← Chapters

အခန်း ၆၄၂

Vol. 54 Ch. 642

အခန်း ၆၄၂

Vol. 54 Ch. 642

အပိုင်း (၆၄၂)

ထိုအချိန်တွင် တာ့ကျိုး စစ်ရှုံးခြင်းနှင့် နတ်ဧကရာဇ် နတ်ရွာစံခြင်း သတင်းများကို ဆက်လက် ဖုံးကွယ်ထား၍ မရတော့ပေ။ အကြောင်းမှာ ရှုံးကျိုး စစ်ပွဲ ပြီးဆုံးသွားသည်မှာ တစ်လ၊ နှစ်လခန့် ရှိနေပြီ ဖြစ်သောကြောင့်ပင်။

ဤကောင်းကင်ကို တုန်လှုပ်စေသော သတင်းဆိုးကြီးက တည်ငြိမ်နေသော ရေကန်ထဲသို့ ကျောက်တုံးကြီး တစ်တုံး ပစ်ချလိုက်သကဲ့သို့ ဖြစ်သွား၏။

မဟုတ်ပေ။ ဤအရာက သမုဒ္ဒရာကြီးထဲသို့ ဥက္ကာပျံငယ် တစ်ခု ကျဆင်းသွားသကဲ့သို့ ဖြစ်ပြီး ကြီးမားသော လှိုင်းတံပိုးများကို ဖြစ်ပေါ်စေရုံသာမက ကောင်းကင်ကို တုန်လှုပ်စေသော ဆူနာမီ လှိုင်းလုံးကြီးများ အလား ဖြစ်သွားစေခဲ့သည်။

ဤသတင်း စတင် ရောက်ရှိလာချိန်တွင် တာ့ကျိုးရှိ ပြည်သူ သန်းပေါင်းများစွာက လုံးဝ မယုံကြည်ကြဘဲ သတင်းလွှင့်သူများကို အရှင်လတ်လတ် ရိုက်သတ်ခဲ့ကြ၏။

‘ကျုပ်တို့ရဲ့ ထျန်းကျိုး နတ်ဧကရာဇ်က နတ်ဘုရားပါ။ ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ။ ဘယ်လိုလုပ် သေနိုင်မှာလဲ။ ဒါက တကယ့်ကို ရယ်စရာ ကောင်းတဲ့ အဖြစ်အပျက်ကြီးပဲ။’

ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း ထျန်းကျိုး နတ်ဧကရာဇ်သည် အံ့ဖွယ် အဖြစ်အပျက်များစွာကို ဖန်တီးခဲ့ပြီး လောက ပြည်သူများ၏ ယုံကြည်ကိုးကွယ်မှု အမြင့်ဆုံး အဆင့်သို့ ရောက်ရှိနေခဲ့ကာ မရေမတွက်နိုင်သော လူများက သူသည် သေဆုံးခြင်း မရှိဘဲ ထာဝရ အသက်ရှင်နေမည်ဟု ယုံကြည်နေခဲ့ကြသည်။

ထာဝရ အသက်မရှင်နိုင်လျှင်တောင် အသက် တစ်ရာ့နှစ်ဆယ်ခန့်အထိ အသက်ရှင်နိုင်မည်မှာ သေချာပေါက်ပင်။ ထို့အပြင် စစ်ပွဲ စတင်တည်းက တာ့ကျိုးအင်ပါယာက အမြဲတမ်း အနိုင်ရနေခဲ့ရာ ဘယ်လိုလုပ် ရှုံးနိုင်မည်နည်း။

‘ခင်ဗျားက သတင်းလွှင့်ရဲတယ်ပေါ့။ ခင်ဗျားကို အစိတ်စိတ် အမြွှာမြွှာ ခုတ်ထစ်ပစ်မယ်။’

သို့ပေမည့် အမှန်တရားက အမှန်တရားသာ ဖြစ်၏။ အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ လူများစွာက အံ့အားသင့်မှင်သက်သွားကြပြီး ဘဝကို သံသယ ဝင်လာကြကာ နောက်ဆုံးတွင် ထိုအမှန်တရားကို လက်ခံလိုက်ရလေတော့သည်။

‘တာ့ကျိုး ရှုံးနိမ့်သွားပြီ။ ထျန်းကျိုး နတ်ဧကရာဇ် နတ်ရွာစံသွားပြီ။’

