရှိုင်းသော ဓားဒဏ်ရာတစ်ခု ရှိခဲ့သည်။ ဓားချက်က သူ့နှလုံးတည့်တည့် ထိုးဖောက်သွားပြီး အတွင်းမှ နှလုံးခုန်နေတာကိုပင် မြင်ကြရ၏။
ရေခဲနဂါးတောင်ကြားသခင်၏ ခန္ဓာကိုယ်က ငွေရောင်အလင်းတန်းများဖြင့် တောက်ပနေခဲ့သည်။ ဒဏ်ရာကို ကုစားဖို့ ကြိုးစားနေသကဲ့သို့ သူ့ကြွက်သားများကလည်း တဆတ်ဆတ်တုန်နေ၏။ သို့သော်လည်း၊ ဒဏ်ရာပေါ်မှ မရေမတွက်နိုင်သော ဓားချီများက ထိုးနှက်နေရာ ခဏချင်း ပြန်လည်ကုသနိုင်ရန် ခက်ခဲနေတော့သည်။
"ဖူး"
ငွေနဂါးတောင်ကြားသခင်၏ မျက်နှာက ဖြူဖျော့ပြီး သွေးတစ်ပွက် အန်ထွက်လာခဲ့သည်။
အခင်းဖြစ်ပွားရာနေရာရှိ လူအားလုံး မျက်လုံးများပြူးကျယ်ကာ လေအေးကြီးကို ရှူရှိုက်လိုက်မိသည်။
ရေခဲနဂါးတောင်ကြားသခင်မှာ တိမ်နဂါးတောင်ကြားသခင်ကို ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။ ဓားချက်သာ အနည်းငယ် ပိုနက်ရှိုင်းပါက ရေခဲနဂါးတောင်ကြားသခင်၏ နှလုံးသားကို ထိုးဖောက်သွားလိမ့်မည်။
ပို၍အရေးကြီးသည်မှာ ရေခဲနဂါးတောင်ကြားသခင်က အချိန်တိုလေးအတွင်း ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်သည်။ သူ၏ တိုက်ခိုက်ခိုက်နိုင်စွမ်းက တိမ်နဂါးတောင်ကြားသခင်နှင့် ကြီးမားသော ခြားနားချက်တစ်ခု ရှိနေသည်မှာ ထင်ရှားလှပေသည်။
တိမ်နဂါးတောင်ကြားသခင်က ကောင်းကင်မှ တည်ငြိမ်စွာ ဆင်းသက်လာခဲ့သည်။ သူ့ထံမှ ကြောက်စရာကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ဓားအလင်းတစ်ခုကလည်း ကောင်းကင်ကို ထိုးတက်သွား၏။ သူက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
"တိမ်နဂါးတောင်ကြားကို တိုက်ခိုက်ချင်သလို ဝင်တိုက်ခိုက်ရအောင် ငါက ဘာမှမဟုတ်ဘူးလို့ မင်းထင်နေတာလား ရင်ကျန်း၊ ဒီတစ်ခါတော့ မင်းအသက်ကို ချမ်းသာပေးလိုက်မယ်။ နောက်တစ်ခါဆိုရင် ငါ မင်းကို သတ်မယ်"
"မင်း…"
ရေခဲနဂါးတောင်ကြားသခင်၏ မျက်နှာက မည်းမှောင်သွားသည်။ သို့သော်လည်း တိမ်နဂါးတောင်ကြားသခင်ကိုကြည့်သော သူ့အကြည့်တွင် ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှုတို့ ပြည့်နေခဲ့၏။
အခြားသူများလည်း တံတွေးတစ်လုပ်ကို မျိုချလိုက်မိသည်။
ယခင်က အမြဲလိုလို တည်ငြိမ်ပြီး နူးညံ့သိမ်မွေ့ပုံရသော တိမ်နဂါးတောင်ကြားသခင်ကို ဤမျှ အစွမ်းထက်မည်ဟု မည်သူမှ မထင်ခဲ့ကြပေ။ သူက အစွမ်းထက်သည့်အပြင် အလွန်လည်း ကြီးစိုးသည်။ ရေခဲနဂါးတောင်ကြားသခင်ကိုပင် နောက်တစ်ကြိမ်ဆိုပါက သတ်မည်ဟု ပြောဝံ့သည်။
ရေခဲနဂါးတောင်ကြားသခင်သည် တောင်ကြားသခင်တစ်ဦး ဖြစ်၏။
