အခန်း ၁၄၉၆
Vol. 100 Ch. 1496
အပိုင်း ( 1496 ) အဆက်မပြတ် တက်လှမ်းခြင်း။
'ကိုင်း၊ ဆက်ပြီး တက်လိုက်ကြရအောင်'
လုမင် ထရပ်လိုက်သည်နှင့် သူ့ကိုယ်ပေါ်ရှိ ကမ္ပည်းစာများမှာလည်း အလိုအလျောက် နောက်သို့ဆုတ်သွားသည်။
"ဟားဟားဟား၊ ဒီ လုမင်တော့ သေချာပေါက် ရှုံးပြီပဲ။ ပထမဆုံး အခြေခံစင်မြင့်မှာတောင် ဒီလောက်ကြာနေတာ၊ သူက ဂိုဏ်းတူအစ်ကိုရင်ချန်နဲ့ တကယ်ကြီး လောင်းကြေးထပ်ဝံ့တယ်။ သူက ဂိုဏ်းတူအစ်ကိုရင်ချန်ကို ထည့်ဝင်မှတ်တွေ အလကားလိုက်ပေးနေတာပဲ"
"ထည့်ဝင်မှတ်ငါးသိန်း၊ ငါ တကယ်ပဲ မနာလိုဖြစ်မိတယ်။ ဂိုဏ်းတူအစ်ကိုရင်ချန်ကတော့ ထည့်ဝင်မှတ်တွေ အများကြီးရသွားပြီပဲ"
အောက်တွင် လူတစ်ချို့က လုမင်ကိုကြည့်ပြီး လှောင်ပြောင်လိုက်ကြသည်။
လုမင်ကတော့ ပြုံးရုံသာပြုံးပြီး သူတို့ကို ဂရုမစိုက်ပါ။
သူနှင့် ငွေရောင်ဝတ်လူငယ်တို့ကြားမှ လောင်းကြေးမှာ အချိန်ထက် ပိုမြင့်မားသော စင်မြင့်ပေါ်သို့ မည်သူ တက်နိုင်တက်နိုင်မလဲ ဆိုတာကို ဖြစ်သည်။
ထို့အပြင်၊ ဤသည်က သူ၏ ပထမဆုံးအကြိမ်ဖြစ်ပြီး ကောင်းကင်တာအိုအမှတ်အသားများကိုလည်း တစ်ခုမကျန် အပြည့်အဝ သန့်စင်ခဲ့ပေသည်။ သို့ဖြစ်ပေရာ သဘာဝအတိုင်း သူ့အတွက် အချိန်ပိုယူခဲ့ရသည်။
ထို့နောက် လုမင်က ရှေ့သို့ ခြေတစ်ချက်လှမ်း၍ ဒုတိယ စင်မြင့်ပေါ်ကို တက်ကာ တင်ပျဉ်ခွေထိုင်လိုက်သည်။ ထိုအခါ ဒုတိယစင်မြင့်က တောက်ပလာပြီး ကမ္ပည်းစာများကလည်း လုမင်အား ထပ်မံဖုံးအုပ်သွား၏။ နောက်အခိုက်မှာတော့ ကစဉ့်ကလျားနေရာသို့ တစ်ဖန် ပြန်ရောက်လာတော့သည်။
"ဂါး၊ ဂါး"
ယခင်အတိုင်းပင်၊ ကောင်းကင်တာအိုသားရဲများ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။ သို့ရာတွင်၊ ဤတစ်ကြိမ်မှာတော့ သူတို့၏ မျက်ခုံးနှစ်ခုကြားမှာ ရွှေရောင် ကောင်းကင်တာအိုအမှတ်အသား နှစ်ခုစီ ရှိနေကြတော့သည်။
ရွှေရောင် ကောင်းကင်တာအို အမှတ်အသားနှစ်ခုမှာ ဤနေရာမှ ကောင်းကင်တာအိုသားရဲများက ဒုတိယအဆင့် တာအိုနယ်မြေ၏ အစွမ်းသတ္တိရှိသည်ဟု ဆိုလိုသည်။
ကောင်းကင်တာအိုသားရဲများက ဟိန်းဟောက်ပြီး လုမင်ထံ ပြေးလာကြသည်။
လုမင်လည်း ကစဉ့်ကလျားတာအိုနယ်မြေဖြင့် လှံရှည်တစ်လက်ကို ထပ်မံ ဖွဲ့စည်းလိုက်၏။ လှံအလင်းများက လျင်မြန်စွာ ထွက်ပေါ်လာတော့သည်။
"ဝှစ်၊ ဝှစ်၊ ဝှစ်"
