← Chapters

အခန်း ၆၁၇

Vol. 34 Ch. 617

အခန်း ၆၁၇

Vol. 34 Ch. 617

အပိုင်း (၆၁၇) - စမ်းချောင်းဘေးမှ စကားဝိုင်း။

ကျိန့်ချောင်သည် ကတ်ပြားကို ကိုင်ထားရင်း အနီးသို့ တိုးလာကာ မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်၏။ "ဘာရှိနိုင်အုံးမှာလဲ။ လူတွေကို စိတ်ဝင်စားအောင် ဆွဲဆောင်နေတာပဲ။ ဒီလို လှည့်ကွက်လေးတွေနဲ့ ဘယ်သူ့ကို လှည့်စားလို့ရမှာလဲ။ သူ့ပုံစံကို ကြည့်ကြစမ်းပါအုံး၊ အရမ်းတွေ ဂုဏ်ယူဝင့်ကြွားနေတာလေ။ လက်နက် အသစ်လေး လုပ်ထားတာကိုတောင် ဆွဲထုတ်လာပြီး တမင်သတ်သတ် ကြွားလုံးထုတ်နေသေးတယ်။"

တစ်စုံတစ်ယောက်က ဝင်ပြောလိုက်သည်။ "ဟုတ်တယ်၊ စိတ်ဝင်စားအောင် ဆွဲဆောင်နေမှန်း သိပေမဲ့ ဒီကတ်တွေကို အစုံမစုမိသေးတော့ ရင်ထဲမှာ တစ်ခုခုလိုနေသလိုပဲ။"

နောက်တစ်ယောက်က ထောက်ခံလိုက်၏။ "ဒါပေါ့ဗျာ။ သွားလိုက်ပြန်လိုက်နဲ့ ကတ်ဆယ်ဂဏန်းလောက်ပဲ လိုတော့တာ။ ရွှေကတ်တစ်ကတ်မှ မရသေးလို့ ကျုပ်ဖြင့် ညတောင် အိပ်မပျော်ဘူး။"

ဘေးမှ လူတစ်ယောက်က မေးလိုက်သည်။ "ဟေ့ .. ခင်ဗျားက မြေးအတွက် စုပေးနေတာ မဟုတ်ဘူးလား။"

ထိုလူက ချက်ချင်း ပြန်ဖြေလိုက်၏။ "မြေးအတွက် စုပေးရင်းနဲ့ ကျုပ်ပါ အိပ်မပျော်တာလေ။"

လူအများ၏ ဆွေးနွေးပြောဆိုသံများကို နားထောင်ရင်း လီယန်စုန့်သည် မုတ်ဆိတ်မွေးကို သပ်ကာ တည်ငြိမ်အေးဆေးစွာဖြင့် ဝင်ပြောလိုက်သည်။ "တကယ်တော့ … ရွှေကတ် မရှိတာတော့ မဟုတ်ဘူး။"

အားလုံးက အံ့အားသင့်သွားကြ၏။ "ဘာ … ရွှေကတ် ရှိတယ်ဟုတ်လား။"

ပတ်ဝန်းကျင်ရှိ လူအားလုံးသည် ချက်ချင်း တက်ကြွသွားကြပြီး လီယန်စုန့်၏ အနီးသို့ ဖွဖွလေး တိုးကပ်သွားကာ သူ့ကို အဝိုင်းလိုက် ဝိုင်းရံလိုက်ကြသည်။

တစ်ယောက်က မေးလိုက်၏။ "သခင်ကြီးလီဆီမှာ ရှိနေတာလား။ ကျုပ်တို့ကိုလည်း ပြပါဦး။"

အခြားတစ်ယောက်ကလည်း ဝင်ပြောလိုက်သည်။ "စျေးကွက်ထဲမှာ ရောင်းတယ်လို့လည်း မကြားမိပါဘူး။"

နောက်တစ်ယောက်က လှောင်ပြုံးဖြင့် ဆိုလိုက်၏။ "ဟဲဟဲ … ဆွေမျိုးမတော်စပ်ဘူးလို့ ပြောနေသေးတယ် ဟုတ်လား။"

