← Chapters

အခန်း ၆၃၃

Vol. 54 Ch. 633

အခန်း ၆၃၃

Vol. 54 Ch. 633

အပိုင်း (၆၃၃)

ဆယ်ရက်အတောအတွင်း တာ့ကျိုးအင်ပါယာဘက်မှ လူတစ်သိန်းကျော် ကျဆုံးသွားခဲ့၏။ ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ထျန်းကျိုး ဧကရာဇ် ကိုယ်တိုင် စစ်မြေပြင်သို့ တက်ရောက်တိုက်ခိုက်ခဲ့သည်။

တာ့ကျိုးတပ်တော်၏ စိတ်ဓာတ်များမှာ သက်တံ့ပမာ မြင့်တက်သွားပြီး ထျန်းကျိုး နတ်ဧကရာဇ်က ကောင်းကင်နှင့် မြေကြီး၏ မိုးကြိုးများကို ခေါ်ယူကာ နတ်ဘုရားစွမ်းအားများဖြင့် လေခွင်းမြို့ရိုးကို ဖျက်ဆီးပစ်ခဲ့၏။

ထျန်းကျိုး နတ်ဧကရာဇ်က ရွှေရောင်လက်တော်ကို ဝှေ့ယမ်းလိုက်သည်နှင့် တာယင်အင်ပါယာ၏ တပ်ဖွဲ့များမှာ ကောင်းကင်ဘုံ၏ အပြစ်ပေးမှုကို ခံရကာ အစုလိုက်အပြုံလိုက် သေဆုံးသွားကြသည်။

ထိုအချိန်မှစ၍ တာ့ကျိုးအင်ပါယာသည် ဝါးခြမ်းခွဲသကဲ့သို့ အလွယ်တကူ တိုးဝင်သွားနိုင်ခဲ့ပြီး လဝက်ခန့်အတွင်း လေခွင်းမြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့၏။

အစမှအဆုံး တစ်လကျော်ခန့်မျှသာ ကြာမြင့်ခဲ့ပြီး လေခွင်းမြို့ စစ်ပွဲကြီး ပြီးဆုံးသွားခဲ့သည်။

တာယင်အင်ပါယာ အလုံးစုံ စစ်ရှုံးသွားခဲ့ကာ စတုရန်းကီလိုမီတာ ငါးသိန်းရှိသော ပိုင်ရှင်မဲ့နယ်မြေကို ဆုံးရှုံးသွားရပြီး နောက်ဆုံး ခံစစ်မျဉ်းကိုလည်း လက်လွတ်လိုက်ရ၏။

ထိုအချိန်မှစ၍ တာယင်အင်ပါယာ၏ အမေနယ်မြေမှာ တာ့ကျိုးအင်ပါယာ တပ်တော်ကြီး၏ ဓားသွားအောက်တွင် မည်သည့် အဟန့်အတားမှ မရှိတော့ဘဲ အပြည့်အဝ ကျရောက်သွားတော့သည်။

တာယင်အင်ပါယာသည် ယခင်က မကြုံဖူးလောက်အောင် ကြီးမားသော စစ်ရှုံးမှုကို ကြုံတွေ့လိုက်ရသည်။ သေချာသည်မှာ ထိုအရာများကား တာ့ကျိုးအင်ပါယာ၏ ဝါဒဖြန့်မှုများသာဖြစ်ပြီး ပြည်သူသန်းပေါင်း များစွာမှာမူ မယုံကြည်သူဟူ၍ တစ်ဦးမှ မရှိပေ။

လက်တွေ့တွင်မူ တာယင်အင်ပါယာ တပ်ဖွဲ့များသည် လေခွင်းမြို့ကို ကာကွယ်ရာတွင် အံ့မခန်း စွမ်းရည်များကို ထုတ်ဖော်ပြသခဲ့ကြသည်။

စစ်သည် တစ်ဦးချင်းစီတိုင်းက သေဆုံးရမည်ကို မကြောက်ရွံ့ကြသလို ခန္ဓာကိုယ် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားမည်ကိုပင် ဂရုမစိုက်ဘဲ နောက်သို့ တစ်လှမ်းမှ မဆုတ်ခဲ့ကြသောကြောင့် တာ့ကျိုးအင်ပါယာ ဘက်မှ ကြီးမားသော အသေအပျောက်များ ကြုံတွေ့ခဲ့ရခြင်း ဖြစ်၏။

