တားမြစ်ဒေသ၏ အထက်
Vol. 13 Ch. 189
ထိုအချိန်၌ ကောင်းကင်ယံရှိ ခရမ်းရောင်အလင်းပင်လယ်က အနက်ရောင်မန္တန်အစီအရင်ကြီးနှင့် အဆက်မပြတ် တိုက်ခိုက်နေသည်။ တစ်ယောက်မှ ၎င်းတို့ကို ထိန်းချုပ်နေခြင်းမဟုတ်ပါဘဲ ၎င်းတို့နှစ်ခု အတူယှဉ်တွဲမရနိုင်သည်မှာ သိသာသည်။
ငါးခေါင်းကြီး၌ တိုက်ခိုက်နေသော ကျင့်ကြံသူခြောက်ယောက်သည်လည်း ထိုနည်းတူသာ ဖြစ်ပေသည်။
တင်းရှောင်ဟိုင်၏ လက်ထဲရှိ ဓားရှည်က လှပသွက်လက်စွာ ဝှေ့ယမ်းနေပြီး ပင်လယ်အသွင်ပြောင်းပညာရပ်ကို အသုံးပြုနေခြင်းကြောင့် ဓားပန်းများ တစ်ပွင့်ပြီးတစ်ပွင့် ဝေဆာပွင့်ဖူးနေသည်။ ထိုဓားပန်းတစ်ခုစီတွင် ကြောက်ခမန်းလိလိ လူသတ်ငွေ့များ ကိန်းအောင်းနေသည်။
သူက အဆောင်နှင့် ပင်လယ်ထဲ ရောက်သွားသည့်အလား ဖြစ်စေသည့် မန္တန်ကိုပါ တွဲဖက်အသုံးပြုနေသည်ဖြစ်၍ အဏ္ဏဝါရပ်အလောင်းမျိုးနွယ်ဝင်ကို ယှဉ်တိုက်နိုင်သည်။
သို့သော်လည်း ထီမထင်သော စရိုက်ရှိသည့်အပြင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ အဓိကလက်နက်များမှာ ဓာတ်နှောများနှင့် အလောင်းအဆိပ်များ ဖြစ်၍ တင်းရှောင်ဟိုင်မှာ တဖြည်းဖြည်း နောက်ဆုတ်နေရသည်။ သို့ပေမည့် သူ့မှာလည်း ဝှက်ဖဲတစ်ချပ် ရှိနေသေးသည်။
ခေါင်းဆောင်၏ လက်ထဲရှိ လှံတံက နဂါးတစ်ကောင်အလား မြန်ဆန်သွက်လက်စွာ လှုပ်ရှားနေပြီး ပုံစံအမျိုးမျိုး ပြောင်းလဲနေသည်။ အနီးကပ်ကြည့်ပါက အဏ္ဏဝါရုပ်အလောင်းကျင့်ကြံသူ ပတ်လည်တွင် သူက ပန်းထိုးနေသည့်အလား သို့တည်းမဟုတ် ပန်းပုထုနေသည့်အလား ထင်မှတ်ရသည်။
သူက အေးအေးဆေးဆေး ဖြစ်နေသည်မှာ သိသာသည်။ အမှန်စင်စစ် မန္တန်တစ်ခု သို့မဟုတ် အချုပ်အနှောင်တစ်ခုကိုပင် သူ မစီရင်သေးဘဲ အချိန်တိုင်း ပန်းသီးကို ကိုက်စားနေသည်။ ရံဖန်ရံခါ တင်းရှောင်ကိုပင် သူက ချီးကျူးစကား ပြောလိုက်သေး၏။
“ ဂိုဏ်းတူအစ်ကိုတင်း၊ သိပ်ကောင်းတယ်ဗျာ။ ဂိုဏ်းတူအစ်ကိုတင်းက စံပြပဲ။ အဆင်ပြေပါစေ ဂိုဏ်းတူအစ်ကိုတင်း ”
“ ရွှီ …”
တင်းရှောင်ဟိုင်ကို ချီးကျူးစကားပြောပြီးနောက် ရွှီချင်းကိုလည်း ချီးကျူးစကားပြောရန် ပြင်လိုက်သည်။ သို့သော်လည်း သူ လှမ်းကြည့်လိုက်သည့်အခိုက် သူ့မျက်လုံးများ ပြူးကျယ်သွားပြီး သူ့ပါးစပ်ထဲမှ ပန်းသီးပြုတ်ကျလုမတတ် ဖြစ်သွားသည်။
