အခန်း ၆၄၁
Vol. 54 Ch. 641
အပိုင်း (၆၄၁)
ရက်အနည်းငယ် အကြာတွင်...
ယန်ဖြန်ရှန်၊ ကျိုးကျီ နှင့် ဝူကွန်းဟောက်တို့ သုံးဦးက ပိုင်ယင်မြို့၏ သိုင်းပညာရှင် တစ်ထောင်နှင့် ဟေးပင်းထိုင် သိုင်းပညာရှင် ရာချီတို့၏ အစောင့်အရှောက်ဖြင့် ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံး၏ တောတောင်များကို ဖြတ်ကျော်ကာ တာ့ကျိုး နယ်နိမိတ်အတွင်းသို့ ပြန်လည် ရောက်ရှိလာကြ၏။
လူတစ်ထောင်ကျော်က မအိပ်မနားဘဲ ရူးသွပ်စွာ ခရီးနှင်လာခဲ့ကြခြင်း ဖြစ်၏။ တာ့ကျိုးအင်ပါယာ ကျင်းကျိုးမြို့အတွင်းသို့ ဝင်ရောက်လာမှသာ အနည်းငယ် သက်ပြင်းချနိုင်ကြတော့၏။
‘ဘေးကင်းသွားပြီ။’
ကျင်းကျိုးမြို့မှာ တာ့ကျိုး၏ မြောက်ဘက် အကြီးဆုံးမြို့ ဖြစ်ပြီး အခိုင်မာဆုံးသော မြို့ရိုးများ ရှိကာ တာ့ကျိုး၏ ပထမဆုံး ကာကွယ်ရေးမျဉ်းလည်း ဖြစ်ခဲ့ဖူးသည်။
ဤကာကွယ်ရေးမျဉ်းမှာ အလွန် ခိုင်ခံ့ပြီး မရေမတွက်နိုင်သော စစ်သည်များက ကာကွယ်ထားကာ တာယင်အင်ပါယာနှင့် မိုင်ထောင်ချီ ကွာဝေး၏။
ယန်ဖြန်ရှန် နှင့် အခြားသူများက စကားတစ်ခွန်းမှ မဟဘဲ ထျန်းကျိုး နတ်ဧကရာဇ် ပါလာကြောင်းကိုပင် မည်သူ့ကိုမှ မပြောဘဲ ကျင်းကျိုး စစ်သေနာပတိရုံးကို သိမ်းပိုက်လိုက်ကြ၏။ ထို့နောက် ထျန်းကျိုး နတ်ဧကရာဇ်ကို နေရာချထားပေးပြီး အကောင်းဆုံး သမားတော်များ၊ အထူးသဖြင့် ပိုင်ယင်မြို့မှ သမားတော်များကို ခေါ်ယူစေခဲ့သည်။
ထျန်းကျိုး နတ်ဧကရာဇ်ကို မဖြစ်မနေ ကုသရမည် ဖြစ်ပြီး သူ့ကို ကယ်တင်နိုင်မှသာ တာ့ကျိုးအင်ပါယာ မျှော်လင့်ချက် ရှိမှာဖြစ်၏။
သူသည် တာ့ကျိုးရှိ ပြည်သူ သန်းပေါင်းများစွာ၏ ယုံကြည်ကိုးကွယ်ရာဖြစ်ပြီး နတ်ဧကရာဇ် သေဆုံး သွားပါက နောက်ဆက်တွဲ အကျိုးဆက်များကို စိတ်ကူးကြည့်၍ပင် ရမည် မဟုတ်ဘဲ တာ့ကျိုး တစ်ခုလုံး၏ စိတ်ဓာတ်ခွန်အားများ ချက်ချင်း ပြိုကျသွားမှာဖြစ်သည်။
တာ့ကျိုးအင်ပါယာ ကျင်းကျိုးမြို့အတွင်း၌...
