← Chapters

အခန်း ၆၄၀

Vol. 54 Ch. 640

အခန်း ၆၄၀

Vol. 54 Ch. 640

အပိုင်း (၆၄၀)

တာယင် ဧကရာဇ်က လက်ကာပြလိုက်ပြီး ပြောလိုက်သည်။ “ဒီလို ကြီးကျယ်တဲ့ စကားတွေ၊ အလကား စကားတွေ မပြောပါနဲ့တော့။”

ကုန်းဆွန်းယန်က ပြောလိုက်၏။ “အရှင်မင်းကြီး… သွားရမယ့် အချိန် ရောက်ပါပြီ။ ကျုပ်တို့ စစ်တပ်လည်း ဆုတ်ခွာရတော့မယ်။”

တာယင် ဧကရာဇ်က ရေများ အဆက်မပြတ် ဝင်ရောက်နေဆဲ ဖြစ်သော ရှုံးကျိုးမြို့ကို ကြည့်လိုက်၏။ ကာကွယ်ရေး စစ်သည် နှစ်သိန်းက ရှုံးကျိုးမြို့ကို ကာကွယ်နိုင်ရန် ရေများကို အစွမ်းကုန် ခပ်ထုတ်နေကြသည်။

စစ်တပ် ဆုတ်ခွာသွားပါက ရက်အနည်းငယ်အတွင်း ရှုံးကျိုးမြို့မှာ အလုံးစုံ ရေမြုပ်သွားပေလိမ့်မည်။ မြို့ရိုးများ ကာကွယ်ထားသော်လည်း ရေများက အပေါက်တိုင်းမှ ဝင်ရောက်လာမှာဖြစ်၏။

ကုန်းဆွန်းယန်က တိုက်တွန်းလိုက်သည်။ “အရှင်မင်းကြီး… စစ်ရေးက မီးလို အရေးကြီးတယ်။ ထျန်းကျိုး နတ်ဧကရာဇ် လဲကျသွားတော့ တာ့ကျိုးရဲ့ စိတ်ဓာတ်ခွန်အားလည်း လုံးဝ ပြိုကျသွားပါပြီ။ အခု ပိုင်ရှင်မဲ့နယ်မြေက အားနည်းနေသလို တာ့ကျိုးအင်ပါယာ တစ်ခုလုံးကလည်း အားနည်းနေတယ်။

ဒါက ကျုပ်တို့အတွက် နှစ်ထောင်ချီအတွင်း တစ်ခါမှ မကြုံဖူးတဲ့ အခွင့်အရေးပါပဲ။ စစ်တပ်ကြီးကို ဦးဆောင်ပြီး တောင်ဘက်ကို တိုက်ခိုက်ရင် ပိုင်ရှင်မဲ့နယ်မြေကို ပြန်လည် သိမ်းပိုက်နိုင်ရုံသာမက တာ့ကျိုးအင်ပါယာ နယ်နိမိတ်အတွင်းကိုပါ ဝင်ရောက် တိုက်ခိုက်ပြီး နိုင်ငံကိုပါ အပြီးတိုင် ဖျက်ဆီးနိုင်မှာပါ။

အရှင်မင်းကြီး… ကျုပ်တို့က ပိုင်ရှင်မဲ့နယ်မြေကို လက်လွှတ်လိုက်ရပေမယ့် အကျအဆုံးက တာ့ကျိုးထက် အများကြီး နည်းတယ်။ ကျုပ်တို့ဆီမှာ လုံလောက်တဲ့ စစ်တပ်၊ လုံလောက်တဲ့ ရိက္ခာ၊ လုံလောက်တဲ့ နိုင်ငံတော် အင်အား ရှိတယ်။ ဒါက ကောင်းကင်ဘုံက အရှင်မင်းကြီးကို ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ရရှိစေဖို့ ဖန်တီးပေးထားတာပါ။”

ဧကရာဇ်၏ အကြည့်များက အဝေးဆီသို့ ရောက်ရှိသွားပြီး ရေလှိုင်းများ ဖျက်ဆီးသွားသော ပိရမစ်ပုံ စင်မြင့်ကြီးကို ကြည့်လိုက်၏။