ရွှီချင်းက လက်ထဲတွင် ဓားမြှောင်တစ်လက်ကို ကိုင်ထားသည်။ သူက အလွန် မြန်ဆန်သွက်လက်စွာ တိုက်ခိုက်နေသည့်အတွက်ကြောင့် သူ့နောက်တွင် အရိပ်များ ကျန်နေခဲ့သည်။ သူက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို ဓားမြှောင်ဖြင့် ပိုင်းဖြတ်ရင်း အဆိပ်မှုန့်များ ပက်ကာ အနီးကပ် တိုက်ခိုက်နေသည်။
သူ၏အဆိပ်တာအိုကို သူ စမ်းသပ်နေသည့်အလားပင်။
အဆိပ်ကို စမ်းသပ်နေရင်း သူ၏ဓားမြှောင်သည်လည်း အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ခန္ဓာကိုယ်မှ အသားများကို တစ်ခုပြီးတစ်ခု ပိုင်းဖြတ်နေသည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ အသားအများစုမှာ မရှိတော့ဘဲ အရိုးများ ပေါ်နေသည်။ မြေပြင်ပေါ်၌ အပြာရောင်အသွေးအသားများ ဖုံးလွှမ်းနေ၏။
ရွှီချင်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ ဘေးပတ်လည်တွင် အပြာရောင်သွေးများနှင့် ပြည့်နှက်နေပြီး တုန်လှုပ်ချောက်ချားဖွယ်မြင်ကွင်းတစ်ရပ် ဖြစ်နေသည့်တိုင်အောင် သူက တည်ကြည်လေးနက်သော အမူအရာဖြင့် ဆက်လက်တိုက်ခိုက်နေသည်။
အမှန်တကယ်တော့ ထိုသို့ဖြစ်ပျက်လာမည်ကို အစောကတည်းက မတွေးထားခဲ့ပေ။ သူ့ရှေ့ရှိ အနှီအဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်မှာ နာကျင်ခံစားဟန်မပြဘဲ အဆိပ်အများစုသည်လည်း အသုံးမဝင်အောင် ဖြစ်နေရသည်။
လည်ပင်းအလှီးခံလိုက်ရသည့်တိုင်အောင် သူက အညှာအတာကင်းမဲ့စွာ တိုက်ခိုက်နေဆဲပင်။ သူ့အသက်ကိုပင် ဂရုမစိုက်သည့်အလားပင် ဖြစ်ပြီး မကြာခဏပင် အသက်နှင့်ရင်း၍ ကြမ်းတမ်းခက်ထန်စွာ တန်ပြန်တိုက်ခိုက်တတ်သည်။
သူ့မျက်လုံးများထဲမှ တဖျပ်ဖျပ်လက်နေသော အနီရောင်အလင်းများအရ ရွှီချင်းကို တစစီ စုတ်ဖြဲပစ်ချင်နေသည့်အလားပင်။
တချိန်တည်းမှာပင် သူ့ကိုယ်ထဲမှ မန္တန်အစီအရင်အငွေ့အသက်လှိုင်းများ ပေါက်ကွဲထွက်လာသည်။ ထိုမန္တန်အစီအရင်အငွေ့အသက်များ၏ အနှစ်သာရက ဝိညာဉ်စွမ်းအားများ မဟုတ်ဘဲ ဓာတ်နှောများဖြစ်သည်။ ၎င်းတို့က အနက်ရောင်မြူသရဲမျက်နှာများအသွင် ပြောင်းလဲ၍ ရွှီချင်းထံသို့ ခုန်အုပ်လိုက်ကြသည်။
ရွှီချင်းက ဓာတ်နှောများကို မကြောက်ပါသော်လည်း ဤနေရာတွင် သူ့လျှို့ဝှက်ချက်ကို ပေါ်မသွားစေချင်ပေ။ ထို့ကြောင့် သူက မြန်ဆန်သွက်လက်စွာ ရှောင်တိမ်းရင်း အဆောင်တစ်ခုကို ထုတ်၍ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။ သို့သော်လည်း သူ မျက်မှောင်ကြုတ်သွား၏။
