အခန်း ၆၂၀
Vol. 34 Ch. 620
အပိုင်း (၆၂၀) နတ်လက်နက် ဆင်းသက်လာခြင်း။
မလှမ်းမကမ်းတွင် အနီရောင် အဝတ်များဖြင့် ဖုံးအုပ်ထားသော ပစ္စည်းများကို ယခုအခါ ဖယ်ရှားလိုက်ပြီဖြစ်ရာ ဧရာမ အမြောက်ကြီး သုံးလက် ပေါ်ထွက်လာခဲ့သည်။ ကျင်းယီဝေ ဆယ်ကျော်ခန့်က ရှေ့သို့တိုးကာ တွန်းလာကြ၏။
ထိုအချိန်အတွင်း အမတ်များက အချင်းချင်း တီးတိုး စကားပြောဆိုနေကြပြန်သည်။
အမတ်တစ်ဦးက ပြောလိုက်၏။ "အလို ... ဒီအရာရဲ့အောက်မှာ ဘီးနှစ်ဘီး ပါနေပါလား။"
နောက်တစ်ဦးက ထောက်ခံလိုက်သည်။ "အမည်းရောင် တွင်းပေါက်ကြီးနဲ့ ကြည့်ရတာ အတော်လေး ကြောက်စရာကောင်းတယ်။ ဒါပမေဲ့ ဒီလောက် လေးလံနေတာ ဘာများ အသုံးဝင်မှာလဲ။ ဘယ်သူက ထမ်းနိုင်မှာလဲ။"
အခြားတစ်ဦးကလည်း ဝင်ပြောလိုက်၏။ "တခြားဟာကိုတော့ မပြောရဲဘူး။ ဒီအရာက စွမ်းအားရော အားနည်းချက်ရော အတော်လေး ကြီးမားလိမ့်မယ်လို့ ထင်တယ်။ ကျုပ် အမြင်မမှားဘူးဆိုရင် ဒါက သံနဲ့ လုပ်ထားတာ ဖြစ်ရမယ်။ ဒီလောက်သံတွေ အများကြီး သုံးထားတာ ... အတော်လေး နှမြောစရာ ကောင်းတာပဲ။"
အရှင်မင်းမြတ်သည် စကားတစ်ခွန်းမှ မပြောဘဲ အဆက်မပြတ် အသက်ပြင်းပြင်း ရှူနေ၏။ သူ၏ အလိုအလျောက် သိစိတ်အရ ဤအရာ၏ စွမ်းအားသည် သာမန် မဟုတ်ကြောင်း ပြောပြနေသည်။ သေနတ်ပြောင်း သေးသေးလေးကပင် သမင်တစ်ကောင်ကို သေအောင် ပစ်နိုင်သည်ဆိုလျှင် ဤမျှ ကြီးမားသော ပြောင်းဝကြီးက ... သမင်ကို ခါးလယ်ကနေ ဖြတ်တောက်ပစ်နိုင်မည် မဟုတ်ပါလား။
လီယွမ်ကျောက်မှာမူ ပို၍ပင် စိတ်လှုပ်ရှားနေပြီး နေရာတွင် ထိုင်လျက် ခြေထောက်များကလည်း အဆက်မပြတ် တုန်ယင်နေခဲ့၏။
ဧရာမ အမြောက်ကြီး သုံးလက် ရှိပြီး တစ်လက်စီကို ကျင်းယီဝေ လေးငါးယောက်ခန့်က ခက်ခက်ခဲခဲ တွန်းလာကြရ၏။ မြေပြင်က အစကတည်းက မညီညာသည့်အပြင် အမြောက်၏ ကိုယ်ထည်ကလည်း လေးလံလွန်းသဖြင့် ရွေ့လျားရသည်မှာ ပိုမို ခက်ခဲနေသည်။ အချိန်အတော်ကြာ ကြိုးစားပြီးမှသာ အမြောက်များကို သတ်မှတ်ထားသော နေရာသို့ ရောက်ရှိစေပြီး သင့်လျော်သော ဦးတည်ရာသို့ လှည့်နိုင်ခဲ့သည်။