“ယွင်ကျုံးဟဲ့ကို ကယ်နိုင်ခဲ့ပြီလား။” ဧကရာဇ်က မေးလိုက်သည်။

“မကယ်နိုင်ခဲ့ဘူး။ အရှင်မင်းကြီး” ကုန်းဆွန်းယန်က ဖြေလိုက်၏။

ဧကရာဇ်က အမိန့်ပေးလိုက်သည်။ “ဆက်ကယ်... ဆက်ရှာ… လူတစ်သောင်း ချန်ထားခဲ့ပြီး ဒီမိုင်ရာချီ ကျယ်ဝန်းတဲ့ နေရာ တစ်ခုလုံးရဲ့ နေရာတိုင်းကို ရှာ… သူ့ကို မဖြစ်မနေ ရှာတွေ့ရမယ်။”

ကုန်းဆွန်းယန်က ခေါင်းခါယမ်းကာ ပြောလိုက်၏။ “အရှင်မင်းကြီး… ရန်သူတွေက သူ့ကို ခေါ်သွားလောက်ပါပြီ။ ဖုန်းရှင်းမြဲ့ ကိုယ်တိုင်တောင် သူ့ကို ကယ်ဖို့ ကြိုးစားရင်း အဖမ်းခံရလောက်ပါပြီ။”

ဧကရာဇ်၏ မျက်နှာက အနည်းငယ် တုန်ယင်သွားပြီး ပြောလိုက်သည်။ “ခင်ဗျားတို့ ခုနက ပြောတယ်လေ… အရှေ့ပိုင်း ယဉ်ကျေးမှုကို ကာကွယ်ပြီး တာ့ရှန်း နတ်ဆိုး နိုင်ငံ ပြန်လည် ရှင်သန်လာမှာကို တားဆီးခဲ့တာက ကိုယ်တော်လို့… ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုကို ရရှိခဲ့တာက ကိုယ်တော်လို့…

ခင်ဗျားတို့ မှားနေပြီ။ ကိုယ်တော်က ဆည်ကို ဖောက်ခွဲပြီး ဟွန်းမြစ် ရေစီးကြောင်း ပြောင်းအောင် လုပ်ကာ တာ့ကျိုး စစ်တပ် သိန်းချီကို ရေနစ်သေအောင် လုပ်ခဲ့တာပဲ ရှိတယ်။ ဒါက အကျိုးကျေးဇူးလား၊ အပြစ်လား ဆိုတာတောင် ပြောရခက်သေးတယ်။

တကယ်တမ်း ဒီလို ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုကို ရယူပေးခဲ့တာက ယွင်ကျုံးဟဲ့ ပဲ။ ဒါကြောင့် ဘယ်လောက်ပဲ တန်ဖိုး ပေးဆပ်ရပါစေ၊ သူ့ကို မဖြစ်မနေ ကာကွယ်ရမယ်။ ဘယ်လောက်ပဲ တန်ဖိုး ပေးဆပ်ရပါစေ ဆိုတာကို နားလည်လား။”

ကုန်းဆွန်းယန်က ပြန်ပြောလိုက်၏။ “နားလည်ပါပြီ။ သူ့ရဲ့ ဇနီး မင်းသမီး ရှန်းရှန်းကို ကျုပ်တို့ ကယ်တင်ထားနိုင်ပါပြီ။ အရှင်မင်းကြီး သွားတွေ့မလား။”

တာယင် ဧကရာဇ်က ခဏ စဉ်းစားပြီးနောက် ခေါင်းယမ်းကာ ဖြေလိုက်သည်။ “မတွေ့တော့ဘူး။ ကျုပ် အခု သူ့ကို တွေ့လို့ မဖြစ်သေးဘူး။ သူ အခု ဒီအဖြစ်အပျက်ကို လုံးဝ လက်ခံနိုင်မှာ မဟုတ်သေးဘူး။ တစ်ဝက်တစ်ပျက်ပဲ နားလည်နေမှာ။

