← Chapters

အခန်း ၁၄၉၀

Vol. 100 Ch. 1490

အခန်း ၁၄၉၀

Vol. 100 Ch. 1490

အပိုင်း ( 1490 ) ရင်ဖုန်းကို သတ်ခြင်း။

အမှန်တရားက ရှင်းလင်းနေချေပြီ။

ယခင်က ရင်ဖုန်းသည် ဖုန်းမိသားစုကို လုမင်က သတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသည်။ ယင်းက အလိမ်အညာများ ဖြစ်၏။ တကယ်တမ်းတွင်၊ ဖုန်းမိသားစုက ရင်ဖုန်း၏ ဖျက်ဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်ချေသည်။

အစမှ အဆုံးထိ ရင်ဖုန်းကသာ လုမင်ကို လုပ်ကြံစွပ်စွဲကာ ဒုက္ခပေးရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။

"ရဲတင်းလိုက်တဲ့ ဂျူနီယာ၊ မင်းက အဘိုးကောင်းတစ်ယောက် ရှိထားတာနဲ့ လုပ်ချင်တာလုပ်နိုင်ပြီလို့ ထင်နေပုံရတယ်။ ဟမ်"

တိမ်နဂါး တောင်ကြားသခင်က လှောင်ပြောင်ပြီး လက်ကိုဝှေ့ယမ်းကာ မှတ်ဉာဏ်ကျောက်ကို သိမ်းလိုက်သည်။ ထိုအခါ ကောင်းကင်မှ ပုံရိပ်များ ပျောက်ကွယ်သွား၏။

ရင်ဖုန်းလည်း အားအင်အကုန်လုံး ကုန်ခမ်းသွားသလို မြေပြင်တွင် ခြေပစ်လက်ပစ် ထိုင်ကျသွားတော့သည်။

အချိန်အတော်ကြာပြီးမှ သူ သတိပြန်ဝင်လာခဲ့သည်။

"အဘိုး၊ ကျွန်တော်ကိုကယ်ပါဦး"

သတိပြန်ဝင်လာသည်နှင့် ရင်ဖုန်း အော်ဟစ်လိုက်၏။

"တိတ်စမ်း"

ငွေနဂါးတောင်ကြားသခင်က ရင်ဖုန်းအား အေးစက်စက်ဖြင့် ပိတ်အော်ကာ ပြောလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်တွေထဲမှာ ငါက တံခါးပိတ်လေ့ကျင့်နေတာကြောင့် ဒီမြေးဆိုးကို ဂရုမစိုက်မိခဲ့ဘူး။ အခု သူ့ကို ငါ့လက်ထဲ အပ်လိုက်ပါ၊ ငါပြန်သွားရင် ပြင်းပြင်းထန်ထန် ဆုံးမပေးမယ်"

"သူ့ကို ပြင်းပြင်းထန်ထန် ဆုံးမမှာလား။ ရယ်စရာကောင်းလိုက်တာ"

လုမင်ထံမှ လှောင်ပြောင်သရော်သော စကားသံ ထွက်ပေါ်လာ၏။

"ခင်ဗျား သူ့ကို ပြင်းပြင်းထန်ထန် ဆုံးမမယ်လို့ ပြောလိုက်ရုံနဲ့၊ ရင်ဖုန်းလုပ်ခဲ့တဲ့ အပြစ်တွေကို ဖယ်ရှားနိုင်မယ် ထင်နေတာလား"

ငွေနဂါးတောင်ကြားသခင်၏ မျက်လုံးများက အေးစက်သွားပြီး လုမင်ကိုကြည့်ကာ ပြောလိုက်သည်။

"ဒါဆိုရင် မင်းက ဘာလုပ်ချင်လို့လဲ"

"ရင်ဖုန်းရဲ့ ပြစ်မှုတွေက နဂါးနတ်ဘုရားတောင်ကြားရဲ့ စည်းမျဉ်းတွေကို လုံးဝ ချိုးဖောက်နေခဲ့တာပဲ။ ဒါကြောင့် ဂိုဏ်းစည်းမျဉ်းအရ သူ့ကို အပြစ်ပေးရမယ်"

ထို့နောက် လုမင်က နဂါးပြစ်ဒဏ်ခတ်နန်းတော်၏ အကြီးအကဲထံသို့ လက်ယှက်ပြကာ ပြောလိုက်သည်။

"အကြီးအကဲ၊ ရင်ဖုန်းလုပ်ခဲ့တာတွေကို အခု အားလုံးမြင်ခဲ့ပြီ။ ဒါက လုံးဝ လက်မခံနိုင်စရာတွေပါပဲ။ ဒီလို ပြစ်မှုမျိုးကို နဂါးနတ်ဘုရားတောင်ကြားရဲ့ စည်းမျဉ်းတွေအရ ဘယ်လိုအပြစ်ပေးသင့်သလဲ"

"ဒါက..."