လီယန်စုန့်သည် လူအများ၏ အာရုံစိုက်မှုကို ရရှိသွားသောကြောင့် အနည်းငယ် မြောက်ကြွမြောက်ကြွ ဖြစ်သွားပြီး လူအုပ်ကြီးကို စွေကြည့်ကာ မေးလိုက်သည်။ "ခင်ဗျားတို့ ကြည့်ချင်လို့လား။ ပြီးတော့ ကျုပ် ဒီရွှေကတ်ကို ဘယ်ကနေ ရလာလဲဆိုတာ သိချင်ကြတာလား။"

လူတစ်စု၏ မျက်လုံးများထဲတွင် အလွန်အမင်း စပ်စုချင်စိတ်များ ပြည့်နှက်နေပြီး ချက်ချင်း အော်ပြောလိုက်ကြ၏။ "သိချင်တာပေါ့ဗျာ။"

လီယန်စုန့်က ခေါင်းညိတ်ကာ ဆိုလိုက်သည်။ "ကောင်းပြီ၊ ဒါဆိုရင် ကျုပ် ဒီနေ့ ခင်ဗျားတို့ကို မျက်စိပွင့်သွားအောင် ပြပေးမယ်။ ဒါပေမဲ့ ကြိုပြောထားမယ် … ကျုပ်နဲ့ ဖန်ကျန်းရီက ဘာပတ်သက်မှုမှ မရှိဘူး။ ခင်ဗျားတို့လည်း ဒီကိစ္စကို နောက်ပြောင်စရာတစ်ခုလို မလုပ်ကြနဲ့တော့။"

အားလုံးက တညီတညွတ်တည်း ထောက်ခံလိုက်ကြ၏။ "ဟုတ်ပါပြီဗျာ။ အားလုံး သိသွားပါပြီ။ မြန်မြန်လုပ်ပါ သခင်ကြီးလီရယ်။"

လီယန်စုန့်သည် အေးအေးဆေးဆေးပင် ပြုံးကာဖြင့် သူ၏ရင်ခွင်ထဲမှ ရွှေရောင် တောက်ပနေသော ကတ်ပြားတစ်ခုကို ဆွဲထုတ်လိုက်သည်။

ရွှေ၏ သဘာဝမှာ ပျော့ပျောင်းလွန်းသောကြောင့် ပုံပန်းသဏ္ဌာန် ပျက်ယွင်းသွားမည်ကို စိုးရိမ်သဖြင့် ၎င်းကို ကျောက်စိမ်းပြားတစ်ခုထဲတွင် မြှုပ်နှံထားခဲ့၏။

လက်ရာမှာ အလွန် သေသပ်လှပပြီး ကျောက်စိမ်းကတ်အိမ်၏ အပြင်ဘက်တွင်လည်း သေသပ်လှပသော ပန်းနွယ်ပန်းခက်များကို ထွင်းထုထားသည်။

ကျောက်စိမ်းမြှုပ် ရွှေရောင် ကျင်းယီဝေကတ်ပြား ထွက်ပေါ်လာချိန်မှာတော့ လူအားလုံးမှာ အလွန်အမင်း အံ့မခန်း ဖြစ်သွားကြ၏။

တစ်ယောက်က အံ့အားတကြီး ပြောလိုက်သည်။ "ရွှေကတ်က ဒီလိုပုံစံမျိုးကိုး။ သူ့ချည်းသတ်သတ်ဆိုရင်တောင် ရတနာတစ်ပါးလို့ သတ်မှတ်လို့ရနေပြီပဲ။"

နောက်တစ်ယောက်ကလည်း ဝင်ပြောလိုက်၏။ "အို … လက်ရာက တကယ်ကို အနုစိတ်လွန်းတယ်။ ဒါက … ထျန်းကျီကြယ်လား။"

လူအများက လောဆော်လိုက်ကြသည်။ "မြန်မြန် ကြည့်စမ်းပါအုံး … အနောက်ဘက်မှာ ဘာဇာတ်လမ်း ရေးထားလဲ။"

