အခန်း ၆၃၄
Vol. 54 Ch. 634
အပိုင်း (၆၃၄)
ရက်နှစ်ဆယ်ကျော် ကြာပြီးနောက် ရင်းနှီးသော်လည်း စိမ်းသက်နေသော မြို့တစ်မြို့ ယွင်ကျုံးဟဲ့ ရှေ့တွင်ပေါ်လာ၏။
လေခွင်းမြို့ နေရာအနှံ့အပြားတွင် ပျက်စီးနေသော တံတိုင်းများ၊ သွေးအိုင်များနှင့် ယမ်းများဖြင့် ဖောက်ခွဲခံထားရသော အရာများသာ ရှိနေသည်။
ယန်ဖြန်ရှန်က ပြောလိုက်၏။ “ယွင်ကျုံးဟဲ့... အဲဒီနှစ်က လေခွင်းမြို့မှာပဲ ခင်ဗျားက ကျုပ်တို့ကို သေစေနိုင်တဲ့ တိုက်ခိုက်မှု လုပ်ခဲ့ပြီး တာ့ကျိုးအင်ပါယာကို ရှုံးနိမ့်စေခဲ့တယ်။ ကျုပ်ကိုလည်း ရှုံးနိမ့်စေခဲ့တယ်။ အခုတော့ ဒီလေခွင်းမြို့က တာ့ကျိုးအင်ပါယာရဲ့ လက်ထဲကို ရောက်သွားခဲ့ပြီ။”
ယွင်ကျုံးဟဲ့ မျက်လုံးများ ကျဉ်းမြောင်းသွား၏။ လေခွင်းမြို့ အနှံ့အပြားတွင် တာ့ကျိုးအင်ပါယာ၏ အလံများ လွှင့်ထူထားပြီး တာ့ကျိုးအင်ပါယာ၏ တပ်ဖွဲ့များဖြင့်သာ ပြည့်နှက်နေ၏။ အမှန်တကယ်ပင် မြို့ရိုးပေါ်ရှိ အလံများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ကျင်းမိသားစုမှ တာယင်အင်ပါယာ၊ ထိုမှတစ်ဆင့် တာ့ကျိုးအင်ပါယာအထိ ဤမြို့သည် သခင်သုံးယောက် ပြောင်းလဲခဲ့ပြီ ဖြစ်၏။
ယန်ဖြန်ရှန်က ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... လမင်းမီးကို ခင်ဗျားက ဖန်တီးခဲ့တာပေမယ့် တာ့ကျိုး အင်ပါယာက အသုံးချပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့တယ်။ လမင်းမီး အမြောက်အမြားသာ မရှိရင် လေခွင်းမြို့လည်း ကျဆုံးမှာ မဟုတ်သလို ခင်ဗျားရဲ့ တာယင်အင်ပါယာလည်း စစ်ရှုံးမှာ မဟုတ်ဘူး။
အဲဒါကြောင့် ကံကြမ္မာဆိုတာ တကယ် နောက်ပြောင်တတ်တာပဲ။ တာယင်အင်ပါယာက ပိုင်ရှင်မဲ့နယ်မြေကို ခုနစ်နှစ်တိုင်တိုင် အုပ်ချုပ်ခဲ့ပေမယ့် အခုတော့ နှစ်ဝက်ကျော်လေး အတွင်းမှာပဲ အားလုံးကို ဆုံးရှုံးလိုက်ရပြီ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ယန်ဖြန်ရှန်... ကျုပ်တို့ ဘယ်ကို သွားမှာလဲ။”
ယန်ဖြန်ရှန်က ပြန်ဖြေလိုက်သည်။ “ခင်ဗျားရဲ့ ဇာတိကို သွားမှာလေ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကျုပ် ဇာတိက ဘယ်မှာလဲ။”