ဤကာလအတွင်း ယွင်ကျုံးဟဲ့က အမြဲတမ်း သတိမေ့နေခဲ့ပြီး အနက်ရှိုင်းဆုံး မြေအောက် အကျဉ်းထောင် အတွင်းတွင် ချုပ်နှောင်ခံထားရ၏။
ဟေးပင်းထိုင် သိုင်းပညာရှင်များသာမက ပိုင်ယင်မြို့ သိုင်းပညာရှင်များကိုပါ နေရာတိုင်းတွင် အစောင့် ချထားကြသည်။
ရုတ်တရက် တစ်နေ့တွင် သူ သတိလည်လာပြီး ယန်ဖြန်ရှန်က သူ၏ ရှေ့တွင် ရပ်နေ၏။
ယန်ဖြန်ရှန်မှာ အတော်လေး ပိန်ချုံးသွားပြီး ဆံပင်နှင့် မုတ်ဆိတ်များ ရှုပ်ပွနေကာ နီရဲနေသော မျက်လုံးများဖြင့် ယွင်ကျုံးဟဲ့ကို စိုက်ကြည့်ရင်း အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။ “ကျုပ်နောက် လိုက်ခဲ့...”
ထို့နောက် သူ့ကို အခန်းတစ်ခန်းအတွင်းသို့ ခေါ်ဆောင်သွား၏။
ထျန်းကျိုး နတ်ဧကရာဇ်က ကုတင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေပြီး သူ၏ အံ့မခန်း အစွမ်းများ ပျောက်ကွယ်သွားသကဲ့သို့ ရှိနေသည်။
ယခင်က သူသည် အသက် ငါးဆယ်ကျော် အရွယ်သာ ရှိပုံရပြီး တကယ်ပင် ပြန်လည် နုပျိုလာသကဲ့သို့ ဖြစ်ခဲ့၏။ ယခုမူ ထင်းခြောက်ကဲ့သို့ ပိန်ချုံးနေပြီး အလွန်တရာ အိုမင်းနေကာ အသက်ရှူခြင်းနှင့် နှလုံးခုန်ခြင်း ရှိနေသေးသော်လည်း အသက်သာ ရှိနေသော သက်ရှိလူသေ တစ်ဦးကဲ့သို့ ဖြစ်နေ၏။
မဟုတ်ပေ။ ယခု သူက မသေခင် နောက်ဆုံး အသက်ဆက်နေရုံလေးသာ ဖြစ်၏။ ကြောက်မက်ဖွယ ကောင်းသော ဦးနှောက်သွေးကြောပြတ်မှု ဖြစ်ပွားပြီးနောက် တစ်လတိုင်တိုင် အသက်ရှင်နေသေးခြင်းမှာ တကယ့်ကို ရူးသွပ်စရာ ကောင်းလှပြီး သာမန်အားဖြင့် လုံးဝ မဖြစ်နိုင်ပေ။
ကမ္ဘာမြေပေါ်တွင် ဆိုလျှင် ဦးနှောက်သွေးကြောပြတ်ပါက အနည်းအများအပေါ် မူတည်၍ ခွဲစိတ်ကုသမှု ခံယူရမှာဖြစ်၏။ ထိုသို့ မဟုတ်ပါက ရက်အနည်းငယ်သာ အသက်ရှင်နိုင်ပေလိမ့်မည်။
ယခု သူက ယခုအချိန်အထိ အသက်ရှင်နေခြင်းမှာ လုံးဝ မယုံကြည်နိုင်စရာပင်။ သို့ပေမည့် ထိုသို့ ဖြစ်နေလျှင်တောင် သူ သေတော့မည်သာ ဖြစ်သည်။
ကျိုးကျီက ဒူးထောက်ကာ ပြောလိုက်၏။ “ဘိုးတော်… တရားခံ ယွင်ကျုံးဟဲ့ ရောက်လာပါပြီ။”
ထို့နောက် သူက ယွင်ကျုံးဟဲ့ကို ရက်စက်ကြမ်းတမ်းစွာ စိုက်ကြည့်၍ အမိန့်ပေးလိုက်သည်။ “လာကြစမ်း… ယွင်ကျုံးဟဲ့ကို သတ်ပြီး ဘိုးတော်နဲ့အတူ သင်္ဂြိုဟ်ပေးလိုက်...”
