← Chapters

အခန်း ၆၃၆

Vol. 54 Ch. 636

အခန်း ၆၃၆

Vol. 54 Ch. 636

အပိုင်း (၆၃၆)

ထျန်းကျိုး နတ်ဧကရာဇ်က ပြောလိုက်၏။ “သူက မင်းထက်မျိုးဆက်တစ်ခု ပိုကြီးပေမယ့် အသက်က ငယ်သေးတယ်။ ဒီစစ်ပွဲ ပြီးသွားရင်တော့ မင်းက အိမ်ရှေ့စံရဲ့ ဆရာ ဖြစ်လာတော့မှာ၊ မင်းက ကဗျာစွမ်းရည် ပြိုင်ဘက်ကင်းပြီး ဉာဏ်ရည် အလွန် ထက်မြက်တဲ့သူ ဆိုတော့ သူ့ကို သေချာ သင်ကြားပေးပါ။ သူ့ရဲ့ ပထမဆုံး ဆရာကောင်း တစ်ယောက် ဖြစ်ပါစေ။”

ယွင်ကျုံးဟဲ့က ချက်ချင်း ဒူးထောက်ကာ ကျေးဇူးတင်စကား ပြောလိုက်သည်။ “အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို ကျေးဇူးအထူးတင်ရှိပါတယ်။”

ထျန်းကျိုး နတ်ဧကရာဇ်က ဆက်ပြော၏။ “ကျုပ်လည်း အသက်ကြီးပြီ။ ဒီလောကကြီးက အဆုံးမှာတော့ မင်းတို့ လူငယ်တွေရဲ့ လက်ထဲ ရောက်မှာပါ။ ကျိုးလီလည်း သတိမလည်လာသေးဘူး ဆိုတော့ နောင်ကျရင် မင်းတို့ ညီအစ်ကို နှစ်ယောက် လက်တွဲပြီး တာ့ကျိုးကို ဝိုင်းဝန်း ကူညီပေးကြပါ။”

ကျိုးကျီက ယွင်ကျုံးဟဲ့၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ “ညီတော်ယွီ… ကျုပ်တို့ နတ်ဧကရာဇ်မင်းမြတ်ရဲ့ သွန်သင်ဆုံးမမှုတွေကို လုံးဝ မမေ့ကြေး… ညီအစ်ကို နှစ်ယောက် စိတ်တူကိုယ်တူ ရှိရင် ရွှေကိုတောင် ဖြတ်တောက်နိုင်တယ်တဲ့။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “နောင်တော်… ကျုပ် မှတ်ထားပါ့မယ်။”

ထိုခဏတွင် သူတို့ နှစ်ဦးမှာ ညီအစ်ကိုအရင်းများကဲ့သို့ အလွန် ရင်းနှီးဟန် ပြနေကြရာ ဤမြင်ကွင်းမှာ ကြည်နူးစရာ အလွန်ကောင်းလှသည်။

ထမင်းစားပြီးသွားချိန်မှာတော့ ထျန်းကျိုး နတ်ဧကရာဇ်က ပြောလိုက်၏။ “ယွီအာ… မင်း မိုင်ထောင်ချီ ခရီးနှင်လာရတော့ ပင်ပန်းနေရောပေါ့။ ညဘက် သေချာ အနားယူလိုက်ပါ။ မနက်ဖြန် မနက်ကျရင် ကျုပ်တို့ အတူတကွ တိုက်ပွဲဝင်ကြတာပေါ့။”

ယွင်ကျုံးဟဲ့က မင်းသမီး ရှန်းရှန်းကို တစ်ချက် လှမ်းကြည့်လိုက်မိသည်။

ထျန်းကျိုး နတ်ဧကရာဇ်က ရယ်မောကာ ပြောလိုက်၏။ “တကယ့် ဇနီးမောင်နှံတွေပါပဲ။ ဒီအချိန်လေးတောင် မစောင့်နိုင်တော့ဘူး။ ဟား... ဟား... ဟား...”