နောက်ဆုံးတွင် ထျန်းကျိုး ဧကရာဇ်က ယမ်းထုပ် ပေါင်သန်းပေါင်းများစွာနှင့် အဆိပ်ငွေ့ဗုံး ရာပေါင်းများစွာကို အသုံးပြုခဲ့ရသည်။

ပိုင်ယင်မြို့မှ ထောက်ပံ့ပေးထားသော ဤကြောက်မက်ဖွယ်ကောင်းသည့် လက်နက်နှစ်မျိုးက တာယင် အင်ပါယာ တပ်တော်ကို ကြီးမားသော အသေအပျောက်များ ဖြစ်ပေါ်စေခဲ့သည်။ ဤအရာနှစ်ခုကို အားကိုး၍သာ တာ့ကျိုးတပ်ဖွဲ့များ မြို့ရိုးပေါ်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်၏။

ထိုလက်နက်ကြီး နှစ်မျိုးကိုပင် ထျန်းကျိုး နတ်ဧကရာဇ် ခေါ်ယူလိုက်သော ကောင်းကင်နှင့် မြေကြီး၏ မိုးကြိုးများအဖြစ် ဝါဒဖြန့်ထားကြပြီး နတ်ဘုရားစွမ်းအားအဖြစ် တင်စားခေါ်ဝေါ်နေကြခြင်း ဖြစ်သည်။

မယ်တော်မိဖုရားခေါင်ကြီး ပိုင်ရွှယ်က မေးလိုက်၏။ “တာယင်အင်ပါယာကို အပြီးတိုင် ချေမှုန်းဖို့ နတ်ဧကရာဇ် မင်းမြတ်ဆီက အမိန့်တော် ထွက်လာတယ်။ နောက်ထပ် စစ်သည်သန်းချီက တာယင်အင်ပါယာထဲကို ဝင်ရောက်တိုက်ခိုက်ကြလိမ့်မယ်။

ကျွန်မရဲ့ မဟာမိတ်ဖြစ်တဲ့ ရိုလန်နိုင်ငံက စစ်သည် နှစ်သိန်းကလည်း အနောက်ဘက်ကနေ တာယင် အင်ပါယာထဲကို ဝင်တိုက်နေပြီ။ အဲဒါကြောင့် ကျွန်မတို့လည်း ခြေလှမ်းသွက်ဖို့ လိုတယ်။ စစ်သည်သစ်တွေ အသင့်ဖြစ်ပြီလား။ စားနပ်ရိက္ခာတွေရော အသင့်ဖြစ်ပြီလား။”

ဆူမီယွမ် ဝန်ကြီးက ရှေ့ထွက်ကာ လျှောက်တင်လိုက်သည်။ “မယ်တော်မိဖုရားခေါင်ကြီးကို လျှောက်တင်ပါတယ်။ နတ်ဧကရာဇ်မင်းမြတ်ရဲ့ ဦးဆောင်မှုအောက်မှာ ကျုပ်တို့ရဲ့ တာ့ကျိုးအင်ပါယာက အမြဲတမ်း အောင်ပွဲခံနေပါတယ်။

ပြည်သူပြည်သားအားလုံးကလည်း အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြပြီး နေ့စဉ်နဲ့အမျှ တပ်ထဲဝင်ဖို့ လာရောက်တဲ့ လူငယ်တွေ မရေမတွက်နိုင်အောင် ရှိတယ်။ ငွေကြေးနဲ့ စားနပ်ရိက္ခာ လာလှူတဲ့ ပြည်သူတွေလည်း မရေမတွက်နိုင်အောင်ပါပဲ။ အခု စစ်သည် သုံးသိန်းကို စုစည်းပြီးပါပြီ၊ အချိန်မရွေး မြောက်ဘက်ကို ချီတက်နိုင်ပါပြီ။”

ဘဏ္ဍာရေး ဒု-ဝန်ကြီး အောက်မင်က ရှေ့ထွက်လာကာ ပြောလိုက်၏။ “မယ်တော်မိဖုရားခေါင်ကြီး... ကျုပ်တို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြင်ဆင်ထားတဲ့ စားနပ်ရိက္ခာ တန်ချိန် နှစ်သန်းကိုလည်း ကုန်းလမ်း၊ ရေလမ်း နှစ်သွယ်စလုံးကနေ စတင် သယ်ယူပို့ဆောင်နေပါပြီ။ နတ်ဧကရာဇ်မင်းမြတ်ရဲ့ တာယင်ကို ချေမှုန်းမယ့် မဟာဗျူဟာကို လုံးဝ ထိခိုက်စေမှာ မဟုတ်ဘူး။”

