အခန်း ၆၃၈
Vol. 54 Ch. 638
အပိုင်း (၆၃၈)
ထိုအချိန်မှာပဲ လက်ခြောက်ချောင်း စောင်းနတ်ဆိုး ဘီသိုဗင်က သူ၏ စွမ်းအား အားလုံး၊ စိတ်ဝိညာဉ် အားလုံးကို စုစည်းလိုက်သည်။
ယွင်ကျုံးဟဲ့ကလည်း စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ စိတ်ကူးယဉ် ကမ္ဘာတစ်ခုထဲသို့ ဝင်ရောက်သွားသကဲ့သို့ ဖြစ်သွား၏။
“ဒေါင်… ဒေါင်… ဒင်… ဒေါင်… ဒေါင်…”
ရူးသွပ်ဖွယ်ကောင်းသော စောင်းသံများက နတ်ဆိုး အသံများအလား ကောင်းကင်နှင့် မြေကြီးကို ဖြိုခွဲကာ ထွက်ပေါ်လာသည်။
ထိုအချိန်တွင် တာယင် ဧကရာဇ်၏ စိတ်ထဲမှ နောက်ပြန် ရေတွက်မှု ပြီးဆုံးသွားသည်။ ယမ်းပေါင် သိန်းချီ၏ ပေါက်ကွဲမှုကြီး စတင်ပြီ ဖြစ်၏။
“ဝုန်း… ဝုန်း… ဝုန်း… ဝုန်း… ဝုန်း…”
ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။
တစ်ချိန်တည်းမှာပဲ ထျန်းကျိုး နတ်ဧကရာဇ်၏ ဦးနှောက်ထဲရှိ ကပ်ပါးကောင်များက အမြင့်ဆုံး အဆင့်အထိ ရူးသွပ်သွားကြ၏။
“ဖောက်… ဖောက်… ဖောက်… ဖောက်…”
မရေမတွက်နိုင်သော ကပ်ပါးကောင်များက သူ၏ ဦးနှောက် သွေးကြောများကို ဆွဲဖြဲလိုက်ကြသည်။
ကြောက်မက်ဖွယ်ကောင်းသော သွေးများက အရှိန်အဟုန်ဖြင့် ပန်းထွက်လာ၏။
ထျန်းကျိုး နတ်ဧကရာဇ်၏ ဦးနှောက်ထဲတွင် ပြင်းထန်စွာ ပေါက်ကွဲသွားပြီး ဖျက်ဆီးခြင်း စမ်းရေပန်း ကဲ့သို့သော သွေးများက သူ၏ အားနည်းသော ဦးနှောက်ကို အလုံးစုံ ဖျက်ဆီးပစ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်က မြင့်မားသော စင်မြင့်ထက်တွင် ရပ်တန့်သွားကာ အနည်းငယ်မှ လှုပ်ရှားခြင်း မရှိတော့ပေ။
ထို့နောက် ထျန်းကျိုး နတ်ဧကရာဇ်သည် ရုပ်တုတစ်ခုကဲ့သို့ ဝုန်းခနဲ လဲကျသွားလေတော့သည်။
အခြားသူများ၏ အမြင်တွင် ထျန်းကျိုး နတ်ဧကရာဇ် ဦးနှောက်သွေးကြောပြတ်ကာ လဲကျသွားခြင်းမှာ အလွန် မြန်ဆန်လှပြီး မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်၏။
သို့ပေမည့် ထျန်းကျိုး နတ်ဧကရာဇ် အတွက်မူ ဤစက္ကန့်ဝက်မျှပင် မရှိသော အချိန်လေးသည် အလွန်တရာ ကြာရှည်လှသည်။
ထိုကဗျာကို ရွတ်ဆိုအပြီးတွင် သူ အနည်းငယ် ပုံမှန်မဟုတ်ကြောင်း ခံစားလိုက်ရ၏။