မင်းသမီး ရှန်းရှန်းက ပြောလိုက်သည်။ “ခင်ပွန်း… ကျွန်မ စာမူတွေ စီစဉ်စရာ ရှိသေးတယ်။ ရှင် အရင်သွားနားနှင့်ပါ။”

ထို့နောက် ယွင်ကျုံးဟဲ့ကို သီးခြား တဲတစ်လုံးအတွင်းသို့ နေရာချပေးလိုက်ပြီး ပတ်ပတ်လည်တွင် ဟေးပင်းထိုင် စစ်သည်များက စောင့်ကြပ်နေကြ၏။

ယန်ဖြန်ရှန်က သူ၏ဘေးတွင် မှင်သွေးပေးရင်း ပြုံးကာ ပြောလိုက်သည်။ “အမတ်မင်းအောက်… ကျုပ် ခင်ဗျားကို အရမ်း လေးစားတဲ့ အချက်တစ်ခု ရှိတယ်။ ကျုပ်က အကြံအစည်တွေ ကြံစည်တတ်ပေမည့် ကဗျာစာပေ စွမ်းရည်ကျတော့ မရှိဘူး။ ခင်ဗျားကတော့ မတူဘူး။ ဉာဏ်ရည် ထက်မြက်ရုံတင် မကဘူး။ ကဗျာစွမ်းရည်ကလည်း ပြိုင်ဘက်ကင်းပဲ။”

ယွင်ကျုံးဟဲ့က ပြုံးရုံသာ ပြုံးနေပြီး ဘာမှ မပြောပေ။

ယန်ဖြန်ရှန်က ဆက်ပြောလိုက်၏။ “တာယင်အင်ပါယာ ပျက်စီးသွားပြီးရင် ယွင်ကျုံးဟဲ့ ဆိုတဲ့ လူလည်း ရှိတော့မှာ မဟုတ်ဘူး။ ခင်ဗျားက အောက်ယွီ အနေနဲ့ပဲ အိမ်ရှေ့စံရဲ့ ဆရာ ဖြစ်လာမယ်။ နောင်တစ်ချိန်ကျရင် အိမ်ရှေ့စံရဲ့ အကြံပေး ဖြစ်လာပြီး တစ်သက်လုံး နာမည်ကောင်းနဲ့ ချမ်းသာကြွယ်ဝနေမှာဆိုတော့ တော်တော် ကောင်းတယ်။ နတ်ဧကရာဇ်မင်းမြတ်က လူတွေအပေါ် တော်တော် သဘောထား ကြီးတယ်။”

ယွင်ကျုံးဟဲ့က ပြုံးရုံသာ ပြုံးနေပြီး ဘာမှ မပြောသေးပေ။

သူ ယွင်ကျုံးဟဲ့ မည်သည့်အတွက်ကြောင့် အသက်ရှင်နေနိုင်သနည်း။ ထျန်းကျိုး နတ်ဧကရာဇ်က သူ၏ သွေးကို လိုအပ်နေသောကြောင့် မဟုတ်ပါလား။

သူ့ကို ရှုံးကျိုး စစ်မြေပြင်ဆီသို့ ခေါ်ဆောင်လာခြင်းမှာလည်း ထျန်းကျိုး နတ်ဧကရာဇ်က ဟန်ရေးပြချင် သောကြောင့်ဖြစ်ပြီး ယွင်ကျုံးဟဲ့ကို တာယင် ဧကရာဇ်၏ ရှုံးနိမ့်မှုနှင့် တာယင်အင်ပါယာ ပျက်သုဉ်းသွားမှုကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုစေချင်သောကြောင့် ဖြစ်သည်။