တစ်ဖက်လူက ထိုမျှအထိ ဒဏ်ရာရနေသည့်တိုင်အောင် ရက်စက်ကြမ်းကြုတ်နေဆဲဖြစ်သည်ကို သူ တွေ့လိုက်ရသည်။ ယင်းကြောင့် သူ၏လူသတ်စိတ်များ ဟုန်းခနဲ တောက်လောင်လာရသည်။ သူက မြန်ဆန်သွက်လက်စွာ သွားလာရင်း တစ်ဖက်လူ၏ ခေါင်းကို ကြမ်းတမ်းစွာ ဓားမြှောင်ထိုးသွင်းလိုက်သည်။
အဏ္ဏဝါရုပ်အလောင်းကျင့်ကြံသူ၏ မျက်လုံးများထဲ အနီရောင်ဝင်းလက်သွားသည်။ သူက ရုတ်တရက် ညာလက်ကို မြှောင်၍ ရွှီချင်း၏ဓားမြှောင်ကို တားဆီးလိုက်သည်။
ဓားမြှောင်က အရိုးများကို ထိုးစိုက်သွားသည့်အခိုက် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်က ရုတ်တရက် ပါးစပ်ကြီးဟ၍ ရွှီချင်းကို ကိုက်လိုက်သည်။
ရွှီချင်း၏ အကြည့်က စူးရှသွားပြီး ရှောင်တိမ်းရန် ဆုံးဖြတ်မနေတော့ဘဲ ခေါင်းဖြင့် ဆတ်ခနဲ လှမ်းတိုက်လိုက်သည်။
ထိုခေါင်းတိုက်ချက်ကြောင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ပါးစပ်ကြီး ပြိုကွဲသွားပြီး သွားများပြုတ်ထွက်ကာ ခေါင်းတစ်ခြမ်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။
ရွှီချင်းက ဓားမြှောင်ဖြင့် ဆက်ခုတ်ပိုင်းလိုက်သည်။
လက်နှစ်ဖက်ပြတ်ထွက်သွား၏။
ဝမ်းဗိုက် ပိုင်းဖြတ်ခံလိုက်ရပြန်သည်။
ပုပ်သိုးနေသော ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများက အလောင်းအရည်များအသွင်ပြောင်း၍ အပြင်ဘက်သို့ စိမ့်ထွက်လာသည်။ ထိုကဲ့သို့ ဒဏ်ရာမျိုးနှင့် ရက်စက်ကြမ်းကြုတ်သော တိုက်ကွက်များကြောင့် အစိတ်စိတ်အမြွှာမြွှာပိုင်းခံနေရသော အဏ္ဏဝါရုပ်အလောင်းကျင့်ကြံသူ၏ မျက်လုံးများထဲတွင် ရှားရှားပါးပါး အကြောက်တရားများ ပေါ်လာသည်။
ထိုအခြင်းအရာများကြောင့် ခေါင်းဆောင်၏ ပါးစပ်ထဲမှ ပန်းသီး ပြုတ်ကျလုနီးပါး ဖြစ်သွားရခြင်းပင်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်တွင် ခံစားချက်များ မရှိသည်မဟုတ်ဘဲ သူတို့ခံစားချက်များက ရိုးရှင်းနေခြင်းသာ ဖြစ်သည်။ သို့သော်လည်း မည်မျှပင် ရိုးရှင်းနေစေကာမူ သေတော့မည်ဆိုသည့် အသိက ကြောက်စရာကောင်းနေဆဲပင်။ ထိုအဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်မှာ ဆက်လက်မတိုက်ခိုက်ချင်တော့ဘဲ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ရွှီချင်းက သဘောမတူပေ။