“ကောင်းပြီ။”

မယ်တော်မိဖုရားခေါင်ကြီး ပိုင်ရွှယ်က ပြောလိုက်သည်။ “မှူးမတ်အပေါင်းတို့ ပင်ပန်းသွားကြပြီ။ အခုဆို စစ်ပွဲကြီး ဖြစ်နေတာ ရှစ်လလောက် ရှိနေပြီ။ နောက်ဆုံး အောင်ပွဲက မျက်စိရှေ့ကို ရောက်နေပါပြီ။ စစ်ပွဲကို တစ်နှစ်အတွင်း အဆုံးသတ်မယ်လို့ နတ်ဧကရာဇ်မင်းမြတ်က မိန့်တော်မူထားတယ်။ မှူးမတ်အပေါင်းတို့... ဆက်လက် ကြိုးစားပေးကြပါ။”

မှူးမတ်အပေါင်းက အရိုအသေပေးကာ ပြန်ပြောလိုက်ကြ၏။ “မယ်တော်မိဖုရားခေါင်ကြီးရဲ့ အမိန့်တော် အတိုင်း လိုက်နာဆောင်ရွက်ပါ့မယ်။”

ညီလာခံ ပြီးဆုံးသွားချိန်မှာတော့ မှူးမတ်များစွာက ယွင်ကျုံးဟဲ့ထံ လာရောက်ကာ နှုတ်ဆက်ကြသည်။

“အောက်ကော်ကုန်း... မတွေ့ရတာ ကြာပြီ။”

“အောက်ကော်ကုန်း... နေကောင်းရဲ့လား။”

လူတိုင်း၏ မျက်နှာပေါ်တွင် လှောင်ပြောင် သရော်မှုများ ပြည့်နှက်နေ၏။ ‘အောက်ယွီ ခင်ဗျားက အရင်တုန်းက သိပ်တော်လှချည်ရဲ့ဆို။ နံပါတ်တစ် လူယုံတော်၊ နံပါတ်တစ် အာဏာရှိတဲ့ မှူးမတ်ဆို။ အရင်တုန်းက ခင်ဗျား ဘယ်လောက်တောင် ဩဇာညောင်းခဲ့သလဲ။ အဆင့်ငါး အရာရှိငယ်လေး ဖြစ်ပေမယ့် ဝန်ကြီးတစ်ပါး၊ စုံစမ်းစစ်ဆေးရေး ဒု-အကြီးအကဲ တစ်ပါးနဲ့ မြို့တော် စစ်သေနာပတိ တစ်ပါးကိုတောင် မြှင့်တင်ပေးနိုင်ခဲ့တယ် မဟုတ်လား။

ဒါတင်မကသေးဘူး။ အဲတုန်းက ခင်ဗျားရဲ့ အိမ်ရှေ့မှာ လူတွေ ကြက်ပျံမကျ စည်ကားခဲ့ပြီး ပြည်နယ် အုပ်ချုပ်ရေးမှူး တချို့တောင် ခင်ဗျားအိမ်ကို လာရောက် ဂါရဝပြုခဲ့ရတယ်။ အထူးသဖြင့် စီးပြန်းရဲ့ ပုန်ကန်မှုကို နှိမ်နင်းပြီးနောက်မှာဆို နိုင်ကော်ရဲ့ ဒု-ဝန်ကြီးချုပ်၊ ဆူမီယွမ်က လူတွေတောင် တုန်ယင်နေခဲ့ပြီး ခင်ဗျားရဲ့ အိမ်အထိ လာရောက် အသနားခံခဲ့ရတယ်။

အဲတုန်းက ဘယ်လောက်တောင် ဂုဏ်သိက္ခာကြီးမားခဲ့သလဲ။ အခုကျတော့ရော…. ခွေးလေခွေးလွင့် တစ်ကောင်လို သနားစရာကောင်းနေပြီ မဟုတ်ဘူးလား။ ခင်ဗျားကို ဆန့်ကျင်ခဲ့တဲ့သူတွေကို ပြန်ကြည့်လိုက်စမ်း။ တစ်ယောက်ချင်းစီက နန်းတွင်းရဲ့ ဗဟိုချက်မှာ နေရာရနေကြပြီ။