“နေအုံး...”
ယန်ဖြန်ရှန်က တားလိုက်၏။ “နတ်ဧကရာဇ်မင်းမြတ်မှာ နောက်ဆုံး မှာကြားစရာ ရှိသေးတယ်။”
ထျန်းကျိုး နတ်ဧကရာဇ်၏ အကြည့်များက ယွင်ကျုံးဟဲ့ထံသို့ စိုက်ကြည့်နေပြီး ကျန်ရှိနေသော အားအင် အားလုံးကို အသုံးပြုကာ ပါးစပ်ကို ဟလိုက်သည်။
ယွင်ကျုံးဟဲ့က အနီးသို့ ကပ်သွားကာ ထျန်းကျိုး နတ်ဧကရာဇ်၏ နောက်ဆုံး မှာကြားချက်ကို နားထောင်လိုက်တော့၏။
ယခုအချိန်တွင် ထျန်းကျိုး နတ်ဧကရာဇ်သည် စကားတစ်ခွန်း ပြောထွက်ရန်ပင် အလွန်တရာ ခက်ခဲနေပြီ ဖြစ်၏။ သူ၏ နောက်ဆုံး အသက်ဆက်နေရသည့် အချိန်လေးမှာ စကားလုံး အနည်းငယ် ပြောဆိုရန်သာ လုံလောက်တော့ပုံရသည်။
အရိုးပေါ် အရေတင် ပိန်ချုံးနေသော သူသည် မသေသေးသော်လည်း ခန္ဓာကိုယ်က စတင် ဆွေးမြည့်နေပြီ ဖြစ်ရာ အလွန်တရာ သနားစရာ ကောင်းလှ၏။
ယခင်က သူနှင့် ယွင်ကျုံးဟဲ့တို့ ရင်းနှီးကျွမ်းဝင်ခဲ့သော နေ့ရက်များကိုပင် ပြန်လည် သတိရမိစေ၏။ ထိုအချိန်က တကယ့်ကို အဘိုးနှင့် မြေးကဲ့သို့ ဖြစ်ခဲ့သည်။
သူ ဘာပြောနေမှန်း သေချာမကြားရသောကြောင့် ယွင်ကျုံးဟဲ့က အနည်းငယ် ထပ်မံ တိုးကပ်သွား လိုက်သည်။ ထျန်းကျိုး နတ်ဧကရာဇ်၏ အကြည့်များက အလွန်တရာ ပြင်းပြပြီး မျှော်လင့်ချက် ကြီးမားနေ၏။
ဤမြင်ကွင်းက ဧကရာဇ် ဝမ်ယွင် မသေဆုံးမီ အချိန်လေးကို ပြန်လည် သတိရမိစေ၏။ လူတစ်ယောက် သေခါနီးအချိန်တွင် ပြောသော စကားမှာ မှန်သော စကားများသာ ဖြစ်လေ့ရှိသည်။
“ဟင်း...” ထျန်းကျိုး နတ်ဧကရာဇ်က သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ရာ ပုပ်ဟောင်သော အနံ့အသက်များ ထွက်ပေါ်လာ၏။
ထို့နောက် သူက အလွန်တရာ ခက်ခဲစွာဖြင့် ယွင်ကျုံးဟဲ့ကို စကားလုံး တစ်လုံးချင်း ပြောလိုက်သည်။ “လောကကြီး ပြောင်းလဲသွားပြီ။ အရှေ့ပိုင်း လောကရဲ့ ကပ်ဘေးကြီး ရောက်လာပြီ။ ယွင်ကျုံးဟဲ့… ကျုပ် ခင်ဗျားကို မသတ်ဘူး။ ခင်ဗျားကို မျှော်လင့်ချက်မဲ့ခြင်း ဆိုတာ ဘာလဲဆိုတာ ခံစားရစေမယ်။ ခင်ဗျားကို အနာကျင်ဆုံး ပြစ်ဒဏ် ခံစားရစေမယ်။ ဟား... ဟား... ဟား...…”
