← Chapters

အခန်း ၁၄၉၇

Vol. 100 Ch. 1497

အခန်း ၁၄၉၇

Vol. 100 Ch. 1497

အပိုင်း ( 1497 ) ကောက်ကျစ်သော ရင်ချန်။

"ဝှစ်"

လှံအလင်းများ လက်သွားပြီး အဆင့်ငါး ကောင်းကင်တာအိုသားရဲတစ်ကောင် သေဆုံးသွားခဲ့သည်။

နောက်ထပ် လှံအလင်းများ တောက်ပလာပြီး၊ အခြား အဆင့်ငါး ကောင်းကင်တာအိုသားရဲ အများအပြား ထပ်မံ သေဆုံးသွား၏။

လှံအလင်း တောက်ပလာတိုင်း ကောင်းကင်တာအိုသားရဲများ သေဆုံးသွားခဲ့ရပေသည်။

အချိန်မည်မျှကြာသွားပြီမသိ၊ နောက်ဆုံး ကောင်းကင်တာအိုသားရဲ သေဆုံးသွားပြီးနောက် လုမင်၏ အသိစိတ်က ပဉ္စမမြောက် စင်မြင့်ပေါ်တွင် ပြန်ပေါ်လာခဲ့သည်။ သူက မျက်လုံးကိုဖွင့်ပြီး ရင်ချန်ကို တစ်ချက်လှမ်းကြည့်လိုက်၏။ နောက်တော့၊ နှုတ်ခမ်းကိုတွန့်ကွေးကာ ပြုံးလျက် ကောင်းကင်တာအို အမှတ်အသားများကို စတင် သန့်စင်လိုက်တော့သည်။

နာရီအနည်းငယ်ကြာပြီးနောက်၊ ကောင်းကင်တာအိုအမှတ်အသား အားလုံးကို သန့်စင်ပြီးသွားသည်။ လုမင်လည်း မတ်တပ်ထရပ်ပြီး ဆဋ္ဌမမြောက် တုန်ထျန်းစင်မြင့်ကို လှမ်းတက်လိုက်၏။

စင်မြင့်အောက်မှ ရင်ချန်လည်း မျက်နှာတစ်ချက်ပျက်သွားတော့သည်။

"ဒီလုမင် ကံကောင်းထောက်မလို့ ဆဋ္ဌမမြောက်စင်မြင့်ကို တက်လှမ်းနိုင်ရင်တောင် ဘာဖြစ်သေးလဲ။ ဂိုဏ်းတူအစ်ကိုရင်ချန်က ကောင်းကင်တာအိုသားရဲ ခြောက်ဆယ့်ရှစ်ကောင်ကို သတ်ခဲ့တာ၊ ဒီလုမင်က ကောင်းကင်တာအိုသားရဲ ခြောက်ဆယ့်ရှစ်ကောင်အထိ သတ်နိုင်မှာ မဟုတ်တာတော့ သေချာတယ်"

ယခင် စကားများနေသောလူငယ်က အံကိုကြိတ်ပြီး ထပ်မံပြောလိုက်သည်။

ရင်ချန်၏ အမူအရာကတော့ အေးစက်နေဆဲ၊ ဆဋ္ဌမမြောက်စင်မြင့်တွင် တင်ပျဉ်ခွေထိုင်နေသော လုမင်ကိုကြည့်ရင်း သူ တိတ်ဆိတ်နေခဲ့သည်။ သို့ရာတွင်၊ သူ့စိတ်ထဲမှာတော့ တုန်ထျန်းစင်မြင့်မှ ပြုတ်ကျလာမည့် လုမင်ကို မစောင့်နိုင်တော့ပါ။

ကံမကောင်းစွာဖြင့် သူ စိတ်ပျက်ခဲ့ရသည်။ လုမင်၏ ပုံရိပ်က လုံးဝ မလှုပ်ရှားခဲ့ပေ။

ဆဌမမြောက် စင်မြင့်ပေါ်တွင်၊ လုမင်က ကောင်းကင်တာအိုသားရဲများကို အစွမ်းကုန် တိုက်ခိုက်နေခဲ့သည်။

