← Chapters

အခန်း ၁၄၉၈

Vol. 100 Ch. 1498

အခန်း ၁၄၉၈

Vol. 100 Ch. 1498

အပိုင်း ( 1498 ) သူ့ကိုဖမ်းလိုက်။

ဆဌမမြောက် တုန်ထျန်းစင်မြင့်တွင်၊ လုမင်က ကောင်းကင်တာအို အမှတ်အသားများကို ဆက်လက်သန့်စင်ခဲ့သည်။ ကောင်းကင်တာအို အမှတ်အသားများကို သန့်စင်ပြီးနောက် လုမင် မျက်လုံးဖွင့်ပြီး ပြုံးလိုက်၏။

"တတိယအဆင့် အထွတ်အထိပ်"

လုမင် ရေရွတ်လိုက်သည်။

သူ၏ ကစဉ့်ကလျားတာအိုနယ်မြေမှာ နောက်ဆုံးမှာတော့ တတိယအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ဤအတွက် ကျောက်ကြမ်းနှစ်သိန်းသာ အသုံးပြုခဲ့ရသည့်အတွက် အမှန်တကယ် ထိုက်တန်ပေသည်။

သို့သော်လည်း စတုတ္ထအဆင့်ကို ဖြတ်ကျော်ချင်လျှင်တော့ ခက်ဦးမည် ဖြစ်သည်။

စတုတ္ထအဆင့် တာအိုနယ်မြေက အလယ်လတ် သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ဝင်ရောက်ခြင်းနှင့် ညီမျှသည်။ ထိုနှစ်ခုကြားတွင် ဖြတ်ကျော်ရန် မလွယ်ကူသော အတားအဆီးတစ်ခု ရှိခဲ့ပေသည်။

လုမင်လည်း မတ်တပ်ထရပ်ပြီး သတ္တမမြောက် တုန်ထျန်းစင်မြင့်ကို ကြည့်လိုက်သည်။ ထို့နောက် နောက်ပြန်လှည့်ပြီး ရင်ချန်ကို လှည့်ကြည့်လိုက်၏။

လုမင်က ဆက်မတက်တော့ပေ။ ထိုအစား သူက ခြေတစ်ချက်လှမ်း၍ တုန်ထျန်းစင်မြင့်အောက်ကိုသာ ဆင်းသက်ခဲ့သည်။

ကျောက်ကြမ်းများကို ပေးဆောင်ထားသရွေ့ တုန်ထျန်းစင်မြင့်ပေါ်သို့ ဆက်လက် တက်ရောက်နိုင်ပေသည်။ ယခုတော့ ရင်ချန်ဆီမှ ဂိုဏ်းထည့်ဝင်မှတ် ငါးသိန်းကို ဦးစွာ ယူရမည် ဖြစ်သည်။

"ဆဋ္ဌမမြောက် စင်မြင့်ကို မင်း မအောင်မြင်ခဲ့ပေမဲ့ အခု ငါ ဖြတ်ကျော်ခဲ့ပြီ။ လောင်းကြေးထပ်ထားတဲ့အတိုင်း ဂိုဏ်းထည့်ဝင်မှတ်ငါးသိန်းကို လွှဲပေးပေတော့"

လုမင်က ရင်ချန်ကိုကြည့်ကာ ပြောလိုက်သည်။

"ဂိုဏ်းထည့်ဝင်မှတ် ငါးသိန်းလား၊ ဘယ်က ဂိုဏ်းထည့်ဝင်မှတ် ငါးသိန်းလဲ"

ရင်ချန်က မသိချင်ဟန်ဆောင်ပြီး နှုတ်ခမ်းကိုမဲ့လိုက်၏။

လုမင် မျက်မှောင်ကြုတ်လိုက်သည်။ ရင်ချန်ကတော့ အလောင်းအစား ရှုံးခြင်းကို လက်မခံလိုသောကြောင့် အရူးကွက်နင်းပြီဖြစ်ကြောင်း ထင်ရှားနေပြီ။

"မင်း အရူးကွက်နင်းမနေနဲ့၊ ဒီမှာ သက်သေတွေ အများကြီးပဲ"

လုမင် ပြောလိုက်သည်။

"သက်သေတွေ၊ ငါ ဘာဖြစ်လို့ ဘာမှမကြားခဲ့တာလဲ"

"ငါလည်းမကြားဘူး"