ဖန်ကျန်းရီသည် အမြောက်၏ ကိုယ်ထည်ကို ပွတ်သပ်ရင်း ရင်ထဲတွင် မရှောင်လွှဲနိုင်သော ခံစားချက်များ ဖြစ်ပေါ်လာခဲ့၏။ ဤအရာကို သူ တောက်ယွမ်ခရိုင်မှ မြို့တော်သို့ မဝင်ရောက်လာမီတည်းက တီထွင်ထားခဲ့ခြင်း ဖြစ်သည်။ မြို့တော်သို့ ရောက်ရှိပြီး နှစ်အနည်းငယ် ကြာမှသာ ဤအမြောက်များကို ထုတ်ဖော်ပြသခွင့် ရခဲ့သည်။ ယခု တရားဝင် ပွဲထွက်ခွင့် ရမည့် အချိန် ရောက်ရှိလာပြီ ဖြစ်၏။
ဖန်ကျန်းရီက အမိန့်ပေးလိုက်သည်။ "အမြှောက်ဆံ ထည့်။"
ဤအချိန်တွင် အမြောက် နှစ်လက်၏ ပြောင်းဝများသည် တောင်နံရံဘက်သို့ ဦးတည်ထားပြီး ကျန်တစ်လက်ကမူ အဝေးမှ ကွင်းပြင်လွတ်ဆီသို့ ဦးတည်ထား၏။ ထိုကွင်းပြင်လွတ်ထဲတွင် ကျင်းယီဝေများက အလုပ်များနေကြပြီး ကြိုတင်ပြင်ဆင်ထားသော တိရစ္ဆာန်ငယ်လေးများနှင့် ကောက်ရိုးရုပ် ပစ်မှတ်များကို နေရာချထား ပေးနေကြသည်။ ဤအရာကသာ ယနေ့အတွက် အဓိက ဟင်းပွဲကြီး ဖြစ်၏။
ဖန်ကျန်းရီက ကျယ်လောင်စွာ ကြေညာလိုက်သည်။ "လူကြီးမင်းတို့ ... ဒီအရာကမှ ဒီနေ့အတွက် အဓိက အစီအစဉ်ပါ။ နာမည်ကတော့ ယုံကျိန့်စန်းဟယ် အမြောက်ကြီးလို့ ခေါ်ပါတယ်။"
ယုံကျိန့်စန်းဟယ်တဲ့လား။ အတော်လေး လေလုံးထွားတာပဲ။
လူတော်တော်များများ၏ မျက်နှာပေါ်တွင် ဒေါသထွက်သည့် အမူအရာများ ပေါ်လွင်လာခဲ့၏။ စောစောက လက်နက် နှစ်မျိုးက လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်မှာ မှန်သော်လည်း ယခုလို နာမည်မျိုး ပေးထားခြင်းက အနည်းငယ် လွန်ကျူးလွန်းရာ ကျနေ၏။
အရှင်မင်းမြတ် ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပိုမို ကြီးမားလာပြီး အလျင်စလို မိန့်ကြားလိုက်သည်။ "ဘာမှ ထပ်မပြောနဲ့တော့။ မြန်မြန်သာ ပြသလိုက်တော့။"
ဖန်ကျန်းရီက စကားများများ မပြောတော့ချေ။ သူ၏ ဘေးဘက်သို့ လက်ဝှေ့၏ယမ်းပြလိုက်ရာ ကြိုတင် ပြင်ဆင်ထားသော ကျင်းယီဝေများက မီးတုတ်များကို ယူကာ စနက်ကြိုးများကို ချက်ချင်း မီးရှို့လိုက်ကြ၏။ အရှင်မင်းမြတ်နှင့်တကွ အမတ်များအားလုံး၏ စူးစိုက်ကြည့်ရှုမှုအောက်တွင် စနက်ကြိုးသည် တဖြည်းဖြည်း လောင်ကျွမ်းသွားပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။ ဖြူလွတ်လွတ် မီးခိုးငွေ့ တစ်မျှင်သာ ထွက်ပေါ်လာခဲ့သည်။
လူအားလုံး အသက်အောင့်ထားလိုက်ကြ၏။
"ဒုန်း။"