အကြောင်းမှာ သူ၏ ကောင်းကင်သို့ ပျံတက်ချင်စိတ်နှင့် တစ်ကိုယ်လုံး သွေးများ ဆူပွက်နေသော ခံစားချက်က အမြင့်ဆုံး အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ယွင်ကျုံးဟဲ့၏ စောင်းသံကလည်း အလွန်တရာ ထူးဆန်းနေသောကြောင့် ဖြစ်သည်။
သို့ပေမည့် သူ တစ်စုံတစ်ရာ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် သူ၏ ဦးနှောက်ထဲရှိ သွေးကြောများက ပေါက်ထွက်သွားခဲ့ပြီ ဖြစ်၏။
ထိုခဏတွင် မရေမတွက်နိုင်သော အတွေးများက သူ၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာသည်။
သူက ယွင်ကျုံးဟဲ့ကို စိုက်ကြည့်ရင်း ရင်ထဲမှနေ၍ ရူးသွပ်စွာ အော်ဟစ်လိုက်၏။ ‘မင်းပဲ။ မင်းက ကျုပ်ကို လုပ်ကြံတာပဲ။’
သို့ပေမည့် ဤအချိန်တွင် သူ၏ ပါးစပ်မှ မည်သည့် အသံမှ ထွက်ပေါ်မလာနိုင်တော့ပေ။
သူက အားကုန်သုံးကာ လက်ညှိုးကို မြှောက်ရန် ကြိုးစားလိုက်သော်လည်း လက်မအနည်းငယ်မျှသာ မြှောက်နိုင်ခဲ့ပြီးနောက် ဝုန်းခနဲ လဲကျသွားတော့သည်။
တစ်ကွင်းလုံး အပ်ကျသံ ကြားရလုမတတ် တိတ်ဆိတ်သွား၏။ မည်သို့ ဖြစ်ပျက်သွားသည်ကို မည်သူကမှ မသိကြပေ။
စင်မြင့်ပေါ်ရှိ အမတ်များနှင့် စစ်သူကြီးများကလည်း ဘာဖြစ်သွားမှန်း မသိဘဲ ဧကရာဇ်ဟောင်းက အထူး မှော်ပညာ တစ်ခုခုကို ပြသနေသည်ဟုသာ ထင်မှတ်နေကြသည်။
အောက်ဘက်တွင် ဒူးထောက်နေကြသော စစ်သည် ခြောက်သိန်းမှာ ပို၍ပင် ဘာဖြစ်သွားမှန်း မသိကြပေ။
အဝေးရှိ မြို့ရိုးပေါ်မှ တာယင် ဧကရာဇ်၊ ကုန်းဆွန်းယန် နှင့် အခြားသူများမှာ ပို၍ပင် အံ့အားသင့် မှင်သက် သွားကြ၏။
‘ဒါ… ဒါ ဘာဖြစ်သွားတာလဲ။ ပြိုင်ဘက်ကင်း အားကောင်းလှသော ထျန်းကျိုး နတ်ဧကရာဇ်က ဘယ်လိုလုပ် ရုတ်တရက် လဲကျသွားရတာလဲ။’
ဤမြင်ကွင်းက တကယ့်ကို ထိတ်လန့်စရာ ကောင်းလှသည်။
အတော်ကြာ မှင်သက်သွားပြီးနောက် သူတို့၏ ရင်ထဲတွင် ရူးသွပ်စွာ ဝမ်းသာပျော်ရွှင်မှုများ ဖြစ်ပေါ် လာကြ၏။
‘ယွင်ကျုံးဟဲ့ လက်စွမ်းပြလိုက်ပြီ။ ကျုပ်တို့ရဲ့ ဟေးလုံထိုင် သူလျှို ယွင်ကျုံးဟဲ့ လက်စွမ်းပြလိုက်ပြီ။ ယွင်ကျုံးဟဲ့က နတ်ဘုရားများပင် မတတ်စွမ်းနိုင်သော နည်းလမ်းဖြင့် ထျန်းကျိုး နတ်ဧကရာဇ်ကို သတ်ဖြတ်လိုက်တာပဲ။ ဟား... ဟား... ဟား...’