နတ်ဧကရာဇ်မင်းမြတ်က အမှန်တကယ် ပညာရှိတယ်။ ခင်ဗျားလို လူယုတ်မာမျိုးကို ဘေးဖယ်ထား သင့်တာပဲ။ အသုံးချပြီးသွားရင် ခင်ဗျားက အသုံးမဝင်တော့ဘူး၊ မသတ်ပစ်တာပဲ ကံကောင်းတယ်မှတ်။’

အောက်မင်က ယွင်ကျုံးဟဲ့ရှေ့သို့ ရောက်လာပြီး ပြောလိုက်၏။ “ညီလေး... မတွေ့ရတာ ကြာပြီကွာ၊ အစ်ကိုတော့ သတိရနေတာပဲ။ အစ်ကို မင်္ဂလာဆောင်တုန်းကလည်း မင်း လာမတက်နိုင်ခဲ့ဘူး၊ နှမြောစရာပဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဂုဏ်ယူပါတယ် အစ်ကို။ ဘယ်မိသားစုက မိန်းကလေးကများ အစ်ကို့ကို လက်ထပ်ရလောက်အောင် ကံကောင်းသွားတာလဲ။”

အောက်မင်က ပြုံးလျက် ဖြေ၏။ “မင်းသမီး ကျင်းချန် လေ။”

ယွင်ကျုံးဟဲ့မှာ အံ့အားသင့်သွားသည်။ အောက်မင်သည် တော်ဝင်မင်းသမီးကိုပင် လက်ထပ်နိုင်ခဲ့သည်လား။ တကယ်ကို စွမ်းလှသည်။

ဖူယန်ထူက ရှေ့ထွက်လာပြီး နှုတ်ဆက်လိုက်၏။ “အောက်ကော်ကုန်း... နေကောင်းရဲ့လား။”

ထို့နောက် သူက အသံကို နှိမ့်ကာ ပြောလိုက်သည်။ “ကျုပ်က ဖြောင့်မတ်တဲ့သူဆိုတော့ ကွေ့ဝိုက် မနေတော့ဘူး။ ခင်ဗျားရဲ့ ဩဇာတွေ ဘယ်ရောက်သွားပြီလဲ။ အရင်က သိပ်ဩဇာညောင်းလှချည်ရဲ့ဆို။ လက်စားချေမယ်။ ကျုပ်တို့ကို သတ်မယ်ဆို။ အခုတော့ ခင်ဗျားနဲ့ ခင်ဗျားရဲ့အဖေ အောက်ရှင်းတို့ နှစ်ယောက်လုံး ခွေးသေတွေလို ဖြစ်နေပြီ။ ကံကြမ္မာဆိုတာ တကယ် စိတ်ဝင်စားစရာ ကောင်းတာပဲ။

ဟား... ဟား... ဟား...ဟား... စောင့်နေလိုက်စမ်းပါ၊ ခင်ဗျားတို့ မိသားစုတစ်ခုလုံးကို ကျုပ် သတ်ပစ်အုံးမှာ။” ဖူယန်ထူက အေးစက်စက် ပြုံးကာ ပြောပြီးနောက် ရယ်မောရင်း ထွက်ခွာသွား၏။

အောက်မင်က ပြောလိုက်သည်။ “ညီလေး... အခု အဖေက မြို့တော်မှာ မရှိဘူး၊ အစ်ကို့အိမ်က မင်းအိမ်ပဲ။ အစ်ကိုနဲ့အတူ အိမ်လိုက်ခဲ့ပါ၊ မင်းမရီးကိုလည်း သွားတွေ့ရင်း မိသားစုတွေ အတူတူ ထမင်းစားကြတာပေါ့။”

ဘေးနားရှိ ယန်ဖြန်ရှန်က ဝင်ပြောလိုက်၏။ “အမတ်ကြီးအောက်... အောက်ကော်ကုန်းက ဒီကာလအတွင်း ကျုပ်ရဲ့ ဧည့်သည်ပါ။ ခင်ဗျား လုလို့ မရဘူးနော်။”