ထျန်းကျိုး နတ်ဧကရာဇ်၏ အသံမှာ အလွန်တရာ ရက်စက် ကြမ်းကြုတ်နေပြီး သူ၏ အကြည့်များက အဆိပ်ပြင်းမြွေ တစ်ကောင်ကဲ့သို့ ဖြစ်နေကာ အသံကလည်း ဇီးကွက် အသံကဲ့သို့ ဖြစ်နေသည်။ အဆုံးအစ မရှိသော မလိုမုန်းထားမှုများ၊ အဆုံးအစမရှိသော နာကြည်းချက်များ ပြည့်နှက်လို့နေ၏။
“ဟား... ဟား... ဟား...ဟား…”
ရက်စက် ကြမ်းကြုတ်သော ရယ်မောသံများကြားတွင် ထျန်းကျိုး နတ်ဧကရာဇ်၏ အသံက ရုတ်တရက် ရပ်တန့်သွားပြီး လုံးဝ သေဆုံးသွားလေတော့သည်။
နောက်ဆုံးတော့ သေသွားခဲ့ပြီ ဖြစ်သည်။ အရှေ့ပိုင်း လောက၏ ဂန္ထဝင် ပုဂ္ဂိုလ်ကြီး၊ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဧကရာဇ် တစ်ပါး ဖြစ်လာရန် လက်တစ်ကမ်းသာ လိုတော့သော ထိပ်တန်း ခေါင်းဆောင်ကြီး၊ နတ်ဘုရား တစ်ပါးနှင့် အလွန် နီးစပ်ခဲ့သော ဤပုဂ္ဂိုလ်ကြီးမှာ ဤသို့ပင် သေဆုံးသွားခဲ့ပြီ ဖြစ်၏။
ထို့အပြင် သူ၏ သေဆုံးပုံမှာ ယွင်ကျုံးဟဲ့ တွေ့ကြုံခဲ့ဖူးသော အခြား ခေါင်းဆောင်ကြီးများ၏ သေဆုံးပုံနှင့် လုံးဝ မတူညီပေ။
ယွင်ကျုံးဟဲ့သည် ကျင်းအဲ့၊ ဧကရာဇ် ဝမ်ယွင်၊ ထန်ထိုင်မြဲ့မင် အစရှိသူများ၏ သေဆုံးမှုများကို တွေ့ကြုံခဲ့ဖူး၏။
ထိုသူများ အားလုံးက ယွင်ကျုံးဟဲ့၏ ရန်သူများ ဖြစ်ခဲ့ကြသော်လည်း မသေဆုံးမီ နောက်ဆုံး အချိန်လေးတွင် လူသားဆန်မှု၏ အလင်းရောင်ကို ပြသသွားခဲ့ကြသည်။
ဧကရာဇ် ဝမ်ယွင်သည် သက်ရှိထင်ရှား ရှိစဉ်က ယွင်ကျုံးဟဲ့ကို အကြိမ်မည်မျှအထိ သတ်ဖြတ်ရန် ကြိုးစားခဲ့သနည်း၊ အကြိမ်မည်မျှ ရက်စက်စွာ ကျိန်ဆဲခဲ့သနည်း ဆိုသည်ကို မသိနိုင်ပေ။
သို့ပေမည့် မသေဆုံးမီ အချိန်လေးတွင်တော့ အားလုံးကို လုံးဝ စွန့်လွှတ်လိုက်ပြီး ယွင်ကျုံးဟဲ့ကို ဧကရာဇ်ဟောင်းအား သတိထားရန်ပင် သတိပေးသွားခဲ့သေး၏။
ထျန်းကျိုး နတ်ဧကရာဇ် တစ်ဦးတည်းသာ သက်ရှိထင်ရှား ရှိစဉ်က ယွင်ကျုံးဟဲ့နှင့် တစ်ခါမှ ရန်မဖြစ်ခဲ့ဖူးပေ။
ယွင်ကျုံးဟဲ့ကို ငါးနှစ်တိုင်တိုင် အကျဉ်းချထားခဲ့ပြီး သူ၏ သွေးကို သောက်သုံးခဲ့သော်လည်း ထျန်းကျိုး နတ်ဧကရာဇ်သည် ယွင်ကျုံးဟဲ့နှင့် တွေ့ဆုံချိန်တိုင်း အလွန်တရာ ရင်းနှီးဟန် ပြခဲ့ပြီး မိသားစုဝင်များကဲ့သို့၊ ကလေးကောင်းလေး တစ်ယောက်ကဲ့သို့ အမြဲတမ်း ပြောဆိုခဲ့သည်။
