အခန်း ၆၃၂
Vol. 54 Ch. 632
အပိုင်း (၆၃၂)
ယွင်ကျုံးဟဲ့ အမြဲတမ်း အလိုရှိခဲ့သော လူသတ်ပညာရပ်က မည်သည့်အရာ ဖြစ်သနည်း။ လက်ခြောက်ချောင်း စောင်းမိစ္ဆာ အမှတ်(၈) လူနာ ဘီသိုဗင် ပင်။
လွန်ခဲ့သော ရှစ်နှစ်၊ ကိုးနှစ်ခန့်က ပိုင်ရှင်မဲ့နယ်မြေတွင် မော့ချိုနှင့် တိုက်ခိုက်စဉ်တည်းက ဤစိတ်ဝေဒနာရှင်ကို အသုံးပြုလိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သဏ္ဍာန်မဲ့ လူသတ်နိုင်ခြင်းက လွန်စွာ ခမ်းနားသောကြောင့် ဖြစ်၏။
X စိတ်ကျန်းမာရေးဆေးရုံတွင် ရှိစဉ်က အမှတ်(၈) လူနာသည် သေမင်းတေးသွားကို တီးခတ်ကာ သမားတော်များနှင့် သူနာပြုများကို သတ်ဖြတ်ခဲ့ဖူးသောကြောင့် နောက်ဆုံးတွင် မြေအောက်အနက်ဆုံး အထပ်၌ အကျဉ်းချထားခဲ့ရသည်။
သို့ပေမည့် ယွင်ကျုံးဟဲ့သည် အမှတ်(၈) လူနာကို တစ်ကြိမ်မှ မဲနှိုက်ရွေးချယ်နိုင်ခဲ့ခြင်း မရှိပေ။ တစ်ကြိမ်တစ်ခါ မဲပေါက်ခဲ့လျှင်တောင်မှ တေးသွားတီးခတ်ရုံမျှသာ ဖြစ်ပြီး မင်းသမီး ရှန်းရှန်းကို ဆွဲဆောင်နိုင်ခဲ့ရုံသာ ဖြစ်၏။
ယွင်ကျုံးဟဲ့မှာ လွန်စွာ စိတ်ပျက်ခဲ့ရသည်။ ထို့ကြောင့် အရေးအကြီးဆုံး အချိန်ရောက်လာချိန်မှာတော့ အိပ်မက်ထဲမှတစ်ဆင့် X စိတ်ကျန်းမာရေးဆေးရုံသို့ ဝင်ရောက်ကာ မြေအောက်အကျဉ်းခန်းရှိ အမှတ်(၈) လူနာထံ သွားရောက်၍ မည်သည့်အတွက်ကြောင့် မိမိကိုယ်ထဲသို့ ဝင်ရောက် မပူးကပ်သနည်းဟု မေးမြန်းခဲ့သည်။ ဤသို့ဆိုလျှင် သူသည် စောင်းဆက်တီးကာ သဏ္ဍာန်မဲ့ လူသတ်နိုင်မည် မဟုတ်ပါလား။
အမှတ်(၈) လူနာက ငြင်းဆန်ခဲ့၏။ “မရဘူး။ ခင်ဗျားကိုယ်ထဲ ဝင်ပူးရင်တောင် လူသတ်လို့ ရမှာမဟုတ်ဘူး။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ခင်ဗျားတောင် ရသေးတာပဲ၊ ကျုပ်က ဘာလို့ မရရမှာလဲ။”
အမှတ်(၈) လူနာက ရှင်းပြလိုက်၏။ “ဂီတနဲ့ လူမသတ်ခင် တစ်ဖက်လူရဲ့ ဦးနှောက်လှိုင်း ကြိမ်နှုန်းကို အရင်သိဖို့ လိုတယ်။ ခင်ဗျား သိလို့လား။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အာထရာဆိုးနစ် အသံလှိုင်း (လူသားတို့၏ နားဖြင့် ကြားနိုင်သော အသံလှိုင်း အကြိမ်ရေထက် ပိုမိုမြင့်မားသည့် အသံလှိုင်းများ) ပါတဲ့ ဂီတကို တိုက်ရိုက်တီးခတ်လိုက်ရင်ကော မရဘူးလား။”