အောက်မင်က ပြောလိုက်သည်။ “အဲဒါဆိုလည်း ကောင်းပါပြီ။ ကျုပ် အရင် ပြန်နှင့်တော့မယ်။”

ထို့နောက် အောက်မင်က လက်သီးဆုပ် အရိုအသေပေးကာ ထွက်ခွာသွား၏။

လှည့်ထွက်သွားပြီးနောက် အောက်မင်၏ မျက်နှာပေါ်တွင် လှောင်ပြောင်လိုသော အမူအရာများ ပေါ်ထွက်လာပြီး မျက်လုံးများထဲတွင်လည်း ကျေနပ်အားရမှုများ ပြည့်နှက်နေခဲ့သည်။

အရသာရှိလှသည်။ ခွေးသေတစ်ကောင်လို ဖြစ်နေသော အောက်ယွီကို ကြည့်ရသည်မှာ အလွန် ကျေနပ်စရာ ကောင်းလှ၏။

သူသည် အောက်ယွီအစစ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အောက်မင်မှာမူ လွန်စွာ ကျေနပ်နေမိသည်။

‘ခင်ဗျားက ကျုပ်ကို အဘိုး အောက်ထင်ကို ကိုယ်တိုင်သတ်ဖို့ အတင်းအကျပ် ခိုင်းစေခဲ့ပြီး တွမ်ယင်းယင်းကိုပါ သတ်ခိုင်းခဲ့တယ်။ ဒီလိုနေ့မျိုး ရောက်လာမယ်လို့ တွေးမိရဲ့လား။ အခုချိန်မှာ ခင်ဗျားက ခွေးတစ်ကောင် လောက်တောင် အဆင့်မရှိတော့ဘူး။’

ယန်ဖြန်ရှန်က မေးလိုက်၏။ “အောက်ကော်ကုန်း... ခံစားချက်တွေ ပြင်းထန်နေပြီ မဟုတ်လား။”

ယွင်ကျုံးဟဲ့က ပြန်မေးလိုက်သည်။ “ယန်ဖြန်ရှန်... ခင်ဗျားက ကျုပ်ကို လောကကြီးရဲ့ အေးစက်မှုကို လာခံစားခိုင်းတာလား။”

ယန်ဖြန်ရှန်က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ ကျုပ် ခင်ဗျားကို အပြင်ထွက်ပြီး ထပ်ပြအုံးမယ်။”

ထို့နောက် ယန်ဖြန်ရှန်သည် ယွင်ကျုံးဟဲ့ကို ခေါ်ကာ နန်းတော်ထဲမှ ထွက်လာခဲ့သည်။ တစ်ခဏချင်းမှာပဲ နန်းတော်အပြင်ဘက် ရင်ပြင်တွင် ဒူးထောက်နေကြသော ရူးသွပ်နေသည့် လူအုပ်ကြီးကို တွေ့လိုက်ရသည်။

“တာ့ကျိုးအင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။”

“နတ်ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ။”

ဤမြို့တော်ကို ယွင်ကျုံးဟဲ့ လုံးဝ မမှတ်မိနိုင်တော့ပေ။ လူတိုင်းက လွန်စွာ ရူးသွပ်နေကြပြီး မျက်လုံးများ ထဲတွင်လည်း ရူးသွပ်မှုများ ပြည့်နှက်နေ၏။

လူအများစုမှာ အဝတ်အစားများ စုတ်ပြတ်နေပြီး မျက်နှာများမှာလည်း အဟာရပြတ်လပ်နေသည့် အသွင်ရှိရာ သူတို့၏ ဘဝများ သိပ်မကောင်းလှကြောင်း သိသာနေသည်။

သို့ပေမည့် လူတိုင်းက အလွန် စိတ်လှုပ်ရှားနေကြပြီး ဂုဏ်ယူဝင့်ကြွားမှုများ၊ တက်ကြွမှုများဖြင့် ပြည့်နှက် နေကြ၏။

ဤနိုင်ငံတစ်ခုလုံး ပါဝင်နေသော စစ်ပွဲကြီးတွင် တာ့ကျိုးအင်ပါယာသည် မရေမတွက်နိုင်သော စစ်သည်များကို စေလွှတ်ခဲ့ပြီး စားနပ်ရိက္ခာများစွာကိုလည်း အသုံးပြုခဲ့ရရာ ထိုအရာများ အားလုံးမှာ တာ့ကျိုးပြည်သူများ ချွေတာ၍ လှူဒါန်းထားခဲ့ကြခြင်း ဖြစ်သည်။