‘ယွင်ကျုံးဟဲ့… မင်းက တာယင်အင်ပါယာကို အမြဲတမ်း သစ္စာစောင့်သိခဲ့တယ် မဟုတ်လား။ အခုတော့ အဲဒီအင်ပါယာ ပျက်စီးသွားတာကို မင်းရဲ့ မျက်လုံးနဲ့ သေချာ ကြည့်ထား။ မင်း သစ္စာစောင့်သိခဲ့တဲ့ အင်ပါယာက ဘယ်လို အသုံးမကျတဲ့ အရာလဲ ဆိုတာကို ကြည့်ထား။’

ယွင်ကျုံးဟဲ့က ခဏ စဉ်းစားပြီးနောက် စက္ကူပေါ်တွင် ကဗျာတစ်ပုဒ်ကို ရေးချလိုက်သည်။ ချောင်ချောင်း၏ တွမ်ကောရှင်း ဆိုသည့် ကဗျာပင်။

ထိုကဗျာမှာ ချောင်ချောင်း ဧကရာဇ်အဖြစ် မခံယူခဲ့သော်လည်း ဧကရာဇ်များထဲတွင် အကောင်းဆုံး ကဗျာတစ်ပုဒ်အဖြစ် သတ်မှတ်နိုင်သည်။

နှောင်းပိုင်း မင်းဆက် ဧကရာဇ် လီယွီသည်လည်း ကဗျာစွမ်းရည် ပြိုင်ဘက်ကင်းသော်လည်း ချောင်ချောင်း၏ ရဲရင့်ပြတ်သားမှုနှင့် မည်သို့မှ မယှဉ်နိုင်ပေ။

ထို့အပြင် ဤကဗျာကို ထျန်းကျိုး နတ်ဧကရာဇ်ထံ ဆက်သခြင်းမှာလည်း ကံကောင်းခြင်း နိမိတ်တစ်ခု ဖြစ်၏။ ထိုအချိန်က ချောင်ချောင်းသည် ချန်ကျန်းမြစ် မြောက်ဘက်ကမ်းတွင် စစ်တပ် သိန်းချီကို ဦးဆောင်ကာ ဆွန်းနှင့် လျိုမဟာမိတ်တပ်ကို တိုက်ခိုက်ရန် ပြင်ဆင်နေချိန်၊ တစ်နည်းအားဖြင့် ချီပီစစ်ပွဲ မတိုင်မီ ညနေခင်းတွင် ဤကဗျာကို ရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ချောင်ချောင်း ရှုံးနိမ့်သွားခဲ့ပြီး သူ၏ သက်တမ်းတစ်လျှောက် လောကကို စည်းလုံးမည့် အိပ်မက်လည်း လုံးဝ ပျက်စီးသွားခဲ့ရ၏။

ယွင်ကျုံးဟဲ့က စုတ်တံကို ကိုင်ကာ ရေးချလိုက်သည်။

“အရက်သောက်ကာ သီချင်းဆိုမည်…

လူ့သက်တမ်းကား မည်မျှရှည်မည်နည်း။

နံနက်ခင်း ဆီးနှင်းပေါက်ကဲ့သို့…

လွန်လေပြီးသော နေ့ရက်များတွင် ဆင်းရဲဒုက္ခများလှ၏။

စိတ်လှုပ်ရှားမှုနှင့် ရင်ကော့ကာ…

ပူဆွေးသောကများကို မမေ့နိုင်သေး…

မည်သည့်အရာဖြင့် သောကကို ဖြေဖျောက်မည်နည်း…

တုခန်း အရက်မှလွဲ၍ အခြားမရှိပြီ။”

ယန်ဖြန်ရှန်က အနီးသို့ ကပ်ကာ ကြည့်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွား၏။

သူက မိမိကိုယ်ကို ကဗျာစွမ်းရည် မရှိဟု ပြောခဲ့သော်လည်း အကဲဖြတ်နိုင်စွမ်းတော့ ရှိ၏။ ထို့ကြောင့် ဤကဗျာမှာ လောကတွင် ပြိုင်ဘက်ကင်းသော ကဗျာကောင်းတစ်ပုဒ် ဖြစ်ကြောင်းကို သူ ချက်ချင်း သိလိုက်သည်။

