အခန်း ၆၃၇
Vol. 54 Ch. 637
အပိုင်း (၆၃၇)
ထျန်းကျိုး နတ်ဧကရာဇ်က ယခင်က တစ်ခါမှ မဝတ်ဆင်ဖူးသော နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး အသစ်စက်စက် နဂါးသရဖူကို ဆောင်းထားကာ ခန့်ညားထည်ဝါပြီး အလွန်တရာ မြင့်မြတ်လှသောကြောင့် နတ်ဘုရားတစ်ပါး လူ့လောကသို့ ဆင်းသက်လာသည့်အလား ထင်မှတ်ရသည်။
တစ်ချိန်တည်းမှာပင် တာယင် ဧကရာဇ်သည်လည်း အမတ်များ၏ ခြံရံမှုဖြင့် မြို့ရိုးပေါ်သို့ ဖြည်းညင်းစွာ တက်လှမ်းလာ၏။
ဧကရာဇ် နှစ်ပါးသည် မီတာ ထောင်ချီ အကွာအဝေးမှ မျက်နှာချင်းဆိုင် ရပ်နေကြသည်။
အမြင့်ကို နှိုင်းယှဉ်ကြည့်မည် ဆိုလျှင် မြို့ရိုးက မီတာ နှစ်ဆယ် မြင့်ပြီး တာ့ကျိုး တပ်တော်ကြီး အလယ်ရှိ စင်မြင့်က မီတာ ငါးဆယ် မြင့်သောကြောင့် ထျန်းကျိုး နတ်ဧကရာဇ်က တာယင် ဧကရာဇ်ကို အထက်မှ ငုံ့ကြည့်နေခြင်း ဖြစ်၏။
တာယင် ဧကရာဇ်က ရုတ်တရက် အမိန့်ပေးလိုက်သည်။ “အဝေးကြည့်မှန်ပြောင်း”
ထိုအခါ ဘေးတွင်ရှိနေသော ကုန်းဆွန်းယန်က စွမ်းအားမြင့် အဝေးကြည့်မှန်ပြောင်း တစ်ခုကို ကမ်းပေး လိုက်သည်။ ဤအရာကိုလည်း ယွင်ကျုံးဟဲ့ကပင် တီထွင်ပေးခဲ့ခြင်း ဖြစ်၏။
ဧကရာဇ်က မှန်ပြောင်းကို ယူကာ မီတာ နှစ်ထောင့်ငါးရာ အကွာရှိ စင်မြင့်ထက်သို့ ကြည့်လိုက်ချိန်မှာတော့ အနည်းငယ် အံ့အားသင့်သွားမိသည်။
‘အောက်ယွီ… မဟုတ်ဘူး။ ယွင်ကျုံးဟဲ့။ သူ လွတ်မြောက်လာပြီလား။ ပြီးတော့ ဒီစစ်မြေပြင်ကို ရောက်နေတယ်ပေါ့။’
သူကမှန်ပြောင်းကို ဘေးရှိ ကုန်းဆွန်းယန်ထံ ကမ်းပေးလိုက်ပြီး ကုန်းဆွန်းယန် ကြည့်ပြီးနောက် ဖုန်းရှင်းမြဲ့ထံသို့ ဆက်ပေးလိုက်၏။
ဖုန်းရှင်းမြဲ့မှာ စိတ်လှုပ်ရှားလွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေ၏။ ယွင်ကျုံးဟဲ့၏ သတင်းအစအန လုံးဝ ပျောက်ကွယ်နေခဲ့သည်မှာ ငါးနှစ် ရှိနေပြီဖြစ်ပြီး ယခုမှ ပြန်လည် တွေ့မြင်ရခြင်း ဖြစ်သည်။ သူ မည်ကဲ့သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
