အခန်း ၁၅၀၀
Vol. 100 Ch. 1500
အပိုင်း ( 1500 ) မင်း မပေးဘူးဆိုရင် အရိုက်ခံရမယ်။
ထျန်းချွေးက တိုက်ပွဲတွင် လုံးဝ အသာစီးရခဲ့သည်။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံနှင့် တင်းမောက် လွင့်စဉ်သွား၏။ သူ့ခန္ဓာကိုယ်က မြေပြင်ပေါ်တွင် မီတာရာဂဏန်းမျှ လျှောတိုက်သွားကာ နက်နဲသော မြောင်းကြီးတစ်ခု ဖြစ်ကျန်ခဲ့တော့သည်။
တင်းမောက်၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး လက်မှာလည်း ပြင်းပြင်းထန်ထန် တုန်ခါနေခဲ့သည်။
တင်းမောက် ရှုံးနိမ့်သွားခဲ့ပြီ။
သတ္တမြောက် သိုင်းအုပ်ချုပ်သူတစ်ပါးဖြစ်ပြီး ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူကို မယှဉ်နိုင်ခဲ့ပါ။ လူအများက ထျန်းချွေးကို အံ့ဩတကြီးဖြင့် ကြည့်လိုက်သည်။
တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် လုမင်က ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်မှ ကျွမ်းကျင်သူကို အလွယ်တကူ ချေမှုန်းနိုင်သည်။
ယခုလည်း ထျန်းချွေးက ပဉ္စမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်ကို ကျင့်ကြံခြင်းဖြင့် သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူကို ချေမှုန်းခဲ့၏။
တိမ်နဂါးတောင်ကြား၏ တပည့်များက ကြောက်စရာကောင်းလွန်းသည်။
"ဒါအကုန်ပဲလား၊ ဒါက သတ္တမအဆင့် သိုင်းအုပ်ချုပ်သူတစ်ပါးရဲ့ အင်အားလား။ ကြည့်ရတာတော့ သာမန်ပါပဲ။ ငွေနဂါးတောင်ကြားရဲ့လူတွေက မာနကြီးပြီး လေသံကျယ်ပေမဲ့ တကယ်တမ်းမှာ အမှိုက်တွေချည်းပဲ"
ထျန်းချွေးက သူ၏ ဧရာမတူကြီးအား ပခုံးပေါ်တင်ကာ လှောင်ပြောင်ပြောဆိုလိုက်သည်။
"မင်း…"
တင်းမောက်၏ မျက်နှာက မှုန်ကုပ်သွား၏။ သို့သော်လည်း သူ မငြင်းဆန်နိုင်ခဲ့ပေ။ အမှန်ပင်၊ သူက ထျန်းချွေးနှင့် မယှဉ်နိုင်ခဲ့ပါ။
ငွေနဂါးတောင်ကြားမှ အခြားတပည့်များ၏ မျက်နှာများ နီရဲနေသော်လည်း မည်သူမျှ စကားမပြောဝံ့ဘဲ တိတ်ဆိတ်နေခဲ့ကြသည်။
"လုမင်၊ ဒီတစ်ခါတော့ ငါ မင်းကို အလွတ်ပေးလိုက်မယ်။ သွားစို့"
တင်းမောက်က အေးစက်စက်ဖြင့် လုမင်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် အေးစက်စက် နှာခေါင်းရှုံ့ရင်း တုန်ထျန်းစင်မြင့် ထွက်ပေါက်ကို လှည့်ကြည့်လိုက်၏။