“ဟန်ရွှေမြို့ လေ။”
ယွင်ကျုံးဟဲ့မှာ ဟန်ရွှေမြို့ ဆိုသော နေရာကို မေ့လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ဤနေရာမှာ သူ ကူးပြောင်းလာပြီးနောက် ပထမဆုံး ရောက်ရှိခဲ့သော နေရာဖြစ်ပြီး ယွင်ကျုံးဟဲ့ ဆိုသည့် ခန္ဓာကိုယ် ပိုင်ရှင် ကြီးပြင်းခဲ့ရာ နေရာလည်း ဖြစ်သည်။
ရက်အနည်းငယ် ကြာပြီးနောက် ယန်ဖြန်ရှန်သည် ယွင်ကျုံးဟဲ့ကို ဟန်ရွှေမြို့သို့ ခေါ်ဆောင်လာခဲ့သည်။ ဤနေရာတွင်လည်း တာ့ကျိုးအင်ပါယာ၏ အလံများ လွှင့်ထူထားပြီး ဖြစ်၏။
ဤနေရာက တာယင်အင်ပါယာ၏နယ်မြေ ဖြစ်သည် မဟုတ်ပါလား။ ယခု ကျဆုံးသွားပြီလား။ တာ့ကျိုး အင်ပါယာ၏ တပ်တော်က တာယင်အင်ပါယာအတွင်းသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
ယန်ဖြန်ရှန်က ပြောလိုက်၏။ “တာ့ကျိုးအင်ပါယာက ဝါးခြမ်းခွဲသလို ဝင်လာနေတာပဲ။ ကျုပ်တို့တောင် နတ်ဧကရာဇ်ရဲ့ ခြေလှမ်းတွေကို မီအောင် မလိုက်နိုင်တော့ဘူး။ အခု တာ့ကျိုးအင်ပါယာက နေ့တိုင်း မြို့တွေ၊ နယ်မြေတွေကို သိမ်းပိုက်နေတယ်။”
နှစ်ရက်အကြာတွင် ယန်ဖြန်ရှန်သည် ယွင်ကျုံးဟဲ့ကို ခေါ်ကာ အဲ့ကျိုးမြို့သို့ ရောက်ရှိလာခဲ့သည်။
သို့ပေမည့် ထျန်းကျိုး နတ်ဧကရာဇ်သည် ဤနေရာတွင် မရှိပေ။ လွန်ခဲ့သော ရက်အနည်းငယ်က အဲ့ကျိုးမြို့သည်လည်း ကျဆုံးသွားခဲ့ပြီး ယခုအခါ တာ့ကျိုးအင်ပါယာ၏ အလံများ လွှင့်ထူထား၏။
ဤကာလအတွင်း နေ့စဉ်နှင့်အမျှ အောင်ပွဲသတင်းများ ဆက်တိုက် ထွက်ပေါ်နေခဲ့၏။ လေခွင်းမြို့ စစ်ပွဲတွင် ရှုံးနိမ့်သွားပြီးနောက် တာယင်အင်ပါယာသည် ခုခံနိုင်စွမ်း ကင်းမဲ့သွားသကဲ့သို့ အဆက်မပြတ် ကျဆုံးနေခဲ့သည်။
အနောက်တောင်ဘက် ခရိုင် အားလုံးမှာ မည်သည့် အားစိုက်ထုတ်မှုမှ မလိုဘဲ တစ်ခုပြီးတစ်ခု အလွယ်တကူ သိမ်းပိုက်ခံလိုက်ရ၏။
နောက်ဆုံးတွင် ယန်ဖြန်ရှန်သည် ယွင်ကျုံးဟဲ့ကို နေရာအနှံ ခေါ်သွားခြင်းကို ရပ်တန့်လိုက်၏။ တောင်ထိပ်သို့ ရောက်ချိန်မှာတော့ အောက်ဘက်သို့ လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ “နတ်ဧကရာဇ်မင်းမြတ်က ဒီမှာ ရှိတယ်။”