ထိုနေရာတွင် အမြန်ဆုံး တုံ့ပြန်နိုင်သူ သုံးဦးမှာ ယန်ဖြန်ရှန်၊ ယွင်ကျုံးဟဲ့ နှင့် မင်းသား ကျိုးကျီ တို့ ဖြစ်ကြသည်။
“နတ်ဧကရာဇ်မင်းမြတ်”
“ဘိုးတော်”
“ဘိုးတော်…”
ထိုသုံးဦးက အပြေးအလွှားသွားကာ ထျန်းကျိုး နတ်ဧကရာဇ်ကို တွဲထူလိုက်ကြ၏။
ထျန်းကျိုး နတ်ဧကရာဇ် တစ်ကိုယ်လုံး တုန်ယင်နေပြီး ပါးစပ်နှင့် နှာခေါင်းများ ရွဲ့စောင်းနေကာ ပါးစပ်မှလည်း အမြှုပ်များ ထွက်နေသည်။
အလွန်တရာ နာကျင်နေပုံရပြီး သူက ယွင်ကျုံးဟဲ့ထံသို့ လက်ညှိုးထိုးရန် အစွမ်းကုန် ကြိုးစားနေသော်လည်း တစ်လက်မမျှပင် မမြှောက်နိုင်တော့ပေ။
ယွင်ကျုံးဟဲ့က ထျန်းကျိုး နတ်ဧကရာဇ်၏ လက်ကို ဖမ်းဆုပ်ကာ ပြောလိုက်သည်။ “ဘိုးတော်… ဘိုးတော် ဘာမှာချင်လို့လဲ။ နေကောင်းသွားမှ ပြောပါ။”
ထိုအချိန်ကျမှသာ မြေပြင်တွင် ဒူးထောက်နေကြသော စစ်သည် ခြောက်သိန်းက သတိဝင်လာကြတော့၏။
ထျန်းကျိုး နတ်ဧကရာဇ်သည် မှော်အတတ်ကို ပြသနေခြင်း မဟုတ်ဘဲ တစ်ခုခု ဖြစ်ပွားနေပြီဖြစ်ကြောင်း သိလိုက်ရ၏။ အမှန်စင်စစ်မူ လေဖြတ်ဝေဒနာ ခံစားလိုက်ရခြင်းပင် ဖြစ်သည်။
သို့သော်လည်း သူသည် တန်ခိုးစွမ်းအားနှင့် ပြည့်စုံသော နတ်ဘုရားတစ်ပါး မဟုတ်ပါလား။ ထိုသို့သော အရှင်သခင်မျိုးက မည်ကဲ့သို့ ဝေဒနာ စွဲကပ်နိုင်ပါမည်နည်း။ လုံးဝမဖြစ်နိုင်ချေ။
တာ့ကျိုး တပ်တော်ကြီး၏ စစ်သည်တိုင်း၏ ရင်ထဲတွင် ထျန်းကျိုး ဧကရာဇ်သည် နတ်ဘုရား တစ်ပါး ဖြစ်ပြီး သေဆုံးခြင်း မရှိဘဲ ပြန်လည် နုပျိုနိုင်ကာ အရာအားလုံးကို တတ်စွမ်းနိုင်သော နတ်ဘုရား တစ်ပါး ဖြစ်၏။
သူသည် ယုံကြည်ကိုးကွယ်ရာဖြစ်ပြီး သူတို့၏ စိတ်ဓာတ်ခွန်အားလည်း ဖြစ်၏။ ယခုမူ ထိုစိတ်ဓာတ်ခွန်အား ကြီးမားသော တိုင်လုံးကြီးက ပြိုလဲသွားခဲ့ပြီဖြစ်ပြီး လူတိုင်း၏ ရှေ့မှောက်တွင် ပြိုလဲသွားခဲ့ခြင်း ဖြစ်သည်။
“အား… အား… အား… အား…”
“မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး။”
ထိုအချိန်တွင် မင်းသား ကျိုးကျီက ယွင်ကျုံးဟဲ့ကို ရုတ်တရက် လက်ညှိုးထိုးကာ အော်ဟစ်လိုက်၏။ “မင်းပဲ။ မင်းက နတ်ဧကရာဇ်ကို လုပ်ကြံတာပဲ။ လာကြစမ်း… အောက်ယွီကို ဖမ်းလိုက်… ကျုပ်အတွက် သူ့ကို ဖမ်းလိုက်စမ်း။”
ယွင်ကျုံးဟဲ့က ငိုသံဖြင့် မေးလိုက်သည်။ “နောင်တော်… ဒီလို အချိန်မျိုး ရောက်နေတာတောင် ကျုပ်တို့က သွေးကွဲနေအုံးမှာလား။”