ဤလောကကြီးက တကယ့်ကို မတရားပေ။ ဤမျှ ပါရမီပါပြီး အရည်အချင်း ပြည့်ဝသော လူမျိုး ရှိနေသည်မှာ အံ့ဩစရာပင်။

မကြာမီ ယွင်ကျုံးဟဲ့က တွမ်ကောရှင်း ကဗျာ တစ်ပုဒ်လုံးကို ကူးရေးပြီးသွား၏။

ယန်ဖြန်ရှန်က ဖတ်ကြည့်ပြီးနောက် အတော်ကြာသည်အထိ မှင်သက်သွားကာ တကယ့်ကို အံ့ဩချီးကျူးသွား မိသည်။

သာမန်အားဖြင့်ဆိုလျှင် ဤကဗျာကို ထျန်းကျိုး နတ်ဧကရာဇ်ထံသို့ ပထမဆုံး ပြသရမည် ဖြစ်သော်လည်း သူက ယွင်ကျုံးဟဲ့ကို မယုံကြည်ချေ။

ထို့ကြောင့် ယန်ဖြန်ရှန်ကို အရင်ဖတ်ခိုင်းပြီး ကဗျာကို မှတ်သားထားစေခြင်း ဖြစ်သည်။ သူ ကိုယ်တိုင်ကတော့ ယွင်ကျုံးဟဲ့ ရေးထားသော ကဗျာကို တိုက်ရိုက် ကိုင်တွယ်မည် မဟုတ်ပေ။

ယခင်က ယွင်ကျုံးဟဲ့ သတိမေ့နေခဲ့သော်လည်း ယခုအချိန်တွင် သတိလည်လာပြီဖြစ်ရာ ထျန်းကျိုး နတ်ဧကရာဇ်က သူ့အပေါ် အထူး သတိထားနေပေလိမ့်မည်။

စောစောက ထမင်းစားချိန်တွင် မိသားစုဝင်များကဲ့သို့ ရင်းနှီးဟန် ပြခဲ့သော်လည်း လက်တွေ့တွင် ယွင်ကျုံးဟဲ့ ထိကိုင်ထားသော ဟင်းလျာများကို ထျန်းကျိုး နတ်ဧကရာဇ်က လုံးဝ ထပ်မစားတော့ပေ။

“ကျင်းကျုံးယွဲ့ ပြန်သွားပြီ။”

ယန်ဖြန်ရှန်က ရုတ်တရက် ပြောလိုက်၏။ “ကျင်းဝူရွမ်းက စစ်သည် သိန်းချီကို ဦးဆောင်ပြီး တာယင် အင်ပါယာရဲ့ အနောက်ဘက် နယ်စပ်ကို တိုက်ခိုက်နေတယ်။ ကျင်းကျုံးယွဲ့က တာယင်ကို မတိုက်ချင်လို့ စစ်တပ် သုံးသောင်းကို ဦးဆောင်ပြီး ထွက်သွားတယ်။ အရင်ဆုံး ခင်ဗျားကို ရှာဖို့ မီတျဲ ချိုင့်ဝှမ်းကို သွားတယ်။ ခင်ဗျားကို မတွေ့တော့ အနောက်မြောက်ဘက်ကို ဆက်ထွက်သွားတယ်။”

ယွင်ကျုံးဟဲ့က တိတ်ဆိတ်သွားပြီး သူ၏ မျက်နှာကြွက်သားများ အနည်းငယ် တုန်ယင်သွား၏။ ထို့နောက် သူက မေးလိုက်သည်။ “ရှုံးကျိုးစစ်ပွဲ ပြီးသွားရင် ကျုပ်က အကြာကြီး သတိမေ့နေရတော့မှာလား။ ဒါမှမဟုတ် ထာဝရ သတိမေ့သွားတော့မှာလား။”

