အခန်း ၆၁၉
Vol. 34 Ch. 619
အပိုင်း (၆၁၉) သေနတ်လက်နက်များ ပြသခြင်း။
နန်းတွင်းအမတ်များနှင့် စစ်သူကြီးများသည် တဖြည်းဖြည်း နေရာယူလိုက်ကြ၏။ အရှင်မင်းမြတ် နှင့်အတူ လိုက်ပါလာသော အစောင့်ရဲမက်များက ရှုပ်ပွနေသော ထိုင်ခုံများကို အလျင်အမြန် ပြန်လည် စီစဉ်ပေးလိုက်ကြသည်။
အချိန်ခဏအကြာတွင် လူအားလုံး နေရာအသီးသီး၌ ထိုင်လိုက်ကြသော်လည်း ပါးစပ်မှ ဆွေးနွေးသံများကမူ ရပ်တန့်မသွားခဲ့ချေ။
အမတ်တစ်ဦးက ခေါင်းယမ်းကာ ပြောလိုက်သည်။ "ခင်ဗျားတို့ပဲ နားထောင်ကြည့်ကြပါအုံး။ ကျုပ်တို့ကိုတောင် ငြိမ်ငြိမ်ထိုင်ခိုင်းထားသေးတယ်။ တောင်ကိုဖြိုပြီး ကျောက်ခဲတွေကို ခွဲဖြာနိုင်တဲ့ နတ်ဆန်တဲ့ပစ္စည်းဆိုတာ တကယ်ပဲ ဖြစ်နိုင်ပါ့မလား။"
အခြားတစ်ဦးက နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်၏။ "ဟမ့် ... အရင်တုန်းကဆိုရင်တော့ ကျုပ် နည်းနည်း ယုံကောင်း ယုံမိလိမ့်မယ်။ ယခုတော့ လုံးဝ မယုံတော့ဘူး။ ကျုပ်တို့ရဲ့ ဖန်အမတ်က ဘယ်နေရာရောက်ရောက် ပြဿနာတစ်ခုခု မလုပ်ရရင် မနေနိုင်တဲ့သူလေ။ အမဲလိုက်တာကိုပဲ ကြည့်အုံး။ ဒီနေ့ သူရလာတဲ့ သားကောင် နည်းနည်းလေးက သူ့ရဲ့ပုံစံနဲ့ကို မကိုက်ညီဘူး။ ဒီနေ့တော့ စိတ်ပျက်လက်ပျက်နဲ့ ပြန်ရဖို့ သေချာနေပါပြီ။"
ကျန်သူများကလည်း ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။ "မှန်တယ်။ အတော်လေး အဓိပ္ပာယ်ရှိတယ်။"
ဖန်ကျန်းရီသည် လူတိုင်း နေရာတကျ ဖြစ်သွားသည်ကို မြင်သောအခါ ဆက်လက် ရှင်းပြလိုက်၏။ "ဒီနေ့ ပြသမယ့် လက်နက် သုံးမျိုး ရှိပါတယ်။ တစ်ခုချင်းစီတိုင်းက လက်ရှိ စစ်ရေးအခြေအနေကို ပြောင်းလဲပစ်နိုင်စွမ်း ရှိပါတယ်။ ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းတယ်လို့တော့ မပြောရဲပါဘူး။ ဒါပေမဲ့ လက်ရှိအခြေအနေအရဆိုရင်တော့ ငါတို့ တာ့ကျင်းက သေချာပေါက် ရှုံးနိမ့်ခြင်းမရှိတဲ့ အနေအထားမှာ ရပ်တည်နိုင်မှာပါ။"
မှူးမတ်များမှာမူ ထူးထူးခြားခြား တုံ့ပြန်မှု မရှိဘဲ သူ လေလုံးထွားနေသည်ဟုသာ ထင်မှတ်နေကြသည်။
ဘုရင်မင်းမြတ်သည် အလွန် အလေးအနက်ထားကာ စောင့်ကြည့်နေ၏။ စောစောက သေနတ်ကို မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ အမှန်တကယ်ပင် အံ့သြဖွယ်ကောင်းလွန်းလှပြီး လူတိုင်းကိုသာ တပ်ဆင်နိုင်မည်ဆိုပါက တာ့ကျင်း၏ စစ်ရေးစွမ်းရည်သည် သံသယဖြစ်ဖွယ်မရှိဘဲ ကြီးမားစွာ တိုးတက်လာမည်မှာ သေချာလှ၏။