လူအများက ပို၍ ပို၍ တိုးကပ်လာသောအခါ လီယန်စုန့်သည် ရွှေကတ်ကို အလျင်အမြန် ပြန်သိမ်းပြီး ပြောလိုက်၏။ "ဒီအထဲမှာ ရေးထားတာက ထျန်းကျီကြယ် မုန့်ရူ အကြောင်းပဲ။ သူက ငယ်ငယ်တည်းက တောင်ပေါ်မှာ ဆင်းဆင်းရဲရဲ ကြီးပြင်းလာပြီး ပြင်ပကမ္ဘာနဲ့ လုံးဝ အဆက်အသွယ် ပြတ်တောက်နေတာ။ ဆွေမျိုးတွေ၊ အိမ်နီးချင်းတွေ ဘဝသာယာဖို့အတွက် တောင်ကို ဖောက်ပြီး ဥမင်လှိုဏ်ခေါင်း လုပ်ခဲ့တဲ့ ဇာတ်လမ်းပဲ။ ပညာရှိကြီးတစ်ယောက်က သူ့ကို လှောင်ပြောင်ခဲ့ပေမဲ့ သူက မူလရည်မှန်းချက်ကို မပြောင်းလဲဘဲ နောက်ဆုံးမှာ လမ်းဖောက်နိုင်ခဲ့တယ်။ ဒါကို မုန့်ရူတောင်ဖောက်ခြင်းလို့ ခေါ်တယ်။"

တစ်စုံတစ်ယောက်က အံ့အားသင့်စွာဖြင့် ဝင်ပြောလိုက်သည်။ "ဒီလူငယ်က ဒီလောက် ဇွဲလုံ့လကြီးမားပြီး အများအကျိုးကိုပဲ ဆောင်ရွက်တတ်တာကိုး၊ ထျန်းကျီကြယ်အဆင့်နဲ့ တကယ်ကို ထိုက်တန်ပါတယ်။ ဒီလိုလူမျိုးတောင် ဖန်ကျန်းရီ လက်အောက်မှာ စစ်သည်သွားလုပ်နေရတယ်ဆိုတော့ တကယ်ကို နှမြောစရာကောင်းတာပဲ။"

လူအများက ညည်းညူလိုက်ကြ၏။ "သခင်ကြီးလီ … ကျုပ်တို့ကို ထပ်ကြည့်ခွင့်ပေးပါအုံးဗျာ။ ဘာလို့ ပြန်သိမ်းသွားတာလဲ၊ ဒီလောက်ကြီး ကပ်စေးမနှဲပါနဲ့။"

ကော်ထျန်းယန်သည် အသံမထွက်ဘဲ ခေါင်းပြူကြည့်လိုက်ပြီး လက်နှစ်ဖက်ကို အင်္ကျီလက်ထဲ ထည့်ကာ တစ်စုံတစ်ခုကို အဆက်မပြတ် ပွတ်သပ်နေ၏။ ရင်ထဲတွင်လည်း ဇဝေဇဝါ ဖြစ်မိနေသည်။

သူက စိတ်ထဲမှ တွေးလိုက်၏။ ဘယ်လိုလုပ်ပြီး ထျန်းကျီကြယ် နှစ်ကတ် ဖြစ်နေရတာလဲ။ ရွှေကတ်တောင် ထပ်နေတာမျိုး ရှိသေးတာလား။

လီယန်စုန့်သည် ကိုယ်ကို တစ်ဖက်သို့ လှည့်လိုက်ပြီး အလောတကြီး ပြောလိုက်သည်။ "မကြည့်ကြနဲ့တော့။ တကယ်လို့ ပျက်စီးသွားရင် ဒုက္ခပဲ။ စျေးကွက်ထဲမှာ ဒီတစ်ကတ်ပဲ ရှိတာ။"

ကျန်းတုန်ရှန်းက လှောင်ပြောင်လိုက်၏။ "ခင်ဗျားရဲ့ ကပ်စေးနှဲနေတဲ့ ပုံစံကြီးကို ကြည့်ပါအုံး။ ဘယ်က ဝယ်တာလဲ၊ ကျုပ်လည်း သွားဝယ်မယ်။"

လီယန်စုန့်က သက်ပြင်းတစ်ချက် ချလိုက်သည်။ "ရပြီ … ရပြီ။ ဒီတစ်ကတ်တည်း ရှိတာကို၊ ဒီကတ်က မြို့ထဲမှာ အသစ်ဖွင့်တဲ့ နာရီဆိုင်ကနေ ကြမ်းပြင်ချ နာရီကြီး ဝယ်ရင် လက်ဆောင်ပေးတာ။"

