အခန်း ၆၃၅
Vol. 54 Ch. 635
အပိုင်း (၆၃၅)
စစ်သေနာပတိ တစ်ဦးက ပြောလိုက်၏။ “တာ့ကျိုးအင်ပါယာရဲ့ အဓိက တပ်မကြီးက အကျအဆုံး များလွန်းလို့ ကျန်နေတဲ့ စစ်တပ်တွေက စစ်သည်သစ်တွေ များတယ်။ ဒါပေမဲ့ သူတို့ရဲ့ သွေးစွန်းတပ်ဖွဲ့နဲ့ စစ်သည်သစ်တွေက အရမ်း အားကောင်းလွန်းနေတယ်။
သူတို့ဆီမှာ မကုန်ခမ်းနိုင်တဲ့ လမင်းမီးတွေ ရှိနေတာက ကျုပ်တို့ သုံးကြိမ်တိုင်တိုင် ရှုံးနိမ့်ရခြင်းရဲ့ အဓိက အကြောင်းရင်းပါပဲ။ အင်ပါယာနှစ်ခုရဲ့ စစ်တပ် စွမ်းရည်ကို နှိုင်းယှဉ်ရင် သူတို့က ကျုပ်တို့ကို မယှဉ်နိုင်ဘူး။”
စစ်သူကြီးတစ်ဦးက အံကြိတ်ကာ ပြောလိုက်သည်။ “အရှက်မဲ့တဲ့ ထျန်းကျိုး ဧကရာဇ်က ကျုပ်တို့ အရှေ့ပိုင်း အင်ပါယာကို သစ္စာဖောက်ပြီး ပိုင်ယင်မြို့ကို အရှေ့ပိုင်းဆီ ခေါ်သွင်းလာခဲ့တယ်။ နုဧကရာဇ်ရဲ့ အကြွင်းအကျန်တွေကို ပြန်လည် ရှင်သန်ခွင့် ပေးလိုက်တာဟာ အင်မတန် ကြီးလေးတဲ့ အပြစ်ပဲ။ သူက ကျုပ်တို့ အရှေ့ပိုင်း ယဉ်ကျေးမှုကို ဖျက်ဆီးပစ်ချင်နေတာ… ဒါကြောင့် ဒီစစ်ပွဲက တရားမျှတမှုအတွက် တိုက်ခိုက်တဲ့ စစ်ပွဲပဲ။”
ဧကရာဇ်က လက်ကာပြလိုက်၏။ “ဒီလိုကိစ္စမျိုးက စစ်နိုင်မှသာ တာ့ကျိုးကို အပြစ်တင်လို့ရမှာ… အကယ်၍ ရှုံးသွားခဲ့ရင်တော့ ရှုံးနိမ့်သူရဲ့ အူသံလို့ပဲ သတ်မှတ်ခံရလိမ့်မယ်။”
ထို့နောက် တာယင် ဧကရာဇ်က ထပ်မေးလိုက်သည်။ “ဒါဆိုရင် အခုအချိန်မှာ တာ့ကျိုးရဲ့ နိုင်ငံတော် ဘဏ္ဍာတိုက်နဲ့ ရိက္ခာ အခြေအနေက ဘယ်လိုရှိသလဲ”
ကုန်းဆွန်းယန်က တင်ပြလိုက်၏။ “ထျန်းကျိုး ဧကရာဇ်ရဲ့ မူဝါဒသစ်တွေကြောင့် တာ့ကျိုးရဲ့ ဘဏ္ဍာတိုက် အခြေအနေ နည်းနည်း ကောင်းလာပေမယ့် ကျုပ်တို့ တာယင်အင်ပါယာကိုတော့ ဘယ်လိုမှ မယှဉ်နိုင်ဘူး။ ဒါကြောင့် သူတို့က နိုင်ငံတော်အင်အားကို ကြိုတင် သုံးစွဲနေရပြီး ပြည်သူတွေရဲ့ ဘဝက အလွန် ဆင်းရဲကျပ်တည်းနေတယ်။ သူတို့က ထျန်းကျိုး ဧကရာဇ်အပေါ် ထားရှိတဲ့ ယုံကြည်မှုနဲ့ စိတ်ဓာတ်ခွန်အား အပေါ်မှာပဲ ရပ်တည်နေကြတာပါ။”
တာယင် ဧကရာဇ်က မေးလိုက်သည်။ “ကျုပ်တို့ တာယင်ကကော…”