ကြီးမားကျယ်လောင်သော အသံကြီး တစ်ချက် ထွက်ပေါ်လာပြီး တုတ်ခိုင်သော မီးတောက်ကြီး တစ်ခုသည် အမြောက်ပြောင်းဝမှ အရှိန်အဟုန်ဖြင့် ပစ်ထွက်သွားခဲ့သည်။ နောက်တစ်စက္ကန့်တွင် အဝေးမှ တောင်နံရံထံမှ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။
"ဝုန်း။"
ကျောက်ဆောင်များ ပြိုကွဲကာ နေရာအနှံ့ လွင့်စင်သွားပြီး မြူခိုးများကဲ့သို့ ဖုန်မှုန့်များ ထောင်းထောင်း ထသွားခဲ့၏။
"ဒုန်း။"
နောက်ထပ် အမြောက်တစ်ချက် ပစ်ခတ်လိုက်ပြန်ရာ အံ့မခန်း မြင်ကွင်းက ထပ်မံ ပေါ်ပေါက်လာပြန်သည်။ ကွင်းပြင်အတွင်းရှိ လူအားလုံးသည် မြေကြီး တုန်ခါသွားသည်ကို ခံစားလိုက်ရပြီး နားထဲတွင် အူဝေသော အသံများ ထွက်ပေါ်လာခဲ့၏။ ထို့နောက်တွင် အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး အခြား မည်သည့်အရာကိုမှ မခံစားနိုင်တော့ချေ။ သူတို့၏ ဝိညာဉ်များပင် ဤကြောက်မက်ဖွယ်ကောင်းသော အမြောက်ပစ်ခတ်မှုကြောင့် လွင့်စင်သွားသကဲ့သို့ ခံစားနေရသည်။
နှစ်စက္ကန့်၊ သုံးစက္ကန့် ကြာပြီးနောက်မှသာ ပျောက်ကွယ်နေသော အာရုံခံစားမှုများက တဖြည်းဖြည်း ပြန်လည် ပေါ်ပေါက်လာခဲ့၏။
အရှင်မင်းကြီးသည် ပြိုကွဲနေသော တောင်နံရံကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေပြီး လည်ချောင်းထဲတွင် တင်းကျပ်ကျပ် ဖြစ်နေ၏။ မည်သို့ပင် စဉ်းစားစေကာမူ ဤနောက်ဆုံး လက်နက်က ဤမျှထိ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအား ရှိလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ လူ့လောကက လက်နက်နှင့်ပင် မတူတော့ပါချေ။
အခြားသူများ၏ မျက်နှာပေါ်တွင်လည်း အလွန်အမင်း ထိတ်လန့်သွားသည့် အမူအရာများ ပေါ်လွင်နေပြီး ဝိညာဉ်လွင့်မတတ် အမြောက် နှစ်ချက်ကြောင့် သူတို့၏ ရင်ထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထူးဆန်းပြီး ပြောပြ၍မရသော ခံစားချက်များ ပါဝင်သည့် အကြည့်များသည် ဖန်ကျန်းရီထံ၌ စတင် စုစည်းလာကြ၏။
အာရုံစိုက်ခံနေရသော ဖန်ကျန်းရီမှာမူ ဘာမှမဖြစ်သည့်အလား နားကို ကလော်နေသည်။
သောက်ကျိုးနည်း။ အရမ်းနီးလွန်းလို့ နားတွေတောင် အူသွားတယ်။