နဂါးပြစ်ဒဏ်ခတ်နန်းတော်၏ အကြီးအကဲက တုံ့ဆိုင်းနေဟန်ဖြင့် ရပ်သွားသည်။

ရင်ဖုန်းက ငွေနဂါးတောင်ကြားသခင်၏ မြေး ဖြစ်သည်။ သို့သော်၊ လုမင်သည်လည်း တိမ်နဂါးတောင်ကြားသခင်၏ တိုက်ရိုက်တပည့် ဖြစ်၏။ ထို့အပြင် သက်သေများက ထင်ရှားနေပြီဖြစ်ရာ သူ ဘာဆက်လုပ်ရမည်မှန်း မသိတော့ပေ။

"နဂါးပြစ်ဒဏ်ခတ်နန်းတော်ဆိုတာ အလုပ်လုပ်ရင် သမာသမတ်ကျရမယ်။ မဟုတ်ရင် နဂါးပြစ်ဒဏ်ခတ်နန်းတော် ရှိခြင်း မရှိခြင်းက ဘာထူးဦးမှာလဲ"

တိမ်နဂါးတောင်ကြားသခင်က အေးစက်စက် ပြောလိုက်သည်။

အကြည့်များစွာကလည်း နဂါးပြစ်ဒဏ်ခတ်နန်းတော်၏ အကြီးအကဲကို လှမ်းကြည့်လိုက်၏။

အဆုံးတွင်၊ နဂါးပြစ်ဒဏ်ခတ်နန်းတော်၏ အကြီးအကဲလည်း အံကိုကြိတ်ကာ ပြောလိုက်သည်။

"ရင်ဖုန်းရဲ့ ပြစ်မှုတွေက ဆိုးရွားလွန်းပေတယ်။ ဒါကြောင့် အခြားသူတွေကို သတိပေးတဲ့အနေနဲ့ သူ့ကို သေဒဏ်ပေးသင့်တယ်"

"ဒုန်း"

ထိုစကားကိုကြားပြီးနောက် ငွေနဂါးတောင်ကြားသခင်ထံမှ ကြောက်စရာကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ငွေရောင်အလင်းတန်းတစ်ခုကလည်း ကောင်းကင်သို့ ထိုးတက်သွား၏။

ရင်ဖုန်းလည်း မျက်နှာတစ်ခုလုံး သွေးဆုပ်ဖြူရော်သွားပြီး အော်ဟစ်လိုက်သည်။

"မဟုတ်ဘူး၊ အဘိုး... ကျွန်တော်ကို ကယ်ပါဦး"

"သူ့ကို ကွပ်မျက်ရမယ်ဆိုရင် ကျုပ် လုပ်လိုက်ပါရစေ"

လုမင် အော်ပြောလိုက်သည်။ သူ့လက်ထဲတွင် ယွမ်ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ဓားတစ်လက် ထွက်ပေါ်လာ၏။

"လုမင်၊ မင်းလုပ်ဝံ့လား"

ငွေနဂါးတောင်ကြားသခင် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဘာလို့ မလုပ်ဝံ့ရမှာလဲ"

လုမင် ရှေ့တစ်လှမ်းတိုးလိုက်သည်။ သူက ဓားကိုဝင့်ပြီး သေသပ်စွာ လွှဲခုတ်လိုက်၏။

"ရွှပ်"

ရင်ဖုန်း၏ ဦးခေါင်းက အဝေးသို့ လွင့်စဉ်သွားပြီး သွေးများကလည်း အရပ်ရပ်ကို ပန်းထွက်လာတော့သည်။

ရင်ဖုန်း၏ ခန္ဓာမှ နတ်ဘုရားဝိညာဉ်က ကြောက်ရွံ့တုန်လှုပ်နေဟန်ဖြင့် ထွက်ပေါ်လာခဲ့သည်။ သို့သော်၊ ဓားချက်က ထပ်မံ ထွက်ပေါ်လာ၏။ ရင်ဖုန်း၏ နတ်ဘုရားဝိညာဉ်လည်း လက်မခံနိုင်စွာ အော်ဟစ်ရင်း ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"ဖုန်းအာ..."

