← Chapters

အခန်း ၁၄၉၅

Vol. 100 Ch. 1495

အခန်း ၁၄၉၅

Vol. 100 Ch. 1495

အပိုင်း ( 1495 ) ကောင်းကင်တာအိုသားရဲများ။

သူ့အမြင်တွင် လုမင်က တုန်ထျန်းစင်မြင့်ကို တစ်ခါမှ မရောက်ဖူးသေးသဖြင့် အတွင်းပိုင်းမှ အခြေအနေများကို မသိနိုင်ပေ။ ထို့ကြောင့်ပင် သူနှင့် လောင်းကြေးထပ်ဝံ့ခြင်း ဖြစ်တန်ရာသည်။

"ဂိုဏ်းထည့်ဝင်မှတ် ငါးသိန်းကြေး လောင်းကြမယ်ဆိုရင် ဘယ်လိုလဲ"

လုမင် ပြောလိုက်သည်။

"ဂိုဏ်းထည့်ဝင်မှတ် ငါးသိန်း"

ငွေရောင်ဝတ်ရုံဝတ် လူငယ်လေး စိတ်လှုပ်ရှားသွား၏။ သံယောင်လိုက်ကာ ရေရွတ်ရင်း လောဘမီးတောက်များက သူ့မျက်လုံးထဲတွင် ပေါ်လာတော့သည်။

ထို့နောက် ငွေရောင်ဝတ်လူငယ်က ချက်ချင်း အော်လိုက်သည်။

"ဂိုဏ်းတူညီငယ်နဲ့ ဂိုဏ်းတူအစ်ကိုတို့၊ သက်သေခံပေးကြပါဦး"

ငွေရောင်ဝတ်လူငယ်၏ အော်သံကြောင့် ကျောက်စင်မြင့်များအောက်တွင် ရပ်နေကြသော လူငယ်များအားလုံး လှမ်းကြည့်လိုက်၏။ တချို့ကလည်း လျှောက်လာခဲ့ကြသည်။

ငွေရောင်ဝတ် လူငယ်နှင့်အတူ လိုက်ပါလာကြသူများလည်း လျှောက်လာခဲ့ပေသည်။

"ဘာကိုသက်သေခံရမှာလဲ"

တစ်ယောက်က မေးလိုက်သည်။

"အားလုံးပဲ၊ ဒီလူက လုမင်ပါ"

ငွေရောင်ဝတ်လူငယ်က လုမင်ကု ညွှန်ပြလိုက်သည်။

"လုမင်လား၊ သူပေါ့"

"သူက လုမင်"

တစ်ချို့လူများက တအံ့တဩ ရေရွတ်လိုက်၏။

ယခုအခါ လုမင်က အတော်နာမည်ကြီးနေပြီ ဖြစ်သည်။ တိမ်နဂါးတောင်ကြားအဝင်ဝတွင် လုမင်က ငွေနဂါးတောင်ကြားသခင်ရှေ့မှာ ရင်ဖုန်းကို သတ်ခဲ့သည်။ ထိုဖြစ်ရပ်တွင် ငွေနဂါးတောင်ကြားသခင်လည်း ဒဏ်ရာရသွားခဲ့၏။ နောက်ပိုင်းတွင်၊ တိမ်နဂါးတောင်ကြားသခင်က ဤကိစ္စကြောင့် တာဝန်ခန်းမ၏ သင်းထောက်အနည်းငယ်ကိုပင် သတ်ပစ်ခဲ့ပေသည်။

ဤအရာအားလုံးက လုမင်ကြောင့် ဖြစ်သည်။

ဤသို့ဖြင့် လုမင်၏ နာမည်ကို လူတော်တော်များများ သိခဲ့ကြပေသည်။

ယခုအချိန်တွင် သူတို့အားလုံး လုမင်ကို အကဲခတ်သလို ကြည့်လိုက်ကြသည်။

"ဂိုဏ်းတူညီလေးလုမင်က ငါနဲ့ ကျောက်စင်မြင့်မှာ ဘယ်သူက အထပ်မြင့်မြင့် ပိုတက်လှမ်းနိုင်မလဲဆိုတာ အလောင်းအစား လုပ်ချင်နေတယ်။ ဒီအတွက် လောင်းကြေးက ထည့်ဝင်မှတ် ငါးသိန်းပဲ၊ ဟုတ်တယ်မလား ဂိုဏ်းတူညီလေး လုမင်"

