← Chapters

အခန်း ၆၃၁

Vol. 54 Ch. 631

အခန်း ၆၃၁

Vol. 54 Ch. 631

အပိုင်း (၆၃၁)

ထိုအချိန်တွင် ရိုလန် နိုင်ငံအတွင်း၌...

ကျင်းကျုံးယွဲ့နှင့် ကျင်းဝူရွမ်းတို့ကြားတွင် ယခင်က မကြုံဖူးလောက်အောင် ပြင်းထန်သော အငြင်းပွားမှုတစ်ခု ဖြစ်ပွားနေခဲ့သည်။

ရိုလန်နိုင်ငံ တရားဝင် တည်ထောင်ခဲ့သည်မှာ ငါးနှစ်ခန့် ရှိပြီဖြစ်ပြီး အမြွှာကလေးနှစ်ယောက်မှာလည်း အသက်ခုနစ်နှစ် ရှိနေပြီ ဖြစ်၏။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ပိုင်ယင်မြို့၏ အကူအညီဖြင့် ရိုလန်နိုင်ငံမှာ အလျင်အမြန် တိုးချဲ့ လာနိုင်ခဲ့ပြီး အနောက်ဘက် ဒေသရှိ နိုင်ငံငယ်ပေါင်းများစွာကို သိမ်းပိုက်ကာ မြေဧရိယာ စတုရန်းကီလိုမီတာ နှစ်သန်းခန့်ကို ပိုင်ဆိုင်ထားပြီ ဖြစ်သည်။

အများစုမှာ သဲကန္တာရနှင့် မြေရိုင်းများ ဖြစ်သော်လည်း လူဦးရေမှာ ငါးသန်းပင် မပြည့်သေးပေ။ သို့ပေမည့် စစ်သည်သုံးသိန်းခန့် ရှိနေပြီး အများစုမှာ မြင်းတပ်များ ဖြစ်ကြ၏။

ကျင်းဝူရွမ်းက ပြောလိုက်သည်။ “ရိုလန်နိုင်ငံရဲ့ မြင်းတပ်တွေ စစ်ပွဲထဲ ဝင်ကိုဝင်ရမယ်၊ ဒါက တာ့ရှန်း အင်ပါယာ ပြန်လည် ထကြွဖို့အတွက် အကောင်းဆုံး အခွင့်အရေးပဲ။ ရိုလန်နိုင်ငံက အဆုံးစွန်ထိ တိုးချဲ့ပြီးသွားပြီ၊ ထပ်တိုးချဲ့မယ်ဆိုရင် တာရှီအင်ပါယာကို ထိခိုက်တော့မယ်။ နယ်မြေထပ်ချဲ့ချင်တယ်ဆိုရင် တာယင်အင်ပါယာဆီကပဲ ယူရတော့မယ်။

အခု တာယင်အင်ပါယာက လေခွင်းမြို့မှာ တာ့ကျိုးနဲ့ အဆုံးအဖြတ်စစ်ပွဲ လုပ်ဖို့ ပြင်ဆင်နေလို့ နောက်တန်းက လွတ်နေတယ်။ ငါတို့ရဲ့ မြင်းတပ် နှစ်သိန်း ဝင်တိုက်လိုက်ရင် အလွယ်တကူ နယ်မြေတွေ သိမ်းပိုက်နိုင်ပြီး လူဦးရေ သန်းပေါင်းများစွာကို ရနိုင်တယ်။”

ကျင်းကျုံးယွဲ့က ပြတ်သားစွာ ပြောလိုက်၏။ “မရဘူးဆိုရင် မရဘူးပဲ။ ရိုလန်နိုင်ငံရဲ့ နိုင်ငံရေးကိစ္စ အားလုံးကို နင့်ကို လွှဲထားပေးပေမယ့် ငါ့ရဲ့ တပ်တွေကတော့ တာယင်အင်ပါယာကို လုံးဝ မတိုက်ခိုက်နိုင်ဘူး။”