ကုန်းဆွန်းယန်က ဖြေလိုက်၏။ “ကျုပ်တို့ ဘဏ္ဍာတိုက်ထဲက ငွေတွေ၊ ရိက္ခာတွေလည်း အများကြီး ကုန်နေပါပြီ။ ဒါပေမဲ့ နောက်ထပ် တစ်နှစ်လောက် ဆက်တောင့်ခံထားဖို့တော့ ပြဿနာ မရှိပါဘူး။”
တာယင် ဧကရာဇ်၏ အကြည့်များက သဲပုံစံငယ်ပေါ်သို့ ကျရောက်သွား၏။ ဤသဲပုံစံငယ်မှာ အလွန် တိကျလှပြီး တစ်ဖက်ရှိ တောင်တန်းများမှ ရှုံးကျိုးမြို့အထိ ရှင်းလင်းစွာ မြင်တွေ့နေရသည်။
ရှုံးကျိုးမြို့ မြောက်ဘက် မိုင်နှစ်ဆယ်အကွာတွင် ဟွန်းမြစ် တစ်စင်း ရှိသည်။ ထိုမြစ်မှာ လောကတွင် တတိယမြောက် အကြီးဆုံးမြစ်ဖြစ်ပြီး ထျန်းကျန်းမြစ်နှင့် နုမြစ်တို့၏ နောက်တွင် ရှိ၏။
ထိုဟွန်းမြစ်ကို ရှုံးမြစ် ဟုလည်း ခေါ်ဆိုကြပြီး ရှုံးကျိုးမြို့မှာ ဤမြစ်ကို အစွဲပြု၍ နာမည်ပေးထားခြင်း ဖြစ်၏။ ဤဟွန်းမြစ်မှာ နုမြစ်ကဲ့သို့ ကြမ်းတမ်းခြင်း မရှိဘဲ အလွန် အေးချမ်းတည်ငြိမ်ကာ ယဉ်ပါးသော မြစ်တစ်စင်း ဖြစ်သည်။
သမိုင်းမှတ်တမ်းများအရ ရေကြီးမှု ဖြစ်ပွားခဲ့သည့် အကြိမ်ရေ အလွန် နည်းပါးပြီး အထူးသဖြင့် ရှုံးကျိုးမြို့တွင် ရေကြီးမှု တစ်ကြိမ်မှ မဖြစ်ခဲ့ဖူးပေ။
ထို့အပြင် ဤလပိုင်းများအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်း မရှိသောကြောင့် ဟွန်းမြစ်၏ ရေစီးကြောင်းမှာလည်း မကြမ်းတမ်းလှပေ။ ဤမြစ်၏ အကျယ်ဆုံး နေရာမှာ မီတာ နှစ်ရာ သုံးရာခန့် ရှိပြီး အကျဉ်းဆုံး နေရာမှာ မီတာ အနည်းငယ်သာ ရှိ၏။
အတိတ်ကာလများတစ်လျှောက် လူအများစုက ဤဟွန်းမြစ်သည် မည်သည့် အန္တရာယ်မှ မရှိနိုင်ဟု ထင်မှတ် ခဲ့ကြ၏။ ယွင်ကျုံးဟဲ့က မိုးပျံပူဖောင်းများကို တီထွင်ပေးလိုက်ပြီးနောက် ဟေးလုံထိုင်မှ လူများ ကောင်းကင်ပေါ်သို့ တက်ကြည့်နိုင်ချိန်မှသာ အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
အမှန်တကယ်တော့ ရှုံးကျိုးမြို့၏ မြေမျက်နှာပြင်မှာ အလွန် နိမ့်ကျနေသည်။ တိတိကျကျ ဆိုရလျှင် ရှုံးကျိုးမြို့ တောင်မြောက် တစ်လျှောက်ရှိ မိုင်တစ်ရာကျော် ကျယ်ဝန်းသော မြေနိမ့်ပိုင်းသည် ဟွန်းမြစ်ထက် များစွာ နိမ့်ကျနေ၏။