သို့ပေမည့် အပြန်လမ်းတွင် စကားပြောဆိုရာမှ ထုတ်လုပ်မှုစရိတ် အလွန်မြင့်မားကြောင်း သိရှိခဲ့ရပြီး သာမန် လက်နက်အဖြစ် တပ်ဆင်ရန်အတွက်ဆိုလျှင် နည်းပညာကို တိုးတက်အောင် ပြုလုပ်ရန် အချိန်များစွာ လိုအပ်နေသေးကြောင်း သိလိုက်ရ၏။ ယခု နောက်ထပ် နှစ်မျိုး ကျန်ရှိနေသေးသည်။
အောက်ဘက်မှ ဆွေးနွေးသံများ တဖြည်းဖြည်း ငြိမ်သက်သွားသည်ကို မြင်သောအခါ ဖန်ကျန်းရီက အနောက်ဘက်သို့ လက်ယမ်းပြလိုက်၏။
ကျင်းယီဝေများက လေးလံသော သစ်သားသေတ္တာကြီး တစ်လုံးကို သယ်ဆောင်လာခဲ့ကြ၏။ သေတ္တာကို ဖွင့်လိုက်သောအခါ အထဲတွင် သေသပ်စွာ စီရီထားသော သေနတ် အရှည်နှင့် အတိုများကို တွေ့မြင်လိုက်ရသည်။
ဖန်ကျန်းရီသည် လက်ကိုင်သေနတ်တို တစ်လက်ကို ဆွဲထုတ်ကာ လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်လျက် လူအများရှေ့တွင် ပြသလိုက်၏။ "ဒီပထမဆုံး လက်နက်ကို လက်ကိုင်သေနတ်လို့ ခေါ်ပါတယ်။ ကျည်ဆန် သုံးတောင့်ကို ဆက်တိုက် ပစ်ခတ်နိုင်ပြီး ခြေလှမ်း ငါးဆယ်အတွင်းမှာ သံချပ်ကာကို ဖောက်ထွင်းပြီး ရန်သူကို သေစေနိုင်ပါတယ်။ ကျည်ဆန်က ခန္ဓာကိုယ်ထဲ ဝင်သွားတာနဲ့ ရန်သူက သေဖို့ပဲ များပါလိမ့်မယ်။"
ဖန်ကျန်းရီက အမိန့်ပေးလိုက်သည်။ "လာခဲ့ … ပစ်မှတ် ပြင်ထား။"
အနောက်ဘက်ရှိ ကျင်းယီဝေများက ကြိုတင်ပြင်ဆင်ထားသော မြှားပစ်မှတ်များကို သယ်ဆောင်လာကြရာ ဖန်ကျန်းရီက ဘေးတိုက်ရပ်ကာ သေနတ်ကို မြှောက်၍ ပစ်ခတ်လိုက်သည်။
ဒိုင်း ဒိုင်း ဒိုင်း။
သေနတ် သုံးချက်စလုံး ပစ်မှတ်ကို တိကျစွာ ထိမှန်သွားခဲ့၏။
တစ်ကွင်းလုံး ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ လူအားလုံး၏ အကြည့်များသည် ပစ်မှတ်ကို တစ်လှည့်၊ ဖန်ကျန်းရီ၏ လက်ထဲမှ လက်ကိုင်သေနတ်ကို တစ်လှည့် ကြည့်ရှုနေကြပြီး အချိန်ခဏမျှ မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ချေ။ စောစောက အသံတစ်ချက် ကြားလိုက်ရုံဖြင့် ပြီးသွားပြီလား။
နန်းတွင်းအမတ်များက တုံ့ပြန်မှု နှေးကွေးသော်လည်း စစ်သူကြီးများကမူ ချက်ချင်းပင် နားလည်သွားကြပြီး လူတော်တော်များများ နေရာမှ ထရပ်ကာ ဖောက်ထွင်းခံထားရသော ပစ်မှတ်ကို လည်ပင်းရှည် ငေးကြည့်နေကြ၏။
ရုတ်တရက် လူတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်မေးမြန်းလိုက်သည်။ "ကောင်းလိုက်တဲ့ လက်နက်ပဲ။ ဒါပေမဲ့ သုံးချက် ပစ်ပြီးသွားရင်ရော ဘယ်လိုလုပ်မလဲ။"