ရင်ချန်၏ အပေါင်းအပါတချို့က အေးစက်စက်ဖြင့် ပြောလိုက်ကြသည်။

"မင်းတို့ကော ကြားလား"

ရင်ချန်က အေးစက်စက် မျက်လုံးများဖြင့် အခြားသူများကို စိုက်ကြည့်လိုက်၏။

ကျန်လူငယ်များလည်း မျက်နှာအမူအရာပြောင်းသွားပြီး အချို့ဆိုလျှင် ကြောက်ရွံ့မှုအရိပ်အယောင်များပင် ပေါ်လာခဲ့သည်။

ရင်ချန်က ရင်ဖုန်း၏ ဝမ်းကွဲအစ်ကို ဖြစ်ချေသည်။ ရင်ချန်၏ အဘိုးက ငွေနဂါးတောင်ကြားသခင်၏ညီ ဖြစ်သည်။ ဤမျှခိုင်မာသော နောက်ခံတစ်ခုကြောင့် လူအတော်များများဟာ သူ့ကို မစော်ကားဝံ့တော့ပေ။

တချို့လူများက ရင်ချန်၏အပြုအမူကို သဘောမကျသော်လည်း ဘာမျှမပြောတော့ဘဲ အဝေးသို့ အကြည့်လွှဲလိုက်ကြသည်။

"အဟက်ဟက်"

လုမင်၏ မျက်လုံးများက အေးစက်စက်အလင်းများ တောက်ပလာသည်။ သူ လှောင်ရယ်လိုက်၏။

"ငါ… ငါသက်သေခံနိုင်တယ်။ အ... အခုလေးတင် နင်တို့နှစ်ယောက် အလောင်းအစားလုပ်ခဲ့တာ။ အဲဒါက ဂိုဏ်း... ဂိုဏ်းထည့်ဝင်မှတ် ငါးသိန်းပဲ"

ထိုအချိန်တွင် မဝံ့မရဲ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဟမ်"

ထိုစကားသံကြောင့် ရင်ချန်နှင့် အခြားသူများလည်း အသံလာရာကို လှည့်ကြည့်လိုက်မိ၏။

လုမင်လည်း တချက်ကြည့်လိုက်သည်။

ယင်းက မိန်းမပျိုလေးတစ်ဦး ဖြစ်ချေသည်။ သူမ၏ အသွင်အပြင်က သေးသေးသွယ်သွယ်လေးဖြစ်သော်လည်း အသားအရည်က ဖြူဖြူသန့်သန့် ဖြစ်သည်။ သူမကိုကြည့်ရသည်မှာ ကလေးလေးတစ်ယောက်ကဲ့သို့ လှပပြီး ချစ်စရာကောင်းလေသည်။

ဤအခိုက်အတန့်တွင်၊ ရင်ချန်နှင့် အခြားသူများ၏ အကြည့်များက သူ့အပေါ်သို့ ကျရောက်လာသောကြောင့် ခန္ဓာကိုယ်ကလေး ဆတ်ခနဲ တုန်သွားသည်။ မျက်နှာလေးမှာလည်း ဖြူဖျော့ပြီး ခြေလှမ်းအနည်းငယ် ဆုတ်သွားမိလေသည်။

"မိန်းကလေး၊ မင်း ဘာပြောလိုက်တာလဲ"

ရင်ချန်က အေးစက်စက် ပြောသည်။

"ငါ...ငါမလိမ်ချင်ဘူး။ နင်တို့နှစ်ယောက် အခုလေးတင် အလောင်းအစားလုပ်ထားတာ"

မိန်းကလေးက အတော်လေး ကြောက်လာသော်လည်း ဆက်ပြောနေဆဲပင်။

"ကောင်းတယ်၊ သိပ်ကောင်းတယ်"

ရင်ချန်၏ မျက်လုံးအကြည့်များက ပို၍ စူးရှလာပြီး သတ်ဖြတ်ချင်စိတ်များပင် ဖြစ်ပေါ်လာခဲ့သည်။

"ဘာလဲ၊ လူတစ်ယောက်က အမှန်အတိုင်းပြောတာနဲ့ သူ့ကို သတ်ပစ်ချင်နေပြီပေါ့။ ဒါက ရင်ဖုန်းနဲ့ ငွေနဂါးတောင်ကြားရဲ့ ပုံစံလား။ ကြည့်ရတာ ငါ ဒီကိစ္စကို နဂါးပြစ်ဒဏ်ခတ်နန်းတော်ဆီ သတင်းပို့ရတော့မယ်ထင်တယ်"