လှံအလင်းများ ထွက်ပေါ်လာပြီး ကောင်းကင်တာအိုသားရဲများလည်း ခဏချင်း သတ်ဖြတ်ခံခဲ့ရသည်။
မကြာမီ၊ လုမင်က သားရဲ တစ်ရာ့ရှစ်ကောင်စလုံးကို သတ်ဖြတ်ခဲ့ပြီး စင်မြင့်ပေါ်တွင် ပြန်ပေါ်လာခဲ့လေသည်။
သူ တစ်ချက်ကြည့်လိုက်တော့ ငွေရောင်ဝတ်လူငယ်က တတိယမြောက် စင်မြင့်ပေါ်သို့ ရောက်နေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။
လုမင်လည်း သူ့ကို လျစ်လျူရှုပြီး မျက်လုံးကိုမှိတ်ကာ ကောင်းကင်တာအို အမှတ်အသားများကို သန့်စင်လိုက်တော့သည်။
ဒုတိယစင်မြင့်ပေါ်ရှိ ကောင်းကင်တာအိုအမှတ်အသား အရေအတွက်က ပထမစင်မြင့်၏ နှစ်ဆ ဖြစ်သည်။
တစ်နာရီကြာပြီးနောက်၊ ကောင်းကင်တာအိုအမှတ်အသား အားလုံးကို သန့်စင်ပြီးသွားသည်။ ရှေးဦးကစဉ့်ကလျားတာအိုမှာလည်း နောက်တစ်ဆင့် တိုးလာသလို သူ ခံစားလိုက်ရ၏။
လုမင်လည်း ရှေ့သို့ ခြေတစ်လှမ်းတိုးကာ တတိယမြောက် စင်မြင့်တွင် ပေါ်လာတော့သည်။
တတိယအဆင့်သို့ ရောက်ရှိပြီးနောက် ကောင်းကင်တာအိုသားရဲများ၏ ကောင်းကင်တာအိုအမှတ်အသားမှာ သုံးခု ရှိသည်။ ယင်းက တတိယအဆင့် တာအိုနယ်မြေနှင့် ညီမျှပေသည်။ အဆင့်သတ်မှတ်ချက်အရ ဤသည်မှာ လုမင်၏ တာအိုနယ်မြေနှင့် အဆင့်ချင်းတူသည်။
သို့သော်လည်း၊ လုမင်၏ တာအိုနယ်မြေက မြောက်များစွာသော တာအိုနယ်မြေများအနက် ဧကရာဇ်ဖြစ်သော ကစဉ့်ကလျား တာအိုနယ်မြေ ဖြစ်၏။ ကစဉ့်ကလျားတာအိုနယ်မြေနှင့် နှိုင်းယှဉ်နိုင်သော တာအိုနယ်မြေက ကမ္ဘာပေါ်တွင် အလွန်နည်းပါးသည်။
သူတို့က အဆင့်တူဖြစ်လျှင်ပင် ကစဉ့်ကလျားတာအိုနယ်မြေက အကြွင်းမဲ့ ချေမှုန်းနိုင်သည်။
မကြာမီ၊ ကောင်းကင်တာအိုသားရဲ တစ်ရာ့ရှစ်ကောင်စလုံး သေဆုံးသွားပြီး ကောင်းကင်တာအိုအမှတ်အသားများကို စတင် သန့်စင်ခဲ့ပေသည်။
အောက်မှာလည်း လူအချို့က ဆက်လက် ဆွေးနွေးခဲ့ကြသည်။
"ဒီလုမင်ရဲ့ အရည်အချင်းက မဆိုးပါဘူး။ သူက သူ့ထက် တစ်ဆင့်မြင့်သူကို တိုက်ခိုက်နိုင်တယ်။ ငါ့အထင်ပြောရရင် သူ စတုတ္ထအဆင့်ကိုတော့ ရောက်မှာပါ၊ ဒါပေမဲ့ ဒါက သူ့ရဲ့ အကန့်အသတ်ဆိုတာ သေချာတယ်"
"အမှန်ပါပဲ၊ ဒါပေမဲ့ တတိယစင်မြင့်မှာ တတိယအဆင့် တာအိုနယ်မြေနဲ့ညီမျှတဲ့ ကောင်းကင်တာအိုသားရဲ တစ်ရာ့ရှစ်ကောင်ရှိတယ်။ လုမင်အတွက်တော့ သူတို့ထဲက ဆယ်ကောင်လောက်ကို သတ်နိုင်ရင်တောင် ကံကောင်းပြီ"