ရင်ချန်နှင့် ငွေနဂါးတောင်ကြားမှ အခြားတပည့်များလည်း ထွက်ခွာသွားတော့မည်။
"ခဏနေဦး"
လုမင် တားဆီးလိုက်သည်။
တင်းမောက်က ရပ်တန့်သွားပြီး လုမင်ကို စိုက်ကြည့်လိုက်၏။
"မင်း ဘာလုပ်ချင်လို့လဲ။ ငါ မင်းကို တကယ်ကြောက်တယ်လို့ ထင်နေတာလား"
"ငါမင်းကိုမပြောဘူး၊ ငါ သူ့ကိုပြောနေတာ"
လုမင်က ရင်ချန်ကိုကြည့်ကာ ပြောလိုက်သည်။
"မင်းငါ့ကို ထည့်ဝင်မှတ်ငါးသိန်း အကြွေးတင်နေတယ်။ မင်း ထွက်သွားမယ်ဆိုရင် အရင် ပေးခဲ့"
"မင်း အိပ်မက်မက်နေလိုက်"
ရင်ချန် ဒေါသတကြီး အော်ဟစ်လိုက်၏။
ယခင်က လုမင်ဟာ သူ့ကို တစ်ချက်ထိုးနှက်ပြီး ဒူးထောက်ခိုင်းခဲ့သည်။ ယင်းကြောင့် သူ အသက်ထွက်မတတ် ရှက်ရွံ့ခဲ့ရပေသည်။
"အိပ်မက်မက်နေလိုက်လား၊ အရင်က အလောင်းအစားတစ်ခုမှာ မင်း ငါ့ကို ဂိုဏ်းထည့်ဝင်မှတ်ငါးသိန်း ဆုံးရှုံးသွားတာလေ၊ အခုမှ စကားကို ဗလောင်းဗလဲလုပ်ချင်တာလား။ ငါ ပြောပြီးပြီ။။ ဒီနေ့ ငါရစရာရှိတာကိုမပေးရင် ထွက်သွားဖို့ စဉ်းတောင်မစဉ်းစားနဲ့"
လုမင်၏ အသံက အေးစက်သွားသည်။
"ငါမင်းကိုပြောပြီးပြီပဲ၊ ငါက ပေါ့ပေါ့ပါးပါး ပြောနေတာ"
ရင်ချန် အေးစက်စက် ပြော၏။
"ဟားဟားဟား၊ ပေါ့ပေါ့ပါးပါး ပြောနေတာလား။ မင်းတို့ ငွေနဂါးတောင်ကြားရဲ့လူတိုင်းက ဒီလိုပဲလား။ ကောင်းပြီ၊ ငွေနဂါးတောင်ကြားရဲ့ လူတိုင်းက ဗလောင်းဗလဲပြောတတ်သူတွေချည်းလို့ မင်း ဝန်ခံမယ်ဆိုရင် ဒီကိစ္စကို ဘယ်တုန်းကမှ မဖြစ်ခဲ့သလို ငါထားလိုက်မယ်"
လုမင် ပြောလိုက်သည်။
"မင်း...၊ ငါ..."
ရင်ချန် အံကြိတ်လိုက်၏။ ယင်းကို သူ မည်သို့ဝန်ခံနိုင်မည်နည်း။
ယင်းက သူကိုယ်တိုင်သာမကဘဲ ငွေနဂါးတောင်ကြားတစ်ခုလုံးနှင့် ပတ်သက်သည်။ ငွေနဂါးတောင်ကြားသခင်၊ အကြီးအကဲများနှင့် အချို့သော ပါရမီရှင်များလည်း ငွေနဂါးတောင်ကြားတွင် ရှိနေကြ၏။ ငွေနဂါးတောင်ကြားကို သူက မည်သို့ကိုယ်စားပြုနိုင်မည်နည်း။ သူ အမှန်တကယ် ဝန်ခံခဲ့မည်ဆိုလျှင် အနာဂတ်မှာ ငွေနဂါးတောင်ကြားတွင် ဆက်နေနိုင်မှာ မဟုတ်တော့ပေ။
"အလောင်းအစားလား။ ဒီမှာ သက်သေတစ်ယောက်ယောက် ရှိလို့လား"