ကျင်းဝူရွမ်းက မေးလိုက်သည်။ “ဘာဖြစ်လို့လဲ၊ အစ်မက တာယင်အင်ပါယာအပေါ် သစ္စာခံခဲ့ဖူးလို့လား။ ဒါမှမဟုတ် တာယင်အင်ပါယာက လူလွှတ်ပြီး အစ်မကို ကလေးမွေးပေးခဲ့လို့လား။”

ကျင်းကျုံးယွဲ့က ဖြေလိုက်၏။ “ဘာဖြစ်လို့လဲဆိုတော့ ငါ့ယောကျ်ားက တာယင်အင်ပါယာက လူမို့လို့ပဲ။”

ကျင်းဝူရွမ်းက မေးလိုက်သည်။ “ဒါဆိုရင် တာ့ရှန်း အင်ပါယာ ပြန်လည် ထကြွလာမယ့် အချိန်မှာ အစ်မက ပါဝင်ဖို့ ငြင်းဆန်နေတာလား။ ကျွန်မတို့ နှစ်ယောက်လုံးက နုဧကရာဇ်ရဲ့မျိုးဆက်တွေ ဖြစ်ပေမယ့် တိုက်ရိုက်မျိုးဆက်တွေတော့ မဟုတ်ဘူး။

အနာဂတ်မှာ တာ့ရှန်း အင်ပါယာက လောကကြီးကို သိမ်းပိုက်နိုင်ခဲ့ရင် ကျင်းမိသားစုအတွက် ဘာနေရာမှ ရှိမှာမဟုတ်ဘူး။ အခု ကျွန်မတို့ ကိုယ်တိုင် ကြိုးစားမှ ရမှာ။ ဒီအခွင့်အရေးကို လွတ်သွားရင် ကျင်းမိသားစု ပြန်လည် ခေါင်းမော့နိုင်ဖို့ အခွင့်အရေး လုံးဝ ရှိတော့မှာ မဟုတ်ဘူး။”

ကျင်းကျုံးယွဲ့က စကားတစ်လုံးချင်း ပြောလိုက်၏။ “ငါ ဂရုမစိုက်ဘူး၊ နင့်လောက် ကြီးမားတဲ့ ရည်မှန်းချက်တွေ ငါမှာ မရှိဘူး။”

ကျင်းဝူရွမ်းက ပြောလိုက်သည်။ “အစ်မ စစ်မထွက်ဘူးဆိုရင် ကျွန်မ ထွက်မယ်။”

ကျင်းကျုံးယွဲ့က တင်းမာသည့် လေသံဖြင့် ပြောလိုက်၏။ “ငါကမှ ရိုလန်နိုင်ငံရဲ့ ဘုရင်မ၊ နင်က ဒုတိယဘုရင်မပဲ ရှိသေးတယ်။”

ကျင်းဝူရွမ်းက အေးစက်စက် အသံဖြင့် ပြောလိုက်သည်။ “ကျွန်မလို ဒုတိယဘုရင်မ မရှိရင် အစ်မရဲ့ ရိုလန်နိုင်ငံက အခုချိန်ထိ စည်းကမ်းမဲ့တဲ့ မြင်းဓားပြအုပ်စုပဲ ဖြစ်နေအုံးမှာ။ ဘယ်တော့မှ တရားဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်လာမှာ မဟုတ်ဘူး။ ပိုဆိုးတာက ကျွန်မသာ မကာကွယ်ပေးခဲ့ရင် အစ်မနဲ့ ကလေးတွေ အစောကြီးတည်းက သေနေလောက်ပြီ။”

ကျွန်းတစ်ကျွန်းပေါ်တွင် ယွင်ကျုံးဟဲ့အား သူမ ကိုယ်တိုင် သတ်ရန် ကြိုးစားခဲ့သည့် ကိစ္စကိုမူ ကျင်းဝူရွမ်းက ဖွင့်ဟမပြောခဲ့ပေ။