ကျုပ် သူ့ကို သွားတွေ့ရင် အမှန်တရားကို လုံးဝ ဖွင့်ဟလိုက်သလို ဖြစ်သွားမှာမို့ သူ့အတွက် အရမ်း ရက်စက်ရာ ကျသွားလိမ့်မယ်။ ကျုပ်တို့ အားလုံး မသိဟန်ဆောင်နေကြပြီး သူ့ကို မြို့တော်ဆီ ခေါ်သွားလိုက်။ ရွှီအန်းထင်ကို ကလေးတွေနဲ့အတူ သူ့အနားမှာ အဖော်ပြုပေးဖို့ စေခိုင်းလိုက်ပါ။”

တာယင် ဧကရာဇ်က ဆက်ပြောလိုက်၏။ “စစ်တပ်ကြီး တောင်ဘက်ကို ဆင်းပြီး ပိုင်ရှင်မဲ့နယ်မြေနဲ့ တာ့ကျိုးအင်ပါယာကို ဆက်တိုက်… မရပ်နဲ့။ ဒါပေမဲ့ တာ့ကျိုး မြို့တော်ဆီကို စေ့စပ်ဆွေးနွေးရေးအဖွဲ့ ချက်ချင်း စေလွှတ်ပြီး ယွင်ကျုံးဟဲ့၊ ဖုန်းရှင်းမြဲ့၊ ယင်ချွဲ့ တို့ သုံးယောက်ကို လဲလှယ်ဖို့ ကြိုးစား။

ပြီးတော့ အခုလို အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်နေချိန်မှာ သူတို့က အောက်ရှင်း မိသားစု တစ်ခုလုံးကို စောင့်ကြပ်တာ အနည်းငယ် လျော့ရဲသွားနိုင်တယ်။ အကောင်းဆုံး သိုင်းပညာရှင်တွေကို စေလွှတ်ပြီး အောက်ရှင်း မိသားစုကို ကယ်တင်ခိုင်းလိုက်...”

ကုန်းဆွန်းယန်က အရိုအသေပေးကာ ဖြေလိုက်သည်။ “အမိန့်တော်အတိုင်းပါ။”

တာယင် ဧကရာဇ်က ထပ်မံ အမိန့်ပေးလိုက်၏။ “ရွှီအန်းထင်အိမ်ကို ချက်ချင်း အမိန့်တော် ပို့လိုက်… သူနဲ့ ယွင်ကျုံးဟဲ့ရဲ့ သားကို ရှုံးမြစ်နယ်စားအဖြစ် ခန့်အပ်လိုက်၊ ကျင်းကျုံးယွဲ့ရဲ့ သမီးကို ရိုလန်မင်းသမီးအဖြစ် ခန့်အပ်ပြီး ကျင်းကျုံးယွဲ့ရဲ့ သားကို ယွီရှီဟောက် အဖြစ် ခန့်အပ်လိုက်...”

ကုန်းဆွန်းယန်က ထပ်မံ၍ အရိုအသေပေးကာ ဖြေလိုက်သည်။“အမိန့်တော်အတိုင်းပါ။”

တာယင် ဧကရာဇ်က ဆက်ပြောလိုက်၏။ “ပြီးတော့ အောက်ရှင်း ဆီကိုလည်း အမိန့်တော် ပို့လိုက်… သူ လက်ခံသည် ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ သူ့ကို တာယင်အင်ပါယာရဲ့ အောက်ကော်ကွန်း အဖြစ် ခန့်အပ်လိုက်။ ယွင်ကျုံးဟဲ့က ဒီသားအဖ သံယောဇဉ်ကို အသိအမှတ်ပြုတယ် ဆိုရင် ကျုပ်တို့ တာယင်အင်ပါယာကလည်း အသိအမှတ်ပြုပေးရမှာပဲ။”

တာယင် ဧကရာဇ်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထပ်မေးလိုက်သည်။ “အောက်ယွီအစစ်က သေသွားပြီလို့ ကြားတယ်။ သူ အရမ်း လွတ်လပ် ပေါ့ပါးစွာ နေသွားနိုင်တယ် မဟုတ်လား။”