ချက်ချင်းပဲ ယွင်ကျုံးဟဲ့မှာ အသက်ရှူမှားသွားခဲ့သည်။ လွန်စွာ အံ့မခန်း ခမ်းနားလှသော မြင်ကွင်းကြီးက သူ၏ မျက်စိရှေ့တွင်ပေါ်လာ၏။
ဤနေရာမှာ ရှုံးကျိုးမြို့ ဖြစ်၏။ တာယင်အင်ပါယာ၏ အဓိက မြို့ကြီးလေးခုထဲမှ တစ်ခုဖြစ်ပြီး တာ့ကျိုး အင်ပါယာ၏ ကျင်းကျိုးမြို့နှင့် တန်းတူဖြစ်သည်။
ရှုံးကျိုးမြို့သည် တာယင်အင်ပါယာ အနောက်တောင်ပြည်နယ်၏ မြို့တော်ဖြစ်ပြီး လူဦးရေ တစ်သန်းကျော် နေထိုင်သည့် ဧရာမ မြို့ကြီးတစ်မြို့ ဖြစ်ကာ ပိုင်ရှင်မဲ့နယ်မြေနှင့် မိုင်ငါးရာခန့် ကွာဝေး၏။
ဤရှုံးကျိုးမြို့သည် စစ်ပွဲကြီး နှစ်ခုကြားတွင် ရှိနေသော်လည်း မြေမျက်နှာသွင်ပြင်မှာ လွင်ပြင်ကျယ်ကြီး ဖြစ်၏။ ဧရာမ မြို့ကြီး၏ မြို့ရိုးအရှည်မှာ မိုင်တစ်ရာနီးပါး ရှိပြီး အမြင့် မီတာနှစ်ဆယ် ရှိကာ သားရဲကြီး တစ်ကောင် ဝပ်နေသကဲ့သို့ ရှိသည်။
ဤနိုင်ငံတစ်ခုလုံး ပါဝင်သော စစ်ပွဲကြီးတွင် တာ့ကျိုးအင်ပါယာ၏ အဓိက စခန်းမှာ ကျင်းကျိုးမြို့တွင် ရှိပြီး တာယင်အင်ပါယာ၏ အဓိက စခန်းမှာ ရှုံးကျိုးမြို့တွင် ရှိ၏။
ရှုံးကျိုးမြို့သာ ကျဆုံးသွားပါက တာယင်အင်ပါယာ အမေနယ်မြေ၏ လေးပုံတစ်ပုံကို ကာကွယ်နိုင်တော့မည် မဟုတ်ဘဲ အားလုံး ကျဆုံးသွားမှာဖြစ်သည်။
ထိုအရာက နိုင်ငံပျက်သုဉ်းမည့် အန္တရာယ် အစစ်အမှန် ဖြစ်သည်။ သို့ပေမည့် ယခုအချိန်တွင် ရှုံးကျိုးမြို့ထက် ပိုမို အံ့ဩဖွယ်ကောင်းနေသည်မှာ တာ့ကျိုးအင်ပါယာ၏ တပ်တော် ဖြစ်၏။
ရှုံးကျိုးမြို့၏ တောင်ဘက်ရှိ ဧရာမ မြေပြန့်လွင်ပြင်ကြီးပေါ်တွင် ကီလိုမီတာ ဆယ်နှင့်ချီ၍ တပ်ဖွဲ့များနှင့် စစ်စခန်းများ ပြည့်နှက်နေ၏။ သောင်းနှင့်ချီသော တဲများက အဆုံးအစမရှိ များပြားလှသည်။
စစ်သည် သိန်းပေါင်းများစွာက မြို့ရိုးအောက်သို့ ချဉ်းကပ်လာနေကြပြီး မြို့ရိုးဖျက် ဒူးလေးကြီးများ၊ ကျောက်ခဲပစ်စက်များမှာလည်း မရေမတွက်နိုင်အောင် ရှိနေ၏။