ဘေးမှ ကြည့်နေသူများထဲမှ တစ်ယောက်က ချက်ချင်း ဒေါသထွက်သွားပြီး ပြောလိုက်၏။ "မဖြစ်နိုင်တာ။ ကျုပ်လည်း ဝယ်ထားတာပဲ။ ငွေတုံး ငါးထောင်တောင် ကုန်တာ၊ ဘယ်သူမှလည်း လက်ဆောင်မပေးပါဘူး။ ကျုပ် သူတို့ကို သွားမေးရမယ်။"

လီယန်စုန့်က ဆက်ပြောလိုက်သည်။ "ငွေတုံး ငါးထောင် ဟုတ်လား။ ငွေတုံး ကိုးထောင့်ကိုးရာကိုးဆယ့်ကိုးတန် အမျိုးအစား ဝယ်မှပဲ ရတာဗျ။"

သူက ထပ်ရှင်းပြလိုက်၏။ "ကျုပ် ဝယ်တုန်းကလည်း ဘယ်သူမှ မပြောပြပါဘူး။ ဒါပေမဲ့ ခင်ဗျားသာ အဲဒီအမျိုးအစားကို ဝယ်လိုက်ရင် သူတို့က အလိုလို လက်ဆောင်ပေးလိုက်မှာပဲ။"

ကျိန့်ချောင်သည် ရုတ်တရက် တုန်ခနဲ ဖြစ်သွားပြီး ပေါင်ကို အပြင်းအထန် ရိုက်ကာ ပြောလိုက်သည်။ "ဟာ … ကျုပ်က ငွေတုံး ခုနစ်ထောင့်ငါးရာတန် ဝယ်ခဲ့တာ၊ ဘာမှလည်း လက်ဆောင်မရဘူး။ ဒါဆို ကျုပ် နစ်နာသွားတာပေါ့။"

လူတစ်ယောက်က ဝင်ပြောလိုက်၏။ "သခင်ကြီးလီ … ခင်ဗျားက တကယ်ကို ချမ်းသာတာပဲ။ ကျုပ် မှတ်မိသလောက် အဲဒီ ငွေတုံး တစ်သောင်းတန်ရဲ့ နာရီလက်တံတွေက ရွှေစင်နဲ့ လုပ်ထားတာ မဟုတ်လား။"

ဤစကားကို ကြားသောအခါ လီယန်စုန့်သည် မကျေမနပ် ဖြစ်သွားပြီး ဆိုလိုက်သည်။ "ဟေ့ … ခင်ဗျားတို့ လျှောက်မပြောကြနဲ့။ ကျုပ်လည်း အသေအလဲ စုထားတဲ့ ငွေတွေနဲ့ ဝယ်ရတာ။ အဲဒါက ငွေတုံး တစ်သောင်းတောင် တန်တာ။ မိသားစု တစ်စုလုံးရဲ့ အင်အားကို သုံးပြီးမှ ဒီတစ်လုံးတည်းကို ဝယ်နိုင်တာ၊ မျိုးဆက်အလိုက် လက်ဆင့်ကမ်း အမွေအနှစ်အနေနဲ့ ထားမလို့ ဝယ်ထားတာ။"

လီယန်စုန့်က အားလုံးကို မေးလိုက်၏။ "ခင်ဗျားတို့ပဲ ပြောကြည့်ကြစမ်း၊ ဖန်ကျန်းရီ ပေးတဲ့ အိတ်ဆောင်နာရီက တကယ်ကောင်းတဲ့ ပစ္စည်းမဟုတ်ဘူးလား။ အခုဆိုရင် ကျုပ်တို့ထဲက ဘယ်သူက အဲဒါမပါဘဲ နေနိုင်လို့လဲ။"

ထိုစကားကို အားလုံးက ထောက်ခံလိုက်ကြပြီး တစ်ယောက်က ပြောလိုက်သည်။ "ကျုပ်ဆိုရင် အခု နာရီကို တစ်ရက်လောက် မကြည့်ရရင် ဘယ်လို နေထိုင်ရမလဲတောင် မသိတော့ဘူး။ အိမ်က တခြား လူငယ်တွေအတွက် သွားဝယ်ပေးချင်တာတောင် စျေးကွက်ထဲမှာ ရောင်းတာမှ မရှိတာ။"