ကုန်းဆွန်းယန်က ဖြေလိုက်၏။ “ဟုတ်တယ်။ အရင်က တစ်ခါမှ မရှိဖူးလောက်အောင် လွတ်လပ် ပေါ့ပါးစွာ နေသွားနိုင်ခဲ့တယ်။”

တာယင် ဧကရာဇ်က အမိန့်ပေးလိုက်သည်။ “ဒါဆိုရင် သူ့ကို ရှောင်ယောင်ဟောက် (လွတ်လပ် ပေါ့ပါးသော နယ်စား) အဖြစ် ဘွဲ့နှင်းသဘင် ချီးမြှင့်လိုက်ပါ။”

ကုန်းဆွန်းယန်က ဖြေလိုက်၏။ “အမိန့်တော်အတိုင်းပါ။”

တာယင် ဧကရာဇ်က ထပ်မံ မေးလိုက်ပြန်သည်။ “အောက်ရှင်းမှာ သမီး တစ်ယောက် ရှိသေးတယ် မဟုတ်လား။ ယွင်ကျုံးဟဲ့ကလည်း သူ့ရဲ့ ညီမအရင်းလို သဘောထားတယ်ဆို...”

ကုန်းဆွန်းယန်က ဖြေလိုက်၏။ “ဟုတ်ပါတယ်။ နာမည်က အောက်နင်နင် ပါ။”

တာယင် ဧကရာဇ်က ပြောလိုက်သည်။ “နင်ကတော် ဆီကို သွားပြီး သူ့ကို မွေးစားသမီး အဖြစ် လက်ခံခိုင်းလိုက်… ပြီးတော့ အန်းနင်မင်းသမီးအဖြစ် ခန့်အပ်လိုက်”

ကုန်းဆွန်းယန်က ဖြေလိုက်၏။ “အမိန့်တော်အတိုင်းပါ။”

တာယင် ဧကရာဇ်၏ အကြည့်များက ကုန်းဆွန်းယန် ထံသို့ ရောက်ရှိလာပြီး ပြောလိုက်သည်။ “ခင်ဗျားက နန်းတွင်းက လူ မဟုတ်ဘူး ဆိုတော့ ဟေးလုံထိုင် ခေါင်းဆောင် တစ်ယောက်ကို အမိန့်တော် ရေးခိုင်းတာ မသင့်တော်ဘူးထင်တယ်။”

ကုန်းဆွန်းယန်က အနည်းငယ် ပြုံးလိုက်၏။

တာယင် ဧကရာဇ်က အမိန့်ပေးလိုက်သည်။ “အခုချက်ချင်း တာ့ကျိုးဆီကို သံတမန်အဖွဲ့ စေလွှတ်ပြီး ယွင်ကျုံးဟဲ့ကို လဲလှယ်ဖို့ ကြိုးစား… ဘယ်လောက်ပဲ တန်ဖိုး ပေးဆပ်ရပါစေ အခုချက်ချင်း သွား… ပြီးတော့ အကောင်းဆုံး စစ်တပ် တစ်တပ်ကို စေလွှတ်ပြီး ထွက်ပြေးနေတဲ့ တာ့ကျိုးရဲ့ အဓိက တပ်မကြီးကို ရှာခိုင်း… ယွင်ကျုံးဟဲ့လည်း သူတို့နဲ့အတူ ပါသွားလောက်တယ်။ အစွမ်းကုန် ကြိုးစားပြီး သူ့ကို ကယ်တင်ရမယ်။”

“အမိန့်တော်အတိုင်းပါ။” ကုန်းဆွန်းယန်က အရိုအသေပေးလိုက်၏။

တာယင် ဧကရာဇ်က မျက်ရည်ဝဲကာ ရှုံးကျိုးမြို့ကို ထပ်မံ ကြည့်လိုက်သည်။

ဤသည်မှာ တာယင်အင်ပါယာ၏ မြို့ကြီး လေးမြို့ထဲမှ တစ်ခုဖြစ်ပြီး အနောက်တောင်ဘက် ဒေသတစ်ခုလုံး၏ အရေးပါသော မြို့ကြီး ဖြစ်၏။