ပို၍အရေးကြီးသည်မှာ ရေခဲနဂါးတောင်ကြားသခင်က သူ့ကို မချေပဝံ့ခြင်း ဖြစ်သည်။
ယခုအချိန်မှ၍ လူအားလုံး တိမ်နဂါးတောင်ကြားကို ပြန်လည်အကဲဖြတ်ရတော့မည်။
တိမ်နဂါးတောင်ကြားက နဂါးနတ်ဘုရားတောင်ကြားတွင် အသစ်တည်ဆောက်ထားသော နဂါးတောင်ကြား ဖြစ်သည်။ ၎င်းက အဖွဲ့ဝင်အနည်းဆုံးဖြစ်ပြီး အားနည်းဆုံးဟုပင် သတ်မှတ်ခံခဲ့ရ၏။
သို့ပေမည့် ယင်းက အမှန်ဖြစ်မည်လော။ အခြားအရာများကို ဘေးဖယ်ထားလျှင်ပင်၊ တိမ်နဂါးတောင်ကြားသခင် တစ်ဦးတည်းက ခန့်မှန်းမရနိုင်ပါ။
တိမ်နဂါးတောင်ကြားသခင်က တည်ကြည်သော လေသံဖြင့် ဆက်ပြောလိုက်သည်။
"ငါ့တပည့်မှာ အပြစ်မရှိရင် ဘယ်သူမှ သူ့ကို အနိုင်ကျင့်လို့မရဘူး။ ဒီနေ့ အမှန်တရားကို သိဖို့ သူ့စိတ်ဝိညာဉ်ကို ငါကိုယ်တိုင် ရှာဖွေမယ်"
ပြောဆိုပြီးနောက် တိမ်နဂါးတောင်ကြားသခင်က ခြေတစ်လှမ်းဖြင့် လုမင်၏ဘေးတွင် ပေါ်လာခဲ့သည်။
"အဘိုး"
ရင်ဖုန်း ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်၏။
"ယွင်လောရှ၊ သိပ်မလွန်လာနဲ့ကွ။ တော်လောက်ပြီ"
ရေခဲနဂါးတောင်ကြားသခင်က လှမ်းပြောလိုက်သည်။
"ရယ်စရာပဲ"
တိမ်နဂါးတောင်ကြားသခင်၏ မျက်လုံးများက အေးစက်သွားကာ ပြောလိုက်သည်။
"တော်လောက်ပြီလား။ မင်းရဲ့တပည့်တွေက လူစုလူဝေးနဲ့ ငါ့ရဲ့ တိမ်နဂါးတောင်ကြားကို အရင်တိုက်ခိုက်ခဲ့တယ်။ မင်းကလည်း တောင်ကြားသခင်တစ်ဦးဖြစ်ပြီး ငါ့တပည့်ကို တိုက်ခိုက်ခဲ့သေးတာပဲ။ အခုကျမှ သိပ်မလွန်ဖို့ ပြောနေတာလား"
ရေခဲနဂါးတောင်ကြားသခင်၏ မျက်နှာက သုန်မှုန်သွားသည်။ သို့သော်၊ ဘာမျှ မပြောနိုင်တော့ပါ။
အခြားသူများကလည်း ခေါင်းကို တိတ်တဆိတ် ခါယမ်းလိုက်ကြသည်။
မမှားပေ၊ ယခင်က ရင်ဖုန်းသည် သူ့လူများကိုခေါ်ပြီး တိမ်နဂါးတောင်ကြားသို့ အတင်းအကြပ် ဝင်ရောက်ခဲ့သည်။ လုမင်ကို ဂိုဏ်းတူတပည့်အချင်းချင်းသတ်သည်ဟု ပြောပြီး ဖမ်းခေါ်သွားရန် အခိုင်အမာပြောခဲ့၏။ အဆုံးတွင်၊ သူတို့က မယှဉ်သာသောအခါ ရေခဲနဂါးတောင်ကြားသခင်ကိုယ်တိုင် တိုက်ခိုက်ရန် အစပြုခဲ့ပေသည်။
ရှင်းရှင်းပြောရလျှင် တိမ်နဂါးတောင်ကြားက လက်တုံ့ပြန်ခြင်းသာဖြစ်သည်။
"စိတ်ဝိညာဉ်ရှာဖွေခြင်း"
တိမ်နဂါးတောင်ကြားသခင်က ပြောလိုက်သည်။ သူ့လက်ဖဝါးမှ အလင်းတန်းများ ထွက်လာသည်။ ထို့နောက် သူ့လက်ညှိုးနှင့် ရင်ဖုန်း၏ နဖူးကို တို့လိုက်၏။ ရင်ဖုန်း အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သော်လည်း ခဏချင်းမှာပင် သတိလစ်သလို တောင့်တောင့်ကြီးဖြစ်သွားတော့သည်။
တိမ်နဂါးတောင်ကြားသခင်က စိတ်ဝိညာဉ်ရှာဖွေခြင်းကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခဲ့သည်။