ငွေရောင်ဝတ် လူငယ်က မေးလိုက်သည်။

"ဘာ"

သူ့စကားကြောင့် လူတိုင်း တအံ့တဩဖြစ်သွားပြီး လုမင်ကို မယုံကြည်နိုင်သလို ကြည့်လိုက်ကြသည်။

လုမင်က ငွေရောင်ဝတ်လူငယ်နှင့် လောင်းကြေးထပ်ချင်နေသည်။ ထို့အပြင် လောင်းကြေးမှာ ထည့်ဝင်မှတ် ငါးသိန်း ဖြစ်၏။

လုမင်၏ ကျင့်ကြံခြင်းအခြေခံအရ ငွေရောင်ဝတ်လူငယ်ကို လုံးဝ ရင်ဆိုင်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

ကျောက်စင်မြင့်ပေါ်သို့ တက်လှမ်းခြင်းက လူတစ်ယောက်၏ တိုက်ခိုက်ရေးအင်အားနှင့် မဆိုင်ပါ။ ယင်းက တာအိုနယ်မြေအပေါ်တွင် မူတည်သည်။

တာအိုနယ်မြေက အဆင့်မြင့်လေ၊ ပိုမိုအားကောင်းလေဖြစ်ပြီး ပို၍မြင့်မားသော ကျောက်စင်မြင့်ပေါ်သို့ တက်လှမ်းနိုင်လေလေပင်။

ဤလုမင်က ထည့်ဝင်မှတ်များ သုံးမကုန်နိုင်အောင် ပေါနေခြင်းကြောင့် လာဖြုန်းနေခြင်း ဖြစ်သလော။

လုမင်၏ နှုတ်ခမ်းများက အနည်းငယ် ကွေးညွတ်သွားသည်။ ငွေရောင်ဝတ် ဤလူငယ်မှာ လုမင် ပြောပြီးသားစကားကို ပြန်ရုတ်သိမ်းမည်အားစိုးရိမ်သောကြောင့် ထိုလူများကို သက်သေအဖြစ် ခေါ်ခံ့ခြင်း ဖြစ်သည်။ သို့သော်၊ ယင်းက လုမင် လိုချင်သည့်အတိုင်း အတိအကျပင်။

"အမှန်ပါပဲ"

လုမင် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ၊ လုမင် သဘောတူတယ်ဆိုရင် ငါတို့ သက်သေဖြစ်နိုင်တယ်"

ငွေရောင်ဝတ်လူငယ်နှင့် အတူရှိနေသည့် အခြား လူငယ်လေးက ‌‌ခပ်ထေ့ထေ့ပြုံးရင်း ပြောလိုက်သည်။

တခြားသူများလည်း သက်သေခံပေးမည်ဖြစ်ကြောင်း အသီးသီး ခေါင်းညိတ်ပြလိုက်၏။

"ဂိုဏ်းတူညီလေး လုမင် ၊ စကြရအောင်!"

ငွေရောင်ဝတ်လူငယ်က ပြောလိုက်သည်။ သူဟာ မတော်တဆ အနှောင့်အယှက်များ ပေါ်လာမည်ကို စိုးရိမ်နေပြီး ခဏလေးတောင် မစောင့်နိုင်တော့ပေ။

"ကောင်းပြီ"

လုမင် ပြုံးလိုက်သည်။

သူတို့နှစ်ဦးက တစ်ခုနှင့်တစ်ခု နီးကပ်စွာရှိသော ကျောက်လမ်းနှစ်ခုကို ရွေးချယ်ခဲ့ကြသည်။ ဤကျောက်လမ်းပေါ်တွင် အခြားမည်သူမျှမရှိပေ။

"ဝှစ်၊ ဝှစ်"

သူတို့နှစ်ဦးက ပထမကျောက်စင်မြင့်ပေါ်သို့ ပြိုင်တူနီးပါး ခုန်ဆင်းသွားကြသည်။ ထို့နောက် နှစ်ယောက်သား တစ်ချိန်တည်း တင်ပျဉ်ခွေ ထိုင်လိုက်၏။ ကျောက်စင်မြင့်က တောက်ပလာပြီး ထူထပ်သော ကမ္ပည်းစာများ ထွက်ပေါ်လာကာ သူတို့နှစ်ဦးကို ဖုံးအုပ်သွားတော့သည်။