မြို့တွင်းရှိ ကာကွယ်ရေး တပ်များမှာ မမောမပန်းနိုင်ဘဲ ရေများကို ခပ်ထုတ်နေကြပြီး ရေထွက်ပေါက် အသီးသီးကို ပိတ်ဆို့နေကြဆဲ ဖြစ်သည်။

သို့ပေမည့် မည်ကဲ့သို့ ပိတ်ဆို့နိုင်မည်နည်း။ မြို့ရိုး အက်ကြောင်းများကို ပိတ်ဆို့နိုင်လျှင်တောင် မြေအောက်ရေများ ပန်းထွက်လာခြင်းကို လုံးဝ ပိတ်ဆို့နိုင်မည် မဟုတ်ပေ။ ယခင်က လူဦးရေ သန်းချီ နေထိုင်ခဲ့သော မြို့ကြီးမှာ ရေလွှမ်းမိုးခံရရန် သေချာသွားခဲ့ပြီ ဖြစ်၏။

ဧကရာဇ်က အက်ကွဲသော အသံဖြင့် အမိန့်ပေးလိုက်သည်။ “စစ်တပ် ဆုတ်ခွာ”

ထို့နောက် ရှုံးကျိုးမြို့ရှိ စစ်သည် နှစ်သိန်းက တစ်ဖွဲ့ပြီးတစ်ဖွဲ့ သင်္ဘောများဖြင့် ထွက်ခွာသွားကြ၏။

စစ်ရေးက မီးလို အရေးကြီးသည်။ သူတို့က အဓိက တပ်မကြီး ဖြစ်သောကြောင့် အခြား လမ်းကြောင်းများမှ နေ၍ တောင်ဘက်သို့ ချက်ချင်း ဆင်းသွားကာ တာ့ကျိုးကို နိုင်ငံဖျက်ဆီးမည့် စစ်ပွဲ ဆက်လက် ဆင်နွှဲရမှာ ဖြစ်သည်။

လူတစ်သောင်းနှင့် သင်္ဘော ဒါဇင်ပေါင်းများစွာကို ချန်ထားရစ်ကာ နေရာအနှံ့ ရှာဖွေစေခဲ့၏။

....................

တစ်ချိန်တည်းမှာပဲ ယန်ဖြန်ရှန်၊ ကျိုးကျီ၊ ဝူကွန်းဟောက်၊ အောက်တုန်း အစရှိသော တာ့ကျိုး စစ်သူကြီးများက လူတစ်သောင်း မပြည့်သော အင်အားဖြင့် တောင်တန်းများကို ဖြတ်ကျော်ကာ အဆက်မပြတ် ထွက်ပြေးနေကြ၏။

ဟန်ရွှေမြို့ကို သွား၍ မရသလို အဲ့ကျိုးမြို့ကိုလည်း သွား၍ မရပေ။ အကြောင်းမှာ ထိုမြို့များ အားလုံးက ရေမြုပ်သွားပြီ ဖြစ်သောကြောင့်ပင်။

‘စောစောက ဒီမြို့တွေကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့တာ မဆန်းတော့ဘူး။ တာယင်အင်ပါယာက နေရာရှင်းလင်းရေး လုပ်ပြီး အလွတ်ပေးထားတယ်လို့ ထင်ခဲ့တာ၊ တကယ်တော့ သူတို့ရဲ့ ဆုတ်ခွာမှုက ရေနဲ့ လွှမ်းမိုးဖို့ အကြံအစည်ကြီး ဖြစ်နေခဲ့တာပဲ။’

စစ်သည် ခြောက်သိန်းထဲမှ အများစုမှာ ရေနစ် သေဆုံးသွားခဲ့သော်လည်း အကောင်းဆုံး စစ်သည် တစ်သိန်းခန့်မှာတော့ ထွက်ပြေး လွတ်မြောက်လာနိုင်လောက်၏။ သို့ပေမည့် ထို တစ်သိန်းခန့်သော စစ်သည်များမှာလည်း လူစုကွဲသွားကြပြီ ဖြစ်သည်။