ခဏအကြာတွင် တိမ်နဂါးတောင်ကြားသခင်၏ မျက်လုံးများက အရောင်လက်သွားပြီး အေးစက်စက် ပြောလိုက်၏။
"ဒီနေ့ အမှန်တရားကို ထုတ်ဖော်မယ်"
ထို့နောက် တိမ်နဂါးတောင်ကြားသခင်၏ အခြားလက်တစ်ဖက်က တောက်ပပြီး ဖောက်ထွင်းမြင်ရလုနီးပါး ကြည်လင်နေသော ကျောက်တစ်ခု ပေါ်လာတော့သည်။
"မှတ်ဉာဏ်ကျောက်"
လုမင် ရေရွတ်လိုက်သည်။
မှတ်ဉာဏ်ကျောက်သည် ရှားပါးရတနာတစ်ခု ဖြစ်၏။ စိတ်ဝိညာဉ်ရှာဖွေမှုအတွင်း၊ ၎င်းက အခြားသူများမြင်နိုင်စေရန် ဝိညာဉ်ရှာဖွေခြင်းခံရသူ၏ အမှတ်တရများကို ပုံရိပ်အဖြစ် ပုံဖော်နိုင်သည်။
ထို့နောက် မှတ်ဉာဏ်ကျောက်က တောက်ပပြီး ကောင်းကင်တွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။
ခြံဝင်းတစ်ခုတွင် လူငယ်တစ်ဦးက လက်နှစ်ဖက်ကို နောက်ပစ်ပြီး ရပ်နေသည်။ ထိုလူငယ်မှာ ရင်ဖုန်း ဖြစ်၏။
ရင်ဖုန်း၏ရှေ့တွင် တလေးတစား ဦးညွှတ်ကာ ရပ်နေကြသော အခြားလူသုံးယောက်လည်း ရှိသေးသည်။
"ဒါက ရွှီလုံပဲ"
"ဟုတ်တယ်၊ ကျန်တဲ့နှစ်ယောက်ကလည်း သွမ့်ရန်နဲ့ ဖူရှင်း"
ပုံရိပ်ထဲမှ လူများကို မှတ်မိသူများက အော်ပြောလိုက်ကြသည်။
ထိုအချိန်တွင် ရင်ဖုန်းက ပြောသည်။
"တာဝန်ခန်းမရဲ့ သင်းထောက်တချို့နဲ့ မစ်ရှင်ကို ငါစီစဉ်ပြီးသွားပြီ။ မင်းတို့နဲ့လုမင် မစ်ရှစ်တစ်ခုကို အတူတူ ဆောင်ရွက်ရလိမ့်မယ်။ အဲဒီမစ်ရှင်မှာ အခွင့်အရေးရှာပြီး သူ့ကိုသတ်ပါ"
"ကောင်းပါပြီ၊ သခင်လေးရင်ဖုန်း စိတ်ချပါ။ ဒီလုမင်ကို သဲလွန်စမကျန်အောင် ငါတို့လုပ်မှာပါ။ မစ်ရှင်အတွင်းမှာ သူသေသွားတယ်လို့ ငါတို့ပြောရင် ဘယ်သူမှ သံသယဖြစ်မှာ မဟုတ်ဘူး"
ရွှီလုံ၏ မျက်လုံးများက အရောင်လက်သွားကာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ ပထမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ပုရွက်ဆိတ်တစ်ကောင်ကို လုပ်ကြံဖို့က ငှက်ပျောသီး အခွံနွှာစားသလောက်တောင် မခက်ဘူး"
"ငါတို့ သေချာပေါက် အောင်မြင်မှာပါ"
သွမ့်ရန်နှင့် ဖူရှင်းကလည်း ပြောဆိုလိုက်၏။ ထို့နောက် မစ်ရှင်၏ အသေးစိတ်အချက်အလက်များကို ဆွေးနွေးလိုက်ကြသည်။
ယင်းကိုမြင်တော့ ငွေနဂါးတောင်ကြားသခင် မျက်နှာပျက်သွားသည်။
ထိုအချိန်တွင် အခြားသူများ ရုတ်တရက် သဘောပေါက်သွား၏။
လုမင်က အမှန်အတိုင်းပြောနေသည့်ပုံပင်။
ရင်ဖုန်းက လုမင်ကို သတ်ချင်သောကြောင့် မစ်ရှင်အတွင်း လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ထားပြီးပြီ ဖြစ်သည်။ ယင်းကြောင့် လုမင်က တုံ့ပြတ်ပြီး ရွှီလုံကို သတ်ပစ်လိုက်ခြင်းပင်။