လက်မှုပညာရှင် သောင်းနှင့်ချီ၍ မြေကွက်လပ်ပေါ်တွင် လွန်စွာ ကြီးမားသော စင်မြင့်ကြီး တစ်ခုကို တည်ဆောက်နေကြသည်။ ဤစင်မြင့်ကြီးမှာ လှေကားထစ် ကိုးဆယ့်ကိုးထစ် ပါဝင်ပြီး အမြင့် မီတာငါးဆယ်ကျော် ရှိကာ ပိရမစ်ကြီး တစ်ခုနှင့် တူသည်။
ဤအရာကို ထျန်းကျိုး နတ်ဧကရာဇ်အတွက် တည်ဆောက်ထားခြင်း ဖြစ်၏။ စစ်ပွဲစတင်ချိန်မှာတော့ နတ်ဧကရာဇ်သည် ဤစင်မြင့်ကြီးပေါ်တွင် ရပ်ကာ ကွပ်ကဲမည်ဖြစ်ပြီး တာ့ကျိုး စစ်သည်သိန်းပေါင်းများစွာက သူ၏ ပုံရိပ်ကို မြင်တွေ့ရမှာဖြစ်၏။
ယန်ဖြန်ရှန်က အေးစက်စက် ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... ရှုံးကျိုးမြို့သာ ကျဆုံးသွားရင် တာယင်အင်ပါယာလည်း နိုင်ငံပျက်သုဉ်းရမယ့် အန္တရာယ်နဲ့ ကြုံတွေ့ရတော့မှာပဲ။”
ထိုအချိန်တွင် စစ်သူကြီးတစ်ဦး ရှေ့ထွက်လာကာ ပြောလိုက်၏။ “နတ်ဧကရာဇ်မင်းမြတ်ဆီက အမိန့်တော် ထွက်လာတယ်။ အောက်ကော်ကုန်းကို ဝင်ရောက် ဖူးမြော်ခိုင်းတယ်။”
ယန်ဖြန်ရှန်က ပြန်ဖြေလိုက်သည်။ “အမိန့်တော်အတိုင်း နာခံပါ့မယ်။”
ထို့နောက် သူသည် ယွင်ကျုံးဟဲ့ကို ခေါ်ကာ တောင်ပေါ်မှ ဆင်းပြီး စစ်စခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့၏။
တောင်ထိပ်မှ လှမ်းကြည့်စဉ်ကပင် ဤစစ်စခန်းမှာ အဆုံးအစမရှိ များပြားနေခဲ့ရာ စစ်စခန်းအတွင်းသို့ ဝင်ရောက်သွားချိန်မှာတော့ ဧရာမ သတ္တဝါကြီးတစ်ကောင်ထဲ ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။
ထျန်းကျိုး နတ်ဧကရာဇ်၏ တဲနန်းတော် ရှေ့သို့ ရောက်သွားချိန်မှာတော့ ယန်ဖြန်ရှန်က အပြင်ဘက်မှ သတင်းပို့လိုက်၏။ “နတ်ဧကရာဇ်မင်းမြတ်ကို လျှောက်တင်ပါတယ်။ အောက်ကော်ကုန်း ရောက်လာပါပြီ။”
“ဝင်ခဲ့။”
ယွင်ကျုံးဟဲ့ ဝင်ရောက်သွားချိန်မှာတော့ ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ ထျန်းကျိုး နတ်ဧကရာဇ် မဟုတ်ဘဲ မင်းသမီး ရှန်းရှန်း ဖြစ်၏။ သူမ၏ မျက်နှာလေးမှာ ဖြူရော်နေဆဲဖြစ်ပြီး စောင်းတီးနေ၏။ ယွင်ကျုံးဟဲ့ကို မြင်ချိန်မှာတော့ ချိုသာစွာ ပြုံးပြလိုက်သည်။
ဤမိန်းကလေးမှာ ငရဲပြည်တွင် ရောက်နေလျှင်တောင် မျက်နှာပေါ်တွင် အပြုံးများ တပ်ဆင်ထားကာ နေရောင်ခြည်ကို ကြိုးစား ဖက်တွယ်ထားမည့်သူမျိုး ဖြစ်၏။