ငွေနဂါးတောင်ကြားသခင် ဒေါသပေါက်ကွဲသွားခဲ့သည်။ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် လုမင်ကိုရွယ်ကာ လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်လိုက်၏။

"ရွှစ်"

ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုက တိမ်နဂါးတောင်ကြားသခင်ထံမှ ထွက်ပေါ်လာကာ လက်ဝါးကြီးကို ဖျက်ဆီးပစ်လိုက်သည်။ ငွေနဂါးတောင်ကြားသခင်က ကမန်းကတန်း ဆုတ်ခွာသွားသော်လည်း ဓားအလင်းက မရပ်တန့်သွားပေ။ ယင်းအစား၊ ပို၍ ကြီးမားလာခဲ့သည်။ နောက်ဆုံးတွင် တောင်လုံးတမျှ ကြီးမားလာပြီး ငွေနဂါးတောင်ကြားသခင်ဆီသို့ ဦးတည်သွားတော့သည်။

ငွေနဂါးတောင်ကြားသခင် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို ငွေရောင်အလင်းတန်းများဖြင့် ဖုံးအုပ်ပြီး လက်သီးချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်၏။

အနည်းဆုံး၊ လက်သီးချက်တစ်ရာခန့် ထိုးနှက်ပြီးမှ နောက်ဆုံးတွင် ဓားအလင်းကို တားဆီးနိုင်ခဲ့သည်။ သို့တိုင်၊ သူ့ခန္ဓာကိုယ်မှာ ဓားဒဏ်ရာများ အများအပြားရှိခဲ့သေးသည်။

"ဖူး၊ ဝေါ့..."

ငွေနဂါးတောင်ကြားသခင်၏ မျက်နှာက ဖြူဖျော့ကာ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာခဲ့သည်။

"အားကောင်းတယ်၊ အစွမ်းထက်လွန်းတယ်"

လူများစွာ၏ နှလုံးသားများ တုန်လှုပ်သွားကြသည်။

ငွေနဂါးတောင်ကြားသခင်သည် အလွန်အစွမ်းထက်၏။ ငွေနဂါးတောင်ကြားသခင်နှင့် တိမ်နဂါးတောင်ကြားသခင်က တောင်ကြားသခင်ချင်း တူညီသော်လည်း တိုက်ခိုက်နိုင်စွမ်းကတော့ ကွာခြားလွန်းလှသည်။

"ရင်ကျန်း၊ မင်း ငါ့တပည့်ကို ထပ်ပြီး တိုက်ခိုက်ဝံ့ရင် ငါ ယွင်လောရှ ကောင်းကင်ကိုပဲ တက်တက်၊ ငရဲကိုပဲ ဆင်းရဆင်းရ... မင်းကို သေချာပေါက် သတ်မယ်"

တိမ်နဂါးတောင်ကြားသခင်က အေးစက်စက် ပြောလိုက်သည်။ သူ့ဆံပင်များက လေထဲတွင် တဖျပ်ဖျပ်ခတ်သွား၏။ စူးရှသော သူ၏ မျက်လုံးအကြည့်က ဓားနှစ်ချောင်းကဲ့သို့ ငွေနဂါးတောင်ကြားသခင်ဆီကို ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

ငွေနဂါးတောင်ကြားသခင်၏ မျက်နှာက မည်းမှောင်သွားသည်။ သူ့တွင် သတ်ဖြတ်ချင်စိတ်များ ရှိနေသေးသော်လည်း နောက်ထပ် မတိုက်ခိုက်ရဲတော့ပေ။

သူသာ လုမင်ကို အမှန်တကယ် တိုက်ခိုက်ဝံ့ပါက၊ ထိုအရူး ယွင်လောရှက သူ့ကိုသတ်ပစ်မည်မှာ သံသယဖြစ်စရာမလိုပါ။

"ငါ ရင်ဖုန်းရဲ့အလောင်းကို ယူသွားမယ်"

ခဏအကြာမှ ငွေနဂါးတောင်ကြားသခင်က ပြောလိုက်သည်။

"ယူပြီးတော့ အခုချက်ချင်း ငါ့မျက်စိရှေ့က ထွက်သွားလိုက်တော့"