သူက ယွင်ကျုံးဟဲ့အပေါ် ဆိုးရွားသော စကား တစ်ခွန်းမှ မဆိုခဲ့ဖူးဘဲ အမြဲတမ်း ကြင်နာ သနားတတ်သူအဖြစ် ဟန်ဆောင်နေခဲ့၏။
သူက အမြဲတမ်း သိမ်မွေ့ ယဉ်ကျေးပြီး အမြဲတမ်း သဘောထား ကြီးမြတ်သူအဖြစ် နေထိုင်ခဲ့၏။ သို့ပေမည့် မသေဆုံးမီ အချိန်လေးတွင် အဆိုးရွားဆုံး ကျိန်စာတိုက်သွားခဲ့၏။
အကြောင်းမှာ သူ ဆက်လက် ဟန်ဆောင်နေရန် မလိုအပ်တော့သောကြောင့်ဖြစ်ပြီး သေတော့မည် ဖြစ်သောကြောင့် သူ၏ ရက်စက် ကြမ်းကြုတ်မှု အားလုံးကို ဖွင့်ချလိုက်ခြင်း ဖြစ်သည်။
ထိုနေရာတွင် ရှိနေသော ကျိုးကျီ နှင့် ယန်ဖြန်ရှန် တို့ပင် အနည်းငယ်မှင်သက်သွားကြ၏။ အကြောင်းမှာ ထိုသို့သော ထျန်းကျိုး နတ်ဧကရာဇ်မျိုးကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးသောကြောင့်ပင်။
‘နတ်ဧကရာဇ်မင်းမြတ်က အမြဲတမ်း ကြင်နာ သနားတတ်ပြီး နတ်ဘုရား တစ်ပါးရဲ့ အလင်းရောင် ရှိနေခဲ့တာ မဟုတ်ဘူးလား။ ခုနက အချိန်လေးမှာ ဘယ်လိုလုပ် ဒီလောက်တောင် ကြောက်စရာ ကောင်းသွားရတာလဲ။’
ခဏအကြာတွင် မင်းသား ကျိုးကျီက ဒူးထောက်ချလိုက်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။ “ဘိုးတော်… ကျုပ်ရဲ့ ဘိုးတော်…”
အတော်ကြာအောင် ငိုကြွေးပြီးနောက် ကျိုးကျီက ယွင်ကျုံးဟဲ့ကို လက်ညှိုးထိုးကာ စူးရှသော အသံဖြင့် ပြောလိုက်၏။ “ခင်ဗျားက ဘိုးတော်ကို သတ်ခဲ့တာ… လာကြစမ်း… သူ့ကို သတ်… ဘိုးတော်နဲ့အတူ သင်္ဂြိုဟ်ပေးလိုက်… သူ့ကို သတ်…”
သို့ပေမည့် မည်သူကမှ မလှုပ်ရှားကြရာ ကျိုးကျီက အလွန် ဒေါသထွက်သွားပြီး ဓားကို ဆွဲထုတ်ကာ ယွင်ကျုံးဟဲ့ထံသို့ ပြေးဝင်သွားတော့သည်။
“ခင်ဗျားတို့ မသတ်ရင် ကျုပ် ကိုယ်တိုင် သတ်မယ်။ ကျုပ် ကိုယ်တိုင် သတ်မယ်။” ထို့နောက် ကျိုးကျီက အလွန်တရာ ရက်စက် ကြမ်းကြုတ်စွာဖြင့် ယွင်ကျုံးဟဲ့ကို ခုတ်ပိုင်းလိုက်၏။
“ချွင်” ကျိုးကျီ၏ ဓားကို တစ်စုံတစ်ယောက်က တားဆီးလိုက်သည်။