ထို့နောက် ကျင်းဝူရွမ်းသည် ငွေရောင်လှံတစ်ချောင်းကို ပစ်ပေးလိုက်ပြီး ပြောလိုက်သည်။ “အစ်မက ကိုယ့်အဖေကိုတောင် သတ်ခဲ့သေးတာပဲ၊ ညီမဖြစ်တဲ့ ကျွန်မကိုလည်း ဂရုစိုက်မှာ မဟုတ်ဘူး။ ကျွန်မ စစ်ထွက်တာကို တားချင်ရင် လွယ်တယ်၊ ကျွန်မကိုသာ သတ်လိုက်ပါ။”

ကျင်းကျုံးယွဲ့က ငွေရောင်လှံကို ဖမ်းယူလိုက်ပြီး ကျင်းဝူရွမ်းကလည်း ဓားကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ညီအစ်မ နှစ်ယောက်သည် အပြင်းအထန် တိုက်ခိုက်ကြတော့၏။

တစ်ခဏချင်းမှာပင် နန်းတော်ဝင်း တစ်ခုလုံး ဖုန်လုံးကြီးများ ထနေပြီး လေပြင်းများ တိုက်ခတ်နေသကဲ့သို့ ဖြစ်သွား၏။ သူတို့ ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ ကျောက်တုံးများ၊ သစ်ပင်များ အားလုံး တစ်စစီ ကြေမွသွားကြသည်။

တိုက်ပွဲဖြစ်ပွားသံများက သားရဲကြီး နှစ်ကောင် တိုက်ခိုက်နေသကဲ့သို့ ကျယ်လောင်သော အသံကြီးများ ဆက်တိုက် ထွက်ပေါ်နေသည်။ ညီအစ်မ နှစ်ယောက်လုံးမှာ ခွန်အားကြီးမားပြီး အထိအခိုက် ခံနိုင်ရည် ရှိကြသောကြောင့် မည်သူကမှ အလျှော့မပေးဘဲ အကြိတ်အနယ် တိုက်ခိုက်နေကြ၏။

တစ်နာရီခန့် ကြာသည်အထိ အဖြေမပေါ်သေးသော်လည်း ခြံဝင်းတစ်ခုလုံးမှာ ပျက်စီးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

ကျင်းကျုံးယွဲ့၏ လှံက ကျင်းဝူရွမ်း၏ လည်ပင်းသို့ ရုတ်တရက် ထိုးစိုက်သွားပြီး ကျင်းဝူရွမ်း၏ ဓားထိပ်ကလည်း ကျင်းကျုံးယွဲ့၏ ရင်ဘတ်ဆီသို့ ရောက်ရှိနေသည်။ အကယ်၍ ထိုးစိုက်လိုက်မည်ဆိုပါက နှစ်ယောက်လုံး အတူတကွ သေဆုံးသွားမှာဖြစ်၏။

ကလေးငယ် တစ်ယောက်၏ အသံ ထွက်လာသည်။ “မေမေ၊ ဒေါ်ဒေါ်... ဘာတွေ လုပ်နေကြတာလဲ။”

တံခါးပေါက်မှနေ၍ ကလေးငယ် တစ်ယောက်က ခေါင်းလေးပြူကာ ကြည့်နေ၏။ ကြယ်လေးများကဲ့သို့ တောက်ပသော မျက်လုံးကြီးများနှင့် ချစ်စရာကောင်းလှသည့် မိန်းကလေး တစ်ယောက် ဖြစ်သည်။ ဤကလေးငယ်မှာ ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့၏ အမြွှာကလေးများထဲမှ အစ်မဖြစ်သူပင်။

ကျင်းကျုံးယွဲ့က ညီမဖြစ်သူကို အေးစက်စက် စိုက်ကြည့်ပြီးနောက် လှံကို ပြန်ရုပ်သိမ်းလိုက်သည်။

ကျင်းဝူရွမ်းကလည်း ဓားကို အမြန် ပြန်သွင်းလိုက်ပြီး ကလေးငယ်ကို ပြုံးပြကာ ပြောလိုက်၏။ “ဒေါ်ဒေါ်နဲ့ မေမေနဲ့ ကစားနေကြတာပါ။ သမီးက ပန်းချီဆွဲသင်နေတာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ် ထွက်လာတာလဲ။”