အမှတ်(၈) လူနာက ရနိုင်ကြောင်း ပြောသော်လည်း သာမန်လူများကိုသာ သတ်နိုင်ပြီး ဤလောကရှိ သိုင်းပညာရှင်များကိုမူ မသတ်နိုင်ကြောင်း ပြောလိုက်၏။
အဘယ်ကြောင့်နည်းဟု ယွင်ကျုံးဟဲ့က မေးမြန်းရာ ဤလောကရှိ သိုင်းပညာရှင်များတွင် အတွင်းအား ရှိကြောင်း၊ အတွင်းအား ထုတ်လွှတ်လိုက်ချိန်မှာတော့ ၎င်းကိုယ်တိုင်က အသံလှိုင်းတိုက်ခိုက်မှုကို ချေဖျက်နိုင်သော စွမ်းအားလှိုင်း တစ်မျိုး ဖြစ်ကြောင်း အမှတ်(၈) လူနာက ရှင်းပြခဲ့သည်။
ထို့နောက် အမှတ်(၈) လူနာက ယွင်ကျုံးဟဲ့ သတ်လိုသူမှာ ထျန်းယန် ဧကရာဇ်ဟောင်း မဟုတ်လားဟု မေးမြန်း၏။
ယွင်ကျုံးဟဲ့က ဟုတ်မှန်ကြောင်း ဝန်ခံရာ ထိုသူ၏ သိုင်းပညာမှာ အလွန် မြင့်မားလွန်းသောကြောင့် သူ၏ ကြီးမားလှသော အတွင်းအားက မည်သည့် အသံလှိုင်းတိုက်ခိုက်မှုကိုမဆို ချေဖျက်နိုင်စွမ်း ရှိ၏။
ထို့ကြောင့် သေမင်းတေးသွားများက သူ့ကို မည်သို့မှ ထိခိုက်စေနိုင်မည် မဟုတ်ကြောင်း အမှတ်(၈) လူနာက ပြောကြားခဲ့သည်။
ယွင်ကျုံးဟဲ့က အမှတ်(၈) လူနာအား အတော်ဆုံး စိတ်ဝေဒနာရှင်အဖြစ် သတ်မှတ်ထားခဲ့သော်လည်း ဤမျှ အသုံးမကျဖြစ်နေမည်ဟု မထင်မှတ်ထားခဲ့ပေ။ အမှတ်(၈) လူနာမှာလည်း တတ်နိုင်စွမ်း မရှိတော့ချေ။
ထို့ကြောင့် ယွင်ကျုံးဟဲ့သည် လူသတ်မည့်နည်းလမ်းကို ပြောင်းလဲကာ ကပ်ပါးကောင်ဖြင့် လူသတ်သည့် နည်းလမ်းကို အသုံးပြုခဲ့ရသည်။
ပထမဦးစွာ သူ၏ သွေးထဲတွင် ကပ်ပါးကောင် ဥပေါင်းများစွာကို ထည့်သွင်းထားခဲ့သည်။ ဧကရာဇ်ဟောင်းသည် ဆယ့်သုံးလ တစ်ကြိမ် သူ၏သွေးကို လိုအပ်၏။
ထို့အပြင် ဧကရာဇ်ဟောင်းမှာ လွန်စွာ သတိကြီးသူ ဖြစ်ရာ အကြိမ်တိုင်းတွင် ကြွက်ငယ်များဖြင့် အရင် စမ်းသပ်လေ့ရှိသောကြောင့် သာမန် အဆိပ်ခတ်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ထို့အပြင် အဆိပ်က ဤထိပ်တန်း သိုင်းပညာရှင်ကို သတ်နိုင်မည်ဟုလည်း အာမမခံနိုင်ချေ။
ယခု လေးငါးနှစ် အချိန်ကုန်လွန်သွားခဲ့ပြီဖြစ်ရာ ထျန်းကျိုး ဧကရာဇ်၏ သွေးကြောများထဲတွင် ကပ်ပါးကောင် မည်မျှ ပေါက်ဖွားနေပြီဖြစ်ကြောင်း မသိနိုင်တော့ပေ။ သို့ပေမည့် ဤကပ်ပါးကောင်များသည် အလိုအလျောက် လူမသတ်နိုင်ကြချေ။