ဤကမ္ပည်းစာများ၏ ပထမဆုံးလုပ်ဆောင်ချက်မှာ လူတစ်ဦး၏စိတ်ကို မှန်းဆ၍မရသော လေဟာနယ်သို့ ပို့လွှတ်ရန် ဖြစ်သည်။ ဒုတိယလုပ်ဆောင်ချက်ကတော့ အခြားသူများ ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် ဖြစ်၏။ ယင်းတွင် ခံစစ်လုပ်ဆောင်ချက်တစ်ခု ပါရှိသည်။

နဂါးနတ်ဘုရားတောင်ကြား၏ တုန်ထျန်းစင်မြင့်တွင် အခြားသူများကို မတိုက်ခိုက်ရန် စည်းကမ်းရှိသည်။၊ သို့မဟုတ်ပါက ပြင်းထန်စွာ အပြစ်ပေးခံရလိမ့်မည်။ သို့သော်လည်း စွန့်စားပြီး တိုက်ခိုက်မည့်သူများ ရှိကောင်းရှိနိုင်သည်။ ထို့ကြောင့် ဤကမ္ပည်းစာလုံးများတွင် အလွန်ကောင်းမွန်သော ခံစစ်လုပ်ဆောင်ချက်တစ်ခုလည်း ပါဝင်ခဲ့ပေသည်။

ကမ္ပည်းစာလုံးများ၏ ဖုံးအုပ်ခံလိုက်ရသည်နှင့် လုမင်ဟာ သူ့စိတ် သို့မဟုတ် သူ့ဝိညာဉ်ကို သူ့ခန္ဓာကိုယ်မှ ဆွဲထုတ်ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။

သူ့ပတ်ဝန်းကျင်မှ လေဟာနယ်ကလည်း အလင်းရောင်တစ်ခုလို ဖြတ်သွားခဲ့၏။ နောက်အခိုက်အတန့်တွင်၊ လုမင်ဟာ ကစဉ့်ကလျားနေရာတစ်ခုသို့ ရောက်နေတာကို သိလိုက်ရသည်။

သူ့ပတ်ပတ်လည်ကို ကြည့်လိုက်ပါက အကန့်အသတ်မဲ့ ကျယ်ပြောသော ဟင်းလင်းပြင်ကြီး ဖြစ်၏။

သို့သော်လည်း ဤနေရာရှိ မဟာတာအို အငွေ့အသက်က အလွန်ကြွယ်ဝကြောင်း လုမင် ခံစားရသည်။ ဤနေရာတွင် လေ့ကျင့်ပါက အခြားနေရာများထက် အကျိုးသက်ရောက်မှု အနည်းဆုံး ဆယ်ဆ ပိုကောင်းလိမ့်မည်။

'ဒါက နဂါးနတ်ဘုရားတောင်ကြားရဲ့ တည်ထောင်သူ ဖန်တီးခဲ့တဲ့ ကောင်းကင်စစ်မြေပြင်ပဲလား'

လုမင် သူ့စိတ်ထဲမှ တွေးလိုက်သည်။

"ဂါး"

ရုတ်တရက် ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခုထွက်ပေါ်လာပြီး ထူးဆန်းသော သားရဲတစ်ကောင် သူ့ရှေ့တွင် ပေါ်လာခဲ့သည်။ ဤထူးဆန်းသော သားရဲမှာ မဟာတာအို ရောင်ဝါများ ထွက်ပေါ်လျက်ရှိ၏။

"ကောင်းကင်တာအိုသားရဲ"

လုမင် ရေရွတ်လိုက်သည်။

"ဂါး... ဂါး... ဝေါင်း"

ထို့နောက်၊ ဟိန်းဟောက်သံများနှင့်အတူ ကောင်းကင်တာအိုသားရဲများ တစ်ကောင်ပြီးတစ်ကောင် ထပ်မံ ပေါ်လာခဲ့ပြန်သည်။

ဤကောင်းကင်တာအို သားရဲများက ပုံစံအမျိုးမျိုး ဖြစ်သည်။ အချို့က ကျားပုံစံ၊ အချို့မှာ ဝံပုလွေများဖြစ်ပြီး အချို့ကလည်း မြွေများ ဖြစ်ချေသည်။

တစ်ခုတည်းသော တူညီမှုဟူ၍ ၎င်းတို့၏ မျက်ခုံးနှစ်ခု ကြားအလယ်မှ ရွှေရောင်အမှတ်အသားတစ်ခု ဖြစ်သည်။