ကလေးငယ်က ဖြေလိုက်သည်။ “ရန်ဖြစ်နေတဲ့ အသံတွေ ကြားလို့ ထွက်လာကြည့်တာ။”

ကျင်းဝူရွမ်းက အမြန် ရှင်းပြလိုက်၏။ “ရန်ဖြစ်တာ မဟုတ်ဘူးကွယ်၊ ဆော့ကစားနေကြတာပါ။”

မကြာမီ အမျိုးသမီး တစ်ယောက် ရောက်လာပြီး ကလေးငယ်ကို ပွေ့ချီသွားသည်။ သူမမှာ အခြားသူ မဟုတ်ပေ။ အဘွားဖြစ်သူ လေခွင်းကတော် ဖြစ်သည်။

“ဒီကလေးမလေးကတော့ ခဏလေး မျက်ခြေပြတ်တာနဲ့ ပျောက်သွားတာပဲ။ မင်းမောင်လေးကို ကြည့်စမ်း၊ ဘယ်လောက် လိမ္မာလဲလို့။”

ကျင်းကျုံးယွဲ့နှင့် ကျင်းဝူရွမ်းတို့ တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ပြီး အချိန်အတော်ကြာ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြ၏။

ကျင်းဝူရွမ်းက မျက်လုံးများကို မှိတ်လိုက်ပြီး ပြောလိုက်သည်။ “အစ်မ... ဒီစစ်ပွဲကို ကျွန်မ လုံးဝ လက်လွတ်မခံနိုင်ဘူး။ တာယင်အင်ပါယာကို ကျွန်မ သွားတိုက်ကိုတိုက်ရမယ်။ အစ်မ ကျွန်မကို တားချင်ရင် သတ်လိုက်ပါ။ ကျွန်မ ထပ်မခုခံတော့ဘူး။”

ထို့နောက် သူမသည် လည်ပင်းကို မော့ပေးထားကာ ကျင်းကျုံးယွဲ့အား သတ်ခွင့်ပေးထားလိုက်၏။

ကျင်းကျုံးယွဲ့က ညီမဖြစ်သူကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် စကားစပြောလိုက်သည်။ “ဝူရွမ်း... ငါက တာယင်အင်ပါယာရဲ့ အာဏာစက်ကိုလည်း စိတ်မဝင်စားဘူး၊ တာ့ကျိုးအင်ပါယာရဲ့ အာဏာစက်ကိုလည်း စိတ်မဝင်စားဘူး၊ တာ့ရှန်း အင်ပါယာရဲ့ အာဏာစက်ကိုလည်း စိတ်မဝင်စားဘူး။

ငါ့ရဲ့ ရည်မှန်းချက်က မြင်းဓားပြ လုပ်ဖို့ပဲ။ အစက ငါတို့ မိသားစု ရိုလန်မြို့မှာ အေးအေးချမ်းချမ်း နေခဲ့ကြတယ်။ နိုင်ငံရေး ကိစ္စတွေကို နင့်ကို လွှဲထားပြီး ငါက အပြင်ထွက် စစ်တိုက်ရုံပဲ။ အခု ငါတို့ကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိလာပြီ။ ကျုပ် နင့်ကိုလည်း မတားနိုင်ဘူး၊ သတ်လည်း မသတ်ရက်ဘူး။”

ထိုသို့ပြောနေရင်း ကျင်းကျုံးယွဲ့၏ အသံမှာ တုန်ယင်လာခဲ့၏။ “ဒီလိုလုပ်ကြရအောင်... ရိုလန်နိုင်ငံကို နင့်ကို ပေးခဲ့မယ်။ ငါ လူတွေကို ခေါ်ပြီး ဝေးဝေးကို ရှောင်သွားမယ်။”

ကျင်းဝူရွမ်းက တုန်လှုပ်စွာဖြင့် မေးလိုက်သည်။ “အစ်မ... ဘယ်ကို သွားမလို့လဲ။”

ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “မသိဘူး၊ ရောက်တဲ့နေရာ သွားမှာပဲ။”