ဤနေရာတွင် ကောင်းကင်တာအိုသားရဲများက ပို၍ ကြောက်စရာကောင်းသည်။ ကောင်းကင်တာအိုသားရဲတိုင်းက အဆင့်ခြောက် တာအိုနယ်မြေနှင့် ညီမျှမှုရှိ၏။ လုမင်က တတိယအဆင့် တာအိုနယ်မြေသာဖြစ်ရာ သူတို့ကြားတွင် အဆင့်သုံးဆင့် ကွာခြားမှု ရှိခဲ့ပေသည်။

ထို့အပြင်၊ လုမင်၏ ပတ်ပတ်လည်မှာ ကောင်းကင်တာအိုသားရဲ တစ်ရာ့ရှစ်ကောင် ရှိသည်။ ထိုအတွက် လုမင်အပေါ် ဖိအားများမှာ အမှန်တကယ် တိုးလာတော့သည်။

"ဝုန်း"

သူ့လှံအလင်းက ကောင်းကင်တာအိုသားရဲတစ်ကောင်ကို ထိမှန်သွားခဲ့သည်။ သို့ရာတွင်၊ ဤကောင်းကင်တာအိုသားရဲက လွင့်စဉ်သွားရုံဖြစ်ကာ ဒဏ်ရာပြင်းပြင်းထန်ထန် မရခဲ့ပါ။ ၎င်းက ဟိန်းဟောက်ပြီး ပြန်ထလာကာ လုမင်အား ခုန်အုပ်လိုက်သည်။

"ဝုန်း"

လုမင်၏ ကစဉ့်ကလျားတာအိုနယ်မြေလှံက ကောင်ကင်တာအိုသားရဲတစ်ကောင်ကို ထိုးဖောက်လိုက်သည်။ သို့သော်၊ လမ်းတစ်ဝက်မှာ အခြား ကောင်းကင်တာအိုသားရဲတစ်ကောင်က တားဆီးခဲ့ပေသည်။

"အဆင့်ခြောက် ကောင်းကင်တာအိုသားရဲတွေက တကယ်ကို အစွမ်းထက်တာပဲ"

လုမင်၏ မျက်လုံးများက အံ့အားသင့်မှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။

လုမင်လည်း ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး လျှပ်စီးလက်သကဲ့သို့ ကောင်းကင်တာအိုသားရဲတစ်ကောင်ထံ ဦးတည်သွား၏။ ကစဉ့်ကလျားတာအိုနယ်မြေ ရစ်ပတ်ထားသော သူ့ခြေထောက်က ကောင်းကင်တာအိုသားရဲ၏ ဦးခေါင်းကို ပြင်းပြင်းထန်ထန် ဆောင့်နင်းလိုက်တော့သည်။

လုမင်က ခြေဖြင့် ဆောင်းနင်းပြီးသည်နှင့် တပြိုင်နက်၊ ထိုကောင်းကင်တာအိုသားရဲကို လှံရှည်ဖြင့် ထိုးချလိုက်သည်။ လှံရှည်က တုန်ခါသွားပြီးနောက် ထိုကောင်းကင်တာအိုသားရဲ ပြိုလဲသွား၏။

ပထမဆုံး အဆင့်ခြောက် ကောင်းကင်တာအိုသားရဲတစ်ကောင် သေဆုံးသွားခဲ့ပြီ။

"ဝေါင်း၊ ဝေါင်း"

မိုးကြိုးထစ်ချုန်းသကဲ့သို့ ဟိန်းဟောက်သံများနှင့် ကောင်းကင်တာအိုသားရဲများက ပိုများလာခဲ့သည်။

ကစဉ့်ကလျားတာအိုနယ်မြေလှံက ပြေးထွက်သွားပြီး ကောင်းကင်တာအိုသားရဲအုပ်ကို ဖရိုဖရဲဖြစ်သွားစေခဲ့သည်။ ထို့နောက် ယခင်နည်းအတိုင်း ကောင်းကင်တာအိုသားရဲတစ်ကောင်ကို ပစ်မှတ်ထားပြီး သတ်လိုက်၏။