တင်းမောက်က အေးစက်စက် ပြောလိုက်သည်။
"ဒီမှာရှိတဲ့လူတိုင်းက သက်သေပဲ"
လုမင်က လူအုပ်ကို ဝေ့ကြည့်လိုက်၏။
"အိုး... ဟုတ်လား။ ဘယ်သူက သက်သေခံတာလဲ"
တင်းမောက်က ခြိမ်းခြောက်ဟန်ဖြင့် လူအုပ်ကို တစ်ချက်ကြည့်လိုက်သည်။
"မင်းတို့ သက်သေခံထားရင် မလိမ်ကြတာပိုကောင်းမယ်"
ဘေးမှ ထျန်းချွေးက ဝင်ပြောလိုက်၏။ သူက သားရဲတစ်ကောင်ကဲ့သို့ လူအုပ်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"ငါ့တူလက်ကိုင်က ချောတော့ ကိုင်ရတာ မလွယ်ဘူးနော်။ ဘယ်သူ လိမ်နေတာလဲဆိုတာ ငါသိမှ မင်းတို့ခေါင်းပေါ်ကို တူကြီး ချက်ချင်း ပြုတ်ကျလာရင် ငါ့ကို အပြစ်မတင်နဲ့"
ပြောရင်း၊ ထျန်းချွေးက လက်ချော်သွားဟန်ဖြင့် တူကြီးကို မြေပြင်ပေါ် လွှတ်ချလိုက်သည်။
"ဒုန်း"
မြေပြင်က ပေါက်ကွဲသံတစ်ချက်နှင့် နက်နဲသောတွင်းကြီးတစ်ခု ဖြစ်ပေါ်လာ၏။ အက်ကွဲကြောင်းများကလည်း ပင့်ကူအိမ်ကဲ့သို့ ပျံ့နှံ့သွားတော့သည်။
လူတော်တော်များများ ပင့်သက်ရှိုက်လိုက်ကြသည်။ မြေပြင်က အလွန်မာကျောသော်လည်း ထျန်းချွေး၏တူ ပြုတ်ကျသွားရုံဖြင့် ပေါက်ကွဲရသည်မှာ တကယ်ကို ကြောက်စရာကောင်းပေသည်။
ဧရာမတူကြီး၏ အလေးချိန်က အလွန်တုန်လှုပ်စရာကောင်းသည်။ ယင်းသာ လူတစ်ယောက်၏ ခန္ဓာကိုယ်ပေါ် ပြုတ်ကျသွားပါက အရိုးများ ကျိုးသွားလိမ့်မည်။ ကျင့်ကြံခြင်းအခြေခံ အားနည်းသူများဆိုပါက သေဆုံးသွားလောက်သည်။
"သူတို့... သူတို့ကြားမှာ အလောင်းအစားရှိတယ်"
တွန့်ဆုတ်နေသော အသံကို ကြားလိုက်ရသည်။ ယခင်က မိန်းမပျိုလေးပင် ဖြစ်ချေသည်။
ယင်းက တင်းမောက်၏ မျက်လုံးများကို အေးစက်သွားစေခဲ့သည်။
"မှန်ပါတယ်။ ပိုမြင့်မားတဲ့ စင်မြင့်ပေါ်ကို ဘယ်သူတက်လှမ်းနိုင်မလဲဆိုတာ လောင်းကြေးထပ်ခဲ့တယ်။ ပိုမြင့်မားတဲ့ စင်မြင့်ပေါ်ကို တက်လှမ်းနိုင်သူက အောင်နိုင်သူပဲ။ နောက်ဆုံးမှာ လုမင်က အနိုင်ရသွားတယ်"
"မှန်ပါတယ်"
ထိုအချိန်တွင် အခြားသူများကလည်း ပြောလာခဲ့ကြသည်။
ပထမအချက်မှာ ထျန်းချွေးကို ကြောက်ကြသည်။ ဒုတိယအချက်ကတော့ ငွေနဂါးတောင်ကြားမှ လူများက အနိုင်ကျင့်လွန်းသဖြင့် စိတ်ထဲ မကျေနပ်ကြပေ။
ထိုစကားသံများ ထွက်ပေါ်လာပြီးနောက် ရင်ချန်၏မျက်နှာမှာ မည်းမှောင်သွားသည်။