ဤလောကတွင် ပင်လယ်ရေမျက်နှာပြင် အမြင့်ဟူသော သဘောတရား မရှိပေ။
ထို့အပြင် ရှုံးကျိုးမြို့နှင့် ဟွန်းမြစ်ကြားတွင် မိုင်ပေါင်းများစွာ ကွာဝေးပြီး နှစ်ရာပေါင်းများစွာတိုင် ဟွန်းမြစ်ရေက တည်ငြိမ်နေခဲ့ကာ ရေဘေးအန္တရာယ် မကျရောက်ခဲ့သောကြောင့် လူတိုင်းက ဤမြစ်ကို အထင်သေးခဲ့ကြသည်။
သို့ပေမည့် ကောင်းကင် အမြင့်ပိုင်းမှ ကြည့်လိုက်ချိန်မှာတော့ ကြက်သီးမွေးညင်း ထသွားစေခဲ့၏။
အကြောင်းမှာ ဟွန်းမြစ်ရေသည် ရှုံးကျိုးမြို့၏ ခေါင်းပေါ်တွင် တွဲလွဲဆွဲထားသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။ ဟွန်းမြစ်၏ ဆည်ကို ဖောက်ချလိုက်ပြီး ဆည်တောင်ဘက်ရှိ တောင်ကုန်းများကိုပါ ဖြိုချလိုက်မည် ဆိုပါက ဟွန်းမြစ်၏ ရေစီးကြောင်း ပြောင်းလဲသွားကာ ကြီးမားသော ရေလှိုင်းလုံးကြီးများက ရှုံးကျိုးမြို့ဆီသို့ အရှိန်အဟုန်ဖြင့် စီးဆင်းလာမှာဖြစ်သည်။
ယခုအချိန်တွင် ဟွန်းမြစ်ရေက ငြိမ်သက်နေသော်လည်း ရေစီးဆင်းမှု ပမာဏမှာ အလွန် ကြီးမားလှသည်။ အဘယ်ကြောင့်ဆိုသော် မီတာရာချီ ကျယ်ဝန်းသော မြစ်ကြီးဖြစ်ပြီး ရှုံးကျိုးမြို့ကလည်း မြေနိမ့်ပိုင်းတွင် ရှိနေကာ မြစ်ထက် မီတာဆယ်ချီ နိမ့်ကျနေသောကြောင့် ရေများ စီးဆင်းလာချိန်တွင် အလွန် ကြမ်းတမ်းမှာ ဖြစ်၏။
တာယင် ဧကရာဇ်က ပြောလိုက်သည်။ “ကျုပ်တို့က ဟွန်းမြစ် ရေစီးကြောင်းကို ပြောင်းလိုက်ရင် တာ့ကျိုးရဲ့ သိန်းချီတဲ့ စစ်တပ်ကို ရေလွှမ်းမိုးနိုင်မှာ မှန်ပေမယ့် ဒီမိုင်ရာချီ ကျယ်ဝန်းတဲ့ မြေနိမ့်ပိုင်းမှာရှိတဲ့ မြို့ငါးမြို့၊ ကျေးရွာ ရာပေါင်းများစွာ အားလုံး ရေမြုပ်သွားလိမ့်မယ်။ ဒါဆိုရင် ကိုယ်တော်က သမိုင်းတစ်လျှောက် အကြီးမားဆုံး အပြစ်သား ဖြစ်မသွားဘူးလား။”
ကုန်းဆွန်းယန်က ရှင်းပြလိုက်၏။ “အရှင်မင်းကြီး… ရှုံးကျိုး မြေနိမ့်ပိုင်းက အလျား မိုင်နှစ်ရာ၊ အနံ မိုင်ဆယ်ချီ ကျယ်ဝန်းတယ်။ ဟွန်းမြစ် ရေစီးကြောင်းသာ ပြောင်းသွားခဲ့ရင် တာ့ကျိုးအင်ပါယာရဲ့ အဓိက တပ်မကြီး ခြောက်သိန်းလုံး ရေမြုပ်သွားပါလိမ့်မယ်။