တိမ်နဂါးတောင်ကြားသခင်က သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်၏။

ငွေနဂါးတောင်ကြားသခင်လည်း သူ့လက်ကို ဝှေ့ယမ်းကာ ရင်ဖုန်း၏ အသက်မဲ့အလောင်းကို ဆွဲယူလိုက်သည်။ ထို့နောက်တော့ စကားတစ်ခွန်းမှ မပြောတော့ဘဲ ထွက်သွားကာ နေရာမှ ပျောက်ကွယ်သွားတော့သည်။

ယခုအချိန်တွင် လူအများ၏ ရင်ထဲမှာ ရှုပ်ထွေးပွေလီသော ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

အစပိုင်းတွင် ရင်ဖုန်းက လုမင်ကိုသတ်ရန် သူ့လူများနှင့်အတူ အရှိန်အဝါကြီးစွာ ရောက်လာခဲ့သည်။ သို့ရာတွင်၊ ဤနေရာတွင် သူ့အသက်ဆုံးရှုံးရမည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ပေ။

အပြောင်းအလဲများက မြန်ဆန်လွန်းသဖြင့် မည်သူမျှ ကြိုတင်မှန်းဆလို့မရခဲ့ပါ။

'ကောင်းတယ်'

လူတချို့က ကျေနပ်စွာဖြင့် စိတ်ထဲမှ အော်ဟစ်လိုက်ကြသည်။

ရင်ဖုန်းသည် လူများကို နိုင်စားလွန်းပြီး မကောင်းမှုများစွာ ပြုလုပ်ဖူးကြောင်း လူအများ သိကြသည်။ သို့သော်လည်း ရင်ဖုန်း၏ အဖိုးမှာ ငွေနဂါးတောင်ကြားသခင် ဖြစ်၏။ ထို့ကြောင့် သူ့ကို မည်သူမျှ မပြောဝံ့ခဲ့ပေ။

ယခုတော့ ရင်ဖုန်း အသတ်ခံလိုက်ရပြီမို့ အားလုံး ကျေနပ်သွားကြသည်။

အထူးသဖြင့် ရင်ဖုန်းကြောင့် သူတို့၏မိသားစုဝင်များ နစ်နာခဲ့ရကြောင်းကို မှတ်ဉာဏ်ကျောက်မှ မကြာသေးခင်ကမှ သိခဲ့ရသူ လူတချို့ ဖြစ်သည်။ သူတို့မှာ စိတ်လှုပ်ရှားလွန်းသဖြင့် ခန္ဓာကိုယ်များပင် တုန်လှုပ်နေကြတော့သည်။

"နဂါးပြစ်ဒဏ်ခတ်နန်းတော်ကို ပြန်ပြီး ဖွဲ့စည်းသင့်တယ်။ မင်းတို့ကို ရင်ဖုန်းအသုံးချတာ ဘယ်လိုခံကြရတာလဲ"

တိမ်နဂါးတောင်ကြားသခင်က နဂါးပြစ်ဒဏ်ခတ်နန်းတော်၏ အကြီးအကဲကို တစ်ချက်ကြည့်လိုက်သည်။

နဂါးပြစ်ဒဏ်ခတ်နန်းတော်၏ အကြီးအကဲလည်း ချက်ချင်း ပြန်ပြောလေ၏။

"တိမ်နဂါးတောင်ကြားသခင်ပြောတာ မှန်ပါတယ်။ နဂါးပြစ်ဒဏ်ခတ်နန်းတော်ကို ပြန်ပြီးဖွဲ့စည်းရမယ်"

ထို့နောက် သူက နဂါးပြစ်ဒဏ်ခတ်နန်းတော်မှ လူငယ်များကို စူးစူးစိုက်စိုက်ကြည့်ကာ ပြောလိုက်သည်။

"လုမင်ကို ဘာဖြစ်လို့ မတောင်းပန်သေးတာလဲ"

ထိုလူငယ်လေးများလည်း ကြောက်ရွံ့တုန်လှုပ်သွားပြီး လုမင်ကို ‌အလောတကြီး တောင်းပန်လိုက်ကြလေသည်။

လုမင် ပြုံးရုံ ပြုံးလိုက်သည်။ သူက ဤလူများကို ဂရုမစိုက်ဘဲ သူတို့နှင့်ဆက်ဆံရန် ပျင်းလွန်းလှပေသည်။

"မစ်ရှင်ခန်းမကလည်း မဆိုးဘူး။ တကယ်ကို ကောင်းတယ်။ သူတို့က ဂိုဏ်းရဲ့တာဝန်ကိုတောင် စွတ်ဖက်ခွင့်ပြုနေသေးတာပဲ။ နှစ်ပေါင်းများစွာကြာအောင် ငါ့ဓားကို မဆွဲတော့လို့ လူတော်တော်များများက ငါ့ကို ဂရုမစိုက်ကြတော့ဘူး"