'ဒီလိုသတ်ရတာက အတော်နှေးလွန်းတာပဲ။ ငါ့အနေနဲ့ သူတို့ကို တဖြည်းဖြည်း သတ်သွားသရွေ့ နောက်ဆုံးမှာ ဆဋ္ဌမမြောက် စင်မြင့်ကို ဖြတ်ကျော်နိုင်မှာ သေချာတယ်၊ ဒါပေမဲ့ အချိန်တော်တော်ကြာလိမ့်မယ်'

လုမင် မျက်မှောင်ကြုတ်လိုက်သည်။

သူက ကစဉ့်ကလျားတာအိုနယ်မြေ၏ စွမ်းအားကို ပို၍အားကောင်းစေမည့် နည်းလမ်းအား အမြန်စဉ်းစားလိုက်လေသည်။

ဤနေရာတွင်၊ လက်နက်များကို ယူဆောင်လာ၍ မရသည့်အပြင် ယွမ်ချီစွမ်းအင်လည်း မရှိပါ။ ထို့အပြင် သိုင်းပညာအများစုကို အသုံးမပြုနိုင်ဘဲ တာအိုနယ်မြေ၏ စွမ်းအားကိုသာ အသုံးပြုနိုင်သည်။

'နေပါဦး၊ အစွန်းရောက်လှံဆယ့်သုံးချက် ရှိသေးတာပဲ'

ရုတ်တရက်၊ လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။

အစွန်းရောက်လှံဆယ့်သုံးချက်က တာအိုနယ်မြေသိုင်းပညာတစ်ခု ဖြစ်သည်။ ယင်းက လှံသိုင်းပညာဖြစ်သော်လည်း အင်အားထုတ်ဖော်ခြင်း ပညာရပ်တစ်ခုထက် ပို၏။

လှံသိုင်းပညာနှင့် အင်အားကိုထုတ်ဖော်ပြီး နှစ်ဆ၊ ငါးဆ၊ သို့မဟုတ် ဆယ်ဆအထိ ပေါက်ကွဲစေနိုင်သည်။

ကစဉ့်ကလျားနယ်မြေတွင် ဤအင်အားထုတ်ဖော်ခြင်းနည်းလမ်းကို အသုံးပြုနိုင်မည်လော။

လုမင်၏ မျက်လုံးများ တောက်ပလာခဲ့သည်။

"ဝမ်"

လုမင်က လှံချက်ထုတ်ဖော်လိုက်သည်။ လှံချက်ထိမှန်ပြီးနောက် ကောင်းကင်တာအိုသားရဲတစ်ကောင် လွင့်စဉ်သွား၏။

"မဟုတ်သေးဘူး"

လုမင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ၏ ဤတိုက်ခိုက်မှုက အင်အားအပြည့်အဝဖြင့် မပေါက်ကွဲသေးပေ။

'နောက်ဆုံးတော့လည်း ကစဉ့်ကလျားတာအိုနယ်မြေက လှံတာအိုနယ်မြေနဲ့ မတူဘူး။ ဒါပေမဲ့ ကစဉ့်ကလျားတာအိုနယ်မြေမှာ လှံတာအိုနယ်မြေလည်း ပါဝင်တယ်။ ဒါက သေချာပေါက် အလုပ်ဖြစ်ရမှာ၊ ထပ်လာမယ်'

လုမင် သူ့စိတ်ထဲမှတွေးရင်း လှံချက်များ ဆက်လက်ထုတ်ဖော်လိုက်သည်။

"ဝုန်း၊ ဝုန်း"

ကစဉ့်ကလျားတာအိုနယ်မြေဖြင့် လှံအလင်းများက ကောင်းကင်တာအိုသားရဲများထံ ဆက်တိုက် ပေါက်ကွဲသွား၏။

လုမင်လည်း အဆက်မပြတ် စမ်းသပ်နေခဲ့ပေသည်။

အချိန်များ လျင်စွာကုန်လွန်ပြီး မကြာမီ နှစ်နာရီ ကြာသွားသည်။ သို့သော်၊ လုမင်ကတော့ ကောင်းကင်တာအိုသားရဲများကို တိုက်ခိုက်နေဆဲပင်။