ကျုပ်တို့ ရှုံးကျိုး မြို့ရိုးက ပေခြောက်ဆယ် မြင့်တယ်။ မြို့တစ်ခုလုံးကို ဝန်းရံထားပြီး ရေဘေး ကာကွယ်ရေး လုပ်ငန်းတွေ အားလုံး လုပ်ဆောင်ထားပြီးသား ဖြစ်တယ်။ ဒါကြောင့် ရေကြီးလာရင် မြို့ရိုး နှစ်ဖက်ဘေးကနေ ဖြတ်စီးသွားပြီး ရန်သူတွေကိုသာ လွှမ်းမိုးသွားမှာ ဖြစ်သလို ကျုပ်တို့ စစ်တပ်ကိုတော့ ရေမမြုပ်နိုင်ဘူး။
ဒုတိယအချက်အနေနဲ့ ကျုပ်တို့က လွန်ခဲ့တဲ့ လအနည်းငယ်တည်းက ဒီဒေသမှာရှိတဲ့ ပြည်သူ အားလုံးကို ပြောင်းရွှေ့ပေးခဲ့ပြီးပါပြီ။ အခု ရှုံးကျိုးမြို့ထဲမှာ စစ်သည်အင်အား နှစ်သိန်းခွဲပဲ ရှိတယ်။ မြောက်ဘက် ဟွန်းမြစ် အထက်ပိုင်းမှာလည်း သင်္ဘော ရာပေါင်းများစွာကို အသင့်ပြင်ဆင်ထားပြီးပြီ။
တတိယအချက်က အခုဆိုရင် ငါးလပိုင်း ရောက်နေပြီ ဖြစ်လို့ ဟွန်းမြစ်ရဲ့ ရေအမှတ် အမြင့်ဆုံး အချိန် ဖြစ်တယ်။ ဆောင်းဦးပေါက် ရောက်သွားရင် ဟွန်းမြစ်ရေ နည်းသွားပြီး ရေအမှတ် ကျဆင်းသွားပါလိမ့်မယ်။ အဲဒီအချိန်ကျမှ ကျုပ်တို့က ဟွန်းမြစ်ဆည်ကို ပြန်တည်ဆောက်ပြီး ရေစီးကြောင်းကို မူလအတိုင်း ပြန်လွှဲလိုက်ရင် ရှုံးကျိုးမြို့ရဲ့ မိုင်နှစ်ရာ မြေနိမ့်ပိုင်း တစ်ခုလုံးက ပြန်လည် စိုက်ပျိုးလို့ရတဲ့ မြေဆီလွှာကောင်းတွေ ဖြစ်လာပါလိမ့်မယ်။”
စစ်သေနာပတိကလည်း ဝင်ပြောလိုက်သည်။ “အရှင်မင်းကြီး… ဒီမိုင်ရာချီ ကျယ်ဝန်းတဲ့ မြေနိမ့်ပိုင်းမှာ ပြည်သူ တစ်ယောက်မှ မရှိတော့တာ သေချာတယ်။ ကျုပ်တို့က နေရာရှင်းလင်းရေး အမည်ခံပြီး ပြည်သူ အားလုံးကို ပြောင်းရွှေ့ပေးခဲ့ပြီးပါပြီ။”
ကုန်းဆွန်းယန်က ဆက်ပြောလိုက်၏။ “အရှင်မင်းကြီး… စစ်သူကြီးချုပ် ဟူယန်နဲ့ ဒုစစ်သူကြီးချုပ် ဖုန်းရှောက်ထျန်း တို့ရဲ့ စစ်တပ် အင်အား သိန်းချီက ယွင်ကျိုးမြို့မှာ စုရုံးပြီးစီးနေပါပြီ။ ကျုပ်တို့ဘက်က စစ်ပွဲ ပြီးဆုံးသွားတာနဲ့ သူတို့က အရှိန်အဟုန်နဲ့ ဆင်းလာပြီး ပိုင်ရှင်မဲ့နယ်မြေကို တိုက်ခိုက်ပါလိမ့်မယ်။
တာ့ကျိုးရဲ့ အဓိက တပ်မကြီးကို ရေလွှမ်းမိုးခြင်းက ဒီစစ်ပွဲရဲ့ အရေးကြီးဆုံး ဗျူဟာပါပဲ။ တာ့ကျိုးရဲ့ အဓိက တပ်မကြီးကို မချေမှုန်းနိုင်ရင် ပိုင်ရှင်မဲ့နယ်မြေကို ပြန်လည် သိမ်းပိုက်ဖို့ ဆိုတာ ဖြစ်နိုင်မှာ မဟုတ်ဘူး။”