လီယန်စုန့်က ဆက်၍ ရှင်းပြလိုက်၏။ "ကျုပ်ကတော့ ငွေတုံး ငါးထောင်တန်ကို ကြည့်လိုက်တာ ပေါ့လွန်းနေတော့ သိပ်မကောင်းဘူးလို့ ခံစားရတယ်။ အဲဒါနဲ့ အံကိုကြိတ်ပြီး အတန်ဆုံးကို ဝယ်ပစ်လိုက်တာ၊ ဘိုးဘွားဆောင်ထဲမှာ ထားရင်လည်း မျက်နှာပန်း လှတယ် မဟုတ်ဘူးလား။"

လူအားလုံးက အဆက်မပြတ် ခေါင်းညိတ်လိုက်ကြပြီး တစ်ယောက်က ရင်ဘတ်ကို ထုကာ နောင်တ တရားများဖြင့် ပြောလိုက်သည်။ "ဒီလိုမှန်း အစကတည်းက သိရင်၊ အံကြိတ်ပြီး အတန်ဆုံးကို ဝယ်ခဲ့သင့်တာ။ ဈေးကြီးတဲ့ဟာက တခြားဟာတွေထက် အများကြီး ပိုလေးသလို ပစ္စည်းသုံးထားတာလည်း တော်တော်လေး ခိုင်ခံ့တယ်။ တကယ်ပဲ အမြတ်အနည်းငယ်ကို မက်ပြီး အရှုံးကြီး ရှုံးသွားတာပဲ။"

နောက်တစ်ယောက်ကလည်း ဝင်ပြောလိုက်၏။ "ဟုတ်ပါ့ဗျာ။ တကယ်လို့ လက်ဆောင်ပေးလိုက်တဲ့ ရွှေကတ်က ထျန်းခွေ့ကြယ်သာ ဆိုရင်၊ ဘယ်လိုတွက်တွက် ငွေတုံး တစ်ထောင်လောက် သက်သာသွားသလို ဖြစ်နေပြီ မဟုတ်လား။ ထျန်းခွေ့ကြယ် မဟုတ်ရင်တောင် ငွေတုံး ရာဂဏန်းလောက်တော့ တန်သေးတာပဲ။ သောက်ကျိုးနည်း … သူတို့က ဘာလို့ ဒီကိစ္စကို ဖုံးကွယ်ထားကြတာလဲ။"

လူတစ်ယောက်က အကြံပေးလိုက်သည်။ "ခင်ဗျား ဝယ်ထားတာ ဘယ်လောက်ကြာပြီလဲ။ သူတို့ဆိုင်က အလုပ်သမားတွေ ပြောတာတော့ သုံးရက်အတွင်း ပြန်အမ်းလို့ရတယ်တဲ့၊ ပြန်အမ်းလို့ရရင် မြန်မြန် သွားအမ်းပြီး လဲလိုက်။"

ကျိန့်ချောင်က စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားလိုက်၏။ "ပြန်လဲလို့ မရတော့ဘူးဗျ။ ကျုပ် ဝယ်ထားတာ ခုနစ်ရက်တောင် ရှိနေပြီ။"

ကျိန့်ချောင်သည် ရုတ်တရက် လက်နှစ်ဖက်ကို ဆန့်တန်းကာ အသံကျယ်ကြီးဖြင့် အော်လိုက်သည်။ "နေပါအုံး … နေကြပါအုံး။ ကျုပ် နားထောင်လေလေ ပိုပြီး တစ်ခုခု မှားနေသလို ခံစားရလေလေပဲ။"

သူက အားလုံးကို မေးလိုက်၏။ "ခင်ဗျားတို့ စဉ်းစားကြည့်ကြစမ်း၊ အစတုန်းက ဖန်ကျန်းရီက ကျုပ်တို့ကို အိတ်ဆောင်နာရီတွေ ဘာလို့ ပေးခဲ့တာလဲ။ ရုတ်တရက်ကြီး ကျုပ်တို့ အရမ်းကို သဘောထားကြီးသွားတယ်။ ဒီနေရာမှာ ကျုပ်တို့ကို ထောင်ချောက်ဆင်ဖို့ စောင့်နေတာများလား။"