"မင်း အလောင်းအစားလုပ်ရင် ရှုံးနိမ့်တာကိုလည်း ဝန်ခံနိုင်ရမယ်။ အခု ဂိုဏ်းထည့်ဝင်မှတ်တွေကို လွှဲပေးလိုက်ပါ၊ မဟုတ်ရင် ငါ့တူထုချက်ကို ရင်ဆိုင်ရမယ်၊ မင်းခုခံနိုင်ရင်တော့ သွားပေါ့"
ထျန်းချွေး ပြုံးလိုက်သည်။
ရင်ချန် တုန်တုန်ယင်ယင် ဖြစ်သွား၏။ နောက်နေခြင်းသာ ဖြစ်ရမည်၊ ထျန်းချွေး၏ တူထုချက်ကို လက်ခံခြင်းမှာ ကိုယ့်လည်မြိုကို ကြိုးကွင်းစွပ်ခြင်းနှင့် မခြားနားသည် မဟုတ်လော။
"မင်း ရှုံးသွားမှတော့ ဂိုဏ်းထည့်ဝင်မှတ်တွေကို လွှဲပေးလိုက်တော့"
ထိုအချိန်တွင် တင်းမောက်က အေးစက်စက်ဖြင့် ပြောလိုက်သည်။
သူဟာ ထျန်းချွေးနှင့်တိုက်ပွဲတွင် ဒဏ်ရာအချို့ရရှိခဲ့ပြီး ပြန်လည်ကုသရန် လိုအပ်သည်။ ထို့အပြင်၊ ၎င်းက ရင်ချန်၏ထည့်ဝင်မှတ်များဖြစ်ပြီး သူနှင့် မဆိုင်ပေ။ ထို့ကြောင့် ယခုထက်ပို အရှက်မရစေရန် ဤနေရာမှ အမြန်ထွက်သွားချင်နေပြီ ဖြစ်သည်။
ရင်ချန်လည်း ငိုတော့မည်။ သို့သော်လည်း တင်းမောက်ကပါ ပြောနေပြီမို့ သူ လက်မခံချင်ရင်တောင် ဂိုဏ်းထည့်ဝင်မှတ်များကို လွှဲပေးရတော့မည် ဖြစ်သည်။ မဟုတ်ပါက၊ ဤနေရာမှ ထွက်သွားနိုင်မည် မဟုတ်ပေ။
နောက်ဆုံးတွင်၊ ဂိုဏ်းထည့်ဝင်မှတ်ငါးသိန်းကို လွှဲပေးရန်မှတပါး၊ ရင်ချန်မှာ ရွေးချယ်စရာ မရှိတော့ပေ။ လုမင်၏ ကျောက်စိမ်းပြားတွင် ထည့်ဝင်မှတ်ငါးသိန်း ပေါ်လာခဲ့သည်။
ရင်ချန်၏ နှလုံးသားက သွေးစိမ်းရှင်ရှင် ယိုစီးနေပြီ။ သူ့တွင် ထည့်ဝင်မှတ်ငါးသိန်းကျော်သာ ရှိသည်။ ယခုတော့ အနည်းငယ်မျှသာ ကျန်တော့သည်။
"သွားကြရအောင်"
တင်းမောက် အေးစက်စက် ပြောလိုက်ပြီး ငွေနဂါးတောင်ကြားမှ လူများနှင့်အတူ ထွက်ခွာသွားတော့သည်။
"ကျေးဇူးတင်ပါတယ် သတ္တမမြောက် ဆရာတူအစ်ကို"
လုမင်က ထျန်းချွေးကို လက်ယှက်ပြလိုက်သည်။
"ဟားဟားဟား၊ ငါတို့က ညီအကိုတွေပဲ။ ဘာဖြစ်လို့ ဒီလောက် ယဉ်ကျေးရတာလဲ"
ထျန်းချွေးက ရယ်မောလိုက်သည်။
"ငါ ပြန်ရောက်လာတာနဲ့ ဆရာတူညီလေးရဲ့ လုပ်ရပ်တွေကို ကြားခဲ့တာ။ ရင်ကျန်းရဲ့ အဖိုးတန်မြေးကို သူ့ရှေ့မှာ သတ်လိုက်တာက ဘယ်လောက်တောင် ကျေနပ်စရာကောင်းလိုက်လဲ။ အဲဒီကတည်းက ငါ မင်းနဲ့ အတူတူသောက်ချင်နေတာ၊ ဒါပေမဲ့ မင်းက မရှိတာကြောင့် လေ့ကျင့်ဖို့ တုန်ထျန်းစင်မြင့်ဆီ ထွက်လာခဲ့တာ မင်းနဲ့ တည့်တည့်တိုးဖို့ မမျှော်လင့်ထားဘူး။ ဟားဟားဟား"