ဤအခိုက်အတန့်တွင် မြင်ကွင်းက အခြားမြင်ကွင်းတစ်ခုသို့ ရုတ်တရက် ပြောင်းလဲသွားသည်။
ဤတစ်ခါကတော့ လုမင်အကြောင်း မဟုတ်ပါ။ ရင်ဖုန်းက အခြားသူများကို စီစဉ်နေခြင်း ဖြစ်သည်။
"သေစမ်း၊ ဒါဆို ငါ့ညီမလေးကို ရင်ဖုန်း သတ်လိုက်တျာပါ့။ ငါက သူ့ကို ယုံနေသေးတာ"
လူအုပ်ကြားထဲမှ လူငယ်တစ်ဦးက ဒေါသတကြီးဖြင့် ရုတ်တရက် အော်ဟစ်လိုက်သည်။
"တိတ်စမ်း"
ငွေနဂါးတောင်ကြားသခင်က အေးစက်စက် သတ်ဖြတ်ချင်စိတ်တို့ဖြင့် ထိုလူငယ်ကို လှမ်းကြည့်လိုက်၏။ ထိုလူငယ်လည်း အံကိုတင်းတင်းကြိတ်ပြီး လက်သီးကို တင်းတင်းဆုပ်ထားသည့်တိုင် စကားတစ်ခွန်းမှ မပြောဝံ့တော့ပေ။
"ရင်ကျန်း၊ မင်း လေသံတွေ မြင့်နေတုန်းပါလား။ ဆက်ကြည့်ရအောင်"
တိမ်နဂါးတောင်ကြားသခင်က တစ်ချက်ပြုံးလိုက်သည်။ မှတ်ဉာဏ်ကျောက်မှ ထုတ်ဖော်ထားသော မြင်ကွင်များက တစ်ဖန် ပြောင်းလဲသွား၏။
ဤသည်က ရင်ဖုန်း၏ နောက်ထပ် ဇာတ်ကွက်တစ်ခုပင်။
ထိုဇာတ်ကွက်ကို ကြည့်ပြီးနောက် မြင်ကွင်းက ပြောင်းလဲသွားပြန်သည်။
နောက်ဆုံးတွင် ရင်ဖုန်းက သူ၏အခွင့်အာဏာကို အသုံးပြုပြီး နဂါးနတ်ဘုရားတောင်ကြားရှိ အခြားတပည့်များကို မည်သို့မည်ပုံ ထိခိုက်စေခဲ့ကြောင်းနှင့် နဂါးနတ်ဘုရားတောင်ကြားရှိ အမျိုးသမီးတပည့်များကို အရှက်ရစေခဲ့ပုံများအား ဆယ်မျိုးကျော်အထိ ပြသခဲ့တော့သည်။
"အား၊ ငါ့မိသားစု၊ သူတို့အားလုံးကို ရင်ဖုန်း..."
"ငါ့ညီမလေး..."
လူအုပ်ထဲမှ ဒေါသတကြီး အော်ဟစ်သံအချို့ ထွက်ပေါ်လာခဲ့သည်။ သူတို့က ရင်ဖုန်းကြောင့် ထိခိုက်နစ်နာခဲ့ရသူများ၏ မိသားစုဝင်များ ဖြစ်ပေသည်။ ဤအကြောင်းကို ယခင်က မည်သူမျှ မသိခဲ့ကြသော်လည်း ယခုတော့ အားလုံး ပေါ်လွင်လာခဲ့ပြီ ဖြစ်သည်။
နောက်ဆုံးတွင် ပုံရိပ်က အိမ်တော်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
ရင်ဖုန်းက လူတစ်စုကိုဦးဆောင်ပြီး အိမ်တော်ကြီးအတွင်းရှိ လူများကို သတ်ဖြတ်ခဲ့၏။
"ဖုန်းမိသားစု"
ထိုအိမ်တော်ကို လုမင်မှတ်မိပြီး ရေရွတ်လိုက်မိသည်။
ဖုန်းမိသားစုမှ လူများ ရင်ဖုန်းရှေ့တွင် လဲကျသွား၏။
တချို့က သက်ကြီးရွယ်အိုများနှင့် ကလေးများဖြစ်ပြီး တချို့ဆိုလျှင် သိုင်းပညာ မလေ့ကျင့်ကြသည့်တိုင် အားလုံးကို ရင်ဖုန်းက သတ်ပစ်ခဲ့ပေသည်။
နောက်ဆုံးတော့ မည်သူ့ကိုမျှ မချမ်းသာပေးခဲ့ပါ။ ဖုန်းမိသားစုတစ်ခုလုံး ပျက်စီးသွားခဲ့သည်။
"လုမင်၊ ဒီတစ်ခါ မင်း ဘယ်လိုငြင်းခုံပြီး မင်းအတွက် ဘယ်သူက သက်သေထွက်ဆိုဦးမလဲဆိုတာ ကြည့်ရအောင်"
ဖုန်းမိသားစုအထက် ကောင်းကင်တွင်ရပ်နေသော ရင်ဖုန်းထံမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။