ဖုန်းရှင်းမြဲ့က ပြောလိုက်သည်။ “အရှင်မင်းကြီး… ယွင်ကျုံးဟဲ့ကို ကယ်ရပါမယ်။ သေချာပေါက် ကယ်ရပါမယ်။ ကျုပ် ကိုယ်တိုင် သွားပါ့မယ်။ မိုးပျံပူဖောင်းနဲ့ သွားကယ်ပါ့မယ်။ ဟေးပင်းထိုင်က သိုင်းပညာရှင်တွေကို ဦးဆောင်ပြီး သွားကယ်ပါ့မယ်။”
ယွင်ကျုံးဟဲ့က မီတာ ငါးဆယ် မြင့်သော စင်မြင့်ထက်တွင် ရှိနေသောကြောင့် မြင်ကွင်း တစ်ခုလုံးကို ငုံ့ကြည့်နိုင်သည်။ ယခင်က တစ်ခါမှ မမြင်တွေ့ဖူးသော အလွန် ကြီးကျယ်ခမ်းနားသည့် မြင်ကွင်းကြီးပင်။
စစ်သည် ခြောက်သိန်းက ရှုံးကျိုးမြို့ကို မျက်နှာစာ သုံးဖက်မှ ဝန်းရံထားပြီး အဆုံးအစမရှိ အမည်းရောင် အုပ်စုကြီးမှာ ကောင်းကင်နှင့် မြေကြီးကိုပင် ဖုံးလွှမ်းထားသကဲ့သို့ ရှိနေ၏။
မည်သည့် ရုပ်ရှင်ကားတွင်မှ ဤမျှ ကြီးကျယ်ခမ်းနားသော မြင်ကွင်းမျိုးကို မတွေ့ဖူးခဲ့ပေ။ မရေမတွက် နိုင်သော ကျောက်ခဲပစ် စက်ကိရိယာများမှာ ရာပေါင်းများစွာ ရှိနေ၏။ မရေမတွက်နိုင်သော ဧရာမ ဒူးလေးကြီးများလည်း ပါဝင်သည်။
တာ့ကျိုး သွေးစွန်းတပ်ဖွဲ့၊ တာ့ကျိုး စစ်သည်သစ်၊ ဤသူများ အားလုံးမှာ ပိုင်ယင်မြို့၏ အဓိက အင်အားစုများ ဖြစ်ကြ၏။
“အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ… သက်တော်ရာကျော် ရှည်ပါစေ… သက်တော် တစ်သောင်းတိုင်တိုင် ရှည်ပါစေ” လူခြောက်သိန်းက အဆက်မပြတ် ဟစ်ကြွေးနေကြသည်။
တာယင် ဧကရာဇ်က ကျယ်လောင်စွာ အော်၍ မေးလိုက်၏။ “တာ့ကျိုး ဧကရာဇ်မင်းမြတ်… နေကောင်းရဲ့လား။”
လူထောင်ပေါင်းများစွာက တာယင် ဧကရာဇ်၏ စကားကို ထပ်ဆင့်၍ ကျယ်လောင်စွာ အော်လိုက်ကြသည်။ “တာ့ကျိုး ဧကရာဇ်မင်းမြတ်… နေကောင်းရဲ့လား။”
တာ့ကျိုး ထျန်းကျိုး နတ်ဧကရာဇ်က ပြောလိုက်၏။ “ကျုပ်က လောကကြီးကို ကယ်တင်ဖို့ ရောက်လာတာ… လောက ပြည်သူတွေအတွက် ရောက်လာတာ… ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို သနားလို့ ကောင်းကင်ဘုံက နတ်ဘုရားတွေကို ကိုယ်စားပြုပြီး ပြည်သူတွေကို ကယ်တင်ဖို့ ရောက်လာတာ။”
တာယင် ဧကရာဇ်က သူ၏ အသံကို ကျယ်လောင်စေရန် လူထောင်ပေါင်းများစွာကို အသုံးပြုရသော်လည်း ထျန်းကျိုး နတ်ဧကရာဇ်ကတော့ ထိုသို့ လုပ်စရာ မလိုပေ။