သူ တဟုန်ထိုး ပြေးတက်သွားပြီး အနီးကပ်တိုက်ခိုက်လိုက်ပြန်သည်။ ဓားမြှောင်က သွက်လက်စွာ လှုပ်ရှားသွားပြီး အရပ်မျက်နှာအနှံ့မှ ရေစက်များ ပြေးဝင်လာပြီး အကာအကွယ်အလွှာတစ်ခုအသွင်ဖြင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ကို လွှမ်းခြုံသွားသည်။
တဝုန်းဝုန်းမြည်ဟည်းသံများနှင့်အတူ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်မှာ တစတစ ကြောက်လန့်လာသည်။ သူ့ရှေ့ရှိ အနှီချီရွှဲ့ထုံဂိုဏ်းသားက ထူးဆန်းသည်ဟု သူ တွေးမိနေသည်။ သူ၏ဓာတ်နှောများသည်လည်း ထိုဂိုဏ်းသားနှင့် တိုက်ခိုက်ရာတွင် အသုံးမဝင်ချေ။ သူ သိရသရွေ့ ထိုသည်မှာ မဖြစ်နိုင်ချေ။
မျိုးနွယ်အသီးသီးမှ တစ်မိုးအောက်တစ်ယောက်ဖွား ပါရမီရှင်များသည်ပင် ခန္ဓာကိုယ်များထဲတွင်သာ ဓာတ်နှောများ မရှိကြခြင်းဖြစ်သည်။ ဓာတ်နှောများကို မကြောက်ရွံ့သည် မဟုတ်ပေ။ ထိုပါရမီရှင်များကိုသာ တားမြစ်နယ်မြေထဲ လွှင့်ပစ်လိုက်ပါက ဓာတ်နှောများ၏ စိမ့်ဝင်ခြင်း ခံလိုက်ရမည်သာ ဖြစ်သည်။
သို့သော်လည်း သူ့ရှေ့မှောက်ရှိ ဂိုဏ်းသားနှင့် ကြုံတွေ့လိုက်သောအခါတွင် ဓာတ်နှောများမှာ စုပ်ယူခံလိုက်ရသည့်အလား ပျောက်ကွယ်သွားသည်။
ထို့ပြင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် ဂုဏ်ယူနေခဲ့ရသော အလောင်းအဆိပ်သည်လည်း ထိုဂိုဏ်းသားကို တိုက်ခိုက်ရာတွင် အသုံးမဝင်ချေ။ ထိုဂိုဏ်းသားက အဆိပ်ကို မကြောက်သည့်အလားပင်။ ဆန့်ကျင်ဘက်အနေဖြင့် ထိုဂိုဏ်းသား၏ အဆိပ်များသည်သာ သူ့စိတ်ကို ရှုပ်ထွေးသွားစေသည်။
ခန္ဓာကိုယ်နှင့် ပတ်သက်လျှင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က နာကျင်မှုကို မကြောက်ကြသောကြောင့် သန်မာအားကောင်းသောခန္ဓာများ ရှိကြသည်။ သို့သော်လည်း ထိုဂိုဏ်းသားက ပို၍ပင် သန်မာနေဟန်တူသည်။
ထို့ပြင် ပြန်လည်ကုစားနိုင်စွမ်းလည်း ရှိသေးသည်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ထူးခြားသောနည်းလမ်းများကြောင့် သူတို့၏ ပြန်လည်ကုစားနိုင်စွမ်းက တခြားမျိုးနွယ်များထက် သာလွန်သည်။ သို့သော်လည်း ထိုအပိုင်း၌ ထိုဂိုဏ်းသားအောက် နိမ့်ကျနေသလို သူ ခံစားနေရသည်။
“ ဒါ ဘယ်လိုမကောင်းဆိုးဝါးလေးလဲ ”