"ကောင်းကင်တာအိုအမှတ်အသား"

လုမင်၏ မျက်လုံးများက တောက်ပသွားသည်။

ကောင်းကင်စစ်မြေပြင်တွင်၊ ဤထူးဆန်းသောသားရဲများကို သတ်နိုင်သရွေ့ သူတို့၏မျက်ခုံးနှစ်ခုကြားရှိ ကောင်းကင်တာအိုအမှတ်အသားကို စုပ်ယူပြီး ကောင်းကင်တာအိုနှင့် တာအိုနယ်မြေကို နားလည်နိုင်မည်လိမ့်မည်။ ယင်းက အလွန်မှော်ဆန်ခဲ့သည်။

ဤအခိုက်တွင် အနည်းဆုံး ကောင်းကင်တာအိုသားရဲ ငါးကောင်၊ ခြောက်ကောင်လောက်က လုမင်ကို ခုန်အုပ်လာတော့သည်။

"ဝမ်"

ကစဉ့်ကလျားတာအိုနယ်မြေက ပြန့်နှံ့ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ပြန်ကျုံ့သွား၏။ အဆုံးမှာတော့ လုမင်၏ လက်ထဲတွင် လှံရှည်တစ်ချောင်းအဖြစ် ပေါ်လာတော့သည်။

ကောင်းကင်စစ်မြေပြင်မှာ ကျင့်ကြံသူ၏ စိတ်ဝိညာဉ်သာ ဝင်ရောက်နိုင်သောကြောင့် ရတနာများနှင့် ယွမ်ချီစွမ်းအင်တို့ကို အသုံးမပြုနိုင်ပေ။ ဤနေရာတွင် တစ်ခုတည်းသော နည်းလမ်းက တာအိုနယ်မြေကို အသုံးပြုရန် ဖြစ်သည်။

"ဝှစ်"

လှံချက်ထုတ်ဖော်လိုက်သည်နှင့် လှံအလင်းက လေထုကို ထိုးဖောက်ပြီး ကောင်းကင်တာအိုသားရဲများကို ဖောက်ထွက်သွားခဲ့သည်။

ကောင်းကင်တာအိုသားရဲ ငါးကောင်၊ ခြောက်ကောင်ကို တပြိုင်နက်တည်း ချေမှုန်းပစ်လိုက်၏။

ကောင်းကင်တာအိုသားရဲများ သေဆုံးသွားသောအခါ ကောင်းကင်တာအို စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ သို့ရာတွင်၊ သူတို့၏ မျက်ခုံးအလယ်ရှိ ကောင်းကင်တာအိုအမှတ်အသားက ရွှေရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်လာပြီး လုမင်၏ ခန္ဓာကိုယ်ထဲသို့ ပျံသန်းကာ ပျောက်ကွယ်သွားခဲ့သည်။

"ဝေါင်း... ဂါး"

ထိုအချိန်တွင် အခြား ကောင်းကင်တာအိုသားရဲများက ဟိန်းဟောက်ပြီး လုမင်ဆီသို့ ပြေးလာကြ၏။

လုမင်လည်း ကစဉ့်ကလျားအိုနယ်မြေဖြင့် ဖန်တီးထားသော လှံရှည်ကို ဆွဲကိုင်ကာ လှံချက်ထုတ်ဖော်လိုက်တော့သည်။ လှံရှည်က တုန်ခါသွားပြီး လှံရိပ်များ တောက်ပလာခဲ့သည်။ လှံအလင်း ဆယ်ခုကျော်က လေထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး ကောင်းကင်တာအိုသားရဲ ဆယ်ကောင်ထက်မနည်းကို အသက်နှုတ်ယူသွား၏။

ဤသည်မှာ ပထမဆုံးအဆင့်ဖြစ်၍ ပေါ်လာသော ကောင်းကင်တာအိုသားရဲများကလည်း ပထမအဆင့် တာအိုနယ်မြေများနှင့်သာ ညီမျှသည်။ ယင်းက လုမင်အတွက် လုံးဝ မခက်ခဲပေ။

မကြာမီ လုမင်က ကောင်းကင်တာအိုသားရဲကောင်ပေါင်း တစ်ရာ့ရှစ်ကောင်ကို သတ်ပစ်လိုက်သည်။ ထိုအခါမှာတော့ ကောင်းကင်သားရဲများကို မမြင်ရတော့ပေ။