သူ၏ အသံမှာ ပြင်းထန် ကျယ်လောင်ခြင်း မရှိသော်လည်း လောကတစ်ခုလုံးသို့ အလွယ်တကူ ပျံ့နှံ့သွားလေ၏။
ဤသိုင်းပညာမှာ တကယ့်ကို ကောင်းကင်ကို အန်တုနိုင်လောက်၏။ တာ့ကျိုး စစ်သည်တိုင်း အတိအကျ ကြားရုံသာမက ပဲ့တင်သံများပင် ထွက်ပေါ်နေသေး၏။
တာ့ကျိုး စစ်သည်သိန်းချီက ထျန်းကျိုး နတ်ဧကရာဇ်ကို ကြည့်ရှုနေသော အကြည့်များမှာ ပိုမို ရူးသွပ် ယုံကြည်လာကြသည်။ ဤသည်မှာ နတ်ဘုရား မဟုတ်လျှင် မည်သူဖြစ်မည်နည်း။
သာမန်လူ တစ်ယောက်က ဤသို့သော နတ်ဘုရား အသံမျိုးကို ထုတ်လွှင့်နိုင်မည်လား။ ဤအသံမှာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည့်အလား ဖြစ်နေ၏။
တာ့ကျိုး စစ်သည် သိန်းချီသာမက တာယင်အင်ပါယာ၏ ကာကွယ်ရေး စစ်သည်များပင် မျက်နှာပျက်သွား ကြ၏။ အကြောင်းမှာ သူတို့ရှေ့ရှိ ထျန်းကျိုး နတ်ဧကရာဇ်သည် တကယ့် နတ်ဘုရား တစ်ပါးနှင့် တူလွန်းနေသောကြောင့်ပင်။
ထျန်းကျိုး နတ်ဧကရာဇ်၏ အကြည့်များက တာယင် ဧကရာဇ်ထံမှ ခွာလိုက်ပြီး စစ်သည် သိန်းချီထံသို့ ကျရောက်သွားသည်။
သူ၏ အပြုအမူမှာ အေးဆေးတည်ငြိမ်ပြီး မောက်မာနေကာ တာယင် ဧကရာဇ်ကို အထင်သေးကြောင်း ပြသနေခြင်း ဖြစ်၏။
သူသည် အနိုင်ရရှိသူ ဖြစ်ပြီး နတ်ဧကရာဇ် တစ်ပါး ဖြစ်သောကြောင့် သာမန် လူသား ဧကရာဇ်ထက် သာလွန်သည်မှာ သဘာဝပင်။
ထျန်းကျိုး နတ်ဧကရာဇ်က လျှပ်စီးကဲ့သို့ စူးရှသော အကြည့်များဖြင့် စစ်မြေပြင် တစ်ခုလုံးကို ဝေ့ကြည့်လိုက်ရာ သူ၏ ရင်ထဲတွင် အလွန်တရာ စိတ်လှုပ်ရှား တက်ကြွနေ၏။
ဤသည်မှာ သူ၏ ဘဝတွင် အတောက်ပဆုံး အချိန်အခါ ဖြစ်မည်လား။ ဟုတ်ပေသည်။ သူ၏ ဘဝတစ်လျှောက်လုံး မည်မျှ ကြီးကျယ်ခမ်းနားခဲ့သနည်း။
အင်ပါယာကို ပြန်လည် ထူထောင်ခဲ့ခြင်း၊ တောင်ပိုင်းကို သိမ်းပိုက်ခဲ့ခြင်း၊ အနောက်ပိုင်း လျန်ကို နောက်ဆုတ်သွားစေခြင်း… တစ်ခုပြီးတစ်ခု လုပ်ဆောင်ခဲ့သမျှ အရာအားလုံးက နှစ်ရာချီတိုင် ထူးချွန်သော ဧကရာဇ်များသာ လုပ်ဆောင်နိုင်သည့် ကိစ္စများ မဟုတ်ပါလား။
သို့ပေမည့် လူသား၏ စွမ်းအားမှာ ကန့်သတ်ချက် ရှိသည်။ နန်းပလ္လင် ပြန်လည် ရရှိပြီးနောက် ထပ်မံ၍ အောင်မြင်မှုများ ရယူချင်လျှင် မည်သို့ လုပ်ဆောင်ရမည်နည်း။