ဖန်ကျန်းရီက ကျယ်လောင်စွာ ရယ်မော၍ ဖြေကြားလိုက်၏။ "သုံးချက် ပစ်ပြီးသွားရင်တော့ သဘာဝကျကျပဲ ကျည်ဆန် ပြန်ထည့်ရမှာပေါ့။ ဒါက သူ့ရဲ့ အားနည်းချက်တွေထဲက တစ်ခုပါပဲ။ သွက်လက်မြန်ဆန်ပေမဲ့ ကျည်ဆန် ပြန်ထည့်ရတာ အလုပ်ရှုပ်ပါတယ်။"
သူက ပြောပြီးသည်နှင့် လက်ကိုင်သေနတ်ကို ဘေးနားရှိ ကျန်းပြောင်ထံသို့ ပစ်ပေးလိုက်သည်။
ကျန်းပြောင်သည် လက်ကိုင်သေနတ်ကို ဖမ်းယူပြီးနောက် သွက်လက်စွာဖြင့် ကျည်ဆန် ပြန်ထည့်သည်။ ဤကျည်ဆန် ထည့်နေသည့် လုပ်ငန်းစဉ်ကို ကြည့်ရှုရင်း လူတော်တော်များများ ပြန်လည် တည်ငြိမ်သွားကြ၏။
စစ်သူကြီးတစ်ဦးက ဝေဖန်လိုက်သည်။ "အရမ်း နှေးလွန်းတယ်။ ဒီသေနတ်က သုံးရတာ အဆင်ပြေပြီး စွမ်းအားလည်း မဆိုးပေမဲ့ ကျည်ဆန် ပြန်ထည့်ရတာ အလုပ်ရှုပ်တယ်။ ဒါကြောင့် ကိုယ်ရံတော်တွေ ဒါမှမဟုတ် လုပ်ကြံသတ်ဖြတ်တဲ့ နေရာမှာပဲ သုံးလို့ အဆင်ပြေလိမ့်မယ်။ အရေးပေါ် အခြေအနေမှာ ကျည်ဆန် ပြန်ထည့်ဖို့ အချိန်လုံးဝ ရမှာ မဟုတ်ဘူး။"
အရှင်မင်းမြတ်သည်လည်း မသိမသာ ခေါင်းညိတ်လိုက်၏။ သူ ကိုယ်တိုင်လည်း ဤပြဿနာကို ချက်ချင်း သတိပြုမိခဲ့သည်။ လက်ကိုင်သေနတ်သည် စစ်ရေးစွမ်းရည်ကို တိုးတက်စေနိုင်သည်မှာ မှန်သော်လည်း စစ်ရေး အခြေအနေကို ပြောင်းလဲပစ်နိုင်သည်ဟု ပြောဆိုခြင်းက အနည်းငယ် ချဲ့ကားလွန်းရာ ကျနေ၏။
ဖန်ကျန်းရီသည် ထိုအခြေအနေကို မြင်သောအခါ သေတ္တာထဲမှ ဒုတိယမြောက် လက်နက်ကို ဆွဲထုတ်ကာ လူအများအား ပြသလိုက်သည်။
အရှင်မင်းမြတ်သည် မရည်ရွယ်ဘဲ ခန္ဓာကိုယ်ကို ရှေ့သို့ ကိုင်းညွတ်လိုက်မိပြီး လက်နှစ်ဖက်ဖြင့် ထိုင်ခုံလက်ရန်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရာ လက်ချောင်းများပင် ဖြူရော်သွားခဲ့၏။ အရှည်ကြီးလား။ သေနတ်အရှည်လား။ ဤသေနတ်ကို ကြည့်ရသည်မှာ လက်ကိုင်သေနတ်ထက် စွမ်းအား ပိုမို ကြီးမားပုံရ၏။
ဖန်ကျန်းရီက မိတ်ဆက်လိုက်သည်။ "ဒီသေနတ်ကို မီးခတ်သေနတ်အရှည်လို့ ခေါ်ပါတယ်။ စွမ်းအားက လေးမြားထက် အများကြီး သာလွန်ပါတယ်။ လေးမြားနဲ့ မဖောက်ထွင်းနိုင်တဲ့ သံချပ်ကာကို ဒီသေနတ်က ဖောက်ထွင်းနိုင်ပါတယ်။"
သူက ပြောရင်းဖြင့် သေနတ်ကို မြှောက်ကာ ပစ်မှတ်ဆီသို့ တစ်ချက် ပစ်ခတ်လိုက်ပြီး ကျန်းပြောင်ထံသို့ ပစ်ပေးကာ ကျည်ဆန် ပြန်ထည့်ခိုင်းလိုက်၏။