ခေတ်သစ်လူသားများစွာ၏ ခန္ဓာကိုယ်ထဲတွင် တုတ်ကောင်၊ သန်ကောင် အစရှိသော ကပ်ပါးကောင် အမျိုးမျိုး ရှိတတ်ကြသော်လည်း အများစုမှာ မည်သည့် ရောဂါလက္ခဏာမှ မပြတတ်ဘဲ ခံစားရခြင်းလည်း မရှိကြပေ။
ဤကပ်ပါးကောင်များက ဦးနှောက်ထဲသို့ ဝင်ရောက်ကာ အကြီးအကျယ် လှုပ်ရှားလာမှသာ အတက်ရောဂါ၊ ခေါင်းကိုက်ရောဂါ အစရှိသော လက္ခဏာများကို ဖြစ်ပေါ်စေနိုင်၏။
အမှတ်(၈) လူနာအနေဖြင့် ဂီတကို အသုံးပြု၍ ဧကရာဇ်ဟောင်းကို တိုက်ရိုက် မသတ်နိုင်သော်လည်း သူ၏ ဂီတက ဧကရာဇ်ဟောင်း၏ ခန္ဓာကိုယ်ထဲရှိ ကပ်ပါးကောင် အားလုံးကို နိုးထစေပြီး သူ၏ ဦးနှောက်ထဲသို့ ပြေးဝင်သွားစေရန် လုပ်ဆောင်နိုင်မည် မဟုတ်ပါလား။
ပုံမှန်အခြေအနေတွင်ပင် သွေးပေါင်တက်လာပါက ဦးနှောက်သွေးကြောများ ပေါက်ထွက်သွားနိုင်သည်။ ဤမရေမတွက်နိုင်သော ကပ်ပါးကောင်များက ရူးသွပ်စွာ ဆွဲဖြဲကြပါက ဧကရာဇ်ဟောင်း၏ ဦးနှောက် သွေးကြောများ ပေါက်ထွက်သွားစေရန် ပြဿနာ မရှိနိုင်ပေ။
ဧကရာဇ်ဟောင်းသည် သိုင်းပညာ မည်မျှပင် မြင့်မားနေပါစေ၊ အတွင်းအား မည်မျှပင် ကြီးမားနေပါစေ၊ သူ၏ ဦးနှောက်မှာ နူးညံ့ပျော့ပျောင်းနေဆဲဖြစ်ကာ ဦးနှောက်သွေးကြောများမှာလည်း အလွယ်တကူ ပျက်စီး လွယ်နေဆဲပင် ဖြစ်၏။
မရေမတွက်နိုင်သော ကပ်ပါးကောင်များက ဦးနှောက်ထဲတွင် ပေါက်ကွဲထွက်လာပြီး သွေးကြောများ ပေါက်ထွက်သွားပါက သူ သေချာပေါက် သေဆုံးရမည်သာ ဖြစ်သည်။
ဤအရာကား ယွင်ကျုံးဟဲ့၏ လူသတ်ပညာရပ်ပင် ဖြစ်သည်။ ဤလူကို သတ်ရန်အတွက် ငါးနှစ်တိတိ ကြံစည်ခဲ့ပြီး ငါးနှစ်တိတိ စောင့်ဆိုင်းခဲ့ရ၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျုပ် မိသားစုကော။”
ယန်ဖြန်ရှန်က ပြန်ဖြေ၏။ “အားလုံးကို လုံခြုံတဲ့ နေရာမှာ ကာကွယ်ပေးထားတယ်။ စိတ်ချပါ၊ သူတို့အားလုံး အသက်ရှင်လျက် ရှိပါသေးတယ်။”
ယွင်ကျုံးဟဲ့က ထပ်မံ မေးမြန်းလိုက်သည်။ “ကျုပ် သူတို့ကို သွားတွေ့လို့ ရမလား။”
ယန်ဖြန်ရှန်က ငြင်းဆိုလိုက်၏။ “တောင်းပန်ပါတယ်။ မရဘူး။”
ယွင်ကျုံးဟဲ့ကို ဟေးပင်းထိုင် ရဲတိုက်အတွင်းသို့ သယ်ဆောင်သွားခဲ့ပြီး သမားတော် အချို့က ရှေ့ထွက်လာကာ ခြေထောက်များကို နှိပ်နယ်ပေးခြင်း၊ အပ်စိုက်ကုသပေးခြင်းများ ပြုလုပ်ပေးကြသည်။
ယန်ဖြန်ရှန်က ပြောလိုက်၏။ “အောက်ကော်ကုန်း... ဆင်းပြီး လမ်းလျှောက်ကြည့်ပါ။”