ယိုယွင်းနေသော တာ့ကျိုး အင်ပါယာကို အားကိုးရမည်လား။ လုံးဝ မဖြစ်နိုင်တော့ပေ။ ယိုယွင်းနေသော နိုင်ငံတော် တစ်ခု၏ ပျက်စီးယိုယွင်းမှုကို လူသား၏ စွမ်းအားဖြင့် ကယ်တင်ရန် အလွန် ခက်ခဲလှသည်။
ထို့ကြောင့် သူက အားကောင်းပြီး လျှို့ဝှက်ဆန်းကြယ်သော တာ့ရှန်း အင်ပါယာ၏ အင်အားကို ခေါ်သွင်းကာ တာ့ကျိုး စစ်တပ်ကို အလုံးစုံ သွေးသစ်လောင်းရန် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
အိုမင်းနေသော ခန္ဓာကိုယ် တစ်ခုကို အလုံးစုံ သွေးသစ်လောင်းလိုက်မှသာ ပြန်လည် နုပျိုလာနိုင်မှာဖြစ်သည်။
အင်ပါယာကလည်း ထိုသို့ပင် ဖြစ်ပြီး သူ ထျန်းကျိုး ဧကရာဇ်ကလည်း ထိုသို့ပင် ဖြစ်၏။ ဤအရာအားလုံးက ကောင်းကင်ဘုံ၏ အလိုတော်ပင်။
‘ကျုပ် ထျန်းကျိုး ဧကရာဇ် ပြန်လည် နုပျိုလာသလို တာ့ကျိုးအင်ပါယာလည်း အသစ်တစ်ဖန် ပြန်လည် မွေးဖွားလာခဲ့ပြီ။’
တာ့ရှန်း အင်ပါယာကို ပြန်လည် ရှင်သန်ခွင့် ပေးလိုက်၍ အရှေ့ပိုင်း ယဉ်ကျေးမှု ပျက်သုဉ်းသွားလျှင်ကော၊ တာ့ရှန်း အင်ပါယာကို နတ်ဆိုးနိုင်ငံဟု ခေါ်ဆိုကြပြီး နုဧကရာဇ်ကို နတ်ဆိုးဘုရင်ဟု သတ်မှတ်ခဲ့ကြလျှင်ရော ဘာဖြစ်သနည်း။
‘အဲဒါ ဘာဖြစ်လဲ။ ဘဝရဲ့ အမြင့်ဆုံး အောင်မြင်မှုကို ပြန်လည် ဖန်တီးနိုင်သရွေ့၊ တာ့ကျိုးအင်ပါယာက တစ်လောကလုံးကို စည်းလုံးနိုင်သရွေ့ အမှောင်ထုက လောကကြီးကို ဖုံးလွှမ်းသွားတာကို ဘယ်သူက ဂရုစိုက်နေမှာလဲ။ အရှေ့ပိုင်း ယဉ်ကျေးမှုကြီး ပျက်သုဉ်းသွားတာကို ဘယ်သူက ဂရုစိုက်နေမှာလဲ။
အနိုင်ရသူက ဧကရာဇ် ဖြစ်လာပြီး ရှုံးနိမ့်သူက သူပုန် ဖြစ်သွားတာပဲ။ သမိုင်းမှတ်တမ်း အားလုံးက အနိုင်ရသူတွေ ရေးသားတာ မဟုတ်ဘူးလား။’
ထျန်းကျိုး နတ်ဧကရာဇ်က ကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။ သူ၏ အကြည့်များက တောင်တန်း ရေပြင်များကို ဖြတ်ကျော်ကာ လောက ပြည်သူ အားလုံးကို ငုံ့ကြည့်နေသကဲ့သို့ ရှိသည်။
သူက တာယင်အင်ပါယာ၏ မိုင်သောင်းချီ ကျယ်ဝန်းသော နိုင်ငံတော်ကို မြင်တွေ့နေရပြီး ထျန်းကျန်းမြစ်ကို ဖြတ်ကျော်ကာ ကြီးကျယ်ခမ်းနားသော တာရှအင်ပါယာကိုလည်း မြင်တွေ့နေရ၏။