ယန်ဖြန်ရှန် မှာမူ သူ၏ စိတ်ဝိညာဉ်ရော ခန္ဓာကိုယ်ပါ အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ ခံစားနေရပြီး သူ၏ မျက်စိရှေ့မှ အဖြစ်အပျက်ကို လုံးဝ လက်မခံရဲပေ။
သူ၏ ရင်ထဲတွင် ထျန်းကျိုး နတ်ဧကရာဇ်ကို ယွင်ကျုံးဟဲ့ သတ်ဖြတ်လိုက်သည်မှာ သေချာကြောင်း သိနေ၏။ သို့ပေမည့် သူ မည်ကဲ့သို့ လုပ်လိုက်သနည်း။ လုံးဝ စိတ်ကူးကြည့်၍ပင် မရချေ။
‘ယွင်ကျုံးဟဲ့က ခုနက စောင်းတီးရုံလေး တီးခဲ့တာပဲလေ။ အခြားလူတွေလည်း ဒီစောင်းသံကို ကြားခဲ့တာပဲ မဟုတ်လား။ လောကမှာ စောင်းသံနဲ့ လူသတ်နိုင်တယ် ဆိုတာ လုံးဝ မရှိဘူး။ အခု ဘယ်လို လုပ်ကြမလဲ။
ထျန်းကျိုး နတ်ဧကရာဇ် လဲကျသွားပြီ ဆိုတော့ ဒီစစ်ပွဲကို ဆက်တိုက်ရအုံးမှာလား။ ဆက်တိုက်လို့ မရတော့ဘူး။ အမြန်ဆုံး ဆုတ်ခွာရမယ်။ အဲ့ကျိုးမြို့ကို ဆုတ်ခွာရမယ်။ လိုအပ်ရင် လေခွင်းမြို့အထိ ဆုတ်ခွာရမယ်။ အဲဒီနေရာတွေမှပဲ ဘေးကင်းနိုင်မှာ။’
“ချင်ဝမ်… ဆူမီရှီ… အောက်တုန်း… ပိုင်ဟောက်… အရင်ဆုံး ဆုတ်ခွာကြမယ်။ ဆုတ်ခွာကြမယ်။” ယန်ဖြန်ရှန်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ယခုတစ်ကြိမ် ထျန်းကျိုး နတ်ဧကရာဇ် ကိုယ်တိုင် စစ်မြေပြင်သို့ ထွက်လာရာတွင် မင်းသား ကျိုးကျီ၊ ဆူမီရှီ၊ နယ်စား အောက်တုန်းတို့ ပါဝင်ပြီး ပိုင်ဟောက် ဆိုသည်မှာ မိဖုရားကြီး ပိုင်ရွှဲ့၏ အစ်ကို ဖြစ်သော ဝူကွန်းဟောက်ပင် ဖြစ်သည်။
ယန်ဖြန်ရှန် ကိုယ်တိုင် အပါအဝင် ဆိုလျှင် ခေါင်းဆောင်ကြီး ငါးဦး ရှိသည်။ ခေါင်းဆောင်ကြီး ငါးဦးက ခေါင်းညိတ်ကာ ဆုတ်ခွာရန် သဘောတူလိုက်ကြ၏။
သို့ပေမည့် ထိုအချိန်မှာပဲ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ငရဲပြည်မှ အော်သံကဲ့သို့၊ ကောင်းကင်မှ မိုးကြိုးပစ်သံကဲ့သို့ပင်။
ဤသည်မှာ ဟွန်းမြစ် ဆည်ပေါက်ကွဲသွားသည့် အသံဖြစ်ပြီး မီတာ တစ်သောင်းကျော် အကွာအဝေးမှ လာသောကြောင့် စက္ကန့် လေးဆယ်ခန့် ကြာမှသာ အသံကို ကြားရခြင်း ဖြစ်၏။
ထို့နောက် မြေပြင်တစ်ခုလုံး အနည်းငယ် တုန်ယင်သွား၏။ ပေါက်ကွဲသံက မြောက်ဘက်မှ ထွက်ပေါ်လာခြင်း ဖြစ်ရာ လူတိုင်းက မြောက်ဘက်သို့ အလိုအလျောက် လှမ်းကြည့်လိုက်ကြပြီး စစ်သည် ခြောက်သိန်းလုံး မြောက်ဘက်သို့ ကြည့်လိုက်ကြသည်။