ထိုအချိန်တွင် ကောင်းကင် ပြိုကျကာ မြေကြီး အက်ကွဲသွားသကဲ့သို့ ဖြစ်သွား၏။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ထျန်းကျိုး၏ မူဝါဒသစ်များ ရှိခဲ့သော်လည်း တာ့ကျိုးအင်ပါယာသည် နိုင်ငံတော် အင်အား အလုံးစုံ ပြန်လည် နာလန်ထူလာခြင်း မရှိသေးဘဲ ထျန်းကျိုး နတ်ဧကရာဇ် အပေါ် ယုံကြည်ကိုးကွယ်မှုနှင့် စစ်ဝါဒီ နိုင်ငံရေးစနစ်ကို အသုံးပြုကာ ပြည်သူများ၏ အင်အားကို အစွမ်းကုန် အသုံးချ၍ တာ့ကျိုးအင်ပါယာ၏ အားကောင်းသော ပုံရိပ်ကို ဖန်တီးထားခဲ့ခြင်းသာ ဖြစ်သည်။

အထူးသဖြင့် ဤနိုင်ငံတော် တစ်ခုလုံး ပါဝင်ဆင်နွှဲသော စစ်ပွဲကြီးမှာ တစ်နှစ်တိုင်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

တာ့ကျိုးအင်ပါယာမှာ မူလတည်းက စစ်သည် ငါးသိန်းခွဲ ကျဆုံးခဲ့ပြီး ယခု ရှုံးကျိုးမြို့တွင် ရေလွှမ်းမိုး ခံရသောကြောင့် နောက်ထပ် သိန်းချီ ကျဆုံးခဲ့ရပြန်ရာ ဤမျှ ကြီးမားသော အကျအဆုံးကို တာ့ကျိုး အပါအဝင် မည်သည့် နိုင်ငံကမျှ ခံနိုင်ရည် ရှိမည် မဟုတ်ပေ။

တာ့ကျိုးအင်ပါယာတွင် လူဦးရေ သန်းတစ်ရာနီးပါး ရှိသော်လည်း ကုန်ထုတ်လုပ်မှု စွမ်းအားမှာ ကန့်သတ်ချက် ရှိသည်။ စစ်တပ် တစ်သန်းကို ထောက်ပံ့ရန် ဖြစ်နိုင်သော်လည်း စစ်တပ် တစ်သန်းခွဲကို ထောက်ပံ့ရန်မှာ အမြင့်ဆုံး ကန့်သတ်ချက်ကို ကျော်လွန်နေပြီ ဖြစ်၏။

ထိုသို့ဆိုလျှင် တာ့ကျိုးအင်ပါယာ တစ်ခုလုံးတွင် စစ်သည် အင်အား မည်မျှ ရှိသနည်း။ စုစုပေါင်း နှစ်သန်းကျော် ရှိသည်။

ထန် မင်းဆက်နှင့် စုန့် မင်းဆက်တို့ အားအကောင်းဆုံး အချိန်တွင်ပင် စစ်တပ် အင်အား တစ်သန်းခန့်သာ ရှိခဲ့၏။

နက္ခတ်တာရာ အရေအတွက်မျှ များပြားသော စစ်တပ်ကြီးကို ထောက်ပံ့နိုင်ရန် တာ့ကျိုးအင်ပါယာက နိုင်ငံတော် အင်အားကို ကြိုတင် သုံးစွဲခဲ့ရပြီး ပြည်သူများ၏ ဘဝက အလွန် ဆင်းရဲကျပ်တည်းနေခဲ့ကာ စိတ်ဓာတ်ခွန်အားနှင့် ယုံကြည်မှု အပေါ်တွင်သာ ရပ်တည်နေခဲ့ရခြင်း ဖြစ်သည်။

သို့ပေမည့် ယခု ယုံကြည်မှု ပြိုကျသွားပြီ ဖြစ်ပြီး စိတ်ဓာတ်ခွန်အားလည်း ပျက်စီးသွားပြီ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော် တစ်ခုလုံးက ချက်ချင်း ပြိုကျသွားတော့၏။

ပထမဆုံး သိသာလာသည်မှာ စစ်တပ်ပင် ဖြစ်၏။ တာ့ကျိုးအင်ပါယာတွင် အမည်ခံ စစ်သည် တစ်သန်းကျော် ရှိနေဆဲ ဖြစ်သည်။