လုမင်က လှောင်ပြုံးပြုံးပြီး ခြေတစ်ချက်လှမ်းကာ မိန်းကလေး၏ရှေ့တွင် ဝင်ရပ်လိုက်သည်။

"အခု ဂိုဏ်းထည့်ဝင်မှတ်ငါးသိန်းကို မြန်မြန် လွှဲပေးလိုက်တော့"

လုမင် ဆက်ပြောလိုက်၏။

"ဟားဟားဟား... လုမင်၊ မင်းက တကယ်ကို နုံအတာပဲ။ ငါအရင်က လောင်းကြေးကို ပေါ့ပေါ့ပါးပါးပြောခဲ့တာ၊ မင်းဘာသာမင်း တကယ်ထင်ပြီး လျှောက်လုပ်နေတာတော့ ငါလည်း မတတ်နိုင်ဘူး။ တကယ်တမ်း မင်းနဲ့ငါကြားမှာ ဘာ အလောင်းအစားမှ မရှိဘူး"

ရင်ချန်က ငြင်းဆန်လိုက်သည်။

"တကယ်ကို ငွေနဂါးတောင်ကြားက လူအားလုံး ဒီအတိုင်းကြီးပါလား။ အကြီးကြီးကနေ သေးသေးလေးထိ၊ အားလုံး စက်ဆုပ်ရွံရှာစရာကောင်းတဲ့ လူတွေချည်းပဲ။ နဂါးနတ်ဘုရားတောင်ကြားအစား ငါ ရှက်မိတယ်။ ငါ့အမြင်တော့ ငွေနဂါးတောင်ကြားက နဂါးနတ်ဘုရားတောင်ကြားရဲ့ အမှိုက်ထုတ်ပဲ။ ငွေနဂါးတောင်ကြားကို အနှေးနဲ့အမြန်ဆိုသလို ဖယ်ရှားပစ်ရတယ်"

လုမင်က ခေါင်းခါယမ်းကာ လှောင်ပြောင်လိုက်သည်။

"အတင့်ရဲလိုက်တာ၊ ငွေနဂါးတောင်ကြားရဲ့ အရေးကိစ္စတွေကို ဝေဖန်ရအောင် မင်းဘယ်သူလို့ထင်လို့လဲ"

ရင်ချန်၏အနားမှ လူငယ်တစ်ယောက်က ဝင်အော်လိုက်၏။

"လုမင်၊ မင်း တကယ်ကို အထိန်းအကွပ်မဲ့နေပြီပဲ။ စည်းမျဉ်းတွေကို လေးစားမှုမရှိတဲ့အပြင် ဂိုဏ်းတူတပည့်တွေကိုလည်း ထိခိုက်အောင်လုပ်တယ်။ အရင်ကလည်း မင်း အကြောင်းပြချက်မရှိဘဲ ငါ့ရဲ့ ဂိုဏ်းတူညီအကို သုံးယောက်ကို ဒဏ်ရာရစေခဲ့သေးတယ်။ ဒီကိစ္စကို မင်းနဲ့ငါ ဖြေရှင်းမယ်"

ရင်ဖုန်းက သူ့ဘေးက လူငယ်သုံးယောက်ကို ညွှန်ပြပြီး အော်ဟစ်လိုက်သည်။

ဤအခိုက်တွင် ထိုလူငယ်သုံးယောက်၏ မျက်နှာများက ဖြူဖျော့ပြီး မျက်လုံးများမှာလည်း အရောင်မှိန်ဖျော့လျက်ရှိ၏။

လုမင်၏ မျက်လုံးများမှ အေးစက်မှုမှာလည်း ပို၍ ပြင်းထန်လာတော့သည်။

ယခင်က သူ့ဟိန်းဟောက်သံကြောင့် ၎င်းတို့သုံးဦး ဒဏ်ရာရခဲ့သော်လည်း ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သည်။ သူတို့၏ ဝိညာဉ်ခန္ဓာ ခွန်အားဖြင့်၊ ထိုဒဏ်ရာအသေးစားများမှာ ယခုအချိန်တွင် သက်သာသွားပေလိမ့်မည်။

သို့သော်လည်း ယခုအချိန်မှာတော့ သူတို့သုံးဦးမှာ ဒဏ်ရာအပြင်းအထန် ရထားပုံပေါ်သည်။ ယင်းမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ကြကြောင်း သိသာထင်ရှားလှပေသည်။