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ မျက်လုံးများထဲ အနီရောင်ဝင်းလက်သွားသည်။ ရွှီချင်းက အနီးသို့ ရောက်သွားပြီဖြစ်ပြီး ဓားမြှောင်ကို ဝှေ့ယမ်းလိုက်ရာ မြေပြင်ပေါ်တွင် အပြာရောင်သွေးစက်များ ပြန့်ကျဲသွားပြန်သည်။
မကြာခင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ဓာတ်နှောများနှင့် အလောင်းအဆိပ်၏ တိုက်စားခြင်းကြောင့် ရွှီချင်း၏ ဓားမြှောင် ကျိုးပဲ့လာသည်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်က ထိုအခွင့်အရေးကို ဖမ်းဆုပ်၍ ထွက်ပြေးရန် ကြိုးစားလိုက်ပါသော်လည်း အေးစက်စက်အနက်ရောင်အလင်းတန်းတစ်တန်း သူ့နောက်သို့ ပြေးဝင်သွားကာ သူ၏ဝမ်းဗိုက်ကို ထိုးဖောက်သွားသည်။
ယင်းအလင်းတန်းမှာ မည်းနက်တောက်ပြောင်နေသော သံတုတ်ကလေးပင် ဖြစ်သည်။
သံတုတ်ကလေးက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ဗိုက်ကို ထိုးစိုက်သွားသည်တွင် သံတုတ်ထဲရှိ လက်နက်စောင့်ဝိညာဉ်အစွမ်းများ ဝုန်းခနဲ ထွက်ပေါ်လာပြီး အခြေတည်အဆင့် အငွေ့အသက်များက ဒဏ်ရာဗရပွဖြစ်နေသည့် အားအင်ချည်နဲ့နေသော ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်သည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ခန္ဓာကိုယ်မှာ ဝုန်းခနဲ ပေါက်ကွဲသွားပြီး မြေပြင်ပေါ် ပြန့်ကျဲသွားသည်။ တချိန်တည်းမှာပင် သံတုတ်လေးက ရွှီချင်း၏လက်ထဲသို့ ပြန်ရောက်လာသည်။
သံတုတ်လေးပေါ်ရှိ သွေးစက်များမှာမူ စုပ်ယူခံလိုက်ရသည့်အလား ပျောက်ကွယ်သွားသည်။
ခေါင်းဆောင်က တစစီဖြစ်သွားသော မြေပြင်ပေါ်ရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ကို ကြည့်လိုက်ပြီးနောက် ရွှီချင်း၏လက်ထဲရှိ သံတုတ်လေးကို ကြည့်လိုက်သည်။ ထို့နောက် ရွှီချင်းက သူ့အား ကြည့်နေသည်ကို သူ သတိထားမိလိုက်ပြီး အနည်းငယ် ရှက်သွားသည်။
သူ၏လက်ထဲရှိ လှံတံက ရုတ်တရက် တွန့်ကွေးသွားကာ ရေစီးကြောင်းတစ်ကြောင်းအသွင်ဖြင့် သူနှင့် တိုက်ခိုက်နေသည့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ထံ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။