သို့ပေမည့် ထျန်းကျိုး နတ်ဧကရာဇ် နတ်ရွာစံသည့် သတင်း ပျံ့နှံ့သွားပြီးနောက် စစ်တပ်က ချက်ချင်း တိုက်ခိုက်လိုစိတ် ပျောက်ဆုံးသွားပြီး စစ်သူကြီးများမှသည် စစ်သည်များအထိ စိတ်ဓာတ်များ အလုံးစုံ ကျဆင်းသွားကြ၏။

တာယင်အင်ပါယာ၏ အဓိက တပ်မကြီးက နှစ်ရက်တည်းဖြင့် လေခွင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့၏။ ထို့နောက် စစ်တပ်ကြီးက အရှိန်အဟုန်ဖြင့် တောင်ဘက်သို့ ဆင်းလာပြီး ထန်ထိုင်မြို့သို့ ရှစ်ရက်တိုင်တိုင် ခရီးနှင်ကာ မြို့အောက်သို့ ရောက်ရှိလာ၏။ ထို့အတူ နှစ်ရက်တည်းဖြင့် ထန်ထိုင်မြို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြန်သည်။

တာ့ကျိုးအင်ပါယာက ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးကို သိမ်းပိုက်ရန် ခြောက်လကျော် အချိန်ယူခဲ့ရပြီး ဤသည်မှာ အလွန် မြန်ဆန်လှပြီ ဖြစ်၏။ သို့ပေမည့် တာ့ကျိုးအင်ပါယာက ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးကို လက်လွှတ်လိုက်ရချိန်တွင်မူ လဝက်မျှပင် မကြာခဲ့ပေ။

ရှုံးကျိုး မြစ်ရေလျှံမှု အပြီးတွင် စစ်သည် တစ်သိန်းကျော် အသက်လု ထွက်ပြေး လွတ်မြောက်လာနိုင်ခဲ့သည်။

အောက်တုန်း၊ မိဖုရားကြီး၏ အစ်ကို ဝူကွန်းဟောက်၊ ဆူမီယွမ် အစရှိသော ခေါင်းဆောင်ကြီးများက ထွက်ပြေးလာသော စစ်သည်များကို အစွမ်းကုန် စုစည်းကာ အမြန်ဆုံးနှုန်းဖြင့် ထန်ထိုင်မြို့သို့ ခေါ်ဆောင်သွားပြီး ကာကွယ်ရေးမျဉ်း တည်ဆောက်ရန် ကြိုးစားခဲ့ကြ၏။

သို့ပေမည့် ထိုစစ်သည် တစ်သိန်းကျော် အားလုံး စုစည်းမိခြင်း မရှိသေးမီမှာပင် ထန်ထိုင်မြို့က ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။

ထန်ထိုင်မြို့ ကျဆုံးသွားသည်နှင့် တာ့ကျိုးသို့ပြန်မည့် လမ်းမကြီး ပိတ်ဆို့သွားပြီဖြစ်ကြောင်း အဓိပ္ပာယ် သက်ရောက်၏။

ထို့ကြောင့် ခေါင်းဆောင်ကြီး အချို့က ပြတ်သားစွာ ဆုံးဖြတ်ချက်ချကာ အဓိက တပ်မကြီး တစ်သိန်းကျော်ကို စွန့်လွှတ်လိုက်ပြီး သွေးစွန်းတပ်ဖွဲ့နှင့် အကောင်းဆုံး တာ့ကျိုး စစ်သည်သစ်များကိုသာ ခေါ်ဆောင်၍ လူစုခွဲကာ လမ်းကြိုလမ်းကြားများမှတစ်ဆင့် တောင်တန်းများကို ဖြတ်ကျော်ကာ တာ့ကျိုးသို့ ပြန်လည် ထွက်ပြေးကြတော့သည်။

ထိုသို့ဖြင့် တာ့ကျိုး စစ်သည် တစ်သိန်းနီးပါးကို စွန့်ပစ်လိုက်ရပြီး အချို့က အသတ်ခံရကာ၊ အချို့က ထွက်ပြေး ပုန်းအောင်းနေရပြီး၊ အချို့က ဓားပြ ဖြစ်သွားကြ၏။