တုန်ထျန်းစင်မြင့်များအောက်မှ စောင့်ကြည့်နေသူများလည်း အတော် အံ့အားသင့်သွားသည်။

"ဘာတွေဖြစ်နေတာလဲ၊ ဆဋ္ဌမမြောက်စင်မြင့်မှာ လုမင်ရောက်နေတာကြာပြီ။ သူ့ခန္ဓာမှာ ရွှေရောင်အလင်းတွေ မတောက်ပသေးတာကိုကြည့်ရင် သူ တိုက်ခိုက်နေသေးပုံရတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ နှစ်နာရီကျော် ကြာလာတာတောင် မပြီးသေးတာလဲ"

"အေးလေ၊ ဘာတွေဖြစ်နေတာတုန်း။ သူ ကျရှုံးသွားရင်လည်း ထွက်လာသင့်တာ ကြာပြီ"

"ဒီကောင် သူ့ကိုယ်သူ ဖိအားပေးပြီး အတင်းရုန်းကန်နေတာ ဖြစ်ရမယ်။ သူက ရင်ချန်နဲ့ ထည့်ဝင်မှတ် ငါးသိန်းတောင်မှ လောင်းကြေးထပ်ထားတာလေ။ အဲဒါတွေကို မရှုံးနိမ့်ချင်တာကြောင့် သားရဲတွေကို သတ်ဖြတ်နိုင်ဖို့ မျှော်လင့်ရင်း အတင်းရုန်းကန်နေတာ ဖြစ်ရမယ်"

"ဒါဖြစ်နိုင်တယ်"

လူအများက ဆွေးနွေးပြောဆိုလိုက်ကြသည်။

ရင်ချန်လည်း လက်သီးကို တင်းတင်းဆုပ်လိုက်မိ၏။

ယင်းက သူ၏ ထည့်ဝင်မှတ်ငါးသိန်းနှင့် သက်ဆိုင်သည်။

ကောင်းကင်တာအိုစစ်မြေပြင်မှာတော့ လုမင်က ကောင်းကင်တာအိုသားရဲများနှင့် တိုက်ခိုက်နေဆဲပင်။

"ဝုန်း"

လှံအလင်းက ကောင်းကင်တာအိုသားရဲတစ်ကောင်ကို ထိမှန်ပြီးနောက် ကြီးမားသော စွမ်းအင်များဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။

"ဝုန်း"

ထိုသားရဲမှာ ရုတ်တရက် ပေါက်ကွဲပြီး လေထုထဲတွင် ပျောက်ကွယ်သွား၏။

"အောင်မြင်ပြီ"

လုမင်၏ မျက်လုံးများက တောက်ပသွားခဲ့သည်။ သူ အောင်မြင်သွားပြီ။ ယခုလေးတင် အင်အားလေးဆင့် ပေါက်ကွဲသွားပြီး ကောင်းကင်တာအိုသားရဲကို အပြတ်ချေမှုန်းပစ်ခဲ့သည်။

"ဝမ်"

အင်အားလေးဆင့်က လှံသွားမှတဆင့် ကောင်းကင်တာအိုသားရဲ၏ ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွား၏။ ထိုကောင်းကင်တာအိုသားရဲ သေဆုံးသွားခဲ့ပြီ။

"အင်အား လေးဆင့်၊ ဒီလောက်ဆိုရင် လုံလောက်ပြီ"

လုမင်၏ မျက်နှာပေါ်တွင် ရွှင်လန်းသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။ လှံရှည်က အနှောင်အဖွဲ့ကင်းမဲ့စွာ လှုပ်ရှားသွား၏။ လှံရိုက်ချက် သို့မဟုတ် လှံထိုးနှက်ချက်တိုင်းက ကောင်းကင်တာအိုသားရဲများကို ချက်ချင်း ချေမှုန်းပစ်လိမ့်မည်။

မိနစ်အနည်းငယ်အတွင်း၊ ကောင်းကင်တာအိုသားရဲ တစ်ရာ့ရှစ်ကောင်စလုံး သေဆုံးသွားခဲ့သည်။

ဆဋ္ဌမမြောက် တုန်ထျန်းစင်မြင့်ပေါ်တွင် လုမင်၏ ခန္ဓာကိုယ်က ရွှေရောင်အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။