စစ်သေနာပတိက ထောက်ခံလိုက်သည်။ “အရှင်မင်းကြီး… တာ့ကျိုး သိမ်းပိုက်ထားတဲ့ မြို့တွေ အားလုံးက ရေလွှမ်းမိုးမည့် မြေနိမ့်ပိုင်းထဲမှာ ပါဝင်နေတယ်။ ဟွန်းမြစ် ရေစီးကြောင်း ပြောင်းသွားတာနဲ့ တာ့ကျိုးရဲ့ အဓိက တပ်မကြီး ပျက်စီးသွားမှာ ဖြစ်ပြီး ကျုပ်တို့ အပြတ်အသတ် အနိုင်ရရှိမှာပါ။”
သူတို့ ပြောမထွက်သော နောက်ထပ် စကားတစ်ခွန်း ကျန်ရှိနေသေးသည်။ သူတို့က မိုးပျံပူဖောင်း ဒါဇင်ပေါင်း များစွာကို အသင့် ပြင်ဆင်ထားပြီးဖြစ်ရာ ရှုံးကျိုးမြို့ထဲသို့ ရေဝင်လာခဲ့လျှင်တောင် ဧကရာဇ်မင်းမြတ်နှင့် စစ်သူကြီး အားလုံး ဘေးကင်းစွာ ထွက်ခွာနိုင်မှာဖြစ်၏။
ထို့အပြင် ဟွန်းမြစ် အထက်ပိုင်းတွင် ရေတပ် သင်္ဘောများလည်း ရှိနေသေးသည် မဟုတ်ပါလား။
တာယင် ဧကရာဇ်က မေးလိုက်၏။ “ယမ်းတွေ အားလုံး ပြင်ဆင်ပြီးပြီလား။”
ကုန်းဆွန်းယန်က ဖြေလိုက်သည်။ “အားလုံး ပြင်ဆင်ပြီးပါပြီ။ စုစုပေါင်း ပြင်းအားမြင့် ယမ်း ပေါင်လေးသိန်းကို မြှုပ်နှံပြီးစီးပြီ ဖြစ်ပြီး ဖောက်ခွဲရေးအတွက် အားလုံး အသင့် ဖြစ်နေပါပြီ။ ဟွန်းမြစ် ရေစီးကြောင်း ပြောင်းသွားအောင် ဖောက်ခွဲဖို့ လုံလောက်ပါတယ်။”
ဤအရာကို ပြုလုပ်ရန် အလွန် ကြီးမားသော သတ္တိကို လိုအပ်သည်။ လူတိုင်းက တာ့ကျိုးအင်ပါယာ၏ အဓိက တပ်မကြီးသည် ရှုံးကျိုးမြို့တွင် ရှိနေသည်ဟု ထင်မှတ်နေကြ၏။
အကြောင်းမှာ ဧကရာဇ်မင်းမြတ် ကိုယ်တိုင် စစ်မြေပြင်သို့ ထွက်လာခြင်းဖြစ်ရာ ဧကရာဇ် ကိုယ်တိုင်က ငါးစာအဖြစ် အသုံးချကာ တာ့ကျိုး၏ အဓိက တပ်မကြီးကို ရှုံးကျိုးမြို့အောက်သို့ ဆွဲဆောင်လာခြင်း ဖြစ်သည်။
ထို့အပြင် ယမ်း ပေါင်လေးသိန်းကို မြို့ကာကွယ်ရေး စစ်ပွဲတွင် အသုံးမပြုဘဲ ဆည်ကို ဖောက်ခွဲကာ မြစ်ရေစီးကြောင်း ပြောင်းလဲရန် အသုံးပြုမှာ ဖြစ်၏။
ဤအကြံအစည်မှာ အလွန်တရာ ကြီးကျယ်ခမ်းနားလှသည်။ အရေးအကြီးဆုံးအချက်မှာ ဟွန်းမြစ် တောင်ဘက်တွင် သဘာဝ မြေမျက်နှာပြင် မြင့်တက်နေသော နေရာ ရှိသောကြောင့် ဆည်ကို ဖောက်ခွဲရုံဖြင့် အလုပ် မဖြစ်ပေ။