ဝူကွန်းဟောက် ပိုင်ကျန်း၊ စစ်သေနာပတိ အောက်တုန်း အစရှိသော ခေါင်းဆောင်ကြီးများက အခက်အခဲပေါင်း များစွာကို ကျော်ဖြတ်ကာ စစ်သည် သုံးသောင်းကို ခေါ်ဆောင်၍ လမ်းမကြီးများကို ရှောင်ရှားကာ အကြမ်းတမ်းဆုံး လမ်းငယ်များမှတစ်ဆင့် တောင်တန်းများကို ဖြတ်ကျော်ပြီး နောက်ဆုံးတွင် ပိုင်ရှင်မဲ့နယ်မြေမှ ထွက်ခွာကာ တာ့ကျိုး နယ်နိမိတ်အတွင်းသို့ ပြန်လည် ဝင်ရောက်နိုင်ခဲ့ကြသည်။

နောက်ထပ် လုပ်ဆောင်ရမည့် စစ်ဗျူဟာမှာ အလွန် ရှင်းလင်းနေပြီ ဖြစ်သည်။ ကျင်းကျိုးမြို့တွင် ကာကွယ်ရေးမျဉ်း တည်ဆောက်ပြီး တာယင်အင်ပါယာ၏ စစ်တပ် သိန်းချီကို တားဆီးရန် ဖြစ်၏။

ကျင်းကျိုး၏ မိုင်ရာချီ ကျယ်ဝန်းသော ကာကွယ်ရေးမျဉ်းမှာ မူလတည်းက ရှိနေပြီး အလွန် ခိုင်ခံ့၏။ ဤကာကွယ်ရေးမျဉ်းကို ဧကရာဇ် နှစ်ပါးက ဆယ်နှစ်နီးပါး အချိန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မရေမတွက်နိုင်သော စစ်ရေး အသုံးစရိတ်များကို သုံးစွဲခဲ့ရခြင်း ဖြစ်သည်။

ထို့အပြင် ကျင်းကျိုး ကာကွယ်ရေးမျဉ်းတွင် အနည်းဆုံး စစ်သည် နှစ်သိန်းကျော် ရှိနေသေးပြီး သူတို့ ခေါ်ဆောင်လာသော အကောင်းဆုံး သွေးစွန်းတပ်ဖွဲ့နှင့် တာ့ကျိုး စစ်သည်သစ် သုံးသောင်းလည်း ရှိနေသေး၏။

စစ်သည်အင်အား သုံးသိန်းနီးပါးနှင့် အလွန် ခိုင်ခံ့သော ကျင်းကျိုးမြို့တို့ ပေါင်းစပ်လိုက်ပါက တာယင်အင်ပါယာ၏ စစ်တပ်များကို တားဆီးနိုင်မည်မှာ ပြဿနာ မရှိပေ။

ကျင်းကျိုး ကာကွယ်ရေးမျဉ်းကိုသာ ထိန်းသိမ်းထားနိုင်ပါက အရာအားလုံးကို ပြန်လည် ကုစားနိုင်သေး၏။ အကြောင်းမှာ နိုင်ငံတော်၏ နယ်မြေများ ဆုံးရှုံးသွားခြင်း မရှိဘဲ ယခင်က သိမ်းပိုက်ထားခဲ့သမျှကို ပြန်လည် လက်လွှတ်လိုက်ရခြင်းသာ ဖြစ်သောကြောင့်ပင်။

ပြည့်စုံသော တာ့ကျိုးအင်ပါယာကို ထိန်းသိမ်းထားနိုင်သရွေ့ အရာအားလုံးက မျှော်လင့်ချက် ရှိနေသေးပြီး နှစ်အနည်းငယ်မျှ သည်းခံ ကြိုးစားလိုက်ပါက တာယင်အင်ပါယာကို အနိုင်မယူနိုင်လျှင်တောင် အင်အား ညီမျှစွာ ရပ်တည်နိုင်မှာဖြစ်၏။

သို့ပေမည့် ပိုင်ကျန်း နှင့် အောက်တုန်းတို့ ကျင်းကျိုးမြို့သို့ မရောက်ရှိမီမှာပဲ ကောင်းကင်ကို တုန်လှုပ်စေသော သတင်းဆိုးကြီးကို ကြားလိုက်ရသည်။

“ကျင်းကျိုးမြို့ ကျဆုံးသွားပြီ။”

ထိုသတင်းကို ကြားလိုက်ရချိန်မှာတော့ ပိုင်ကျန်း၊ အောက်တုန်းနှင့် အခြား ခေါင်းဆောင်ကြီးများမှာ လုံးဝ ပြိုလဲသွားလုမတတ် ဖြစ်သွားကြ၏။ ‘ခင်ဗျားတို့က ပျံသန်းလာတာလား။’