ဖန်ကျန်းရီက ဆက်လက် ရှင်းပြလိုက်သည်။ "အားနည်းချက်ကတော့ အတူတူပါပဲ။ ကျည်ဆန် ပြန်ထည့်ရတာ အလုပ်ရှုပ်ပြီး အချိန်ယူရပါတယ်။"
အရှင်မင်းမြတ်၏ မျက်လုံးများထဲတွင် စိတ်ပျက်မှု တစ်ချက် ဖြတ်ပြေးသွားခဲ့၏။ စွမ်းအားက လက်ကိုင် သေနတ်ထက် သာလွန်သော်လည်း အားနည်းချက်က အတူတူပင်။ ဤသို့ဆိုလျှင် ယေဘုယျ သုံးစွဲနိုင်မှု သို့မဟုတ် ကုန်ကျစရိတ် အပိုင်းက ကြည့်မည်ဆိုလျှင် လေးမြားကို မမီနိုင်ချေ။ တစ်ခုတည်းသော အားသာချက်မှာ သင်ယူရန် လွယ်ကူခြင်းပင် ဖြစ်သည်။ လူတိုင်း သုံးတတ်ပြီး လေးမြားကဲ့သို့ အချိန်အကြာကြီး လေ့ကျင့်ရန် မလိုအပ်ပေ။
ကျန်သော စစ်သူကြီးများ၏ မျက်နှာပေါ်တွင်လည်း အလားတူ အမူအရာများ ပေါ်လွင်နေပြီး ပြဿနာအမျိုးမျိုးကို အလျင်အမြန် သတိပြုမိသွားကြသည်မှာ ထင်ရှားသည်။ နှမြောတသမှုများနှင့် စိတ်ပျက်မှုများ ရှိနေသော်လည်း ယနေ့ ဤကဲ့သို့သော လက်နက်မျိုးကို မြင်တွေ့ခွင့် ရခြင်းကပင် လာရ ကျိုးနပ်လှပြီ ဖြစ်သည်။ သို့ပေမည့် အားနည်းချက် အနည်းငယ် ကြီးမားလွန်းနေသည်က နှမြောစရာပင်။
ဖန်ကျန်းရီ၏ အသံက တည်ငြိမ်စွာ ထွက်ပေါ်လာခဲ့သည်။ "မီးခတ်သေနတ်က ကျည်ဆန် ပြန်ထည့်ရတာ အလုပ်ရှုပ်တယ်ဆိုတဲ့ အားနည်းချက် ရှိပေမဲ့ ပစ်ခတ်နိုင်တဲ့ အကွာအဝေးက ရှည်လို့ ဒီအားနည်းချက်ကို ကျော်လွှားနိုင်ပါတယ်။ ဒီသေနတ်ကို အောင်မြင်စွာ တီထွင်ပြီးတာနဲ့ ကျုပ်က သီးသန့် စစ်ပရိယာယ်တစ်ခုကို ဖန်တီးခိုင်းထားပါတယ်။ သုံးဆင့် ပစ်ခတ်နည်းလို့ ခေါ်ပါတယ်။ လာခဲ့ … လက်တွေ့ ပြသလိုက်ကြ။"
ပစ်မှတ်ကို ထပ်မံ သယ်ဆောင်လာကြပြီး တစ်ချိန်တည်းမှာပင် ကျင်းယီဝေ နှစ်ဆယ်ကျော် ရှေ့သို့ ထွက်လာခဲ့ကြ၏။ လူတိုင်းက သေနတ် တစ်လက်စီ ကိုင်ဆောင်ထားကာ ရှေ့၊ အလယ်၊ နောက်ဟူ၍ အလျင်အမြန် တန်းစီလိုက်ကြသည်။
သုံးဆင့် ပစ်ခတ်နည်းဆိုသည်မှာ အမှန်တကယ်တော့ သေနတ်သမား အားလုံးကို အဖွဲ့ သုံးဖွဲ့ ခွဲလိုက်ခြင်းပင် ဖြစ်သည်။ တစ်ဖွဲ့က ပစ်ခတ်ပြီး နောက်တစ်ဖွဲ့က ပစ်ခတ်ရန် အသင့်စောင့်ဆိုင်းကာ တတိယ တစ်ဖွဲ့ကတော့ ကျည်ဆန် ဖြည့်တင်းပြီး အသင့်စောင့်ဆိုင်းနေသော နေရာသို့ ဝင်ရောက်နေရာယူခြင်း ဖြစ်သည်။ ဤသို့ဖြင့် အလှည့်ကျ စဉ်ဆက်မပြတ် ပစ်ခတ်နိုင်ပြီး ကျည်ဆန် ဖြည့်တင်းရသည့် အချိန်ကို ဖယ်ရှားပေးကာ ရန်သူ အနီးကပ် ဝင်ရောက် တိုက်ခိုက်လာနိုင်သည့် အန္တရာယ်ကို ကာကွယ်ပေးနိုင်ပေသည်။