ယနေ့ စစ်ပွဲ ပြီးဆုံးသွားပြီးနောက် တာယင်အင်ပါယာ၏ ပျက်သုဉ်းခြင်း အစပြုတော့မှာဖြစ်၏။ ထို့အတူ တာ့ကျိုးအင်ပါယာကလည်း တစ်လောကလုံးကို စည်းလုံးမည့် အစမ်းလေ့ကျင့်မှုကို စတင်တော့မှာဖြစ်သည်။
သူ ထျန်းကျိုး နတ်ဧကရာဇ်က သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဧကရာဇ် ဖြစ်ရုံသာမက လောက တစ်ခုလုံး၏ အရှင်သခင် ဖြစ်လာမှာဖြစ်ပြီး တာ့ယန် နတ်ဧကရာဇ် နေရာကို အစားထိုးကာ လောကတွင် တစ်ပါးတည်းသော နတ်ဧကရာဇ် ဖြစ်လာပေလိမ့်မည်။
ထျန်းကျိုး နတ်ဧကရာဇ်က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး မော့ကြည့်ကာ လောကတစ်ခုလုံးကို မျိုချတော့မည့်အလား ဟန်ရေးပြလိုက်၏။
ထို့နောက် သူက ဖြည်းညင်းစွာ ပြောလိုက်သည်။ “ဒီလို အချိန်အခါမျိုးမှာ ကျုပ် ကဗျာတစ်ပုဒ်လောက် ရွတ်ဆိုချင်တယ်။ ကျုပ်ရဲ့ စစ်တပ်ကြီး သေချာ နားထောင်… ဟိုဘက်က တာယင် ဧကရာဇ်လည်း သေချာ နားထောင်ထားကြ..”
တာ့ကျိုး စစ်သည် ခြောက်သိန်းက အတိအကျ ကြားနေရသလို တာယင်အင်ပါယာ ကာကွယ်ရေးတပ်များနှင့် တာယင် ဧကရာဇ်ကလည်း အတိအကျ ကြားနေရ၏။
တာယင် ဧကရာဇ်က နားစွင့်ထားရင်း စိတ်ထဲမှ နောက်ပြန် ရေတွက်နေသည်။ အကြောင်းမှာ သူ နောက်ပြန် ရေတွက်ပြီးသွားသည်နှင့် မြောက်ဘက် မိုင်ဆယ်ချီ အကွာရှိ ယမ်း ပေါင်သိန်းချီ ပေါက်ကွဲတော့မည် ဖြစ်သောကြောင့်ပင်။
ထိုအချိန် ရောက်လျှင် ဧရာမ အက်ကြောင်းကြီး ပွင့်ထွက်သွားကာ ဟွန်းမြစ်ရေများက ကောင်းကင်ပေါ်မှ ကျဆင်းလာသကဲ့သို့ အရှိန်အဟုန်ဖြင့် စီးဆင်းလာမှာဖြစ်ပြီး ရှုံးကျိုးမြို့ကို ဖြတ်ကျော်ကာ တာ့ကျိုး အင်ပါယာ၏ သိန်းချီသော စစ်တပ်ကြီးကို ရေလွှမ်းမိုးသွားမှာဖြစ်သည်။
ထိုအရာက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေမည့် ပေါက်ကွဲမှုကြီး ဖြစ်လာပေမည်။
ထျန်းကျိုး နတ်ဧကရာဇ်က လက်ကို မြှောက်လိုက်၏။
ချက်ချင်းပဲ အမတ်များ အားလုံး ညီညာစွာ ဒူးထောက်လိုက်ကြသည်။