တာယင်အင်ပါယာ စစ်သည်တွေက ပျံသန်းလာတာလားဟု မေးခြင်း မဟုတ်ပေ။ တာ့ကျိုး ကာကွယ်ရေး စစ်သည်များက ထွက်ပြေးခြင်းကို ပျံသန်းသွားတာလားဟု မေးခြင်းဖြစ်သည်။

‘တာယင်အင်ပါယာက မိုင်ထောင်ချီ ခရီးနှင်လာရတာလေ။ လေခွင်းမြို့ကနေ ထန်ထိုင်မြို့၊ အဲဒီကနေ နယ်စပ်မျဉ်း၊ အဲဒီကနေ ကျင်းကျိုးမြို့အထိဆိုရင် မိုင်နှစ်ထောင်၊ သုံးထောင်လောက် ရှိတယ်။ အဲဒါ နှစ်လတောင် မပြည့်သေးဘူး။

တာယင်အင်ပါယာက ကျင်းကျိုးမြို့ကို တိုက်ဖို့ စစ်တပ် ဘယ်လောက် ခေါ်လာနိုင်မှာလဲ။ သုံးသိန်းထက် မပိုနိုင်ဘူး မဟုတ်လား။ ဒါပေမဲ့ ခင်ဗျားတို့ ကျင်းကျိုးမြို့မှာ ကာကွယ်ရေးစစ်သည် ဘယ်လောက် ရှိလဲ။ နှစ်သိန်းကျော် ရှိတယ်လေ။ ပြီးတော့ အလွန် ခိုင်ခံ့တဲ့ ကျင်းကျိုး မြို့ရိုးကြီးလည်း ရှိသေးတယ်။ အဲဒါတောင် ကျဆုံးသွားတယ်ပေါ့။ ဘယ်လိုများ လုပ်လိုက်တာလဲ။’

သို့ပေမည့် အမှန်တရားက တာ့ကျိုးအင်ပါယာ ခေါင်းဆောင်ကြီးများ ထင်မှတ်ထားသည်ထက် ပို၍ပင် ယုတ္တိမရှိ ဖြစ်နေ၏။

တာယင်အင်ပါယာက ကျင်းကျိုးမြို့ကို လာတိုက်သော စစ်တပ်မှာ သုံးသိန်း မဟုတ်ဘဲ တစ်သိန်း သုံးသောင်းသာ ဖြစ်ပြီး ကျင်းကျိုး ကာကွယ်ရေးတပ်၏ ထက်ဝက်ခန့်သာ ရှိသည်။

ယခုတစ်ကြိမ် တောင်ဘက်သို့ ဆင်းကာ ပိုင်ရှင်မဲ့နယ်မြေကို ရုတ်တရက် ဝင်ရောက် တိုက်ခိုက်သော တာယင်အင်ပါယာ၏ စစ်သူကြီးချုပ်မှာ ဟူယန်ကျောက် ဖြစ်ပြီး ဒု-စစ်သူကြီးချုပ်မှာ ဖုန်းရှောက်ထျန်း ဖြစ်၏။

သူတို့ နှစ်ဦးမှာ ယခင်က မင်းသား ယင်ချွဲ့ နောက်သို့ လိုက်ကာ ပိုင်ရှင်မဲ့နယ်မြေ စစ်ပွဲကို အနိုင်ရရှိအောင် တိုက်ခိုက်ပေးခဲ့သော နာမည်ကျော် စစ်သူကြီးများ ဖြစ်ကြ၏။

စစ်သူကြီးချုပ် ဟူယန်ကျောက်က တည်ငြိမ်စွာ လုပ်ဆောင်တတ်သော်လည်း ဒု-စစ်သူကြီးချုပ် ဖုန်းရှောက်ထျန်းမှာ လုံးဝ အရူးတစ်ယောက် ဖြစ်ပြီး ခွေးရူး ဟုပင် နာမည်ကြီးကာ ပြောင်းဖူးရိုး ကိုက်ရသည်ကို စွဲလမ်းနေသူ ဖြစ်သည်။

သူ့တွင် မည်သည့် အမိန့်တော်မှ မရှိသလို စစ်သူကြီးချုပ် ဟူယန်ကျောက် ကလည်း လုံးဝ မလှုပ်ရှားရန်နှင့် အဓိက တပ်မကြီး ရောက်လာသည်အထိ စောင့်ဆိုင်းပြီးမှသာ ကျင်းကျိုးမြို့ကို တိုက်ခိုက်ရန် အကြိမ်ကြိမ် သတိပေးထားခဲ့၏။