သုံးတန်းစီထားသော ကျင်းယီဝေများသည် အဆင့်လိုက် စတင် ပစ်ခတ်ကြရာ ချက်ချင်းပင် စခန်းတစ်ခုလုံးတွင် သေနတ်သံများ ဆူညံသွားတော့၏။ သေနတ်သံများက မိုးသည်းထန်စွာ ရွာသွန်းနေသည့်အလား အဆက်မပြတ် ထွက်ပေါ်နေ၏။
ကွင်းပြင်အတွင်းရှိ လူအားလုံး၏ နှလုံးခုန်သံများမှာ ပြင်းထန်လွန်းသော သေနတ်သံများကြောင့် ပိုမို မြန်ဆန် လာခဲ့ရသည်။ နန်းတွင်းအမတ်များရော စစ်သူကြီးများပါ မျက်လုံးများ ပြူးကျယ်သွားကြပြီး အားလုံး နေရာမှ ထရပ်ကာ ကြည့်ရှုနေကြသည်။
အချိန်အနည်းငယ် အကြာတွင် ပစ်ခတ်မှု ရပ်တန့်သွားခဲ့၏။
စခန်းတစ်ခုလုံးတွင် ယမ်းမှုန့်များ လောင်ကျွမ်းပြီးနောက် ထွက်ပေါ်လာသော အနံ့အသက်များက လူတိုင်း၏ နှာခေါင်းထဲသို့ ပျံ့နှံ့ ဝင်ရောက်လာခဲ့သည်။
လူအားလုံး၏ အကြည့်များသည် စုတ်ပြတ်သတ်နေသော ပစ်မှတ်များပေါ်တွင် စုစည်းနေကြ၏။ ဤအချိန်တွင် သူတို့၏ မျက်လုံးများထဲ၌ အံ့သြချီးကျူးမှုများသာမက ရူးသွပ်မတတ် စိတ်လှုပ်ရှားမှုများပါ ပြည့်နှက်နေကြ၏။
အရှင်မင်းမြတ်၏ လက်နှစ်ဖက်သည် အနည်းငယ် တုန်ယင်နေပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ ရှေ့သို့ သွားရောက်ကာ အသေးစိတ် ကြည့်ရှုလိုစိတ်များ ဖြစ်ပေါ်နေ၏။ ရုတ်တရက် အမတ်များထဲမှ တစ်ဦးက လူအုပ်ထဲမှ ထွက်လာကာ အရှင်မင်းမြတ်၏ ရှေ့တွင် ဒူးထောက်ချလိုက်သည်။
ထိုသူက လက်သီးဆုပ်ကာ စိတ်လှုပ်ရှားစွာဖြင့် လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး ... ဖန်အမတ် ပြောတဲ့စကားက လုံးဝ မမှားပါဘူး။ ဒီနတ်လက်နက်က စစ်ရေးအခြေအနေကို တကယ်ပဲ ပြောင်းလဲပစ်နိုင်စွမ်း ရှိပါတယ်။ တကယ်လို့ စစ်တပ်ထဲမှာ တပ်ဆင်မယ်ဆိုရင်၊ ဒါမှမဟုတ် သေနတ်တပ်ဖွဲ့ သီးသန့် ဖွဲ့စည်းမယ်ဆိုရင် မြောက်ပိုင်းက မြင်းစီးစစ်သည်တွေဟာ ကျွန်တော်မျိုးတို့ တာ့ကျင်းအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာနိုင်တော့မှာ မဟုတ်ပါဘူး။"
ထိုသူ၏ အနောက်မှ အခြားသော စစ်သူကြီးများကလည်း လူအုပ်ထဲမှ ထွက်လာကာ အသီးသီး ထောက်ခံ လျှောက်တင်ကြသည်။
ဖန်ကျန်းရီသည် မော့ကြည့်လိုက်ရာ စိတ်ထဲတွင် အနည်းငယ် အံ့သြသွားခဲ့၏။ ဦးဆောင်လာသူမှာ အနောက်ပိုင်း စစ်ရေးစစ်သူကြီး တိုင်ကော်ကုန်း စုန့်ဟွေ့ ဖြစ်၏။