ကျင်းဝူရွမ်းက ရှင်းပြလိုက်သည်။ “အစ်မ... နောက်ဆို လောကကြီးက ပြောင်းလဲတော့မှာ၊ ဘယ်နေရာမှ အေးချမ်းမှာ မဟုတ်တော့ဘူး။ အရင်က ပိုင်ရှင်မဲ့နယ်မြေကနေ အနောက်ဘက် သဲကန္တာရကို ရှောင်ထွက်လာခဲ့ပြီးပြီ။ အခု ထပ်ရှောင်မယ်ဆိုရင် အနာဂတ်မှာ တာ့ရှန်း အင်ပါယာက လောကကြီးကို သိမ်းပိုက်လိုက်တဲ့အခါ အစ်မ ဘယ်ကို သွားပုန်းအုံးမလဲ။ အစ်မက နုဧကရာဇ်ရဲ့မျိုးဆက်ဖြစ်ပါရက်နဲ့ ဘာလို့ နိုင်ငံပြန်လည် ထူထောင်ရေးအတွက် မတိုက်ခိုက်ချင်ရတာလဲ။”

ကျင်းကျုံးယွဲ့က အေးဆေးစွာဖြင့် ပြန်ဖြေလိုက်၏။ “ငါ့မှာ ရည်မှန်းချက်မရှိဘူး၊ ပန်းတိုင်မရှိဘူး။ ဘယ်နေရာသွားသွား ရတယ်။”

နောက်တစ်နေ့တွင် ရိုလန်မြို့ နန်းတော်အတွင်း၌ ဘုရင်မ ကျင်းကျုံးယွဲ့က ရိုလန်နိုင်ငံ တရားဝင် ကွဲထွက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။

ဒုတိယဘုရင်မ ကျင်းဝူရွမ်းက တာယင်အင်ပါယာကို ဝင်ရောက်တိုက်ခိုက်မည်ဖြစ်ပြီး သူမက သဘော မတူသောကြောင့် လူအချို့ကို ခေါ်ဆောင်ကာ ရိုလန်နိုင်ငံမှ ထွက်ခွာပြီး ဤစစ်ပွဲကြီးကို ရှောင်တိမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့၏။

ထိုကြေညာချက်ကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။

သုံးရက်အကြာတွင် ကျင်းကျုံးယွဲ့သည် ကလေးနှစ်ယောက်ကို ခေါ်ဆောင်ကာ ရိုလန်မြို့မှ ထွက်ခွာ သွားခဲ့သည်။ သူမနောက်သို့ လိုက်လိုသူများ လိုက်နိုင်ပြီး ကျန်ရစ်လိုသူများကိုလည်း သူမ တားဆီးမည် မဟုတ်ပေ။

သူမသည် ယွင်ကျုံးဟဲ့ ရှိနေသည်ဟု ကြားသိထားသော မီတျဲ ချိုင့်ဝှမ်းသို့ အရင်ဆုံး သွားမှာဖြစ်၏။

တိတ်ဆိတ်စွာဖြင့် နိုင်ငံနှစ်ခြမ်းကွဲသွားခဲ့၏။ ရိုလန်နိုင်ငံ၏ စစ်သည် သုံးသိန်းကျော်အနက် စစ်သည် သုံးသောင်းခန့်က ကျင်းကျုံးယွဲ့နောက်သို့ လိုက်သွားကြပြီး ကျန်သုံးသိန်းခန့်က ကျန်ရစ်ရန် ရွေးချယ်ခဲ့ကြသည်။

သူတို့က ကျင်းကျုံးယွဲ့ကို မလေးစားသောကြောင့် မဟုတ်ဘဲ မိမိတို့နိုင်ငံမှ ထွက်ခွာရန် ရဲစွမ်းသတ္တိ မရှိသောကြောင့် ဖြစ်၏။

ထို့အပြင် ရိုလန်နိုင်ငံ၏ တပ်ဖွဲ့အများစုမှာ မြင်းဓားပြများ ဖြစ်ကြပြီး တိုက်ခိုက်လိုစိတ် ပြင်းထန်ကြရာ ကျင်းဝူရွမ်းက တာယင်အင်ပါယာကို ဝင်ရောက်တိုက်ခိုက်ရန် ဦးဆောင်မည်ဆိုသော အချက်က သူတို့၏ ဆန္ဒနှင့် ကိုက်ညီနေ၏။ လုယက်သတ်ဖြတ်ခြင်းမှာ သူတို့ ရှင်သန်ရမည့် ဘဝပုံစံပင် ဖြစ်သည်။