ခေါင်းဆောင်ကြီးများက ယွင်ကျုံးဟဲ့ကို ဖမ်းဆွဲကာ ထျန်းကျိုး နတ်ဧကရာဇ်ကို ခေါ်ဆောင်ပြီး လေခွင်းမြို့သို့သာ ဦးတည် ထွက်ပြေးနေကြ၏။

ယခုအချိန်တွင် လေခွင်းမြို့ထဲ၌ တာ့ကျိုး ကာကွယ်ရေးစစ်သည် ငါးသောင်း ရှိနေသေးပြီး ဤမြို့မှာ ကြီးမားသော စစ်ရေးခံတပ်ကြီး တစ်ခုဖြစ်၏။ အများကြီး ဖျက်ဆီးခံထားရသော်လည်း ကာကွယ်ရန် လွယ်ကူပြီး တိုက်ခိုက်ရန် ခက်ခဲသော နေရာ ဖြစ်သည်။

ထွက်ပြေးလာသော စစ်သည် တစ်သိန်းခန့်က လေခွင်းမြို့သို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာပါက မူလ ကာကွယ်ရေးတပ်များနှင့် ပေါင်းစပ်ကာ အခြေအနေကို ထိန်းသိမ်းထားနိုင်ဦးမှာဖြစ်သည်။ လေခွင်းမြို့ကို ကာကွယ်ထားနိုင်သရွေ့ ပိုင်ရှင်မဲ့နယ်မြေကို ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။

ယခုအချိန်တွင် ယန်ဖြန်ရှန် နှင့် အခြားသူများမှာ လေခွင်းမြို့က သူတို့လက်ထဲတွင် ရှိနေသေးရန်သာ ဆုတောင်းနေရပြီး လုံးဝ အသိမ်းခံရ၍ မဖြစ်ပေ။ အကယ်၍ အသိမ်းခံလိုက်ရပါက ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံး ဆုံးရှုံးသွားပြီ ဖြစ်ကြောင်း အဓိပ္ပာယ် သက်ရောက်မှာဖြစ်၏။

ဤ အကောင်းဆုံး လူတစ်သောင်းကျော်က အသက်လု ထွက်ပြေးနေကြ၏။ ရက်အနည်းငယ် အကြာတွင် တာယင်အင်ပါယာ နယ်စပ်သို့ ရောက်ရှိသွားကြသည်။ ဤနေရာမှ လေခွင်းမြို့သို့ မိုင်တစ်ရာပင် မဝေးတော့ပေ။

‘ကောင်းကင်ဘုံက ကာကွယ်စောင့်ရှောက်ပါစေ… လေခွင်းမြို့က ကျုပ်တို့ လက်ထဲမှာပဲ ရှိနေပါစေ။’

သို့ပေမည့် မကြာမီမှာပင် ယန်ဖြန်ရှန် နှင့် အခြားသူများက သတင်းဆိုး တစ်ခုကို လက်ခံရရှိလိုက်သည်။

လေခွင်းမြို့ ကျသွားပြီဖြစ်ပြီး လွန်ခဲ့သော သုံးရက်တည်းက ကျသွားခဲ့ခြင်း ဖြစ်၏။

တာယင်အင်ပါယာ၏ စစ်သူကြီးချုပ် ဟူယန်က စစ်တပ် သုံးသိန်းကို ဦးဆောင်ကာ အစွမ်းကုန် တိုက်ခိုက်ခဲ့ရာ နှစ်ရက်ပင် မကြာဘဲ လေခွင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် အခြားသော တာယင်အင်ပါယာ အဓိက တပ်မကြီး တစ်ခုကလည်း လေခွင်းမြို့သို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေပြီ ဖြစ်၏။

ထိုသတင်းကို ကြားလိုက်ရချိန်မှာတော့ ယန်ဖြန်ရှန်၊ ကျိုးကျီ နှင့် အခြားသူများမှာ မိုးကြိုးပစ်ခံလိုက်ရ သကဲ့သို့ ခံစားလိုက်ရသည်။