ထိုအချိန်တွင် လုမင်က သူ့ခန္ဓာကိုယ် တင်းကျပ်လာသည်ကို ခံစားလိုက်ရသည်။ နောက်အခိုက်တွင်မှ သူ့စိတ်ဝိညာဥ်ဟာ တုန်ထျန်းစင်မြင့်ရှိ သူ၏ရုပ်ခန္ဓာဆီသို့ ပြန်ရောက်သွားကြောင်း သိခဲ့ရပေသည်။

'အဲ၊ ကောင်းကင်တာအိုအမှတ်အသားတွေ'

ရုတ်တရက်၊ သူ့စိတ်ထဲမှာ ရွှေရောင် ကောင်းကင်တာအို အမှတ်အသား တစ်ရာ့ရှစ်ခု ရှိနေလေကြောင်း သူတွေ့လိုက်ရသည်။

"အံ့ဩစရာကောင်းလိုက်တာ၊ ဒါက တကယ်ကို အံ့မခန်းပါလား"

လုမင် ရေရွတ်လိုက်သည်။

ထို့နောက် မျက်လုံးကိုမှိတ်ပြီး ဤကောင်းကင်တာအိုအမှတ်အသားများကို သန့်စင်လိုက်၏။ သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ထွက်လာတော့သည်။

ထိုအချိန်တွင် လုမင်၏ဘေးချင်းကပ်လျက်ရှိ ကျောက်စင်မြင့်မှ ငွေရောင်ဝတ်လူငယ်လေးလည်း မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူက လုမင်ကို တစ်ချက်ကြည့်ပြီး ခပ်တိုးတိုး ရယ်မောလိုက်၏။ နောက်တော့ ကောင်းကင်တာအို အမှတ်အသားများကို စတင် သန့်စင်လိုက်တော့သည်။

ဆယ်မိနစ်လောက်ကြာတော့ ငွေရောင်ဝတ်လူငယ်က မတ်တပ်ရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော ကမ္ပည်းစာလုံးများလည်း အလိုအလျောက် ဆုတ်ခွာပြီး ပျောက်ကွယ်သွား၏။

ငွေရောင်ဝတ်လူငယ်က သန့်စင်ခြင်း မပြီးမြောက်သေးသော လုမင်ကို တစ်ချက်ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။ ထို့နောက် ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး မီတာတစ်ရာ အကွာအဝေးကို ဖြတ်ကျော်သွား၏။ သူက ဒုတိယစင်မြင့်တွင် တင်ပျဉ်ခွေထိုင်လိုက်တော့သည်။

အလားတူပင် ဒုတိယစင်မြင့်ပေါ်တွင်လည်း ကမ္ပည်းစာလုံးပေါင်းများစွာ ပေါ်လာပြီး သူ၏ကိုယ်ခန္ဓာကို ဖုံးအုပ်သွားသည်။

ပထမစင်မြင့်မှာတော့ လုမင်က တင်ပျဉ်ခွေထိုင်နေဆဲပင်။

နာရီဝက်အကြာမှ၊ သူရထားရှိသော ကောင်းကင်တာအို အမှတ်အသားများကို အပြည့်အဝ သန့်စင်သွားပြီဟု ခံစားလိုက်ရသည်။

'ကစဉ့်ကလျားတာအိုနယ်မြေက တကယ်ကို အားကောင်းလာတာပဲ။ ဒါက အပြင်မှာ ခုနစ်ရက်လောက် လေ့ကျင့်ရတာနဲ့ နှိုင်းယှဉ်နိုင်တယ်"

လုမင် ပြုံးလိုက်သည်။ တုန်ထျန်းစင်မြင့်၏ သက်ရောက်မှုကြောင့်လည်း သူ အတော်အံ့အားသင့်သွား၏။

ပေါင်းထည့်လိုက်သည့်အချိန်အားလုံးက တစ်နာရီပင် မပြည့်သေးသော်လည်း ထိရောက်မှုကတော့ ပုံမှန်အတိုင်း ခုနစ်ရက်ကြာ နားလည်ဆင်ခြင်ခြင်း‌နှင့် ညီမျှသည်။ ဤအကျိုးသက်ရောက်မှုက တကယ်ကို အံ့မခန်းပင်။

All Chapters