အမေဖြစ်သူ လေခွင်းကတော်၊ မောင်ဖြစ်သူ ကျင်းဝူပြန်း၊ ယောက်မဖြစ်သူ ထန်ထိုင်ဝူယန်၊ အဒေါ်ဖြစ်သူ ကတိုးမွှေးသခင်မ၊ လန်ပိ၊ ချူကျောင်းရန် အစရှိသော ကျင်းမိသားစု၏ လက်အောက်ငယ်သားများ အားလုံးက ကျင်းကျုံးယွဲ့နှင့်အတူ လိုက်ပါရန် ရွေးချယ်ခဲ့ကြ၏။

ကျင်းဝူရွမ်းသည် မြင့်မားသော မြို့ရိုးပေါ်တွင် ရပ်ကာ ကျင်းကျုံးယွဲ့၏ စစ်သည် သုံးသောင်း ထွက်ခွာ သွားသည်ကို ကြည့်နေခဲ့သည်။

အစ်မဖြစ်သူနှင့် မိသားစုဝင်များ၏ ကျောပြင်များ မိုးကုတ်စက်ဝိုင်းတွင် ပျောက်ကွယ်သွားသည်အထိ သူမ ငေးကြည့်နေခဲ့၏။

ထို့နောက် မျက်ရည်များ မကျလာစေရန် ခေါင်းကို မော့ထားလိုက်သည်။ မိသားစုဝင် အားလုံးက ကျင်းကျုံးယွဲ့ကို ရွေးချယ်ခဲ့ကြပြီး သူမနောက်သို့ တစ်ယောက်မှ လိုက်မလာခဲ့ကြပေ။

ကျင်းဝူရွမ်းက တီးတိုးရေရွတ်လိုက်သည်။ “အစ်မ၊ မေမေ၊ မောင်လေး... ကျွန်မ ရွေးချယ်မှု မှန်ကန်တယ်ဆိုတာ တစ်နေ့ကျရင် အားလုံးကို သက်သေပြရမယ်။ ကျွန်မရဲ့ အသက်နဲ့ရင်းပြီး အားလုံးကို ကာကွယ်ပေးပါ့မယ်။”

ထို့နောက် နောက်ထပ် သုံးရက်အကြာတွင် ဘုရင်မ ကျင်းဝူရွမ်းသည် စစ်သည် နှစ်သိန်းကို ဦးဆောင်ကာ တာယင်အင်ပါယာ၏ အနောက်ဘက် နယ်စပ်ဆီသို့ ချီတက်သွားသည်။

တစ်ချိန်တည်းမှာပင် လေခွင်းမြို့ အဆုံးအဖြတ် စစ်ပွဲကြီး စတင်ဖြစ်ပွားနေပြီ ဖြစ်သည်။ ဤစစ်ပွဲက တာယင်အင်ပါယာ၏ ကံကြမ္မာကို အပြည့်အဝ ဆုံးဖြတ်ပေးမှာဖြစ်၏။

အကယ်၍ လေခွင်းမြို့သာ ကျဆုံးသွားပါက တာ့ကျိုးအင်ပါယာ၏ စစ်သည်သန်းပေါင်းများစွာသည် တာယင်အင်ပါယာအတွင်းသို့ ဒီရေအလား ဝင်ရောက်လာကြမှာဖြစ်သည်။

နောက်ထပ် တစ်လ အချိန်ကုန်လွန်သွားပြန်၏။

ရင်းနှီးနေကျ မြေအောက်အကျဉ်းထောင်အတွင်း ကျောက်တံခါးကြီး ဖြည်းညင်းစွာ ပွင့်လာပြီး ယန်ဖြန်ရှန် ဝင်ရောက်လာ၏။ ထို့နောက် ဆေးထိုးအပ် တစ်ချောင်းကို ထုတ်ကာ ယွင်ကျုံးဟဲ့၏ ကိုယ်ထဲသို့ ထိုးသွင်းလိုက်သည်။