ယွင်ကျုံးဟဲ့က ကုတင်ပေါ်မှ ထကာ သတိကြီးစွာဖြင့် ခြေလှမ်း စလှမ်းကြည့်၏။ ငါးနှစ်ခန့်တိုင်တိုင် သတိလစ်နေခဲ့ရသောကြောင့် လမ်းလျှောက်နည်းကိုပင် မေ့လုနီးပါး ဖြစ်နေခဲ့သည်။
ထိုသို့ ကြိုးစားပမ်းစား လမ်းလျှောက်နေရင်း တစ်နာရီခန့် ကြာချိန်မှာတော့မှသာ ခြေလက်များမှာ တဖြည်းဖြည်း လှုပ်ရှားနိုင်စွမ်း ပြန်လည်ရရှိလာသည်။ သို့ပေမည့် နှေးကွေးစွာသာ လျှောက်နိုင်သေး၏။
ယန်ဖြန်ရှန်က အားပေးစကား ပြောလိုက်သည်။ “စိတ်ချပါ၊ ဒါက ခဏတဖြုတ်ပါ။ မကြာခင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်။”
ထို့နောက် ယွင်ကျုံးဟဲ့အတွက် ခမ်းနားသော အရက်နှင့် အစားအသောက်များကို ပြင်ဆင်ပေးခဲ့၏။
စားသောက်ပြီးသွားချိန်မှာတော့ ယန်ဖြန်ရှန်က ပြောလိုက်သည်။ “ကျုပ်နဲ့အတူ နန်းတော်ထဲ လိုက်ခဲ့ပါ။”
ထိုအချိန်မှာ မိုးလင်းစပြုနေပြီဖြစ်ရာ ညီလာခံ ကျင်းပချိန်နှင့် ကိုက်လို့နေ၏။
ယွင်ကျုံးဟဲ့သည် ညီလာခံ ခန်းမဆောင်အတွင်းသို့ ဝင်ရောက်သွားပြီး မော့ကြည့်လိုက်ချိန်မှာတော့ ဧကရာဇ်ဟောင်းကို မတွေ့ရဘဲ လွန်စွာလှပသော အမျိုးသမီး တစ်ဦးကိုသာ တွေ့လိုက်ရသည်။
သူမ၏ ဘေးတွင် အဝါရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ကလေးငယ် တစ်ဦး ထိုင်နေသည်။ ထိုကလေးမှာ အသက်ငါးနှစ်၊ ခြောက်နှစ်ခန့် ရှိမည်ဟု ထင်ရ၏။
သေချာသည်မှာ ထိုအိမ်ရှေ့စံမင်းသား ကျိုးလင်သည် အသက်လေးနှစ်ပင် မပြည့်သေးကြောင်း ယွင်ကျုံးဟဲ့ မသိရှိထားပေ။
အလွန် သန်မာဖျတ်လတ်သော အသွင်ရှိသည်။ သာမန် ကလေးငယ်များနှင့် ယှဉ်လျှင် ဤအိမ်ရှေ့စံ မင်းသားမှာ ပိုမို အရပ်ရှည်ကာ သန်မာထွားကျိုင်းနေပြီး မျက်လုံးများမှာလည်း သာမန်လူများထက်များစွာ ပိုမိုတောက်ပနေ၏။
ဤအလွန်လှပသော အမျိုးသမီးက မည်သူနည်း။
ယန်ဖြန်ရှန်က သတိပေးလိုက်သည်။ “အောက်ကော်ကုန်း... မယ်တော်မိဖုရားခေါင်ကြီးနဲ့ အိမ်ရှေ့စံ မင်းသားကို ဂါရဝပြုလိုက်ပါ။”
‘မယ်တော်မိဖုရားခေါင်ကြီး ဟုတ်လား။ ထျန်းယန် ဧကရာဇ်ဟောင်းသည် ဧကရာဇ်အဖြစ် ပြန်လည် နန်းတက်ရုံသာမက ငယ်ရွယ်သော မယ်တော်မိဖုရားခေါင်ကြီးကိုပါ တင်မြှောက်ခဲ့သည်လား။ ကလေး တစ်ယောက်ပါ မွေးဖွားခဲ့ပြီး ဤမျှ ငယ်ရွယ်သော အရွယ်နှင့် အိမ်ရှေ့စံအဖြစ် ခန့်အပ်လိုက်သည်လား။ ထိုသို့ဆိုလျှင် ကျိုးလီ အိမ်ရှေ့စံမှာ မည်သို့ ဖြစ်သွားပြီနည်း။’