ယန်ဖြန်ရှန်က ပြုံးကာ ဖြေလိုက်၏။ “ဘာတွေ ပြောနေတာလဲ။ နတ်ဧကရာဇ်မင်းမြတ်က ခင်ဗျားကို အိမ်ရှေ့စံရဲ့ ဆရာ ခန့်ထားတာ မဟုတ်ဘူးလား။ နောင်တစ်ချိန်ကျရင် အိမ်ရှေ့စံရဲ့ အကြံပေးတောင် ဖြစ်လာအုံးမှာပါ။”

ယွင်ကျုံးဟဲ့က ပြုံးလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။

မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ ယခုအကြိမ် ယွင်ကျုံးဟဲ့ကို သတိလည်လာစေခြင်းမှာ ထျန်းကျိုး ဧကရာဇ်က ဟန်ရေးပြလိုသောကြောင့်သာ ဖြစ်ပြီး တာယင် ဧကရာဇ် ရှုံးနိမ့်သွားသည်ကို သူ့အား မျက်မြင်ကိုယ်တွေ့ ကြည့်ရှုစေလိုခြင်း ဖြစ်သည်။

ထို့နောက်တွင် သူသည် ကျိုးကျီ ကဲ့သို့သော ကံကြမ္မာမျိုးနှင့် ရင်ဆိုင်ရမှာဖြစ်ပြီး ထာဝရ သစ်ပင်လူသား တစ်ယောက် ဖြစ်သွားပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ဆယ့်သုံးလတစ်ကြိမ် သွေးထုတ်ပေးနိုင်လျှင် လုံလောက်ပြီ မဟုတ်ပါလား။ သတိလည်နေသော ယွင်ကျုံးဟဲ့ကို မည်သူကမှ စိတ်ချယုံကြည်နိုင်မည် မဟုတ်ပေ။

တစ်ခဏအကြာတွင်….

ထျန်းကျိုး ဧကရာဇ်သည် ယန်ဖြန်ရှန် ပြန်လည် ကူးရေးထားသော တွမ်ကောရှင်း ကဗျာကို ကိုင်ထားရင်း အနည်းငယ် ကြက်သီးထသွားမိ၏။ တကယ့်ကို နတ်ဘုရားများ ဖန်တီးထားသော လက်ရာပင်။

ထိုယွင်ကျုံးဟဲ့၏ ဦးနှောက်က မည်သို့ တည်ဆောက်ထားသည်ကို စိတ်ကူးကြည့်၍ပင် မရနိုင်ချေ။ ဤမျှ ခမ်းနားကြီးကျယ်သော ကဗျာစာသားများကို မည်သို့ ရေးဖွဲ့နိုင်သနည်း။

ထျန်းကျိုး နတ်ဧကရာဇ်က ပြောလိုက်သည်။ “ဒါက ကျွမ့်ယွမ် တစ်ယောက် ရေးထားတဲ့ ကဗျာနဲ့ မတူဘူး။ ဧကရာဇ် တစ်ပါး ရေးဖွဲ့ထားတဲ့ ကဗျာနဲ့ ပိုတူတယ်။ စာကြောင်းတိုင်းက ရဲရင့်ပြတ်သားပြီး လောက တစ်ခုလုံးကို ရင်ဝယ် ပိုက်ထွေးထားသလိုပဲ။ အင်ပါယာကြီးလေးခုရဲ့ ဧကရာဇ်တွေထဲမှာ ဒီလို ကဗျာ စွမ်းရည်မျိုး ရှိတဲ့သူ ဘယ်သူ ရှိလို့လဲ။”

ယန်ဖြန်ရှန်က ဖြေလိုက်၏။ “တာရှ ဧကရာဇ်က အရင်တုန်းက ကဗျာရေးတာ ဝါသနာတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ အနှစ်သုံးဆယ် အိမ်ရှေ့စံ ပုန်ကန်ပြီးတည်းက ကဗျာ မရေးတော့ဘူး။”