"လုမင်၊ မင်း ငွေနဂါးတောင်ကြားရဲ့ တပည့်တွေကို အကြောင်းပြချက်မရှိဘဲ ဘယ်လိုတောင် ဒဏ်ရာရစေသင့်တာလဲ။ ဒါက လက်မခံနိုင်စရာ အပြစ်ကြီးတစ်ခုပဲ။ အခု သူတို့ရဲ့ ဆေးဖိုးအဖြစ် ထည့်ဝင်မှတ် ငါးသိန်းကို လွှဲပြောင်းပေးလိုက်ပါ"

ရင်ချန်က အထက်စီးလေသံဖြင့် အော်ဟစ်လိုက်သည်။

"ဘယ်သူလဲ၊ ဘယ်သူက ငါ့ငွေနဂါးတောင်ကြားရဲ့ တပည့်တွေကို ထိခိုက်အောင်လုပ်ဝံ့တာလဲ"

ထိုအချိန်တွင် တုန်ထျန်းစင်မြင့်တစ်ခုပေါ်မှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် အေးစက်စက် အမူအရာဖြင့် လူငယ်တစ်ယောက် ဆင်းသက်လာခဲ့၏။

"ဂိုဏ်းတူအစ်ကို တင်းမောက်"

ထိုလူငယ်ကို မြင်လိုက်ရပြီးနောက် ရင်ချန်နှင့် အခြားလူငယ်များ ဝမ်းသာသွားကြသည်။ သူတို့အားလုံး အလျင်စလို နှုတ်ဆက်လိုက်၏။

"ဂိုဏ်းတူအစ်ကို တင်းမောက်၊ ဒါက လုမင်ပါ။ သူက ငွေနဂါးတောင်ကြားရဲ့ တပည့်သုံးယောက်ကို အကြောင်းပြချက်မရှိဘဲ ဒဏ်ရာရစေခဲ့တယ်။ အဲဒါကြောင့် ဆေးဖိုးတောင်းနေတာ"

ရင်ချန် ပြောလိုက်သည်။

"လုမင်"

လုမင်၏နာမည်ကို ကြားရပြီးနောက် တင်းမောက်၏ မျက်လုံးများက အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာခဲ့သည်။ သူက အေးစက်စက် ပြောလိုက်၏။

“ဟမ့်၊ သူက တိမ်နဂါးတောင်ကြားသခင်ရဲ့ တိုက်ရိုက်တပည့်ဖြစ်တာနဲ့ စည်းမျဉ်းတွေကို ဂရုမစိုက်ဘဲ လုပ်ချင်ရာလုပ်နိုင်မယ် ထင်နေပုံရတယ်။ အခု သူ့ဆီကနေ ဆေးဖိုးတောင်းပြီး နဂါးပြစ်ဒဏ်ခတ်နန်းတော်ကို ခေါ်သွားရမယ်"

"ကောင်းပြီ"

ရင်ချန် စိတ်လှုပ်ရှားသွားသည်။ သူက လုမင်ကို စိုက်ကြည့်ပြီး ပြောလိုက်၏။

"လုမင်၊ ဂိုဏ်းထည့်ဝင်မှတ် ငါးသိန်းကို မြန်မြန်လွှဲပေးပါ။ ပြီးရင် ငါတို့နဲ့ နဂါးပြစ်ဒဏ်ခတ်နန်းတော်ကို လိုက်ခဲ့ချေ"

ဘေးနားတွင် လူတချို့က သက်ပြင်းချလိုက်ကြသည်။

ငွေနဂါးတောင်ကြားက တကယ်ကို တရားလွန်နေပြီ။

မူလက ရင်ချန်နှင့် လုမင်တို့ဟာ ဂိုဏ်းထည့်ဝင်မှတ်ငါးသိန်းကြေး အလောင်းအစားပြုခဲ့သည်။ နောက်ဆုံးတွင် လုမင် အနိုင်ရခဲ့၏။ ယခုတော့ ရင်ချန်ဟာ ရှုံးကြေးမပေးသည့်အပြင် လုမင်၏ဦးခေါင်းမှာလည်း ဦးထုပ်ကြီးတစ်လုံး ဆောင်းထားပေးလိုက်ပြီ။ သူတို့က လုမင်ထံမှ ဂိုဏ်းထည့်ဝင်မှတ်ငါးသိန်းတောင်းပြီး နဂါးပြစ်ဒဏ်ခတ်နန်းတော်သို့ပင် ခေါ်ဆောင်သွားချင်နေခဲ့သည်။