ထို့ကြောင့် သူတို့၏ နေ့စဉ်ဘဝများမှာ ဆင်းရဲခက်ခဲနေမည်မှာ သေချာသည်။ သို့ပေမည့် ရှေ့တန်းမှ အဆက်မပြတ် အောင်ပွဲခံနေသရွေ့ ဤပြည်သူများမှာ မည်မျှပင် ဆင်းရဲပါစေ ကြည်ဖြူစွာ လက်ခံနေကြမည်သာ ဖြစ်၏။

မြို့တော်ရှိ ဆိုင်များစွာ ပျောက်ကွယ်သွားကြောင်း ယွင်ကျုံးဟဲ့ သတိပြုမိလိုက်သည်။ ဆန်ဆိုင်များ၊ အထည်ဆိုင်များ အားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဤစစ်ပွဲကို ထောက်ပံ့ရန်အတွက် ဆန်၊ အထည် အစရှိသည်တို့ကို ခွဲတမ်းစနစ်ဖြင့် ပြောင်းလဲပေးဝေနေခြင်း ဖြစ်သည်။ ပစ္စည်းများ အားလုံးကို အင်ပါယာ အစိုးရက ထိန်းချုပ်ထားပြီးမှ ပြန်လည် ခွဲဝေပေးခြင်း ဖြစ်၏။

ပစ္စည်းများ အားလုံးကို တပ်တော်အတွက် ဦးစားပေး ထောက်ပံ့ရပြီး ပြည်သူများအတွက်မူ အသက်ရှင်ရုံမျှသာ ချန်ထားပေးသည်။

ဤမြင်ကွင်းမှာ မည်မျှ ရင်းနှီးနေသနည်း။ တစ်ချိန်က ဂျပန်နိုင်ငံသည်လည်း ဤကဲ့သို့ပင် ဖြစ်ခဲ့၏။

တပ်တော်က အင်အားကြီးမားကာ အခြားနိုင်ငံများကို ကျူးကျော်ပြီး မြို့ရွာများကို သိမ်းပိုက်နေချိန်တွင် မိမိနိုင်ငံမှ ပြည်သူများမှာမူ လွန်စွာ ဆင်းရဲကျပ်တည်းသော ဘဝများဖြင့် နေထိုင်ခဲ့ကြရ၏။ အမျိုးသမီး များစွာမှာ တပ်တော်ကို ထောက်ပံ့ရန် မိမိကိုယ်ကို ရောင်းစားခဲ့ကြရသည်။

မြို့တော် တစ်ခုလုံး အနှံ့အပြားတွင် ထျန်းကျိုး နတ်ဧကရာဇ်၏ ရုပ်တုများ ရှိနေသည်။ လောကကြီး တစ်ခုလုံး အလုံးစုံ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

တွေးကြည့်လျှင် ရယ်စရာပင် ကောင်းလှသေးသည်။ ဧကရာဇ်ဟောင်းကို လူတစ်ပိုင်း နတ်တစ်ပိုင်း အဖြစ် ဖန်တီးခဲ့သည်မှာ ယွင်ကျုံးဟဲ့ပင် ဖြစ်ပြီး ဧကရာဇ်ဟောင်းကို နတ်ဘုရားဆန်ဆန် ဖြစ်လာစေရန် ဖန်တီးခဲ့မှု အားလုံးမှာ ယွင်ကျုံးဟဲ့၏ လက်ရာများသာ ဖြစ်သည်။

ထို့နောက် ယွင်ကျုံးဟဲ့ကို ထပ်မံ အကျယ်ချုပ် ချထားလိုက်ပြန်၏။

လဝက်ခန့် အကြာတွင် ယန်ဖြန်ရှန် ထပ်မံ ရောက်ရှိလာပြီး ယွင်ကျုံးဟဲ့အား ပြောလိုက်သည်။ “သွားမယ်။”