ယွင်ကျုံးဟဲ့သည် မင်းသမီး ရှန်းရှန်းဆီသို့ လျှောက်သွားလိုက်သည်။
“အောက်ယွီ... ကလေး... နောက်ဆုံးတော့ မင်း ရောက်လာပြီပဲ။” ထျန်းကျိုး နတ်ဧကရာဇ်က လှည့်လာကာ ခမ်းနားထည်ဝါသော ခြေလှမ်းများဖြင့် လျှောက်လာပြီး ယွင်ကျုံးဟဲ့၏ ပခုံးနှစ်ဖက်ကို ကိုင်ကာ အထက်အောက် ကြည့်လိုက်၏။
ငါးနှစ် ကြာပြီးနောက် ယွင်ကျုံးဟဲ့သည် ဧကရာဇ်ဟောင်းကို ထပ်မံ မြင်တွေ့ရချိန်မှာတော့ မမှတ်မိလုနီးပါး ဖြစ်သွားခဲ့သည်။
အမှန်တကယ် ပြန်လည် နုပျိုသွားသည်လား။ ဆံပင်များ အားလုံး အမည်းရောင် ပြောင်းသွားပြီး အရေးအကြောင်း တစ်ခုမှ မရှိတော့ပေ။ ထိုစဉ်က ဧကရာဇ် ဝမ်ယွင်ထက်ပင် ပိုမို နုပျိုနေသေး၏။
ထို့အပြင် တစ်ကိုယ်လုံးမှ အားကောင်းပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်နေကာ မည်သူ့ကိုမဆို လွှမ်းမိုးနိုင်စွမ်း ရှိလို့နေ၏။ ခန့်ညားသော မျက်နှာပေါ်တွင် ဩဇာအာဏာနှင့် ရင်းနှီးကျွမ်းဝင်မှုများ ပြည့်နှက်နေသည်။
ထျန်းကျိုး နတ်ဧကရာဇ်က မေတ္တာအပြည့်ပါသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်၏။ “ကလေး... ပိန်သွားတယ်နော်။ မင်းက တကယ် ရက်စက်တာပဲ။ မီတျဲ ချိုင့်ဝှမ်းမှာ နေလိုက်တာ ငါးနှစ်တောင် ရှိပြီ။ အဘိုးကို ဂရုမစိုက်ရင်တောင် ရှန်ရှန်းကိုတော့ ဂရုစိုက်သင့်တယ် မဟုတ်လား။ သူက မင်းရဲ့ မိန်းမလေ။”
ယွင်ကျုံးဟဲ့က အရိုအသေပေးကာ ပြောလိုက်သည်။ “နတ်ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်။”
“ကောင်းပြီ။ ကောင်းပြီ။”
ထျန်းကျိုး နတ်ဧကရာဇ်က ယွင်ကျုံးဟဲ့၏ လက်ကို ဆွဲကာ ရင်းနှီးစွာ ပြောလိုက်၏။ “ပြန်ရောက်လာတာ ကောင်းတာပေါ့။ နောက်ဆို မင်းတို့ လင်မယားလည်း အတူတူ နေလို့ ရပြီ။ ကျုပ်တို့ အဘိုးမြေးလည်း အတူတူ နေလို့ ရပြီ။ မင်းရဲ့အစ်ကို ကျိုးလီရော နေကောင်းရဲ့လား။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “သူက မီတျဲ ချိုင့်ဝှမ်းမှာ ဆေးကုသမှု ခံယူနေတုန်းပါပဲ။ သတိမရလာသေးပေမယ့် အသက်အန္တရာယ်တော့ မရှိပါဘူး။”