မိုင်ဝက်ခန့် ကျယ်ဝန်းသော ထိုကုန်းစောင်းမှာ မြင့်မားသည့် သဘာဝ အတားအဆီးတစ်ခု ဖြစ်ပြီး ဤသည်မှာလည်း နှစ်ရာပေါင်းများစွာတိုင် ရှုံးမြစ်ဒေသတွင် ရေဘေး မကျရောက်ခဲ့ခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်။
ဟွန်းမြစ် ရေစီးကြောင်းကို ပြောင်းလဲနိုင်ရန် တာ့ကျိုးက လူသောင်းချီ အသုံးပြုကာ လျှို့ဝှက် တူးဖော်ခဲ့ရပြီး တစ်လကျော်ကြာ အချိန်ယူခဲ့ရ၏။
ထိုသို့ မဟုတ်ပါက ယမ်း ပေါင်သိန်းချီ အသုံးပြုရုံဖြင့် ထိုအတားအဆီးကို ဖောက်ခွဲနိုင်မည် မဟုတ်သလို ဟွန်းမြစ် ရေစီးကြောင်းကိုလည်း ပြောင်းလဲနိုင်မည် မဟုတ်ပေ။
…………….
တာ့ကျိုး စခန်းအတွင်း၌…
ထျန်းကျိုး နတ်ဧကရာဇ်က မင်းသား ကျိုးကျီ၊ မင်းသမီး ရှန်းရှန်း၊ ယွင်ကျုံးဟဲ့ တို့နှင့်အတူ အတူတကွ စားသောက်နေကြ၏။
တာ့ကျိုးတွင် သူလျှိုအဖြစ် နေထိုင်လာသည်မှာ နှစ်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယခင်က ဒုတိယမင်းသား ဖြစ်ခဲ့ပြီး ယခု ချင်ဝမ် ဘွဲ့ရရှိထားသူကို ယွင်ကျုံးဟဲ့ တွေ့မြင်ရခြင်းမှာ ယခုအကြိမ်သည် တတိယအကြိမ်သာ ဖြစ်သည်။
ထျန်းကျိုး နတ်ဧကရာဇ်က ပြောလိုက်၏။ “ကျုပ်တို့ မိသားစုတွေ ဒီလိုမျိုး အတူတကွ မစားသောက်ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ အောက်ယွီ… မင်း ကျိုးကျီကို သိပ်မတွေ့ဖူးဘူး မဟုတ်လား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “တစ်ခါမှ မတွေ့ဖူးပါဘူး။”
သူက မျက်လုံးမှိတ်ကာ လိမ်ညာပြောဆိုနေခြင်း ဖြစ်၏။
ကျိုးကျီက အလွန် ရင်းနှီးဟန်ဖြင့် မေးလိုက်သည်။ “ညီတော်ယွီ… မီတျဲ ချိုင့်ဝှမ်းမှာ ရှိနေတဲ့ ကျုပ်အစ်ကိုကြီး အခြေအနေရော ကောင်းရဲ့လား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “သတိမလည်လာသေးတာကလွဲရင် ခန္ဓာကိုယ် အခြေအနေကတော့ ကောင်းတယ်။ ကောင်းကင်ဘုံက ကရုဏာထားတဲ့အတွက် တစ်နေ့ကျရင် ယင်းချင်ဝမ် သတိလည်လာမှာပါ။”
ကျိုးကျီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “အစ်ကိုကြီး သတိမေ့နေတုန်းက ကျုပ်တို့ တာ့ကျိုးက အန္တရာယ်တွေ ဝိုင်းရံနေခဲ့တာ… အခုတော့ တစ်လောကလုံးကို တိုက်ခိုက် အောင်နိုင်နေပြီ။ သူ သတိလည်လာတဲ့အချိန်ကျရင် ကျုပ်တို့ တာ့ကျိုးက တာယင်အင်ပါယာကို ဖျက်ဆီးပြီး တစ်လောကလုံး ကိုတောင် စည်းလုံးပြီးလောက်ပြီ။ အဲဒီအခါကျရင် သူ ဘယ်လောက်တောင် ဝမ်းသာနေမလဲ မသိဘူး။”
ယွင်ကျုံးဟဲ့က ထောက်ခံလိုက်၏။ “ဟုတ်တယ်။ ဒါတွေ အားလုံးက နတ်ဧကရာဇ်မင်းမြတ်ရဲ့ ဘုန်းတန်ခိုးတွေကြောင့်ပါ။”
ထျန်းကျိုး နတ်ဧကရာဇ်က ပြောလိုက်သည်။ “ယွီအာ… မင်းက လောကမှာ အတော်ဆုံး ပညာရှင်ပဲ။ မနက်ဖြန်ကျရင် ကျုပ်တို့ တာ့ကျိုးက ရှုံးကျိုးမြို့ကို တိုက်ခိုက်တော့မယ်။ ကျုပ်နဲ့ တာယင် ဧကရာဇ်လည်း စစ်မြေပြင်မှာ ထိပ်တိုက် တွေ့ကြတော့မယ်။
ကျုပ် ကဗျာတစ်ပုဒ်လောက် ရွတ်ချင်တယ်။ ဒါပေမဲ့ မင်းလည်း သိတဲ့အတိုင်းပဲ ကျုပ်တို့ တာ့ကျိုးမှာ ကဗျာစပ်တဲ့နေရာမှာ ခင်ဗျားကို ယှဉ်နိုင်မည့်သူ ဘယ်သူမှ မရှိဘူး။ ဒါကြောင့် ဒီတာဝန်ကို ခင်ဗျားကို လွှဲပေးလိုက်ပြီ။”
ကျိုးကျီက လက်ခုပ်တီးကာ ပြောလိုက်၏။ “နတ်ဧကရာဇ်… အရှင်မင်းကြီး လူရွေးမှန်သွားပြီ။ ယောက်ဖရဲ့ ကဗျာစွမ်းရည်က လောကမှာ ပြိုင်ဘက်ကင်းပဲ။”
‘စောစောက ညီတော်ယွီ၊ အခုကျ ယောက်ဖ… ဘယ်လို ခေါ်ရမလဲဆိုတာကို သေချာ မသိဘူးလား။’
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒီလို ကြီးကျယ်ခမ်းနားတဲ့ အချိန်အခါမျိုးအတွက် ကျုပ် သေချာ စဉ်းစားရပါလိမ့်မယ်။ မနက်ဖြန်မှ ဆက်သရင်ရော အဆင်ပြေပါ့မလား။”
“ကောင်းပြီ။ ကောင်းပြီ။ ကောင်းပြီ။”
ထျန်းကျိုး နတ်ဧကရာဇ်က ဆက်ပြောလိုက်၏။ “ဒါနဲ့ ယွီအာ… မင်း မီတျဲ ချိုင့်ဝှမ်းက ပြန်လာတော့ အရင်ဆုံး မြို့တော်ကို ဝင်ခဲ့သေးတယ်ဆို၊ အိမ်ရှေ့စံကိုရော တွေ့ခဲ့ရလား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “တွေ့ခဲ့ရတယ်။ ကိုယ်တိုင် မျက်မြင် မတွေ့ရရင် လုံးဝ ယုံကြည်နိုင်စရာ မရှိဘူး။ လောကမှာ ဒီလိုမျိုး ထူးချွန်တဲ့ ကလေး ရှိနေတာ တကယ့်ကို မွေးရာပါ မင်းမြတ်ပါပဲ။”