အဓိက တပ်မကြီး ဆိုသည်မှာ တာယင် ဧကရာဇ် ဦးဆောင်ခဲ့သော ရှုံးကျိုးမြို့ရှိ စစ်တပ် နှစ်သိန်းကို ဆိုလိုခြင်း ဖြစ်ပြီး သူတို့က တောင်ဘက်သို့ အရှိန်အဟုန်ဖြင့် ခရီးနှင်လာနေကြဆဲ ဖြစ်သည်။

စစ်သူကြီးချုပ် ဟူယန်ကျောက်၏ ခန့်မှန်းချက်အရ ကျင်းကျိုးမြို့ကို တိုက်ခိုက်ရန် အနည်းဆုံး စစ်သည် ခြောက်သိန်း လိုအပ်၏။

ယခု ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်မှာ အလွန် ကြီးမားသော အောင်မြင်မှု ဖြစ်ပြီး နောက်ထပ် လုပ်ဆောင်ရမည်မှာ ဤအောင်မြင်မှုကို ထိန်းသိမ်းထားရန်နှင့် စစ်တပ်ကြီး စုရုံးပြီးမှသာ ကျင်းကျိုးမြို့ကို တစ်ဟုန်ထိုး တိုက်ခိုက်ရန် ဖြစ်သည်။

ထို့အပြင် စစ်သူကြီးချုပ် ဟူယန်ကျောက်၏ ခန့်မှန်းချက်အရ တာ့ကျိုးအင်ပါယာ အတွင်းတွင် နန်းလုပွဲများ ဖြစ်ပေါ်လာမည်မှာ သေချာ၏။

ထျန်းကျိုး နတ်ဧကရာဇ် သေဆုံးသွားပြီး အိမ်ရှေ့စံက အသက် လေးနှစ်သာ ရှိသေးကာ မိဖုရားကြီး ပိုင်ရွှယ်၏ ဇာစ်မြစ်ကလည်း မသေချာသလို မင်းသား ကျိုးကျီ ကလည်း နန်းတွင်းတွင် အင်အား ကြီးမားနေ သောကြောင့် သေချာပေါက် နန်းလုပွဲ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ယခုအချိန်တွင် အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းထားသင့်ပြီး အနည်းဆုံး သုံးလခန့် ကြာမှသာ ကျင်းကျိုး စစ်ပွဲကို စတင်သင့်သည်။

သို့ပေမည့် ခွေးရူး ဖုန်းရှောက်ထျန်းမှာ စပ်စုချင်စိတ် အလွန်များနေ၏။ သူက စစ်သည် တစ်သိန်း သုံးသောင်းကို ဦးဆောင်ကာ ရိက္ခာ အများအပြားလည်း မပါဘဲ ကျင်းကျိုး မြို့အောက်သို့ ရောက်ရှိသွားခဲ့သည်။ သူက တကယ် တိုက်ခိုက်ရန် ရည်ရွယ်ထားခြင်း မဟုတ်ဘဲ စမ်းသပ်ကြည့်ရုံသာ ဖြစ်၏။

‘တကယ် စမ်းသပ်ကြည့်ရုံလေးပါ။ ကျုပ်က ခွေးရူး ဖြစ်ပေမည့် အရူးတော့ မဟုတ်ဘူးလေ။ အနည်းဆုံးတော့ အသိစိတ် ရှိပါသေးတယ်။ ကျင်းကျိုးမြို့က တာ့ကျိုးအင်ပါယာရဲ့ တတိယ အကြီးဆုံးမြို့ ဖြစ်ပြီး ကာကွယ်ရေးစစ်သည် နှစ်သိန်းကျော် ရှိနေတာကို စစ်တပ် တစ်သိန်းကျော်လေးနဲ့ ဘယ်လိုလုပ် သိမ်းပိုက်နိုင်မှာလဲ။’

သို့သော်လည်း ဤအခြေအနေသည် မည်သူမှ မမျှော်လင့်ထားသည့် ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။ ဤစမ်းသပ်မှုလေးနှင့်တင် မြို့ကို သိမ်းပိုက်နိုင်သွားလိမ့်မည်ဟု မည်သူက ထင်မည်နည်း။

‘သောက်ကျိုးနည်း.. ဒီလောကကြီးများ ရူးသွပ်နေပြီလား။ အရမ်းကို ကြောက်စရာကောင်းလိုက်တာ။’

All Chapters