ရေစီးကြောင်းက ထိုမျိုးနွယ်ဝင်ကို ထိတွေ့မိလိုက်သည်နှင့် ချက်ချင်းပင် ရစ်ပတ်ကာ အေးစက်စက်အငွေ့အသက်များ ထုတ်လွှတ်လိုက်သည်။ မျက်တောင်တစ်ချက်ခတ်အတွင်း ရေစီးကြောင်းက ရေခဲဖြစ်သွားပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို ချုပ်နှောင်၍ ရေခဲတုံးကြီးအဖြစ် ပြောင်းလဲလိုက်သည်။
ထိုအအေးဓာတ်က သက်စောင့်ဝိညာဉ်ကိုပင် ဒဏ်ရာရသွားစေနိုင်ဟန်တူသည်။
ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။ ထိုရေခဲက မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သူ အာရုံခံမိလိုက်ပြီး သာမန်ရေခဲမဟုတ်ကြောင်း သိလိုက်သည်။ ၎င်းတွင် အမျိုးအမည်ခွဲခြားရခက်သော အစွမ်းများ ကိန်းအောင်းနေ၏။
“ ရွှီချင်း၊ မင်း မြင်လား။ လူသတ်ရင် ပညာသားပါရတယ်။ ခွန်အားတစ်ခုတည်း သုံးနေလို့ မရဘူး ”
ခေါင်းဆောင်က ချောင်းတဟွတ်ဟွတ်ဆိုးလိုက်ပြီး မေးကိုပင့်၍ ပန်းသီးကို ကိုက်လိုက်သည်။ သူက ရှေ့လျှောက်သွားပြီး ရေခဲတုံးကြီးကို ခေါက်လိုက်သည်။ ရုတ်တရက် အက်ကွဲကြောင်းများ ထလာပြီး ရေခဲတုံးကြီး ပြိုကွဲသွားကာ အထဲမှ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်သည်လည်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။
ထိုမြင်ကွင်းကြောင့် ရွှီချင်း ပို၍ သတိထားသွားရသည်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ချီစုစည်းခြင်းအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက်က လူသားမျိုးနွယ်ဝင်များထက် သာလွန်သည်။ ထိုကဲ့သို့ မျိုးနွယ်ဝင်တစ်ယောက်ကို အသာလေး သတ်ဖြတ်နိုင်သည်မှာ ခေါင်းဆောင်က ပို၍ အစွမ်းထက်ကြောင်း သက်သေပြနေသည်။
“ မင်းရဲ့မန္တန်ကိုလည်း တိုးတက်အောင်လုပ်နိုင်တယ်လို့ ငါ ထင်တာပဲ။ မင်းရဲ့ရေစက်တွေထဲကို အဆိပ်တွေ ပေါင်းထည့်လိုက်။ အဲဒါဆိုရင် ပိုအစွမ်းထက်လာလောက်တယ် ”
ခေါင်းဆောင်က ရွှီချင်းပတ်လည်ရှိ မြေပြင်ကို ကြည့်၍ ပြောလိုက်သည်။
ထိုစကားကို ရွှီချင်း ကြားသောအခါ အတွေးနက်သွားသည်။ ခေါင်းဆောင်၏ စကားက ကျိုးကြောင်းဆီလျော်သည်ဟု သူ ခံစားလိုက်ရပြီး လေးလေးနက်နက်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ခေါင်းဆောင်မှာ သူ့စကားကြောင့် ရွှီချင်း၏ စိတ်ထဲတွင် အရှိန်အဝါကြီးမားသော သူ့ပုံရိပ်တစ်ခု ထင်ဟပ်သွားသည်ကို မြင်၍ ပျော်သွားသည်။