သူကလည်း မျက်လုံးဖွင့်လျက် လိမ်ညာပြောဆိုနေပြီး မီတျဲ ချိုင့်ဝှမ်းတွင် ငါးနှစ်တိုင်တိုင် တကယ် နေခဲ့ရသကဲ့သို့ ပြုမူနေ၏။
ထျန်းကျိုး နတ်ဧကရာဇ်က ပြောလိုက်သည်။ “သနားစရာကောင်းတဲ့ ကလေးပါလား။ တော်သေးတာပေါ့ မင်းလို ကလေး လိမ္မာလေး ရှိနေသေးလို့။ နောက်ဆို အဘိုး အနားကနေ ထွက်မသွားနဲ့တော့နော်။ အဘိုးလည်း အသက်ကြီးနေပြီဆိုတော့ မင်းတို့လို ကလေး လိမ္မာလေးတွေ အနားမှာ ရှိနေဖို့ လိုတယ်။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ဟုတ်ကဲ့ပါ အရှင်မင်းမြတ်။”
ထျန်းကျိုး နတ်ဧကရာဇ်က ဆက်ပြောလိုက်သည်။ “မနက်ဖြန် ကျုပ်တို့ ရှုံးကျိုးမြို့ကို ဝင်တိုက်မယ်။ ဒါက တာယင်အင်ပါယာနဲ့ နောက်ဆုံး အဆုံးအဖြတ် စစ်ပွဲကြီး ဖြစ်လိမ့်မယ်။ တာယင် ဧကရာဇ်လည်း ရောက်နေတယ်။ မနက်ဖြန် အဆုံးအဖြတ် စစ်ပွဲကျရင် မင်းက အဘိုးနားမှာပဲ နေပါ။”
ယွင်ကျုံးဟဲ့က အရိုအသေပေးလိုက်၏။ “အမိန့်တော်အတိုင်း နာခံပါ့မယ်။”
……………
ရှုံးကျိုးမြို့၊ မြို့ဝန်အိမ်တော်အတွင်း…
ဧရာမ သဲပုံစံငယ်တစ်ခုကို ခန်းမအလယ်တွင် ချထားသည်။
တာယင်အင်ပါယာ ဧကရာဇ်၊ ဆူမီယွမ်မှ လူနှစ်ဦး၊ စစ်သေနာပတိ သုံးဦးနှင့် ဟေးလုံထိုင် ခေါင်းဆောင် ကုန်းဆွန်းယန်တို့ အားလုံး ထိုနေရာတွင် ရှိနေကြ၏။
သို့ပေမည့် လွန်ခဲ့သော ကိုးနှစ်က ပိုင်ရှင်မဲ့နယ်မြေ စစ်ပွဲတွင် ပါဝင်ခဲ့သော နာမည်ကျော် စစ်သူကြီးများ၊ စတုတ္ထမင်းသား ယင်ချွဲ့ နောက်သို့ လိုက်ပါသွားသော စစ်သူကြီးများကား ထိုနေရာတွင် မရှိကြပေ။
ဧကရာဇ်က ကြီးမားသော သဲပုံစံငယ်ကို ငေးကြည့်ရင်းတွေဝေနေ၏။ ထို့နောက် ဧကရာဇ်က မေးလိုက်သည်။ “ဒီစစ်ပွဲကို ဆင်နွှဲနေတာ တစ်နှစ်နီးပါး ရှိနေပြီ။ ကျုပ်တို့ဘက်က ဘယ်လောက်ကျဆုံးပြီး တာ့ကျိုးဘက်က ဘယ်လောက်ကျဆုံးသလဲ။”
ကုန်းဆွန်းယန်က ပြန်ဖြေ၏။ “ကျုပ်တို့ဘက်က သုံးသိန်းခွဲ ကျဆုံးပြီး တာ့ကျိုးဘက်က ငါးသိန်းခွဲ ကျဆုံးပါတယ်။”
တချို့အချိန်များတွင် အနိုင်အရှုံးနှင့် ကျဆုံးသူ အရေအတွက်မှာ တိုက်ရိုက်ပတ်သက်မှု မရှိတတ်ပေ။