ထျန်းကျိုး နတ်ဧကရာဇ်က ပြောလိုက်သည်။ “ကျုပ်တို့နဲ့ သိပ်မဝေးတဲ့ နေရာမှာ ရှိနေတဲ့ တာယင် ဧကရာဇ်ရဲ့ ကဗျာစွမ်းရည်ကလည်း မဆိုးဘူး။”

ထို့နောက် သူက မျက်လုံးမှိတ်ကာ ထိုကဗျာကို စိတ်ထဲမှ ရွတ်ဆိုနေလေ၏။

နောက်တစ်နေ့ နံနက်စောစောတွင် တာ့ကျိုးအင်ပါယာ၏ စစ်သည် ခြောက်သိန်း စုရုံးရောက်ရှိလာကြသည်။

လေခွင်းမြို့ စစ်ပွဲက ကံကြမ္မာ အဆုံးအဖြတ် စစ်ပွဲဟု ဆိုလျှင် ရှုံးကျိုး စစ်ပွဲမှာ နိုင်ငံ ပျက်သုဉ်းမည့် စစ်ပွဲ ဖြစ်၏။

ဤသည်မှာ ဧကရာဇ် နှစ်ပါး စစ်မြေပြင်တွင် ပထမဆုံးအကြိမ် ထိပ်တိုက် တွေ့ဆုံကြခြင်း ဖြစ်၏။ အနိုင်ရရှိသူသည် လောက၏ အရှင်သခင် ဖြစ်လာမှာဖြစ်သည်။

တာ့ကျိုး၏ စစ်သည် ခြောက်သိန်းက ယုံကြည်မှုအပြည့် ရှိနေကြပြီး အပြတ်အသတ် အနိုင်ရရှိမည်ဟု ယုံကြည်နေကြ၏။

နှိုင်းယှဉ်ကြည့်မည် ဆိုလျှင် ရှုံးကျိုးမြို့မှာ ကြီးမားကျယ်ဝန်းသော်လည်း လေခွင်းမြို့ထက် တိုက်ခိုက်ရန် ပိုမို လွယ်ကူသည်။ ဤနေရာရှိ မြေမျက်နှာပြင်မှာ ကျယ်ဝန်း ပြန့်ပြူးသောကြောင့် စစ်ရေးလှုပ်ရှားမှုများကို လွတ်လပ်စွာ လုပ်ဆောင်နိုင်သည်။

ထို့အပြင် ယခုတစ်ကြိမ်တွင် မရေမတွက်နိုင်သော ယမ်းထုပ်များ၊ အဆိပ်ဓာတ်ငွေ့ဗုံး အများအပြား ကျန်ရှိနေသေးပြီး သွေးစွန်းတပ်ဖွဲ့နှင့် တာ့ကျိုး စစ်သည်သစ်များ အားလုံး စစ်မြေပြင်သို့ ထွက်လာကြခြင်း ဖြစ်၏။

လေခွင်းမြို့ကို တိုက်ခိုက်သိမ်းပိုက်ရန် လဝက်ပင် အချိန်မယူခဲ့ရရာ ရှုံးကျိုးမြို့ကိုလည်း လဝက်ကြာအောင် အချိန်ယူစရာ မလိုပေ။

ထို့အပြင် နတ်ဧကရာဇ်က စစ်ဗျူဟာကို ချမှတ်ထားပြီး ဖြစ်၏။ စစ်ပွဲ စတင်သည်နှင့် ယမ်းထုပ်များဖြင့် ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်မှာဖြစ်ပြီး ယမ်းထုပ် ပေါင်သန်းချီကို အသုံးပြုကာ အရူးအမူး ဗုံးကြဲမှာဖြစ်သည်။

အဆိပ်ဓာတ်ငွေ့ဗုံး ရာချီ ပစ်ချလိုက်ပါက ရှုံးကျိုး မြို့ရိုးပေါ်ရှိ ကာကွယ်ရေးတပ်များ အားလုံး ပြောင်သလင်းခါ သွားမှာဖြစ်ပြီး ထိုအချိန်တွင် စစ်တပ်ကြီးက အရှိန်အဟုန်ဖြင့် ဝင်ရောက် တိုက်ခိုက်ပါက အလွယ်တကူ သိမ်းပိုက်နိုင်မှာဖြစ်၏။