“ သွားကြစို့။ ငါတို့ မြန်မြန်သွားမှ ဖြစ်မယ်။ နောက်ကျနေရင် အဲဒီကောင် ကျန်းစန်း အကုန်ယူသွားလိမ့်မယ် ”
ခေါင်းဆောင်က ပြောနေရင်း ငါးမျက်လုံးများဆီသို့ တန်းတန်းမတ်မတ်သွားလိုက်သည်။ တင်းရှောင်ဟိုင်ကို သူ ဂရုမစိုက်တော့ချေ။
ရွှီချင်းသည်လည်း တင်းရှောင်ဟိုင်ကို ဂရုမစိုက်ပေ။ ခေါင်းဆောင်နောက်သို့ သူ လိုက်သွားရင်း သူ့စိတ်ထဲတွင် ခေါင်းဆောင်၏ တိုက်ကွက်ပေါ်လာကာ သူ၏အားနည်းချက်နှင့် ခေါင်းဆောင်၏ အကြံပေးချက်ကို စဉ်းစားကြည့်လိုက်သည်။
“ ခေါင်းဆောင်၊ အဏ္ဏဝါရုပ်အလောင်းကျင့်ကြံသူတွေက အလောင်းတွေလား ”
ငါးမျက်လုံးအနီးသို့ သူတို့ ရောက်တော့မည့်အချိန်တွင် ရွှီချင်းက မေးမြန်းလိုက်သည်။
ရွှီချင်းက မေးခွန်းမေးသည်ကို ကြားရသည်မှာ ကြုံတောင့်ကြုံခဲပင်။ ခေါင်းဆောင်၏ မျက်လုံးများ ဝင်းလက်သွားပြီး ချောင်းတဟွတ်ဟွတ်ဆိုးလိုက်သည်။ ရွှီချင်းကို သူ လှမ်းကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။
“ ဒီမေးခွန်းရဲ့ တန်ဖိုးက … ”
ရွှီချင်းက ပန်းသီးကြီးတစ်လုံး ပစ်ပေးလိုက်သည်။ ထိုပန်းသီးသည် ခေါင်းဆောင်ရှေ့တွင် သူ စားခဲ့သည့်ပန်းသီးထက် ပို၍ ကြီးသည်။
ခေါင်းဆောင် ဆွံ့အသွားရပြီး ပွစိပွစိရေရွတ်ကာ ပန်းသီးကို လက်ခံလိုက်ပြီးနောက် ကိုက်လိုက်သည်။
“ ကောင်းပြီလေ။ မင်းက ငါ့အသင်းဝင်ဆိုတော့ မင်းကို ပြောပြရမှာပေါ့။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဆိုတာ လူသေတွေကို အသက်သွင်းထားတဲ့မျိုးနွယ်ပဲကွ။ သူတို့ခန္ဓာကိုယ်တွေက သိပ်ထူးဆန်းတယ် ”
“ သူတို့မျိုးနွယ်က နဝမမြောက်တားမြစ်ဒေသအစွန်အဖျားမှာ ရှိတာ ”
“ တားမြစ်ဒေသဆိုတာ ဘာလဲ သိလား ”
ခေါင်းဆောင်က ရွှီချင်းကို ကြည့်လိုက်သည်။
“ တားမြစ်နယ်မြေလား ”
ရွှီချင်းက မေးမြန်းလိုက်သည်။
“ နတ်ဘုရားကြည့်လိုက်တဲ့ နေရာက တားမြစ်နယ်မြေဖြစ်သွားတယ်။ ဒါဆိုရင် နတ်ဘုရားကြည့်လိုက်တဲ့နေရာက တားမြစ်နယ်မြေဆိုရင်ကော ဘာဖြစ်သွားမလဲ ”
ခေါင်းဆောင်၏အမူအရာက လေးနက်နေသည်။
ရွှီချင်း ရင်တဒိန်းဒိန်းခုန်သွားရသည်။ ယခင်က ထိုကဲ့သို့ မေးခွန်းမျိုးကို သူ မစဉ်းစားခဲ့ဖူးချေ။ အတန်ငယ် တွေးတောပြီးနောက် သူ့မျက်လုံးများ တဖိတ်ဖိတ်လက်လာသည်။