"ဂိုဏ်းတူအစ်ကိုရင်ချန်ရဲ့ တာအိုနယ်မြေက ဆဋ္ဌမအဆင့်ကို ဖြတ်ကျော်သွားပြီလေ။ နောက်ဆုံးတစ်ခေါက်ကတောင် ဆဋ္ဌမမြောက် စင်မြင့်က ကောင်းကင်တာအိုသားရဲ အကောင်ငါးဆယ်ကို သတ်နိုင်ခဲ့တာ။ ဒီအလောင်းအစားက ဘာမှ အံ့ဩစရာမရှိတော့ဘူး"
ရင်ချန်ဘက်မှ လူငယ်တချို့က တစ်ယောက်တစ်ပေါက် ပြောဆိုလိုက်ကြသည်။
"ကြည့်ကြစမ်း၊ ဂိုဏ်းတူအစ်ကိုရင်ချန်က ပဉ္စမမြောက်စင်မြင့်ကို သွားနေပြီ"
တစ်ယောက်က အော်ပြောလိုက်၏။
ဟုတ်သည်၊ ထိုအချိန်တွင် ရင်ချန်က ခြေတစ်ချက်လှမ်းပြီး ပဉ္စမမြောက်စင်မြင့်ပေါ်မှာ ပေါ်လာပြီ။ ထိုအချိန်ထိ တတိယစင်မြင့်တွင် ရှိနေဆဲဖြစ်သော လုမင်ကို မြင်လိုက်ရတော့ သူ့နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။ ထို့နောက် တင်ပျဉ်ခွေ ထိုင်ချလိုက်လေသည်။
ဤတစ်ကြိမ်တွင်၊ လုမင်အတွက် ကောင်းကင်တာအိုအမှတ်အသားများကို သန့်စင်ရန် အချိန် နှစ်နာရီ ကြာခဲ့သည်။ သူ၏ ရှေးဦးကစဉ့်ကလျားတာအိုနယ်မြေသည်လည်း တတိယအဆင့် တာအိုနယ်မြေ၏ အထွတ်အထိပ်သို့ ချဉ်းကပ်နေပြီဟု သူ ခံစားနေရပြီ။
လုမင်လည်း မတ်တပ်ထရပ်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ထို့နောက် စတုတ္ထမြောက် စင်မြင့်ပေါ်သို့တက်ပြီး တင်ပျဉ်ခွေ ထိုင်ချလိုက်၏။
"ဒီကောင် စတုတ္ထမြောက် စင်မြင့်ကို ရောက်သွားတာပဲ။ ကြည့်ထားကြ၊ မိနစ်ဝက်အတွင်း ဒီကောင် တုန်ထျန်းစင်မြင့်ပေါ်ကနေ ကန်ချန်ခံရလိမ့်မယ်"
ရင်ချန်၏ အပေါင်းအဖော်များထဲမှ တစ်ဦးက လှောင်ပြောင်ပြောဆိုလိုက်သည်။
မိနစ်ဝက်က မကြာလိုက်ပေ။ လုမင်၏ ရုပ်သွင်က ကျောက်တုံးကျောက်ဆောင်ကဲ့သို့ တည်ငြိမ်နေဆဲ ဖြစ်သည်။
"ဟမ့်၊ သူက ခဏလောက်ကြာအောင် ပိုထိန်းထားနိုင်ရုံပါပဲ။ အနည်းဆုံး၊ သုံးမိနစ်အတွင်း စင်မြင့်ပေါ်ကနေ ပြုတ်ကျလိမ့်မယ်"
ယခင်က ပြောလိုက်သော လူငယ်က ရှက်ရွံ့ဟန်ဖြင့် ပြောလိုက်သည်။
သုံးမိနစ်ကြာသွားပြီ။ လုမင်၏ ရုပ်သွင်ကတော့ တည်ငြိမ်နေဆဲပင်။
"သေချာတယ်၊ သူ ဆယ်မိနစ်ထက် ပိုမကြာဘူး"
ယင်းလူငယ်ကပင် အံကိုကြိတ်ပြီး ပြောပြန်သည်။
ဆယ်မိနစ်ကြာပြီးနောက်၊ လုမင်၏ ခန္ဓာကိုယ်မှ ရွှေရောင်ကောင်းကင်တာအိုအမှတ်အသားများ ထွက်လာခဲ့၏။ သူက ကောင်းကင်တာအိုသားရဲအားလုံးကို သုတ်သင်ခဲ့ပြီး ကောင်းကင်တာအိုအမှတ်အသားများကို စတင်သန့်စင်နေပြီဖြစ်ကြောင်း ထင်ရှားသည်။
"မြန်လှချေလားဟ၊ သူက ဆယ်မိနစ်အတွင်း စတုတ္ထမြောက်စင်မြင့်က သားရဲတွေကို သတ်ပစ်လိုက်တာပဲ"