ဆဋ္ဌမမြောက် တုန်ထျန်းစင်မြင့်ကို လုမင် အောင်မြင်သွားခဲ့ပြီ။

"သေစမ်း"

ရင်ချန် သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ့မျက်လုံးများကလည်း မှုန်ကုပ်နေပြီ။

"ဒါက ဘယ်လိုဖြစ်ရတာလဲ"

ရင်ချန်၏ အပေါင်းအပါများလည်း မယုံကြည်နိုင်စွာ အော်ဟစ်လိုက်ကြသည်။

လုမင်၏ တာအိုနယ်မြေက တတိယအဆင့်သာ ရှိသေးသည်။ သူ့အတွက် ဆဋ္ဌမမြောက် တုန်ထျန်းစင်မြင့်ကို ကျော်ဖြတ်နိုင်ခဲ့သည်မှာ မယုံနိုင်စရာ ဖြစ်သည်။ နဂါးနတ်ဘုရားတောင်ကြား၏ သမိုင်းတွင် ဤအရာမျိုး တစ်ခါမျှ မဖြစ်ခဲ့ဖူးပေ။

"ဂိုဏ်းတူအစ်ကိုရင်ချန်၊ ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ။ လုမင်ကို ထည့်ဝင်မှတ်ငါးသိန်း ပေးလိုက်တော့မှာလား"

လူငယ်တစ်ယောက်က ရင်ချန်ကို မေးလိုက်သည်။

"ထည့်ဝင်မှတ်ငါးသိန်းလား၊ သူ အိပ်မက်မက်နေတာပဲ"

ရင်ချန် အံကြိတ်ပြီး ရေရွတ်လိုက်၏။

ထည့်ဝင်မှတ်ငါးသိန်းက သူတော်စင်တစ်ပိုင်း ရတနာတစ်ခုနှင့် ညီမျှသည်။ ထို့အပြင် သူ၏ လက်ရှိ ထည့်ဝင်မှတ်ပေါင်းက ငါးသိန်းကျော်သာ ရှိ၏။ သို့ဖြစ်ပေရာ၊ လုမင်ကို မည်သို့ ပေးနိုင်ပါမည်နည်း။

"ဒါပေမဲ့..."

လူငယ်တချို့က တွန့်ဆုတ်သွားသည်။

"ဟမ့်၊ ဂိုဏ်းတူညီလေးတို့... ဒီလုမင်က မင်းတို့ကို အရင်က ထိခိုက်စေခဲ့ဖူးတယ် မဟုတ်လား။ အခု မင်းတို့ကို ထပ်ပြီး ဒုက္ခပေးရတော့မယ်"

ရင်ချန်က လုမင်၏ ဟိန်းဟောက်သံကြောင့် ဒဏ်ရာရသွားသော လူငယ်သုံးယောက်ကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

သူက ပြောပြီးသည်နှင့် လူငယ်သုံးဦးကို တိတ်တဆိတ် ရိုက်ထုတ်လိုက်၏။ သုံးယောက်သား ညည်းညူသံနှင့်အတူ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့သည်။

"ငါ မင်းတို့ရဲ့ အတွင်းအင်္ဂါတွေကို တိုက်ခိုက်လိုက်ပြီ၊ မင်းတို့ ဒီဒဏ်ရာကို ဆက်ထိန်းထားရလိမ့်မယ်။ နားလည်လား"

ရင်ချန် အမိန့်ပေးလိုက်၏။

"ကောင်းပါပြီ"

လူငယ်သုံးယောက်လည်း အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ သူတို့သုံးဦး ဒေါသထွက်သွားကြသော်လည်း နားမထောင်ဘဲ မနေဝံ့ကြပေ။

"ဟမ့်၊ လုမင်... ငါ့ရဲ့ ထည့်ဝင်မှတ်တွေကိုရချင်ရင် ဒီလောက် ဘယ်လွယ်ကူပါ့မလဲ"

ရင်ချန်က တုန်ထျန်းစင်မြင့်မှ လုမင်ကိုကြည့်ရင်း မဲ့ပြုံး ပြုံးလိုက်သည်။

All Chapters