အံ့မခန်း ပေါက်ကွဲမှုကြီးနှင့်အတူ ဟွန်းမြစ် တောင်ဘက်ကမ်းတွင် ဧရာမ အက်ကြောင်းကြီး တစ်ခု ပွင့်ထွက်သွားပြီး ဟွန်းမြစ်ရေများက အရှိန်အဟုန်ဖြင့် ဝင်ရောက်လာ၏။
ဤဟွန်းမြစ်ရေမှာ အမြဲတမ်း တည်ငြိမ်နေသောကြောင့် အန္တရာယ်ရှိမည်ဟု မည်သူကမှ မထင်မှတ် ခဲ့ကြသော်လည်း ယခု အရှိန်အဟုန်ဖြင့် ဝင်ရောက်လာချိန်တွင်မူ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။
အကြောင်းမှာ ဤမြစ်မှာ လောကတွင် တတိယမြောက် အကြီးဆုံးမြစ် ဖြစ်ပြီး ယခုအချိန်ကလည်း ရေအများဆုံး အချိန် ဖြစ်ရာ ရေစီးဆင်းမှု ပမာဏမှာ အလွန်တရာ ကြီးမားလှသောကြောင့်ပင်။
ရှုံးကျိုးမြို့ကလည်း မြေနိမ့်ပိုင်းတွင် ရှိနေသောကြောင့် ရေလှိုင်းလုံးကြီးများက ပို၍ ကြမ်းတမ်းလာကာ ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။
နောက်ဆုံးတွင် မြင်းသောင်းချီ ပြေးလွှားလာသည့်အလား ရူးသွပ်စွာ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာတော့၏။
ဟွန်းမြစ် ရေစီးကြောင်း ပြောင်းသွားပြီဖြစ်၏။ စက္ကန့်တိုင်းတွင် ရေ ကုဗမီတာ သောင်းချီကာ ရှုံးကျိုး မြေနိမ့်ပိုင်းအတွင်းသို့ ဝင်ရောက်လာသည်။ သို့မဟုတ် ထို့ထက်ပင် ပိုများနိုင်သေးသည်။
“ဝုန်း… ဝုန်း… ဝုန်း…”
လူတိုင်းက ကျယ်လောင်သည့် အသံကြီးကို ကြားလိုက်ရသော်လည်း ဘာဖြစ်မှန်း မသိကြပေ။ ထို့ကြောင့် မြောက်ဘက်သို့သာ ဆက်လက် ကြည့်ရှုနေကြ၏။
အတော်ကြာပြီးနောက်တွင် ဧရာမ ရေလှိုင်းလုံးကြီးများက အရှိန်အဟုန်ဖြင့် စီးဆင်းလာသည်ကို မြင်တွေ့ လိုက်ရ၏။ လူတိုင်း အသက်ရှူမှားသွားကြသည်။ ဟွန်းမြစ်ရေများက ကောင်းကင်ပေါ်မှ ကျဆင်းလာ သကဲ့သို့ပင်။
တာ့ကျိုးမှ မရေမတွက်နိုင်သော လူများက လွန်စွာ ထိတ်လန့်သွားကြပြီး တွေးလိုက်မိကြသည်။ ‘ဒါ… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘယ်က ရေတွေ ရောက်လာတာလဲ။ ဒီမှာ ရေလှောင်တမံလည်း မရှိဘူး၊ မိုးလည်း မရွာဘူး၊ ရေလည်း မကြီးဘူးလေ။ ဟွန်းမြစ်ရေက အမြဲတမ်း တည်ငြိမ်နေတာပဲ မဟုတ်လား။ ပြီးတော့ ရေအမှတ်ကလည်း သိပ်မမြင့်ဘူး။ ဘယ်လိုလုပ် ဒီလောက် အရှိန်အဟုန်နဲ့ စီးဆင်းလာရတာလဲ။’
ဟွန်းမြစ်၏ မြေမျက်နှာပြင်ကို လေ့လာဖူးသူတိုင်း ဤသို့ ထင်မြင်ကြမှာဖြစ်၏။ အကြောင်းမှာ ဟွန်းမြစ် နှစ်ဖက်ကမ်းက အလွန် မြင့်မားပြီး ရေအမှတ်က နိမ့်ကျနေသောကြောင့် ကမ်းလုံးလျှံကာ ရေကျော်လာရန် လုံးဝ မဖြစ်နိုင်သောကြောင့်ပင်။