"ဒါက တကယ်ကို မြန်တာပဲ။ အခုလေးတင် ရင်ချန်က ဆယ့်ငါးမိနစ် ကြာခဲ့တာ"
"အခုလေးတင် လုမင်ကို စင်မြင့်ပေါ်ကနေ ပစ်ချခံရမယ်လို့ တဖွဖွပြောနေတာ ဘယ်သူလဲ"
အခြားလူငယ်များလည်း အံ့ဩတကြီးဖြစ်ပြီး အချင်းချင်း စတင်ဆွေးနွေးလိုက်ကြသည်။ တစ်ချို့ဆိုပါက ယခင် မှတ်ချက်ထိုင်ပေးနေသော လူငယ်ကိုပင် ကြည့်လိုက်သေးသည်။
ထိုလူငယ်၏ မျက်နှာလည်း နီရဲသွားသည်။ စိတ်တိုလွန်းသဖြင့် သွေးများပင် သူအန်ထွက်တော့မည်။
"ဟမ့်၊ သူ ကံကောင်းလို့ စတုတ္ထမြောက် စင်မြင့်ကို အောင်မြင်ခဲ့တာပါ။ ပဉ္စမအဆင့်ကိုတော့ သေချာပေါက် အောင်မြင်နိုင်မှာ မဟုတ်ဘူး"
ထိုလူငယ်က အံကိုတင်းတင်းကြိတ်ပြီး ပြောလိုက်သည်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့ပြီ။
အချိန်အတော်ကြာပြီးနောက်၊ ရင်ချန်က ပဉ္စမမြောက် စင်မြင့်ပေါ်တွင် ထရပ်လိုက်သည်။
'ဟိုကောင် စင်ပေါ်ကနေ ကန်ချခံလိုက်ရပြီထင်တယ်'
ရင်ချန်ရ အေးစက်စက်ပြုံးရင်း သူ့နောက်ကို လှည့်ကြည့်လိုက်၏။
လုမင်၏ အခြေအနေကို မြင်လိုက်ရပြီးနောက် သူ့အမူအရာ ပြောင်းသွားသည်။
'မင်း တကယ်ကြီး စတုတ္ထမြောက်စင်မြင့်ကို ရောက်လာနိုင်တာပဲ။ ဟမ့်၊ မင်း တကယ်ကံကောင်းတယ်။ ဒါပေမဲ့... ပဉ္စမမြောက်စင်မြင့်က မင်းရဲ့ ကန့်သတ်ချက်ပါပဲ"
ရင်ချန်က အေးစက်စက် ပြောလိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ဆဋ္ဌမမြောက် စင်မြင့်ပေါ်ကို တက်သွား၏။ ထို့နောက်တော့ ကစဉ့်ကလျားနေရာသို့ ဝင်ရောက်ကာ ကောင်းကင်တာအိုသားရဲများကို စတင်တိုက်ခိုက်လိုက်တော့သည်။
တုန်ထျန်းစင်မြင့်များအောက်တွင် လူအားလုံးက ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့ကြသည်။
မိနစ်နှစ်ဆယ်ခန့်အကြာတွင် ဆဋ္ဌမမြောက် စင်မြင့်ပေါ်မှာ တင်ပျဉ်ခွေထိုင်နေသော ရင်ချန်၏ခန္ဓာကိုယ်က ရုတ်တရက် တုန်လှုပ်သွားသည်။ နောက်တော့၊ ကမ္ပည်းစာများ လင်းလက်လာပြီး ရင်ချန်၏ ခန္ဓာကိုယ်က ဆဋ္ဌမမြောက် စင်ပေါ်မှ လွင့်စဉ်က စင်မြင့်အောက်ခြေသို့ ဆင်းသက်လာခဲ့တော့သည်။
"ဂိုဏ်းတူအစ်ကိုရင်ချန်၊ ဒီတစ်ခေါက် ဆဋ္ဌမအဆင့်မှာ ကောင်းကင်တာအိုသားရဲ ဘယ်နှစ်ကောင်ကို သတ်နိုင်ခဲ့သလဲ"
လုမင်ကို စင်မြင့်ပေါ်မှ ကန်ချခံရပြီဟု တဖွဖွပြောနေသော လူငယ်က ကမန်းကတန်း မေးလိုက်သည်။
"ခြောက်ဆယ့်ရှစ်ကောင်"
ရင်ချန်က ပြောသည်။