ထျန်းချွေးက ဟက်ဟက်ပက်ပက် ရယ်မောလိုက်လေသည်။
"သောက်တာက ဒီလောက်မခက်ပါဘူး။ ကျုပ် အခု ဂိုဏ်းထည့်ဝင်မှတ်တွေ အများကြီးရထားတယ်။ အချိန်မရွေး သောက်လို့ရပါတယ်"
လုမင်လည်း ပြုံးလိုက်သည်။
ထျန်းချွေး၏စရိုက်က ရန်ခွမ်းစုနှင့် ဆင်တူမှုရှိ၏။ လုမင်လည်း သူ့အပေါ် အကောင်းမြင်စိတ် ပိုတိုးလာခဲ့သည်။
"ကောင်းပြီ၊ ငါစောင့်နေမယ်"
ထျန်းချွေး ပြောလိုက်သည်။
ထိုအချိန်တွင်၊ လုမင်က ရှက်ရွံ့တတ်သော မိန်းကလေးဆီသို့ လှမ်းလာပြီး ပြောလိုက်လေသည်။
"စောစောက ပြောပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါနဲ့ မင်းနာမည်ကို သိလို့ရမလား"
"ငါ...ငါ့နာမည်က ဆုလဲ့ပါ"
မိန်းကလေးက ပြောသည်။ သူ့အသံကတော့ ရှက်ရွံ့ပြီး တွန့်ဆုတ်ဟန်ရှိနေဆဲပင်။
ခဏကြာ စကားစမြည်ပြောပြီးနောက် လုမင်က ဆုလဲ့ဟာ ခရမ်းရောင်နဂါးတောင်ကြား၏ တပည့်တစ်ဦးဖြစ်ကြောင်း သိလိုက်သည်။
"ဆရာတူညီလေး၊ ရင်ချန်နဲ့ အလောင်းအစားကို မင်းအနိုင်ရတယ်လို့ သူတို့ပြောကြတယ်။ ဘယ်စင်မြင့်ကို မင်း တက်ခဲ့တာလဲ"
ထျန်းချွေးက စိတ်ဝင်တစား မေးလိုက်သည်။
"ကျွန်တော် ဆဌမမြောက်စင်မြင့်ကို ဖြတ်ကျော်ပြီး ပြန်ဆင်းလာခဲ့တာပါ"
လုမင် ပြောလိုက်၏။
"ဆဋ္ဌမမြောက် စင်မြင့်ကို အောင်မြင်သွားတာလား။ မင်း ဆက်လုပ်လို့ရသေးလား"
ထျန်းချွေး စိတ်ဝင်စားသွားမိသည်။
"ကျွန်တော်...၊ ဖြစ်သင့်တယ်"
လုမင် ပြောလိုက်၏။
သူဟာ ကစဉ့်ကလျားတာအိုနယ်မြေကို အစွန်းရောက်လှံဆယ့်သုံးချက်ဖြင့် ပေါင်းစည်းခဲ့သောကြောင့် စွမ်းအားအလွန်တိုးလာပြီ ဖြစ်သည်။ ဆဋ္ဌမမြောက်စင်မြင့်ကို ဖြတ်ကျော်ရန်က သူ့အတွက် အတော်လေး လွယ်ကူမှုရှိ၏။ လုမင်လည်း သတ္တမမြောက်စင်မြင့်ကိုပင် တက်လှမ်းနိုင်မည်ဟု ခန့်မှန်းမိခဲ့သည်။
"တတိယအဆင့် တာအိုနယ်မြေနဲ့ သတ္တမအဆင့် စင်မြင့်ပေါ်ကို တက်လှမ်းနိုင်မှာလား။ လူမှဟုတ်ရဲ့လား"
ထျန်းချွေး၏ မျက်လုံးများက ပြူးကျယ်သွားကာ လုမင်ကို မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်သည်။