ယွင်ကျုံးဟဲ့က ကြမ်းပြင်ပေါ်တွင် ဒူးထောက် ထိုင်ချလိုက်ပြီး စောင်းတီးရန် ပြင်ဆင်လိုက်သည်။ ကဗျာရွတ်ဆိုခြင်း ဖြစ်သောကြောင့် နောက်ခံတေးဂီတ လိုအပ်၏။
စစ်သည် သိန်းချီက မြေပြင်ပေါ်တွင် ဒူးထောက်ကာ မလှုပ်မယှက် ငြိမ်သက်နေပြီး ထျန်းကျိုး နတ်ဧကရာဇ်၏ ကဗျာရွတ်ဆိုသံကို စောင့်ဆိုင်းနေကြသည်။
ဤသည်မှာ နတ်ဘုရားတို့၏ ဖန်တီးမှု ဖြစ်ပြီး ကောင်းကင်ဘုံမှ နတ်ဘုရား တေးသံလည်း ဖြစ်၏။
“လောကတစ်ခုလုံး သေချာ နားထောင်လှည့်ပါ။ ကောင်းကင်ဘုံမှ နတ်ဘုရားများ အားလုံး သေချာ နားထောင်လှည့်ပါ။”
ထျန်းကျိုး နတ်ဧကရာဇ်က အသံနေအသံထားဖြင့် ရွတ်ဆိုလိုက်သည်။
“အရက်သောက်ကာ သီချင်းဆိုမည်…
လူ့သက်တမ်းကား မည်မျှရှည်မည်နည်း။
နံနက်ခင်း ဆီးနှင်းပေါက်ကဲ့သို့…
လွန်လေပြီးသော နေ့ရက်များတွင် ဆင်းရဲဒုက္ခများလှ၏။
စိတ်လှုပ်ရှားမှုနှင့် ရင်ကော့ကာ…
ပူဆွေးသောကများကို မမေ့နိုင်သေး…
မည်သည့်အရာဖြင့် သောကကို ဖြေဖျောက်မည်နည်း…
တုခန်း အရက်မှလွဲ၍ အခြား မရှိပြီ။
စိမ်းလန်းသော လယ်ကွင်းလေးများက…
ကျုပ်၏နှလုံးသားကို လွှမ်းမိုးထား၏…
အသင်တို့အတွက်ကြောင့်သာ…
ယနေ့တိုင် ကျုပ် ညည်းတွားနေရခြင်း ဖြစ်သည်။”
တစ်ချိန်တည်းမှာပင် ယွင်ကျုံးဟဲ့က စတင် တီးခတ်လိုက်၏။
ကောင်းကင်နှင့် မြေကြီး ကြားတွင် တိတ်ဆိတ် ငြိမ်သက်နေပြီး တစ်ခုတည်းသော အသံမှာ ထျန်းကျိုး နတ်ဧကရာဇ်၏ ကဗျာရွတ်ဆိုသံသာ ဖြစ်သည်။
လူတိုင်း ကြက်သီးမွေးညင်း ထသွားကြပြီး လုံးဝ အံ့အားသင့်မှင်သက်သွားကြ၏။ ‘ကျုပ်တို့ တာ့ကျိုး နတ်ဧကရာဇ်က တကယ့် နတ်ဘုရား တစ်ပါးပါပဲ။ စာပေရော သိုင်းပညာမှာပါ ပြိုင်ဘက်ကင်းပါလား။’
ထျန်းကျိုး နတ်ဧကရာဇ်၏ ကဗျာရွတ်ဆိုသံက တဖြည်းဖြည်း ပိုမို မြင့်မားလာ၏။ လူသိန်းချီက အသက်ရှူအောင့်ကာ မလှုပ်မယှက် ငြိမ်သက်နေကြသည်။
ယွင်ကျုံးဟဲ့၏ စောင်းသံကလည်း တဖြည်းဖြည်း မြင့်မားလာပြီး ပိုမို ပြင်းထန်လာကာ သူ၏ စောင်းတီးခတ်မှု အနုပညာကို အမြင့်ဆုံး အဆင့်အထိ ဖော်ထုတ်လိုက်၏။
ဘီသိုဗင် ပူးကပ်သွားသကဲ့သို့ပင်။ အလွန်တရာ အံ့မခန်း ဖြစ်လှသည်။ လက်ခြောက်ချောင်း စောင်းနတ်ဆိုး၊ သေမင်း၏ အသံ၊ ငရဲပြည်၏ အသံကဲ့သို့ပင်။