“ နတ်ဘုရားကြည့်လိုက်တဲ့ တားမြစ်နယ်မြေမှာ ဓာတ်နှောတွေ ပိုများလာပြီးတော့ ကန့်သတ်ချက်ကို ကျော်သွားတယ်။ အဲဒါကို တားမြစ်ဒေသလို့ ခေါ်တယ်။ တားမြစ်နယ်မြေနဲ့ တားမြစ်ဒေသကြားက ကွာခြားချက်က ကြီးတယ် ”
ခေါင်းဆောင်က ပန်းသီးကို ကိုက်လိုက်ရင်း ဆက်ပြောလိုက်သည်။
“ တားမြစ်နယ်မြေထဲမှာ သတ္တဝါအများစုက ရက်စက်ကြမ်းကြုတ်တဲ့သားရဲတွေနဲ့ မကောင်းဆိုးဝါးတွေပဲ။ ဒါပေမဲ့ တားမြစ်ဒေသမှာကျတော့ မျိုးစိတ်အသစ်တွေ ပေါက်ဖွားလာတယ် ”
“ ချီရွှဲ့ထုံဂိုဏ်းရဲ့ မှတ်တမ်းတွေထဲမှာတော့ ဒီလောကကြီးထဲမှာ အနည်းဆုံး တားမြစ်ဒေသ ဆယ့်ငါးခုရှိတယ်တဲ့။ အဲဒီတားမြစ်ဒေသထဲက တချို့မျိုးနွယ်တွေကို အပြင်လောကက သိတယ်။ ဒါပေမဲ့ ကျန်တဲ့မျိုးနွယ်တွေကတော့ သိပ်လျှို့ဝှက်ဆန်းကြယ်တာ ”
“ အဆုံးမဲ့ပင်လယ်ထဲမှာ ရုပ်အလောင်းတားမြစ်ဒေသလို့ခေါ်တဲ့ တားမြစ်ဒေသတစ်ခုရှိတယ်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က အဲဒီဒေသအစွန်အဖျားမှာ ပေါက်ဖွားလာတာ။ ပြီးတော့ ငါတို့ လက်ရှိနေတဲ့ နန်းဟွမ်ကျွန်းကြီးမှာလည်း တားမြစ်ဒေသတစ်ခု ရှိတယ် ”
“ အဲဒါက ဖီးနစ်တားမြစ်ဒေသပဲ ”
“ ဖီးနစ်တားမြစ်ဒေသမှာ မီးလျှံဖီးနစ်ငှက်ကြီးလို့သိတဲ့ ဧကရာဇ်တစ်ပါးလည်း ရှိတာကို မင်း သိလောက်မှာပါ။ အဲဒီမီးလျှံဖီးနစ်ငှက်ကြီးက ဒီလောကကြီးထဲက ထိပ်တန်းအဆင့် နတ်သတ္တဝါပဲ။ အဲဒီမီးဖီးနစ်ကြီးနဲ့ နတ်ဘုရားကြားမှာ ကွာခြားချက်ကြီးတယ်ဆိုပေမဲ့ တူညီတဲ့သတ္တဝါတွေပါပဲ ”
“ အဲဒီမီးလျှံဖီးနစ်ငှက်ကြီးက ဖီးနစ်တားမြစ်ဒေသထဲမှာ မွေးလာတာ ”
ခေါင်းဆောင်၏စကားများကို ကြားသောအခါ ရွှီချင်း၏ရင်ထဲတွင် ခံစားချက်လှိုင်းများ တဝုန်းဝုန်း ရိုက်ခတ်သွားသည်။ ခေါင်းဆောင်၏ စကားတိုင်း ဤလောကကြီး၏ ထူးဆန်းဖွယ်ရာများ ထွက်ပေါ်လာဟန်တူသည်။
“ ဒါဆို … နတ်ဘုရားက တားမြစ်ဒေသကို ကြည့်လိုက်ရင်ကော … ”
ရွှီချင်းက ရုတ်တရက် မေးလိုက်သည်။
ခေါင်းဆောင် ငြိမ်သက်သွားပြီး ငါးမျက်လုံးရှိနေသည့် ကျဉ်းနက်ကြီးဆီသို့ ရောက်သည့်တိုင်အောင် စကားမဆိုပေ။ သူ ထိုကျဉ်းနက်ကြီးထဲ ခုန်ချလိုက်သောအခါမှသာ သူ့အသံက လွင့်ပျံလာ၏။
“ ဟိုးအရင်ခေတ်တွေကတည်းက တားမြစ်ဒေသကို နတ်ဘုရားကြည့်တာနဲ့ ပတ်သက်ပြီး မှတ်တမ်းလေးခုပဲ ရှိတယ် ”
“ အဲဒီတားမြစ်ဒေသတွေ ဘယ်လိုဖြစ်သွားလဲ ငါ မသိပေမဲ့ အဲဒီဒေသတွေရဲ့ နာမည်ကိုတော့ တားမြစ်ဒေသလို့ မခေါ်တော့ဘူး။ နတ်လောက လို့ ခေါ်တယ် ”