သူ့ထံသို့ ရောက်ရှိလာသော အကြည့်များကို ခံစားမိသောအခါ ဖန်ကျန်းရီက လက်ကို ချကာ ပြုံးပြလိုက်၏။ "လူကြီးမင်းတို့ .. မလောကြပါနဲ့အုံး။ ပြသလို့ မပြီးသေးပါဘူး။"
သူက ပြောရင်းဖြင့် အဝေးသို့ လက်ညှိုးထိုးပြလိုက်သည်။ "လူကြီးမင်းတို့ ဟိုဘက်ကို ကြည့်လိုက်ကြပါ။ အဲနေရာမှာ လက်တွေ့ လေ့ကျင့်ဖို့အတွက် တိရစ္ဆာန်တချို့ ပြင်ဆင်ထားပါတယ်။ အမြောက်ပစ်ဖို့ ပြင်ဆင်။"
အရှင်မင်းကြီးနှင့်တကွ အမတ်များအားလုံး၏ အကြည့်များသည် အလျင်အမြန် ပြောင်းလဲသွားကြ၏။
"ဒုန်း။"
အမြောက်သံ တစ်ချက် ထွက်ပေါ်လာပြီးနောက် ကျည်ခွံသည် သတ်မှတ်ထားသော နေရာအနီးသို့ တိကျစွာ ကျရောက်သွားခဲ့၏။ မြေပြင်သို့ ကျရောက်သွားသည်နှင့် တစ်ပြိုင်နက် ရင်းနှီးနေသော ကျယ်လောင်သည့် အသံကြီးတစ်ခု ထပ်မံ ထွက်ပေါ်လာသည်။
ထို့နောက်တွင် မရေမတွက်နိုင်သော ဖုန်မှုန့်များနှင့် ကျောက်ခဲများ လွင့်စင်သွားပြီး ပေါက်ကွဲမှု အရှိန်ကြောင့် အနီးဆုံးရှိ ကောက်ရိုးရုပ် ပစ်မှတ်များ လဲကျသွားခဲ့သည်။ ကံဆိုးသော တရိစ္ဆာန်များမှာမူ အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ မြေပြင်ပေါ်တွင် လဲကျသွားကြပြီး သွေးများက အဆက်မပြတ် စီးဆင်းနေတော့၏။
ထို့အပြင် ကျောက်ခဲစများနှင့် သံပြားစများသည် အားပြင်းသော မြှားများကဲ့သို့ အဝေးမှ ပစ်မှတ်များကို ဖောက်ထွင်းသွားခဲ့သည်။ ဖုန်မှုန့်များ ကင်းစင်သွားသောအခါ တိရစ္ဆာန်များ၏ အော်ညည်းသံများကိုသာ ကြားရသည်။
ပထမ အမြောက် နှစ်ချက်ကြောင့် လူတိုင်း၏ ရင်ထဲတွင် ကြိုတင်ပြင်ဆင်မှု ရှိနေခဲ့သော်လည်း ဤတတိယမြောက် အမြောက်ပစ်ခတ်မှု၌ ရင်တထိတ်ထိတ် ဖြစ်သွားရဆဲပင်။ မည်သို့ပင်ဖြစ်စေ မြင်ကွင်းက အတော်လေး အသည်းယားစရာ ကောင်းလွန်းလှသည်။ အဝေးမှ ကြည့်လိုက်လျှင် ပေါက်ကွဲမှု ဗဟိုချက်ရှိ တိရစ္ဆာန်များသည် ကလီစာများပင် ထွက်ကျနေသကဲ့သို့ ရှိနေ၏။ မသေသေးသော အကောင်များမှာလည်း အခြေအနေ မကောင်းလှချေ။ တစ်ကိုယ်လုံး ဒဏ်ရာများ ပြည့်နှက်နေပြီး သွေးများ စီးကျနေသည်။
အကြောက်မက်ဖွယ် အကောင်းဆုံးမှာ ထိုကောက်ရိုးရုပ် ပစ်မှတ်များပင် ဖြစ်ပြီး အပိုင်းပိုင်းအစစ ဖြစ်နေကာ လူပုံစံကို လုံးဝ မမြင်ရတော့ချေ။