တာ့ကျိုး ထျန်းကျိုး နတ်ဧကရာဇ်၏ သွေးကြောများအတွင်းရှိ မရေမတွက်နိုင်သော ကပ်ပါးကောင်များက ချက်ချင်း နိုးထလာကြပြီး ရူးသွပ် စိတ်လှုပ်ရှားလာကြ၏။
မရေမတွက်နိုင်အောင်များပြားလှသော ကပ်ပါးကောင်များက သွေးကြောများ တစ်လျှောက် အထက်သို့ ပြေးတက်သွားကြသည်။
လက်ခြောက်ချောင်း စောင်းနတ်ဆိုး၏ စောင်းသံအတွင်း၌ ထိုကပ်ပါးကောင်များက တပ်တော်ကြီး တစ်ခုကဲ့သို့ ထျန်းကျိုး နတ်ဧကရာဇ်၏ ဦးနှောက် သွေးကြောများဆီသို့ ပြေးဝင်သွားကြ၏။
“တိုက်… တိုက်… တိုက်…”
တာ့ကျိုး နတ်ဧကရာဇ်၏ ကဗျာရွတ်ဆိုသံက အမြင့်ဆုံး အဆင့်သို့ ရောက်ရှိသွားသည်။
သူ့တစ်ကိုယ်လုံး၌ ကြက်သီးမွေးညင်း ထသွားပြီး တစ်ကိုယ်လုံး ပူနွေးလာကာ သွေးများ ဆူပွက်လာသကဲ့သို့ ခံစားလိုက်ရ၏။
သူက ကောင်းကင်ပေါ်သို့ ပျံတက်သွားသကဲ့သို့ ခံစားရပြီး ဤအချိန်တွင် လောကတစ်ခုလုံးကို မိမိ လက်ထဲတွင် ဆုပ်ကိုင်ထားနိုင်ပြီဟု တကယ် ထင်မှတ်သွားကာ မိမိကိုယ်ကိုယ် နတ်ဘုရား တစ်ပါး ဖြစ်သွားပြီဟု ခံစားလိုက်ရသည်။
စွမ်းအားတစ်ခုက သူ့ကို စင်မြင့်ပေါ်မှ ပင့်မတင်ကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားစေသကဲ့သို့ ခံစားရ၏။
‘ကျုပ် ထျန်းကျိုး နတ်ဧကရာဇ်က တစ်လောကလုံးကို စည်းလုံးပြီး လောကကို ကြီးစိုးရတော့မယ်။ ကျုပ် ထျန်းကျိုးက နတ်ဘုရား တစ်ပါး ဖြစ်လာတော့မယ်။ လောကတစ်ခုလုံးက ကျုပ် ခြေဖဝါးအောက်မှာ ဒူးထောက်ရတော့မယ်။’
ထျန်းကျိုး နတ်ဧကရာဇ်က အနည်းငယ် ရပ်တန့်လိုက်သလို ယွင်ကျုံးဟဲ့၏ စောင်းသံကလည်း အနည်းငယ် ရပ်တန့်သွား၏။ ခံစားချက်က အမြင့်ဆုံး အဆင့်သို့ ရောက်ရှိသွားပြီး စိတ်လှုပ်ရှားမှုများက အဆုံးစွန်ထိ ရောက်ရှိသွားသည်။
ထျန်းကျိုး နတ်ဧကရာဇ်က ရဲရင့်ပြတ်သားစွာ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်၏။
“တောင်တန်းများကား မြင့်မားခြင်းကို မငြီးငွေ့…
သမုဒ္ဒရာကား နက်ရှိုင်းခြင်းကို မငြီးငွေ့…
ကျိုးကုန်း မင်းသားက အစာကို ထွေးထုတ်ကာ ဧည့်ခံသကဲ့သို့…
လောကတစ်ခုလုံး၏ နှလုံးသားကို သိမ်းပိုက်ရမည်…”