သုံးရက်အတွင်း ရှုံးကျိုးမြို့ကို သိမ်းပိုက်မည်။ ရှုံးကျိုးမြို့ကို သိမ်းပိုက်ပြီးသည်နှင့် တာယင်အင်ပါယာ၏ အနောက်တောင်ဘက် ဒေသကို လုံးဝ ကာကွယ်နိုင်မှာ မဟုတ်တော့ဘဲ နိုင်ငံ နယ်မြေ၏ လေးပုံတစ်ပုံမှာ ရန်သူ့လက်အောက်သို့ ကျရောက်သွားမှာဖြစ်သည်။

“နတ်ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ… သက်တော်ရာကျော် ရှည်ပါစေ… သက်တော် တစ်သောင်းတိုင်တိုင် ရှည်ပါစေ…”

“နတ်ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ… သက်တော်ရာကျော် ရှည်ပါစေ… သက်တော် တစ်သောင်းတိုင်တိုင် ရှည်ပါစေ…”

စစ်တပ် ခြောက်သိန်းက တစ်သံတည်း ဟစ်ကြွေးလိုက်ကြရာ ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွား၏။

ဆန့်ကျင်ဘက်အားဖြင့် ရှုံးကျိုးမြို့ဘက်တွင်မူ တိတ်ဆိတ် ငြိမ်သက်နေသည်။ မြို့ရိုးပေါ်တွင် ရပ်နေကြသော သောင်းချီသည့် ကာကွယ်ရေး စစ်သည်များမှာ စိတ်လှုပ်ရှား တက်ကြွနေခြင်း မရှိဘဲ ဝမ်းနည်း ကြေကွဲဖွယ် ကောင်းလှသည်။

“ဝူး…”

ကြီးကျယ်ခမ်းနားသော ခရာမှုတ်သံကြီး ထွက်ပေါ်လာသည်နှင့်အမျှ တာ့ကျိုး တပ်တော်ကြီး၏ အားမာန်အပြည့်ပါသော တေးဂီတသံများ ထွက်ပေါ်လာ၏။

အမတ် ဒါဇင်ပေါင်းများစွာ၊ စစ်သူကြီး ဒါဇင်ပေါင်းများစွာတို့၏ ခြံရံမှုဖြင့် တာ့ကျိုး နတ်ဧကရာဇ်က စင်မြင့်ပေါ်သို့ ဖြည်းညင်းစွာ တက်လှမ်းလာသည်။

လှေကားထစ် ကိုးဆယ့်ကိုးထစ်၊ အမြင့် ပေငါးဆယ် ရှိသော စင်မြင့်ကြီးမှာ စစ်တပ်ကြီး၏ အလယ်ဗဟိုတွင် တောင်ကုန်းငယ် တစ်ခုကဲ့သို့ မားမားမတ်မတ် ရပ်တည်နေ၏။

စစ်သည်ခြောက်သိန်းက ထိုပိရမစ်ပုံ စင်မြင့်ကြီးကို ဝန်းရံထားကြ၏။ လူနှစ်ဦးက ထျန်းကျိုး နတ်ဧကရာဇ်ကို ဘေးတစ်ဖက်တစ်ချက်မှ တွဲကာ အမြင့်ဆုံး နေရာဆီသို့ တစ်လှမ်းချင်း တက်လှမ်းသွားကြသည်။

“နတ်ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ… သက်တော်ရာကျော် ရှည်ပါစေ… သက်တော် တစ်သောင်းတိုင်တိုင် ရှည်ပါစေ…”

စစ်သည် ခြောက်သိန်းက ညီညာစွာ ဒူးထောက်၍ ဟစ်ကြွေးလိုက်ကြရာ ကောင်းကင်နှင့် မြေကြီးပင် တုန်လှုပ်သွားတော့၏။

All Chapters