ယင်းက စက်ဆုပ်စရာကောင်းလွန်းလှပေသည်။

သို့သော်လည်း သူတို့၏စိတ်ထဲတွင်သာ တွေးတောနိုင်ကြသည်။ ထိုလူများက စက်ဆုပ်ဖွယ်ကောင်းလျှင်ပင် ဘာဖြစ်တတ်နိုင်မည်နည်း။ ရင်ချန်နှင့် အခြားသူများ၏ နောက်ခံက ကြီးမားလွန်းလှသည်။

ယခု လုမင် ဘာလုပ်ပါမည်နည်း။

လူအတော်များများက လုမင် ဘာဆက်လုပ်မလဲဆိုတာကို သိလိုစိတ်ဖြင့် ကြည့်လိုက်ကြသည်။

"ဟားဟားဟား"

လုမင်၏ အမူအရာက အေးဆေးတည်ငြိမ်နေဆဲပင်။ သို့သော်လည်း သူ့မျက်လုံးများမှ စူးစူးရှရှ အရိပ်အယောင်များက ပိုမိုတောက်ပလာခဲ့သည်။

"ဒီနေ့ ထည့်ဝင်မှတ်ငါးသိန်းကို မလွှဲပေးရင် ဒီနေရာကနေ ထွက်သွားဖို့ မစဉ်းစားနဲ့"

လုမင် အေးစက်သောလေသံဖြင့် ပြောလိုက်သည်။

လူအားလုံး စိတ်ထဲတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ ဘယ်လောက်တောင် မောက်မာလိုက်သနည်း။

လုမင်က ရင်ချန်ပြောခဲ့သော အပိုစကားအားလုံးကို လျစ်လျူရှုပြီး ထည့်ဝင်မှတ်ငါးသိန်း တောင်းနေသည်။

တင်းမောက်၏ မျက်လုံးများက အေးစက်သွားကာ ပြောလိုက်သည်။

"တကယ်‌ခေါင်းမာတာပဲ၊ သူ့ကို အရင်ဖိနှိပ်လိုက်"

"ဝုန်း၊ ဝုန်း၊ ဝုန်း"

ရင်ချန်နှင့် အခြားသူများထံမှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့၏။

"လုမင်၊ မင်း ဘယ်လိုတောင် အတင့်ရဲလိုက်သလဲ။ အခု ဒူးထောက်စမ်း"

ရင်ချန်က ကြိမ်းမောင်းပြီး လုမင်ထံ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။

ရင်ချန်၏ ကျင့်ကြံခြင်းက ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သို့ ရောက်နေပြီ။ သူ၏ တာအိုနယ်မြေကလည်း ဆဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီး အံ့မခန်း အင်အားကို ပေးစွမ်းနေခဲ့သည်။

ထို့အတူ၊ ကျန်လူငယ်နှစ်ဦးကလည်း အားကောင်းသော တိုက်ခိုက်နိုင်စွမ်းရှိသည့် ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူများပင်။

"ဒူးထောက်ရမှာက မင်း"

လုမင်၏ အကြည့်များက အေးစက်သွားသည်။ အနက်ရောင်အလင်းတန်းနှစ်ခုက သူ့မျက်လုံးမှ နတ်ဓားများကဲ့သို့ ထွက်ပေါ်လာ၏။ နတ်ဓားနှစ်လက်က ရင်ချန်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်ကာ သူ၏နတ်ဘုရားဝိညာဉ်ကို တိုက်ခိုက်လိုက်တော့သည်။

အချိန်အတိုင်းအတာတစ်ခုအထိ လေ့ကျင့်ပြီးနောက်၊ လုမင်၏ နတ်ဘုရားဓားကျင့်စဉ်က အံ့မခန်းအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။

"အား"

ရင်ချန် နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ့ဝိညာဉ်က ထက်ခြမ်းကွဲသွားတော့မလို ခံစားလိုက်ရ၏။ စိတ်ဝိညာဉ် ပျက်သုဉ်းတော့မည်ကဲ့သို့ ကြီးစွာသော ဝေဒနာကြောင့် သူ၏ တိုက်ခိုက်ချင်စိတ်မှာ လုံးဝ ပျောက်ကွယ်သွားရတော့သည်။

All Chapters