ကျိန့်ချောင်က ဆက်၍ သုံးသပ်ပြလိုက်သည်။ "ကျုပ်တို့ကို အိတ်ဆောင်နာရီ သုံးမိအောင် လုပ်ပြီး ဒါမပါဘဲ မနေနိုင်အောင် လုပ်လိုက်တယ်။ ပြီးတော့ ဘာမှန်းမသိတဲ့ နာရီဆိုင်ကြီး ဖွင့်ပြီး ကြမ်းပြင်ချ နာရီကြီးတွေချည်းပဲ ရောင်းတယ်၊ အိတ်ဆောင်နာရီ မရောင်းဘူးလေ။"

သူက ဒေါသတကြီးဖြင့် ကောက်ချက်ချလိုက်၏။ "ပြီးတော့မှ ကျင်းယီဝေ ကြယ်ကတ်တွေ ထပ်လုပ်လာတယ်။ ဈေးအကြီးဆုံး ကြမ်းပြင်ချ နာရီဝယ်မှ ရွှေကတ် လက်ဆောင်ပေးတယ်ဆိုတော့၊ ဒါတွေအကုန်လုံးက လျှို့ဝှက် ပူးပေါင်းကြံစည်မှုကြီးပဲဗျ။"

ထိုအခါမှ လူအားလုံးမှာ တညီတညွတ်တည်း တိတ်ဆိတ်သွားကြပေတော့သည်။

သောက်ကျိုးနည်း။ ဒါက တကယ်ကို အဓိပ္ပာယ်ရှိနေတာပဲ။

ဤသည်မှာ အဘွားအို ဂွမ်းဘောင်းဘီဝတ်သကဲ့သို့ တစ်ထပ်ပြီးတစ်ထပ် ထပ်နေအောင် ဝတ်ဆင်ရသလိုမျိုးပင်၊ အားလုံးက ထောင်ချောက်ထဲသို့ အပြည့်အဝ ဝင်ရောက်သွားကြပြီ ဖြစ်၏။

ဒီခွေးကောင်က အခက်အခဲတစ်ခုနဲ့ ကြုံတွေ့ပြီး အကျင့်စာရိတ္တ ပြောင်းလဲသွားပြီလို့ ထင်မှတ်နေခဲ့ကြတာ။ မသိမသာနဲ့ ရုံးတော်တစ်ခုလုံးကို သူက တစ်ပတ်ရိုက်သွားခဲ့တာပဲ။

လူအားလုံးသည် အချိန်အတော်ကြာ စဉ်းစားပြီးနောက် ရင်ထဲတွင် မသက်မသာ ဖြစ်သွားကြသည်။ ရုတ်တရက် တစ်စုံတစ်ယောက်က တိတ်ဆိတ်မှုကို ဖြိုခွင်းကာ ပြောလိုက်သည်။ "တော်တော်စွမ်းတာပဲ။ ဖန်ကျန်းရီက တကယ်ကို လည်လွန်းတယ်။"

နောက်တစ်ယောက်က ဝင်ပြောလိုက်၏။ "ကျုပ်တို့ကို ထောင်ချောက်ထဲ ဝင်လာအောင် စောင့်နေတာများလား။"

လူတစ်ယောက်က ဒေါသတကြီး ကြေညာလိုက်သည်။ "မဝယ်တော့ဘူး။ ကျုပ်တို့ နောက်ဆို သူ့ပစ္စည်းတွေကို မသုံးတော့ဘူး။ တောက်ယွမ်ခရိုင်က ဘာထုတ်ထုတ် ဘာမှ မဝယ်တော့ဘူး။"