"ခြောက်ဆယ့်ရှစ်လား၊ အဲဒါက နောက်ဆုံးအကြိမ်ထက် ဆယ့်ရှစ်ကောင် ပိုတာပဲ။ ဂုဏ်ယူပါတယ် ဂိုဏ်းတူအစ်ကိုရင်ချန်၊ ဆဋ္ဌမမြောက်စင်မြင့်ကို ဖြတ်ကျော်နိုင်ဖို့ မကြာတော့ဘူး"
ထိုလူငယ်က ချက်ချင်း မြှောက်ပင့်လိုက်၏။
"အင်း"
ရင်ချန်လည်း ကျေနပ်အားရမှု အရိပ်အယောင်များဖြင့် တစ်ချက်ပြုံးလိုက်သည်။ ထို့နောက် စတုတ္ထမြောက် စင်မြင့်ပေါ်မှ လုမင်ကို လှမ်းကြည့်လိုက်၏။
ထိုအချိန်တွင် လုမင်က မတ်တပ်ထရပ်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ပဉ္စမမြောက် စင်မြင့်ပေါ်သို့ တက်လာပြီးနောက် တင်ပျဉ်ခွေ ထိုင်ချလိုက်၏။ ကမ္ပည်းစာလုံးများကလည်း ချက်ချင်းပင် သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားတော့သည်။
"ဟမ့်၊ တတိယအဆင့် တာအိုနယ်မြေလေးနဲ့ ပဉ္စမစင်မြင့်ကို တက်လှမ်းတာက သူ့ရဲ့ အကန့်အသတ်ပဲဖြစ်ရမယ်"
ရင်ချန်က အေးစက်စက်ဖြင့် ပြောလိုက်သည်။
"အမှန်ပဲ၊ ပဉ္စမစင်မြင့်မှာတော့ ကောင်းကင်တာအိုသားရဲ ဆယ်ကောင်ကိုတောင် သူသတ်နိုင်မှာ မဟုတ်ဘူး။ စင်ပေါ်ကနေ ချက်ချင်း ကန်ချခံလိုက်ရလိမ့်မယ်"
ယခင် လျှာရှည်ကိုယ်တော်ကပင် ပြောလိုက်သည်။
သို့သော်လည်း အချိန်များသာ ကုန်သွားသည်။
တစ်မိနစ်၊ နှစ်မိနစ်၊ ငါးမိနစ်...
လုမင်က စင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသေးသည်။ လူငယ်၏ ပါးစပ်က ထပ်မဟနိုင်လောက်အောင် ဖြစ်သွားသည်။ ရင်ချန်၏ အမူအရာမှာလည်း အေးစက်သွား၏။
ကောင်းကင်တာအိုစစ်မြေပြင်တွင် လုမင်က တိုက်ပွဲတစ်ခု ဆင်နွှဲနေသည်။
ပဉ္စမစင်မြင့်မှ ကောင်းကင်တာအိုသားရဲများက ပဉ္စမအဆင့် တာအိုနယ်မြေနှင့် ညီမျှမှုရှိ၏။
ပဉ္စမအဆင့်မှ ကောင်းကင်တာအိုသားရဲများက အလွန်အစွမ်းထက်သည်။ သူတို့၏စွမ်းအားကလည်း တကယ်ကို ကြမ်းရမ်းကြပေသည်။
သို့သော်လည်း ကစဉ့်ကလျားတာအိုနယ်မြေက ဤသားရဲများကို ဖိနှိပ်နိုင်ဆဲ ဖြစ်သည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းမှာလည်း ကျင်းယွိက ပဉ္စမအဆင့် တာအိုနယ်မြေနှင့် လုမင်ကို ဖိနှိပ်ရန် ကြိုးစားခဲ့သေးသည်။ သို့ရာတွင် အနေဖြင့် လုမင်က ဒုတိယအဆင့် ကစဉ့်ကလျားတာအိုနယ်မြေဖြင့် ပြိုင်ဘက်၏ တာအိုနယ်မြေကို အပြတ်အသတ် အနိုင်ယူခဲ့သည်။ ထိုမှ ကစဉ့်ကလျားတာအိုနယ်မြေ၏ စွမ်းအားမှာ မည်မျှကြောက်စရာကောင်းကြောင်း တွေ့နိုင်ပေသည်။