ယွင်ကျုံးဟဲ့က ဒူးထောက်ကာ အရိုအသေပေးလိုက်၏။ “ကျုပ်က မယ်တော်မိဖုရားခေါင်ကြီးနဲ့ အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။”
ပိုင်ရွှယ် မယ်တော်မိဖုရားခေါင်ကြီးက မေးမြန်းလိုက်သည်။ “အောက်ကော်ကုန်း... လွန်ခဲ့တဲ့ နှစ်တွေအတွင်း မီတျဲ ချိုင့်ဝှမ်းမှာ ပင်ပန်းသွားပြီ။ ယင်းချင်ဝမ် ကျိုးလီရဲ့ အခြေအနေ ဘယ်လိုရှိလဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “သတိလစ်နေတုန်းပါပဲ။”
ပိုင်ရွှယ် မယ်တော်မိဖုရားခေါင်ကြီးက ဆုတောင်းစကား ပြောလိုက်သည်။ “ကောင်းကင်ဘုံက ကာကွယ် စောင့်ရှောက်ပါစေ။”
ထို့နောက် မယ်တော်မိဖုရားခေါင်ကြီးက ဆက်ပြော၏။ “အောက်ကော်ကုန်း... ရှင်က အကျိုးပြု မှူးမတ်တစ်ပါးပဲ။ ရှင် ပြန်ရောက်လာတာကို သိရင် ဧကရာဇ်မင်းမြတ် ဘယ်လောက်တောင် ဝမ်းသာလိုက်မလဲ မသိဘူး။”
နှုတ်ခွန်းဆက်စကားများ ပြောကြားပြီးနောက် ယွင်ကျုံးဟဲ့သည် သူ၏ နေရာသို့ ပြန်သွားခဲ့သည်။
ညီလာခံကို ဆက်လက် ကျင်းပနေ၏။
ရင်းနှီးကျွမ်းဝင်သော မျက်နှာများစွာ ပျောက်ကွယ်နေခဲ့သည်။ ဝန်ကြီးချုပ် ဝူကျစ်၊ ဆူမီယွမ်မှ မြို့စား ကျိုးလျန်၊ တရားရေးဝန်ကြီး ကျူ့လန်ထျန်း၊ စစ်ရေးဝန်ကြီး၊ အစိုးရအဖွဲ့ဝန်ကြီး ရွှီထျန်းဖန်၊ စုံစမ်းစစ်ဆေးရေးမှူးချုပ် ယွီကျန်း အစရှိသူတို့ အားလုံး ပျောက်ကွယ်နေကြသည်။
အချုပ်အားဖြင့်ဆိုရလျှင် တစ်ချိန်က ဧကရာဇ်ဟောင်းအပေါ် သစ္စာစောင့်သိခဲ့သော ထိပ်တန်း မှူးမတ်ကြီးများ အားလုံး ညီလာခံတွင် ပျောက်ကွယ်နေခဲ့ပြီ ဖြစ်၏။
နိုင်ကော်၏ ဝန်ကြီးချုပ်မှာ လင်ကုန်း ဖြစ်လာခဲ့ပြီး ဖူယန်ထူမှာ ညီလာခံသို့ ပြန်လည်ရောက်ရှိလာကာ စစ်ရေးဝန်ကြီးအသစ် ဖြစ်လာခဲ့သည်။
သူ၏ အစ်ကိုဖြစ်သူ အောက်မင်သည်လည်း ညီလာခံတွင် ရှိနေသည်။ မုတ်ဆိတ်မွေးများ ထားရှိနေခဲ့ပြီး ယခုအခါ ဘဏ္ဍာရေး ဒု-ဝန်ကြီး ရာထူးကို ရရှိနေခဲ့၏။
အောက်မင်သည် ယခုနှစ်မှ အသက်သုံးဆယ့်ငါးနှစ်သာ ရှိသေးသော်လည်း ဘဏ္ဍာရေး ဒု-ဝန်ကြီး ဖြစ်လာခဲ့ခြင်းမှာ လွန်စွာ အံ့သြဖွယ် ကောင်းလှသည်။