သို့သော်ငြား အခြားတစ်ယောက်က သက်ပြင်းချရင်း ဆိုလိုက်၏။ "ဒါက လျှို့ဝှက်ကြံစည်မှုမှ မဟုတ်တာ၊ ဒါက ဗြောင်ကျကျ ကြံစည်ထားတာပဲဗျ။ အခု အိတ်ဆောင်နာရီ မရှိရင် တစ်ခုခု လိုနေသလို ခံစားရတယ် မဟုတ်လား။ တကယ်လို့ တစ်နေ့နေ့ ပျက်သွားလို့ နောင်တစ်ချိန် ပြန်ရောင်းရင် ခင်ဗျားတို့ မဝယ်ဘဲ နေနိုင်မှာလား။"

ဤစကားကို ကြားသောအခါ လူအားလုံး ထပ်မံ၍ တိတ်ဆိတ်သွားကြပြန်သည်။

မှန်ပေသည်။ ယခုအခါ အိတ်ဆောင်နာရီ မပါဘဲ နေ့စဉ်ဘဝကို ဖြတ်သန်းရန် ခက်ခဲနေပြီ ဖြစ်၏။ ယခင်က အချိန်မှတ်သည့် နည်းလမ်းများက အလွန် အကြမ်းဖျင်း ဆန်လွန်းလှ၏။

ယခင်ကဲ့သို့ အကြမ်းဖျင်း အစီအစဉ်ဆွဲကာ နေထိုင်မည်ဆိုပါက မည်သည့်ကိစ္စလုပ်လုပ် တခြားသူများထက် တစ်လှမ်း နောက်ကျနေပေလိမ့်မည်။

ထို့အပြင် ယခုအခါ ရုံးတော်အတွင်း၌ နာရီ၊ မိနစ်များဖြင့် အချိန်ကို အစီအစဉ်ဆွဲရန် အသားကျနေပြီ ဖြစ်ရာ၊ မိမိက အသုံးမပြုပါက တခြားသူများနှင့် အချိန်ကိုက်၍ ရမည် မဟုတ်ချေ။

တစ်ယောက်က အကြံပြုလိုက်သည်။ "ခင်ဗျားတို့ စဉ်းစားကြည့်ပါအုံး၊ ဒီပစ္စည်းကို ဘယ်လိုများ တည်ဆောက်ထားတာလဲ။ ဒါကို တောက်ယွမ်ခရိုင်ကလွဲပြီး ဘယ်သူမှ မလုပ်နိုင်တော့ဘူးလား ဒါမှမဟုတ် ကျွမ်းကျင်တဲ့ လက်မှုပညာရှင် တချို့ကို ရှာပြီး အဲဒါကို ဖြုတ်ကြည့် လေ့လာခိုင်းရင်ရော။ ကျုပ် ကြည့်ရသလောက်တော့ သိပ်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အရာ မဟုတ်ပါဘူး။"

အခြားတစ်ယောက်က ခေါင်းယမ်းကာ ပြန်ပြောလိုက်၏။ "ကျုပ်ကတော့ မဖြုတ်ရက်ပါဘူးဗျာ။ အမတ်မင်းတုန် … ခင်ဗျားအိမ်က ချမ်းသာတာပဲ၊ ခင်ဗျားဆီက တစ်လုံးလောက် ဖြုတ်ပြီး စမ်းကြည့်ပါလား။"

အမတ်မင်းတုန်က အလျင်အမြန် ငြင်းဆန်လိုက်သည်။ "ကျုပ်အိမ်မှာလည်း ငွေမရှိပါဘူးဗျာ။ ထားလိုက်ပါတော့။"

လူအားလုံးမှာ တွေးလေလေ လှည့်စားခံရသည်ဟု ခံစားရလေလေ ဖြစ်လာပြီး ကျန်းတုန်ရှန်းသည် ရုတ်တရက် မတ်တတ်ထရပ်ကာ ဒေါသတကြီးဖြင့် ပြောလိုက်၏။ "မရဘူး။ ဒီဒေါသကို မျိုသိပ်မထားနိုင်ဘူး။ သူ့ကို တိုက်ရိုက် သွားပြီး အရှက်ခွဲပစ်ရမယ်။ အားလုံး အတူတူ သွားကြမယ်။"

အားလုံးကလည်း တညီတညွတ်တည်း ထောက်ခံလိုက်ကြသည်။ "ကောင်းပြီ။ အတူတူ သွားကြမယ်။ သွားပြီး သူ့ကို အရှက်ခွဲပစ်ကြတာပေါ့။"

All Chapters