တိမ်နဂါးတောင်ကြားသခင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ နောက်တော့ ခြေတစ်ချက်လှမ်းကာ နေရာမှ ပျောက်ကွယ်သွားတော့သည်။

"ချီးတဲ့မှပဲ၊ ကိုင်း... နဂါးပြစ်ဒဏ်ခတ်နန်းတော်ကို ပြန်သွားကြစို့"

နဂါးပြစ်ဒဏ်ခတ်နန်းတော်၏ အကြီးအကဲ အော်ပြောလိုက်သည်။ ထို့နောက် နဂါးပြစ်ဒဏ်ခတ်နန်းတော်မှ လူများနှင့်အတူ ထွက်ခွာသွား၏။

မကြာခင်မှာပဲ ထိတ်လန့်စရာကောင်းသော သတင်းတစ်ခုက နဂါးနတ်ဘုရားတောင်ကြားတွင် ပျံ့နှံ့သွားတော့သည်။

တိမ်နဂါးတောင်ကြားသခင်သည် သူ့တပည့် လုမင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကြောင့် ဒေါသထွက်သွားသည်။ ထို့ကြောင့် မစ်ရှင်ခန်းမသို့သွားကာ လုမင်၏ကိစ္စတွင် ပါဝင်ပတ်သက်နေသော လူတချို့ကို ချက်ချင်း သတ်ပစ်လိုက်၏။ အကယ်၍ နဂါးဘုရားတောင်ကြား၏ သခင်သာ အချိန်မီမရောက်လာပါက၊ မစ်ရှင်ခန်းမရှိ အကြီးအကဲတစ်ဦးသည်ပင် တိမ်နဂါးတောင်ကြားသခင်၏ သတ်ခြင်းကိုခံလိုက်ရလိမ့်မည်။

နောက်ဆုံးတွင်၊ နဂါးနတ်ဘုရားတောင်ကြား၏ သခင်က အခြေအနေကို ပြေလည်အောင်ဖြေရှင်းခဲ့ရသည်။ ထိုမှသာ တိမ်နဂါးတောင်ကြားသခင်က ထွက်ခွာသွားခဲ့ပေသည်။

ဤအဖြစ်အပျက်ပြီးနောက်၊ တိမ်နဂါးတောင်ကြားက လူအများ၏နှလုံးသားထဲတွင် တစ်မျိုးပြောင်းသွားသည်။

တိမ်နဂါးတောင်ကြားသခင်က အလွန်အားကောင်းသည့်အပြင် ကြီးစိုး၏။

သူက ငွေနဂါးတောင်ကြားသခင်ကို ဒဏ်ရာရရှိစေကာ မစ်ရှင်ခန်းမမှ သင်းထောက်အချို့ကို သတ်ခဲ့သည်။ နောက်ဆုံး နဂါးနတ်ဘုရားတောင်ကြား၏ သခင်ကိုယ်တိုင် ဤကိစ္စကို ဖြေရှင်းပေးခဲ့ရပေသည်။

ဤတော့မှ တိမ်နဂါးတောင်ကြားသခင်ဟာ အလွန်သန်မာကြောင်း လူများစွာတို့ သိသွားခဲ့ကြသည်။

အကြီးအကဲများစွာကတော့ ခေါင်းယမ်းကာ ခါးသက်သက်ဖြင့် ပြုံးလိုက်ကြလေသည်။

ထိုအရူးက မသန်မာမှသာ ထူးဆန်းမည်။

ထိုသူရူးက သူ့ဓားကို နှစ်ပေါင်းများစွာကြာအောင် ဆွဲမထုတ်ခဲ့ရုံသာ။ ထို့ကြောင့်ပင် လူအ‌တော်များများက တိမ်နဂါးတောင်ကြားသခင်ကို မေ့လျော့လာခဲ့ကြသည်။ ငွေနဂါးတောင်ကြားသခင်က သူ့ကို အမှန်တကယ်စော်ကားဝံ့‌သော‌ကြောင့် ခံလိုက်ရတာ ထိုက်တန်ပေသည်။

ယခုတော့ အရူး၏ဓားက မလှုပ်ရှားတော့သော်လည်း အမှန်တကယ် ထက်မြက်ကြောင်း သက်သေပြခဲ့ပြီ ဖြစ်သည်။

All Chapters