အောက်မင်၏ အဖေ အောက်တုန်းမှာ ဧကရာဇ်ဟောင်း၏ လမ်းစဉ်အတိုင်း လိုက်နာကာ သာမန် ပြည်သူများထဲမှ စစ်ရေးစာမေးပွဲ အောင်မြင်သူများကို နေရာပေး မြှင့်တင်ပေးခဲ့သောကြောင့် အင်ပါယာ၏ စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံရကာ ယခုအခါ ဆူမီယွမ်တွင် ရာထူးနေရာတစ်ခုကို ရရှိနေပြီ ဖြစ်ကြောင်း ယွင်ကျုံးဟဲ့ မသိရှိထားပေ။
ဤမြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ ယွင်ကျုံးဟဲ့မှာ စိတ်ထဲတွင် ရူးသွပ်စွာ ရယ်မောချင်သွားခဲ့၏။ ထိုနှစ်က ဧကရာဇ်ဟောင်းကို ထောက်ခံပြီး ဧကရာဇ်ကို ဆန့်ကျင်ခဲ့ကြသော သစ္စာရှိ မှူးမတ်များ အားလုံး ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။
ထိုအစား တစ်ချိန်က ဧကရာဇ် ဝမ်ယွင်၏ လူယုံများက ညီလာခံတွင် ပြန်လည် နေရာရလာခဲ့ကြသည် မဟုတ်ပါလား။
သို့ပေမည့် ယခု ညီလာခံတွင် မျက်နှာသစ်များ ပိုမိုများပြားနေ၏။ ဤထျန်းကျိုး ဧကရာဇ်မှာ လူသုံးတတ်သူ ပီသသည်။ သူ၏ ညီလာခံတွင် အရည်အချင်း မရှိသော မှူးမတ် တစ်ဦးမှ မရှိပေ။ လင်ကုန်းမှစ၍ ဖူယန်ထူ၊ ထိုမှတစ်ဆင့် အောက်မင်အထိ မည်သူက ထူးချွန်သူများ မဟုတ်ဘဲ နေမည်နည်း။
အောက်မင်က ယွင်ကျုံးဟဲ့၏ အကြည့်ကို မြင်ချိန်မှာတော့ ချက်ချင်းပဲ လက်သီးဆုပ်ကာ အလွန် သေသပ် သပ်ရပ်စွာဖြင့် အရိုအသေပေးလိုက်သည်။
ဖူယန်ထူ၏ အကြည့်များတွင်မူ အေးစက်သော အပြုံးများနှင့်အတူ လှောင်ပြောင်မှု၊ ရက်စက်မှု အရိပ်အယောင်များ ပြည့်နှက်နေ၏။
မယ်တော်မိဖုရားခေါင်ကြီးက ပြောလိုက်သည်။ “ကျွန်မက မိန်းမသားဖြစ်ပြီး အိမ်ရှေ့စံကလည်း ငယ်ရွယ်လွန်းသေးတယ်။ အဲဒါကြောင့် ကိစ္စတွေကို ရှင်တို့ပဲ စီမံရလိမ့်မယ်။ ကျွန်မ သိတာက ရှေ့တန်းက စစ်သည်တွေကို မနစ်နာစေဖို့ပဲ။
ဒါ့အပြင် ပိုင်ရှင်မဲ့နယ်မြေတစ်ခုလုံးကို သိမ်းပိုက်ပြီးသွားပြီဆိုတော့ နောင်ဆိုရင် ကျွန်မတို့ တာ့ကျိုး အင်ပါယာရဲ့ နယ်မြေဖြစ်သွားပြီ။ အဲဒီကို သွားရောက်အုပ်ချုပ်ဖို့ သက်ဆိုင်ရာ မှူးမတ်တွေကို စေလွှတ်ရမယ်။
ပြည်နယ်နှစ်ခုဖြစ်တဲ့အတွက် အုပ်ချုပ်ရေးမှူးအသစ်တွေကို ဧကရာဇ်မင်းမြတ် ကိုယ်တိုင် သတ်မှတ်ပြီးပြီ။ ဒါပေမဲ့ ခရိုင် ဆယ်ခုကျော်အတွက် မြို့စားတွေ၊ မြို့နယ်ဝန် ရာပေါင်းများစွာကိုတော့ နိုင်ကော်နဲ့ အစိုးရအဖွဲ့ဝန်ကြီးဌာနက လူရွေးချယ် ခန့်အပ်ပေးဖို့ လိုအပ်တယ်။”