ဟွန်းမြစ် တောင်ဘက်ကမ်းနှင့် ရှုံးကျိုးမြို့ကြားတွင် မိုင်ဆယ်ချီ ကွာဝေးသောကြောင့် လူအများစုက ထိုနေရာနှစ်ခု၏ အမြင့်မှာ အတူတူပင် ဖြစ်မည်ဟု ထင်မှတ်ထားကြ၏။ အကြောင်းမှာ မြေပြင်ပေါ်မှ ကြည့်လျှင် အလွန် ပြန့်ပြူးနေသောကြောင့် ဖြစ်သည်။
ရေလှိုင်းလုံးကြီးများက ပိုမို ကြမ်းတမ်းလာပြီး ပိုမို ကြောက်မက်ဖွယ် ကောင်းလာ၏။
“သွားမယ်။ သွားမယ်။ သွားမယ်။”
“စစ်တပ် ဆုတ်ခွာမယ်။ ဆုတ်ခွာမယ်။ ဆုတ်ခွာမယ်။”
“စစ်သည် အားလုံး သံချပ်ကာတွေ ချွတ်ပြီး ဆုတ်ခွာကြ…”
မိဖုရားကြီး ပိုင်ရွှဲ့၏ အစ်ကို ဖြစ်သော တာ့ကျိုး ဝူကွန်းဟောက်က ဘာမှ ထပ်မပြောတော့ဘဲ ထျန်းကျိုး နတ်ဧကရာဇ်ကို ကျောပိုးကာ တောင်ဘက်သို့ အပြေးအလွှား ထွက်ပြေးတော့သည်။
တစ်ချိန်တည်းမှာပင် ရှုံးကျိုးမြို့ထဲမှ မိုးပျံပူဖောင်း ဒါဇင်ချီ ထွက်ပေါ်လာပြီး တာ့ကျိုးတပ်တော်ကြီး၏ ခေါင်းပေါ်သို့ ပျံသန်းလာ၏။
ဤသည်မှာ ဖုန်းရှင်းမြဲ့ ဦးဆောင်သော ဟေးလုံထိုင် သိုင်းပညာရှင် တစ်ရာကျော်က ယွင်ကျုံးဟဲ့ကို လာရောက် ကယ်တင်ခြင်း ဖြစ်သည်။
“မြန်မြန်… မြန်မြန်… မြန်မြန်… ဟိုမှာ… ဟိုမှာ… ဘာပဲဖြစ်ဖြစ် အမတ်မင်း ယွင်ကျုံးဟဲ့ကို ကယ်ရမယ်။” ဖုန်းရှင်းမြဲ့က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ဟေးလုံထိုင် သိုင်းပညာရှင် ဒါဇင်ပေါင်းများစွာက လေဟုန်စီးဝတ်စုံများကို ဝတ်ဆင်ထားပြီး မိုးပျံပူဖောင်း ခြင်းတောင်းအစွန်းတွင် ရပ်ကာ ယွင်ကျုံးဟဲ့ကို ကယ်တင်ရန် အချိန်မရွေး ခုန်ချဖို့ အသင့်ပြင်ထားကြသည်။
ဧရာမ ရေလှိုင်းလုံးကြီးများက ရူးသွပ်စွာ စီးဆင်းလာနေပြီး ပို၍ပို၍ နီးကပ်လာ၏။
မြေပြင်ပေါ်တွင်မူ တာ့ကျိုး စစ်သည် ခြောက်သိန်းက တောင်ဘက်သို့ ရူးသွပ်စွာ ထွက်ပြေးနေကြပြီး ပြေးရင်းဖြင့် သံချပ်ကာများနှင့် လက်နက်များကို လွှင့်ပစ်နေကြ၏။ အကြောင်းမှာ ထိုအရာများက သံများ ဖြစ်သောကြောင့် အလွန် လေးလံသောကြောင့်ပင်။
ခဏအကြာတွင် ရေလှိုင်းလုံးကြီးများက အရှိန်အဟုန်ဖြင့် ဖုံးလွှမ်းလာတော့သည်။ စောစောက အဆုံးအစမရှိ ကြီးမားကျယ်ဝန်းလှသော တာ့ကျိုး တပ်တော်ကြီးမှာ အစုလိုက် အပြုံလိုက် ပျောက်ကွယ်သွားပြီး ရေအောက်သို့ ရောက်ရှိသွားကြ၏။