လွန်ခဲ့သော ကိုးနှစ်က ပိုင်ရှင်မဲ့နယ်မြေ စစ်ပွဲတွင် တာယင်အင်ပါယာသည် သုံးသိန်းခန့် ကျဆုံးပြီး တာ့ကျိုး အင်ပါယာသည် လေးသိန်းခန့် ကျဆုံးခဲ့၏။ ရလဒ်အနေဖြင့် တာယင်အင်ပါယာက အပြတ်အသတ် အနိုင်ရကာ ပိုင်ရှင်မဲ့နယ်မြေတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။
ယခုတစ်ကြိမ်တွင်လည်း တာယင်အင်ပါယာက သုံးသိန်းခွဲ ကျဆုံးပြီး တာ့ကျိုးက ငါးသိန်းကျော် ကျဆုံးခဲ့သော်လည်း တာယင်အင်ပါယာက ပိုင်ရှင်မဲ့နယ်မြေတစ်ခုလုံးကို လက်လွှတ်လိုက်ရကာ စစ်ပွဲကြီး အကြိမ်ကြိမ် ရှုံးနိမ့်နေခဲ့ပြီ ဖြစ်၏။
ဧကရာဇ်က ထပ်မေးလိုက်သည်။ “သတင်းတွေအရ တာ့ကျိုးအင်ပါယာမှာ စစ်သည် ဘယ်လောက် ကျန်သေးသလဲ”
ကုန်းဆွန်းယန်က ဖြေလိုက်၏။ “အများကြီး ကျန်ပါသေးတယ်။ ကျုပ်တို့ဆီမှာ ကျန်တဲ့ စစ်သည်ထက် နှစ်သိန်း၊ သုံးသိန်းလောက် ပိုများနေတယ်။”
ဤသည်မှာ စစ်ဝါဒီနိုင်ငံတစ်ခု၏ အားသာချက် ဖြစ်သလို၊ ထျန်းကျိုး နတ်ဧကရာဇ် ယူဆောင်လာသော စွမ်းအားလည်း ဖြစ်သည်။
ပြည်သူများက ရူးသွပ်စွာ ယုံကြည်ကြပြီး စစ်တပ်အတွက် အစွမ်းကုန် ထောက်ပံ့ပေးကြကာ မရေမတွက် နိုင်သော ပြည်သူများက စစ်တပ်ထဲသို့ ဝင်ရောက်လာကြ၏။
အင်ပါယာကြီး နှစ်ခု၏ အကျယ်အဝန်းမှာ မတိမ်းမယိမ်း ဖြစ်ပြီး နိုင်ငံတော်အင်အားအရ တာယင်အင်ပါယာက အနည်းငယ် ပိုအားကောင်းသော်လည်း တာ့ကျိုးအင်ပါယာ၏ စစ်သည်အရေအတွက်က တာယင်ထက် ခြောက်ဆယ် ရာခိုင်နှုန်းခန့် ပိုများနေသည်။
လေခွင်းမြို့ စစ်ပွဲ မတိုင်မီက တာယင်အင်ပါယာ နန်းတွင်း၌ ဧကရာဇ်ကို ဝေဖန်သည့် အသံများ ရှိခဲ့သည်။ မည်သည့်အတွက်ကြောင့် စစ်ပွဲကို စောစောမစခဲ့သနည်း၊ မည်သည့်အတွက်ကြောင့် တာ့ကျိုးအင်ပါယာ အားကောင်းလာသည်အထိ စောင့်နေရသနည်း ဟူ၍ပင်။
သို့ပေမည့် လေခွင်းမြို့ စစ်ပွဲ ပြီးဆုံးသွားပြီးနောက် ထိုဝေဖန်သံများ ပျောက်ကွယ်သွားခဲ့သည်။ အကြောင်းမှာ တာ့ကျိုးအင်ပါယာ စစ်တပ်များက တာယင်အင်ပါယာ နယ်နိမိတ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာပြီ ဖြစ်သောကြောင့်ပင်။ ယခုအချိန်တွင် ညီညွတ်မှု မရှိပါက နိုင်ငံ ပျက်သုဉ်းသွားပေလိမ့်မည်။