“ယန်ဖြန်ရှန်… ခင်ဗျားက ဘာသဘောလဲ။ ယွင်ကျုံးဟဲ့က နတ်ဧကရာဇ်မင်းမြတ်ကို သတ်တဲ့ လူသတ်သမား ဆိုတာ မင်းလည်း သိသားနဲ့ ဘာလို့ သူ့ကို မသတ်ခိုင်းတာလဲ” ကျိုးကျီက အေးစက်သော အသံဖြင့် မေးလိုက်၏။
ယန်ဖြန်ရှန်က ဖြေလိုက်သည်။ “အကြောင်းကတော့ နတ်ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်က ရှင်းလင်းနေလို့ပါ။ သူက ယွင်ကျုံးဟဲ့ကို မသတ်ဘူး။ သူ့ကို လောကရဲ့ အနာကျင်ဆုံး ပြစ်ဒဏ် ခံစားရစေပြီး ရှင်ရက်နဲ့ သေချင်စရာ ကောင်းအောင် လုပ်မယ်လို့ အမိန့်ရှိခဲ့လို့ပါ။”
ထိုသို့ပြောပြီးနောက် ယန်ဖြန်ရှန်က ရှေ့သို့ တိုးလာကာ ယွင်ကျုံးဟဲ့၏ လည်ကုပ်ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ယွင်ကျုံးဟဲ့ ချက်ချင်း သတိမေ့သွားတော့၏။
“လာကြ… သူ့ တစ်ကိုယ်လုံးကို သံကြိုးတွေနဲ့ ချည်နှောင်ပြီး သံလှောင်အိမ်ထဲ ထည့်ထားလိုက်” ယန်ဖြန်ရှန်က ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
ခဏအကြာတွင် ဟေးပင်းထိုင် သိုင်းပညာရှင် အချို့ ဝင်လာပြီး ယွင်ကျုံးဟဲ့ကို ဆွဲထုတ်သွားကြ၏။
ထျန်းကျိုး နတ်ဧကရာဇ် သေဆုံးသွားပြီ ဖြစ်သော်လည်း ယခုအချိန်တွင် လူအနည်းငယ်ကသာ သိရှိကြသေးသည်။
သန်းခေါင်ယံ အချိန်တွင် မင်းသား ကျိုးကျီက ယန်ဖြန်ရှန်ကို လျှို့ဝှက်စွာ သွားတွေ့၏။
“အမတ်မင်း ယန်ဖြန်ရှန်… ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောလို့ ရမလား။” ကျိုးကျီက မေးလိုက်သည်။
ယန်ဖြန်ရှန်က ခေါင်းညိတ်လိုက်၏။ “ရတယ်။ ပြောပါ။”
ကျိုးကျီက ပြောလိုက်သည်။ “လက်ရှိ မိဖုရားကြီး ပိုင်ရွှယ်က သာမန် ပြည်သူ အမျိုးသမီး တစ်ယောက်လို့ ဆိုပေမည့် ဇာစ်မြစ် မသေချာဘူး။ ကျိုးလင်က အိမ်ရှေ့စံ အဖြစ် ခန့်အပ်ခံထားရပေမည့် အသက် ငါးနှစ်တောင် မပြည့်သေးဘူး။
အကယ်၍ သူသာ ဧကရာဇ် ဖြစ်လာခဲ့ရင် ပိုင်ရွှယ်က မယ်တော်ကြီး ဖြစ်လာပြီး နိုင်ငံတော်ကို ကြိုးကိုင်တော့မှာ။ အဲဒီအခါကျရင် ကျုပ်တို့ တာ့ကျိုးက ကျိုးမျိုးနွယ် မဟုတ်တော့ဘဲ ပိုင်မျိုးနွယ် ဖြစ်သွားလိမ့်မယ်။ တကယ့်ကို မိန်းမစိုးမိုးတဲ့ တိုင်းပြည် ဖြစ်သွားတော့မှာ..”