အရှင်မင်းကြီး၏ မျက်နှာသည် ဖြူရော်သွားသည်။ တုန်ယင်စွာဖြင့် နေရာမှ ထရပ်ကာ အမြောက်ကို အနီးကပ် သွားရောက် ကြည့်ရှုရန် ပြင်လိုက်၏။
ရုတ်တရက် အနောက်ဘက်မှ လူတစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ဒါက မြို့စောင့်တဲ့ နတ်လက်နက်ပဲ။ ဒီနတ်လက်နက်သာ ရှိရင် ကျုပ်တို့ တာ့ကျင်းက လုံးဝကို ရှုံးနိမ့်ခြင်းမရှိတဲ့ အနေအထားမှာ ရပ်တည်နိုင်ပြီ။"
"ဂုဏ်ယူပါတယ် အရှင်မင်းကြီး။ အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ ဒီလို နတ်လက်နက် ရှိခြင်းက ကျွန်တော်မျိုးတို့ တာ့ကျင်းရဲ့ ကံကောင်းမှုပါပဲ။"
"ကျွန်တော်မျိုးတို့ တာ့ကျင်းက ဒီနေ့မှစပြီး ပြင်ပရန်သူတွေကို စိုးရိမ်စရာ မလိုတော့ပါဘူး။ ဒါ ကောင်းကင်ဘုံက ကျွန်တော်မျိုးတို့ တာ့ကျင်းကို ကာကွယ်စောင့်ရှောက်တာပါ။"
"အရှင်မင်းကြီးရဲ့ ဘုန်းကျက်သရေပါပဲ ..."
အရှင်မင်းမြတ် ခြေနှစ်လှမ်း မလျှောက်ရသေးခင်မှာပဲ အနောက်ဘက်၌ ကြီးမားလှသော မြှောက်ပင့်မှု အခမ်းအနားကြီး ပေါ်ပေါက်လာသည်။
ဖန်ကျန်းရီ၏ မျက်နှာသည် ရှုံ့မဲ့သွားပြီး လူအုပ်ကို မှုန်ကုပ်ကုပ်ဖြင့် စိုက်ကြည့်နေ၏။
ကျုပ် စကားမပြောရသေးဘူးလေ။ ဒီအဘိုးကြီးတွေ ... ပုံမှန်ဆို အသံတောင် မထွက်ဘဲနဲ့။ သောက်ကျိုးနည်း … ဖားတတ်တဲ့လူတွေချည်းပါလား။
အရှင်မင်းမြတ် လျှောက်လာသည်ကို မြင်သောအခါ ဖန်ကျန်းရီ၏ အမူအရာသည် ချက်ချင်း ပြုံးရွှင်သွားပြီး အလျင်အမြန် သွားရောက် တွဲကူလိုက်သည်။ သူက မြှောက်ပင့်ကာ လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး ... ဒီနေ့ ဒီယုံကျိန့်စန်းဟယ် အမြောက်ကြီး ပေါ်ထွက်လာတာက အရှင်မင်းကြီးရဲ့ ပညာရှိတဲ့ ဦးဆောင်မှုကြောင့်ပါ။
ယမ်းမှုန့်က ကျွန်တော်မျိုးရဲ့ လက်ထဲမှာ အစောကြီးတည်းက ရှိနေခဲ့ပေမဲ့ အရှင်မင်းကြီးရဲ့ အမြော်အမြင် ကြီးမားမှုနဲ့ ကြိုတင်ပြင်ဆင်မှုတွေသာ မရှိခဲ့ဘူးဆိုရင် အဖိုးတန် ပုလဲက ဖုန်ဖုံးသွားမှာ သေချာပါတယ်။"
"အရှင်မင်းကြီးက ကြီးမြတ်ပါတယ်။ ဒီလို အောင်မြင်မှုက တာ့ကျင်းပြည်သူတွေရဲ့ ကံကောင်းမှု၊ ကမ္ဘာပေါ်က ပြည်သူအားလုံးရဲ့ ကံကောင်းမှုပါပဲ။ ရှေးခေတ်က အရှင်မင်းမြတ်တွေ အကုန်လုံးတောင် အရှက်ရသွားလောက်ပါတယ်။"
"ရှေးခေတ်က ပညာရှိတွေတောင် ..."