ထိုစကားကို ကြားလိုက်ရချိန်မှာတော့ ယွင်ကျုံးဟဲ့မှာ လွန်စွာ အံ့အားသင့်သွားခဲ့၏။ ‘တာ့ကျိုးနဲ့ တာယင် အင်ပါယာ နှစ်ခုကြား ကြီးမားသော စစ်ပွဲကြီး စတင်ဖြစ်ပွားနေပြီလား။ ပြီးတော့ တာ့ကျိုးအင်ပါယာက အောင်ပွဲခံနေပြီလား။ တာယင်အင်ပါယာ၏ ပိုင်ရှင်မဲ့နယ်မြေတစ်ခုလုံး ကျဆုံးသွားခဲ့ပြီလား။’
မှန်ပေ၏။ လောကတစ်ခုလုံး စောင့်ကြည့်နေခဲ့သော လေခွင်းမြို့ စစ်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သည့် တစ်လခန့်က ထျန်းကျိုး ဧကရာဇ် ကိုယ်တိုင် ချီတက်ကာ စစ်သည် ခြောက်သိန်းဖြင့် လေခွင်းမြို့ကို တိုက်ခိုက်ခဲ့သည်။ ဤစစ်ပွဲကို ကံကြမ္မာ အဆုံးအဖြတ် စစ်ပွဲအဖြစ် သတ်မှတ်ထားကြ၏။
တာယင်အင်ပါယာ အနေဖြင့် လေခွင်းမြို့ကို ကာကွယ်နိုင်ခဲ့ပါက အသက်ရှူချောင်နိုင်ခွင့် ရှိသေးသော်လည်း ရှုံးနိမ့်သွားပါက အပြီးတိုင် ကျဆုံးသွားခြင်းနှင့် အတူတူပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ပိုင်ရှင်မဲ့နယ်မြေ၏ မြောက်ဘက်ရှိ တာယင်အင်ပါယာ၏ နယ်မြေအများစုမှာ လွင်ပြင်များဖြစ်ရာ ကာကွယ်စရာ နေရာ လုံးဝ မရှိတော့သောကြောင့်ပင်။
တာယင်အင်ပါယာ ရှုံးနိမ့်သွားမည်ကို စိုးရိမ်သောကြောင့် တာ့ရှီအင်ပါယာနှင့် တာရှအင်ပါယာတို့ကပင် တာယင်အင်ပါယာကို စစ်လက်နက်ပစ္စည်းများစွာ ကူညီထောက်ပံ့ပေးခဲ့ကြသည်။
ထန်ထိုင်မြို့ စစ်ပွဲမှာ ပြင်းထန်ရက်စက်လှပြီ ဖြစ်သော်လည်း လေခွင်းမြို့ စစ်ပွဲမှာ ပို၍ပင် ပြင်းထန် ရက်စက်သေး၏။
နှစ်ဖက်စလုံး၏ စစ်သည်သန်းပေါင်းများစွာသည် လေခွင်းမြို့၏ မိုင်ရာချီ ရှည်လျားသော ခံစစ်မျဉ်းပေါ်တွင် အရူးအမူး သတ်ဖြတ်တိုက်ခိုက်ခဲ့ကြသည်။
အစပိုင်းတွင် တာယင်အင်ပါယာက အသာစီးရနေဆဲဖြစ်ပြီး တာ့ကျိုးအင်ပါယာဘက်မှ အသေအပျောက် များပြားခဲ့သည်။
လေခွင်းမြို့ စစ်ရေးခံတပ်မှာ လွန်စွာ ခိုင်ခံ့လွန်းပြီး မြို့ရိုးများမှာလည်း အလွန် မြင့်မားလှသည်။ ထို့အပြင် တာယင်အင်ပါယာ၏ စစ်သည်များမှာလည်း လွန်စွာ ရဲရင့်ကြသည်။
ထို့ကြောင့် တာ့ကျိုးစစ်သည်သစ်များ ထွက်ပေါ်လာလျှင်ပင်၊ လျှို့ဝှက်ဆန်းကြယ်သော အထူးတပ်ဖွဲ့ဖြစ်သည့် သွေးစွန်းတပ်တော် ထွက်ပေါ်လာလျှင်ပင် တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ပေ။