ယန်ဖြန်ရှန်က မေး၏။ “ဒါဆိုရင် ဘာလုပ်ချင်လို့လဲ။”
ကျိုးကျီက ဖြေလိုက်သည်။ “ကျုပ် နောင်တော် ကျိုးလီက အရင်က အိမ်ရှေ့စံ ဖြစ်ခဲ့တာပဲ။ သူ့ကို နန်းတင်ရင် အသင့်တော်ဆုံး ဖြစ်မယ်လို့ ထင်တယ်။”
ယန်ဖြန်ရှန်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွား၏။ ‘ဒါက တကယ့်ကို စိတ်ဝင်စားစရာပဲ။ ကျိုးကျီက သူ့ကိုယ်သူ ဧကရာဇ် မလုပ်ဘဲ ကျိုးလီကို ထောက်ခံတယ်ပေါ့။’
ဤသည်မှာ သေချာပေါက် ကျိုးကျီ၏ လှည့်ကွက်တစ်ခုသာ ဖြစ်၏။ သူ ကိုယ်တိုင် ဧကရာဇ် လုပ်မည်ဟု တိုက်ရိုက် ပြောရန် မသင့်တော်သောကြောင့် ကျိုးလီကို အရင် ထုတ်သုံးခြင်း ဖြစ်သည်။
အကြောင်းမှာ ယခင်က ယန်ဖြန်ရှန်သည် ကျိုးလီ၏လူ ဖြစ်ခဲ့သောကြောင့် ဖြစ်ပြီး မည်သို့ပင်ဖြစ်စေ ကျိုးလင်ကို ဆန့်ကျင်စေရန် လုပ်ဆောင်ခြင်း ဖြစ်၏။
ယန်ဖြန်ရှန်က ပြောလိုက်သည်။ “ဒါပေမဲ့ အိမ်ရှေ့စံ ကျိုးလီက လုံးဝ သတိမလည်လာသေးဘူးလေ။”
ကျိုးကျီက ပြန်မေးလိုက်၏။ “အရင်က သတိမလည်လာသေးတာ… အခုရော သတိလည်မလာနိုင်ဘူးလား။”
ဤစကားမှာ အလွန် ပြင်းထန်လှပြီး ထျန်းကျိုး နတ်ဧကရာဇ်၏ အလောင်းကို လက်ညှိုးထိုးကာ ကျိုးလီကို လုပ်ကြံခဲ့သူမှာ နတ်ဧကရာဇ် ဖြစ်သည်ဟု တိုက်ရိုက် စွပ်စွဲလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
ယန်ဖြန်ရှန်က အတော်ကြာ စဉ်းစားပြီးနောက် ပြောလိုက်၏။ “ကျုပ်ကို အရင် စဉ်းစားခွင့် ပေးပါအုံး။ ဒါပေမဲ့ အရေးအကြီးဆုံး ကိစ္စက တာယင်အင်ပါယာကို ဘယ်လို ကာကွယ်မလဲ ဆိုတာပါပဲ။ တာ့ကျိုး ပျက်သုဉ်း သွားရင် အရာအားလုံးက အဓိပ္ပာယ် မရှိတော့ဘူး။”
ထို့နောက် ယန်ဖြန်ရှန် နှင့် ကျိုးကျီ တို့က ထျန်းကျိုး နတ်ဧကရာဇ်၏ ရုပ်အလောင်းကို သယ်ဆောင်ကာ တာ့ကျိုး မြို့တော်သို့ ပြန်လာခဲ့ကြသည်။