ပုံမှန်အချိန်များတွင် သူသည် စစ်သူကြီးများနှင့် ဆက်ဆံရေး သိပ်မရှိလှချေ။ အရပ်ဘက်နှင့် စစ်ဘက်ကြားတွင် မမြင်ရသော နယ်နိမိတ်မျဉ်းတစ်ခု အမြဲတမ်း ရှိနေတတ်သည်။ ထို့အပြင် ပထမ တစ်ချက်မှာ သူ၏ ပါးစပ်သရမ်းမှုကြောင့် အရိုက်ခံရမည်ကို စိုးရိမ်ခြင်းဖြစ်ပြီး နောက်တစ်ချက်မှာ စစ်သူကြီးများ၏ အပြုအမူများက အနည်းငယ် ထူးဆန်းနေခြင်းကြောင့် ဖြစ်သည်။
စစ်သူကြီးများသည် သူ၏ မှတ်ဉာဏ်ထဲရှိ ရုပ်မြင်သံကြားထဲကလို အော်ကြီးဟစ်ကျယ် လုပ်တတ်သော ပုံစံမျိုး မဟုတ်ကြချေ။ ဆန့်ကျင်ဘက်အနေဖြင့် တစ်ယောက်ချင်းစီက အံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ်နေတတ်ကြပြီး အားလုံးက အတွေးနက်နေသည့် ပုံစံမျိုး ရှိကြသည်။ ပုံမှန်အချိန်များတွင် စကားသိပ်မပြောဘဲ တိတ်တိတ်နေတတ်ကြ၏။
သူတို့က စကားပြောရသည်ကို မနှစ်သက်သောကြောင့် သူကလည်း သွားရောက် ရင်းနှီးအောင် မလုပ်ချင်ခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် နန်းတွင်းအမတ်များကမူ ကြက်သွေးထိုးခံထားရသကဲ့သို့ တစ်နေ့ကုန် သူ၏ရှေ့တွင် ခုန်ပေါက်နေတတ်ကြသည်။ ယခုအခါ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော တိုင်ကော်ကုန်းက ဤမျှ စိတ်လှုပ်ရှားမှုကို ပြသနေသည်။ ထိုအရာက ဖန်ကျန်းရီ၏ မျှော်လင့်ထားမှုနှင့် လုံးဝ လွဲချော်နေပေသည်။
အရှင်မင်းမြတ်က လက်ကို ညင်သာစွာ ဝှေ့ယမ်းကာ မိန့်ကြားလိုက်၏။ "အားလုံး ထကြပါတော့။ ဒီလို သေးငယ်သော မြင်ကွင်းလေးအတွက် ဘာတွေ စိတ်လှုပ်ရှားနေကြတာလဲ။ အနေအထိုင် မတတ်လိုက်တာ။"
အရှင်မင်းမြတ်က ဆက်လက် မေးမြန်းလိုက်သည်။ "ဖန်အမတ် ... မီးခတ်သေနတ်ရဲ့ ကုန်ကျစရိတ်က ဘယ်လောက်ရှိလဲ။"
ဖန်ကျန်းရီက တည်ငြိမ်စွာဖြင့် လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး ... နောက်ထပ် ပြစရာ တစ်ခု ကျန်ပါသေးတယ်။ ကျွန်တော်မျိုး အကုန်လုံး ပြသပြီးမှပဲ မေးခွန်းတွေကို ဖြေကြားပေးမယ်ဆိုရင် ပိုမကောင်းဘူးလား။"
အရှင်မင်းမြတ်က ခေါင်းညိတ် သဘောတူလိုက်သည်။ "ကောင်းပြီ။ မင်း ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။"
ထို့နောက် အရှင်မင်းမြတ်သည် နေရာတွင် ပြန်ထိုင်လိုက်၏။
စစ်သူကြီးများလည်း စိတ်လှုပ်ရှားမှုများကို ပိုက်ထွေးကာ ထိုင်ခုံများဆီသို့ ပြန်သွားကြသည်။
အခြေအနေ ပြန်လည် တည်ငြိမ်သွားသည်ကို မြင်သောအခါ ဖန်ကျန်းရီက ကျယ်လောင်စွာ အမိန့်ပေးလိုက်၏။ "လာခဲ့ကြ … နောက်ဆုံး လက်နက်ကို ဆွဲထုတ်ခဲ့ကြတော့။"