အချိန်အတော်ကြာပြီးနောက် ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ယင်သွားသည်။ တစ်ခဏချင်းမှာပဲ အသိစိတ်များက ဒီရေအလား ပြန်လည်ဝင်ရောက်လာခဲ့၏။

အလင်းရောင်နှင့် အာရုံခံစားမှုများ တဖြည်းဖြည်း ပြန်လည်ရရှိလာ၏။ ခွန်အားများ အားလုံးကို အသုံးပြုလိုက်ရသကဲ့သို့ ယွင်ကျုံးဟဲ့က မျက်လုံးများကို ဖွင့်လိုက်သည်။

ယွင်ကျုံးဟဲ့က တုန်ယင်စွာဖြင့် မေးလိုက်၏။ “ယန်... ယန်ဖြန်ရှန်... ကျုပ်... ကျုပ် ဘယ်လောက်တောင် အိပ်ပျော်သွားခဲ့တာလဲ။”

ယန်ဖြန်ရှန်က ဖြေလိုက်သည်။ “ငါးနှစ်လောက် ရှိပြီ။”

ယွင်ကျုံးဟဲ့က အလန့်တကြား အော်လိုက်၏။ “ငါးနှစ်။ ငါးနှစ်တောင် ရှိပြီလား။ အပြင်မှာ အခြေအနေတွေ ဘယ်လိုဖြစ်နေပြီလဲ။”

ယန်ဖြန်ရှန်က ပြောလိုက်သည်။ “ခင်ဗျား နိုးလာရမယ့် အချိန်ရောက်ပြီလို့ နတ်ဧကရာဇ်မင်းမြတ်က မိန့်တော်မူတယ်။ အဲဒါကြောင့် ခင်ဗျားကို သူ့ဆီ ခေါ်သွားမလို့။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “နတ်ဧကရာဇ်။ ဘယ်သူလဲ။ ဧကရာဇ်ဟောင်းလား။”

ယန်ဖြန်ရှန်က ပြန်ပြောလိုက်သည်။ “ဧကရာဇ်ဟောင်းလို့ မခေါ်ရတော့ဘူး၊ နတ်ဧကရာဇ်လို့ ခေါ်ရမယ်၊ နားလည်လား။”

ထို့နောက် လူနှစ်ယောက် ဝင်လာပြီး ယွင်ကျုံးဟဲ့ကို သယ်ဆောင်သွားကြ၏။

ယန်ဖြန်ရှန်က ပြောလိုက်သည်။ “ငါးနှစ်တောင် အချိန်ကုန်သွားခဲ့ပြီ၊ ဒီနေ့က ကြီးကျယ်ခမ်းနားတဲ့ အချိန်အခါပဲ။ ယွင်ကျုံးဟဲ့... ခင်ဗျားနဲ့ တာယင်အင်ပါယာ၊ တာ့ကျိုးအင်ပါယာ၊ ပြီးတော့ ခင်ဗျားနဲ့ နတ်ဧကရာဇ်ကြားက ကိစ္စတွေကို အဆုံးသတ်ရမယ့် အချိန်ရောက်ပြီ။ နတ်ဧကရာဇ်က ခင်ဗျားကို စောင့်နေတယ်။”

အဆုံးသတ်ရမည်လား။ မှန်ပေသည်။ ယွင်ကျုံးဟဲ့နှင့် ဧကရာဇ်ဟောင်းတို့ကြားတွင် အဆုံးသတ်တစ်ခု ပြုလုပ်ရန် အချိန်ကျရောက်နေပြီ ဖြစ်၏။

ယွင်ကျုံးဟဲ့သည် မျက်လုံးများကို မှိတ်ကာ မိမိကိုယ်ကို မေးလိုက်သည်။ ‘အသင့်ဖြစ်ပြီလား။ အသင့်ဖြစ်နေပါပြီ။’

...................

All Chapters