‘လေခွင်းမြို့ ကျသွားပြီ ဆိုတော့ နောက်ဆက်တွဲ အကျိုးဆက်တွေကို စိတ်ကူးကြည့်လို့တောင် မရတော့ဘူး။ ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံး ဆုံးရှုံးသွားတော့မှာပဲ။ ပြီးတော့ တာယင်အင်ပါယာ စစ်တပ်တွေက တောင်ဘက်ကို ဆင်းလာတော့မှာ ဆိုတော့ တာ့ကျိုးအင်ပါယာ တစ်ခုလုံးလည်း အန္တရာယ် ရှိနေပြီ။’

“တောင်တန်းတွေကို ဖြတ်ပြီး လမ်းကြိုလမ်းကြားကနေ ထန်ထိုင်မြို့ကို ဆက်သွားမယ်။”

ကျိုးကျီက ပြောလိုက်၏။ “ထန်ထိုင်မြို့မှာ ကျုပ်တို့ စစ်သည် ငါးသောင်း ရှိသေးတယ်။ ထန်ထိုင်မြို့က လေခွင်းမြို့လောက် မခိုင်ခံ့ပေမည့် မြို့ကြီး တစ်မြို့ ဖြစ်လို့ ကာကွယ်နိုင်လောက်တယ်။”

ယန်ဖြန်ရှန်က ခဏ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ “ချင်ဝမ်နဲ့ အမတ်မင်းတို့… အခု ကျုပ်တို့ လူစုခွဲဖို့ လိုနေပြီ။ လူတစ်သောင်းကျော် အတူတူ ထွက်ပြေးနေရင် ပစ်မှတ် အရမ်း ကြီးလွန်းတယ်။ အကောင်းဆုံး သိုင်းပညာရှင် တစ်ထောင်ကျော်ကို ရွေးထုတ်ပြီး နတ်ဧကရာဇ်နဲ့ ယွင်ကျုံးဟဲ့ကို ခေါ်ကာ အမြန်ဆုံးနှုန်းနဲ့ တာ့ကျိုး မြို့တော်ကို ပြန်သင့်တယ်။ နတ်ဧကရာဇ်မင်းမြတ်ကို ကုသနိုင်မှသာ ကျုပ်တို့ အနာဂတ် ရှိမှာပါ။”

ခေါင်းဆောင်ကြီးများ တိုင်ပင်ပြီးနောက် သဘောတူလိုက်ကြ၏။

မိဖုရားကြီး ပိုင်ရွှဲ့၏ အစ်ကို ဝူကွန်းဟောက်၊ ချင်ဝမ် ကျိုးကျီ နှင့် ဟေးပင်းထိုင် ဒု-စစ်သူကြီးချုပ် ယန်ဖြန်ရှန် တို့က အကောင်းဆုံး ထိပ်တန်း သိုင်းပညာရှင် တစ်ထောင်ကို ဦးဆောင်ကာ လူသူကင်းမဲ့သော တောင်တန်းကြီးများကို ဖြတ်ကျော်၍ လျှို့ဝှက်စွာ တောင်ဘက်သို့ ဆင်းကာ တာ့ကျိုး နယ်နိမိတ်အတွင်းသို့ ပြန်လည် ထွက်ပြေးကြသည်။

ကျန်ရှိနေသော သူများကမူ တာ့ကျိုး၏ ထွက်ပြေးလာသော စစ်သည်များကို စုစည်းကာ လေခွင်းမြို့ကို ကျော်ဖြတ်ပြီး တောင်ဘက်သို့ ဆင်းကာ ထန်ထိုင်မြို့တွင် စုရုံးရန် နည်းလမ်း ရှာကြရမှာဖြစ်၏။

ထန်ထိုင်မြို့တွင် စုရုံးပြီးသည်နှင့် ထိုစစ်သည်များက လူစုခွဲကာ တာ့ကျိုးသို့ ပြန်လည် ထွက်ပြေးရန် နည်းလမ်း ရှာကြရပေလိမ့်မည်။

All Chapters