အရှင်မင်းမြတ် သည် အစကတည်းက အမြောက်ကိုသာ စူးစိုက်ကြည့်နေပြီး အခြားအသံများကို လုံးဝ ဂရုမစိုက်ခဲ့ချေ။ သို့ပေမည့် ဖန်ကျန်းရီ၏ အတိုင်းအတာမရှိ အဆက်မပြတ် မြှောက်ပင့်နေမှုများကို ရင်ဆိုင်ရသောအခါ နောက်ဆုံးတွင် သည်းမခံနိုင်တော့ပေ။
ဖန်ကျန်းရီကို စိုက်ကြည့်ကာ မိန့်ကြားလိုက်၏။ "ပြောလို့ ပြီးပြီလား။ ပြီးရင် ဒီယုံကျိန့်စန်းဟယ် အကြောင်း ကိုယ်တော့်ကို မြန်မြန် ပြောပြစမ်း။"
အရှင်မင်းမြတ်သည် ပြောရင်းဖြင့် အမြောက်ကိုယ်ထည်ပေါ်သို့ လက်တင်ကာ အပြန်ပြန်အလှန်လှန် ပွတ်သပ်လိုက်သည်။ ပြင်းထန်လှသော စွမ်းအား၊ ကြမ်းတမ်းသော အထိအတွေ့နှင့် ရိုင်းစိုင်းလှသော ပုံသဏ္ဌာန်တို့ က အရှင်မင်းမြတ်၏ နှလုံးသားကို အပြည့်အဝ ဖမ်းစားသွားခဲ့၏။ ယခုအချိန်တွင် သူ၏ အကြည့်များသည် နန်းတွင်းမှ ကိုယ်လုပ်တော်များကို ကြည့်သည်ထက်ပင် ပိုမို နက်ရှိုင်းနေပေလိမ့်မည်။
ဖန်ကျန်းရီက အလျင်အမြန် လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး နေရာမှာ ထိုင်ပါအုံး။ ကျွန်တော်မျိုး အသေးစိတ် ရှင်းပြပါ့မယ်။"
အရှင်မင်းမြတ်သည် ခေါင်းညိတ်လိုက်ပြီး မခွဲခွာချင်စွာဖြင့် နေရာသို့ ပြန်သွားခဲ့၏။
ဖန်ကျန်းရီသည် အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူလိုက်ပြီးနောက် ချောင်းဟန့်၍ ကျယ်လောင်စွာ ကြေညာလိုက်သည်။ "လူကြီးမင်းတို့ ... ဒီနေ့ လက်နက် သုံးမျိုးလုံးကို ပြသလို့ ပြီးဆုံးသွားပါပြီ။
စွမ်းအား ဘယ်လိုရှိလဲဆိုတာကို အားလုံး မျက်မြင်ကိုယ်တွေ့ ဖြစ်မှာပါ။ ဒါပေမဲ့ လူတိုင်းကို တည်ငြိမ်စွာ နေကြဖို့ ကျုပ် အကြံပြုချင်ပါတယ်။
သေနတ်အရှည်၊ အတို ဖြစ်စေ၊ ယုံကျိန့်စန်းဟယ် အမြောက်ကြီး ဖြစ်စေ ကာလတိုအတွင်း ရှောင်လွှဲလို့မရနိုင်တဲ့ အားနည်းချက်တွေ ရှိနေပါတယ်။ ဒီအရာ သုံးခုစလုံးရဲ့ တူညီတဲ့ အားနည်းချက်ကတော့ ဖွဲ့စည်းပုံ ရှုပ်ထွေးပြီး ကုန်ကျစရိတ် အရမ်းမြင့်မားတာပါပဲ။ ဒါပေမဲ့ ဒီပြဿနာကို ဖြေရှင်းလို့ မရနိုင်တာတော့ မဟုတ်ပါဘူး။”