ယွင်ကျုံးဟဲ့သည် ရထားလုံးပေါ်သို့ တက်ကာ ဟေးပင်းထိုင် တပ်ဖွဲ့တစ်ခုနှင့်အတူ မြို့တော်မှ ထွက်ခွာပြီး မြောက်ဘက်သို့ ထွက်ခွာသွားခဲ့သည်။ လမ်းတစ်လျှောက်လုံးတွင် ရူးသွပ်နေသော တာ့ကျိုးပြည်သူများနှင့် ဆင်းရဲကျပ်တည်းသော ဘဝများကိုသာ မြင်တွေ့ခဲ့ရ၏။

အမှန်တကယ်တွင် တာ့ကျိုးအင်ပါယာသည် အဆုံးစွန်ထိ တောင့်ခံထားရပြီဖြစ်ကြောင်း ယွင်ကျုံးဟဲ့ သိရှိနေ၏။ ဤစစ်ပွဲကြီးကို ဆင်နွှဲရန်အတွက် နိုင်ငံ၏ အင်အားများကို ရူးသွပ်စွာ ထုတ်ယူအသုံးပြုထားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတစ်ခုလုံးက အားတက်ဆေးများကို အသက်လု ထိုးသွင်းကာ အတင်းအကျပ် တောင့်ခံထားရသည်နှင့် တူ၏။

ယခု တာ့ကျိုးအင်ပါယာက အမြဲတမ်း အောင်ပွဲခံနေသောကြောင့် ပြည်သူသန်းပေါင်းများစွာက တက်ကြွပြီး ဂုဏ်ယူနေကြခြင်း ဖြစ်၏။ အကယ်၍ ရှုံးနိမ့်သွားပါက နောက်ဆက်တွဲ ရလဒ်မှာ တွေးကြည့်၍ပင် မရနိုင်ဘဲ တိုက်ရိုက် ပြိုကျပျက်စီးသွားပေလိမ့်မည်။

သို့ပေမည့် လူတိုင်း၏ စိတ်ထဲတွင် တာ့ကျိုးအင်ပါယာ ရှုံးနိမ့်နိုင်စရာ အကြောင်းမရှိတော့ပေ။ အရေးအကြီးဆုံး လေခွင်းမြို့ စစ်ပွဲကြီးတွင် အနိုင်ရရှိခဲ့ပြီဖြစ်ရာ တာယင်အင်ပါယာမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

နောက်ဆက်တွဲအနေဖြင့် တာ့ကျိုး၏ စစ်သည်သန်းပေါင်းများစွာက တာယင်အင်ပါယာအတွင်းသို့ လေဆင်နှာမောင်းက တိမ်တိုက်များကို သိမ်းကြုံးသွားသကဲ့သို့ ဝင်ရောက်တိုက်ခိုက်ကြမှာ ဖြစ်၏။

လွှမ်းမိုးနိုင်စွမ်းအတွက် စွန့်လွှတ်အနစ်နာခံမှု အားလုံးမှာ တန်ဖိုးရှိ၏။ အဆုံးအစမရှိ များပြားလှသော တပ်ဖွဲ့များက မြောက်ဘက်သို့ အဆက်မပြတ် ချီတက်နေကြသည်။

ပိုင်ရှင်မဲ့နယ်မြေရှိ စစ်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီး နှစ်ဖက်စလုံးက ကြီးမားသော ပေးဆပ်မှုများကို ပြုလုပ်ခဲ့ရ၏။

တာ့ကျိုးအင်ပါယာဘက်မှ လူသိန်းနှင့်ချီ၍ ကျဆုံးသွားခဲ့ရာ တပ်ဖွဲ့အတွင်းသို့ စစ်သည်သစ် အမြောက်အမြား ဝင်ရောက်ရန် လိုအပ်နေသည်။

မြောက်ဘက်သို့ ချီတက်ရာ လမ်းတစ်လျှောက်လုံးတွင် မြင်တွေ့ရသည်မှာ ပျက်စီးယိုယွင်းမှုများသာ ဖြစ်သည်။ အထူးသဖြင့် စစ်ပွဲကြီးကို ဖြတ်သန်းခဲ့ရသော ပိုင်ရှင်မဲ့နယ်မြေမှာ အပျက်အစီးများ၊ ရုပ်အလောင်းများဖြင့်သာ ပြည့်နှက်နေခဲ့၏။

မိုင်ရာချီသည့်အထိ လူသူအရိပ်အယောင် မတွေ့ရဘဲ စစ်ပွဲ၏ ပြင်းထန်ရက်စက်မှုကို သိသာစေသည်။

…………….

All Chapters