အခန်း ၆၂၁
Vol. 34 Ch. 621
အပိုင်း (၆၂၁) စေတနာဖြင့် လိမ်ညာခြင်း။
ဖန်ကျန်းရီသည် ပြောရင်းဖြင့် လက်ကိုင်သေနတ်ကို မြှောက်ကိုင်ကာ ဆက်လက် ရှင်းပြလိုက်၏။ "ဒီလက်ကိုင်သေနတ်လေးကိုပဲ ဥပမာထားကြည့်ရအောင်ဗျာ။ အတွင်းက အစိတ်အပိုင်းလေးတွေ တစ်ခုချင်းစီတိုင်း ကို လက်နဲ့ချည်း သီးသန့် ပုံဖော်ထားရတာ။ အဲဒီအစိတ်အပိုင်းလေးတွေ အားလုံးက ကွက်တိကို အံဝင်ခွင်ကျဖြစ်နေမှ၊ အတူတကွ ဟန်ချက်ညီညီ အလုပ်လုပ်နိုင်မှသာ ပြီးပြည့်စုံတဲ့ ရလဒ်ထွက်လာတာမျိုးပါ။ တစ်နေရာရာမှာ ချို့ယွင်းချက်လေး တစ်ခုဖြစ်သွားတာနဲ့ ဒီသေနတ်က ဘာမှသုံးမရတော့ဘူး။
အစောပိုင်းတုန်းကဆို သေနတ် ဆယ်လက် လုပ်မှ တစ်လက်လောက်ပဲ အောင်မြင်တယ်ဆိုရုံလေးပါ။ ကုန်ကျစရိတ်ကလည်း ငွေတုံး တစ်ရာကျော်တောင် ရှိတာ။ ဟို... ယုံကျိန့်စန်းဟယ် အမြောက်ကြီးဆို ပိုဆိုးသေး .. ကုန်ကျစရိတ်က ကြောက်ခမန်းလိလိပဲ။ အမြောက်တစ်ချက် ပစ်လိုက်တာနဲ့ ရွှေတစ်သောင်း ကုန်သွားတယ်လို့တောင် တင်စားလို့ရတယ်။"
ကြည့်ရှုနေသော လူအုပ်ကြီးက ခေါင်းယမ်းလိုက်ကြသည်။ သာမန် လက်ကိုင်သေနတ်က ငွေတုံး တစ်ရာလား။ အမြောက်တစ်ချက် ပစ်သည်နှင့် ရွှေတစ်သောင်း ကုန်သည်လား။ အရာတိုင်းက ဤကဲ့သို့ ဖြစ်နေမည်ဆိုလျှင် အမြဲတမ်း တပ်တော် တစ်ခု ဖွဲ့စည်းရန်အတွက် များပြားလှသော ငွေကြေး လိုအပ်မှာဖြစ်ပြီး တာ့ကျင်း၏ နိုင်ငံတော် ဘဏ္ဍာတိုက်သည် အခြား မည်သည့်အရာကိုမျှ လုပ်ရန် လိုတော့မည် မဟုတ်ချေ။ နောက်ပိုင်း ထိန်းသိမ်းစရိတ်များ ကို မပြောနှင့်တော့။ ဤအပြောအရဆိုလျှင် ခြုံငုံတွက်ချက်ကြည့်ပါက လူ့အသက်နှင့် အစားထိုးသည်ကမှ ပိုကောင်းပေဦးမည်။
လူတစ်ဦးက မေးလိုက်၏။ "ဒါဆို... ဖန်အမတ်မင်းက ခုနက ဖြေရှင်းလို့ရတယ်ဆို။ ဘယ်လိုနည်းလမ်းနဲ့ ဖြေရှင်းမှာလဲ။"
ဖန်ကျန်းရီက ဘယ်ညာ လမ်းလျှောက်ရင်း ဖြေကြားလိုက်သည်။ "မေးခွန်းကောင်းပဲ … ဒါပေမဲ့ ကျုပ် ပြောတာလေးကို အရင်ဆုံး အဆုံးထိ နားထောင်ကြည့်ပေးကြပါအုံး။ အားလုံး နားထောင်ပြီးသွားရင် အလိုလို သဘောပေါက်သွားကြပါလိမ့်မယ်။ ယုံကျိန့်စန်းဟယ် အမြောက်ကြီးပဲဖြစ်ဖြစ်၊ သေနတ်အရှည် အတိုပဲဖြစ်ဖြစ် တကယ်တော့ ဒီအရာတွေကို တီထွင်နေခဲ့တာ အချိန်အတော်ကြာနေခဲ့ပါပြီ။
ဒါဆို ဘာလို့ ဒီနေ့ကျမှ အောင်အောင်မြင်မြင်နဲ့ လူကြီးမင်းတို့ ရှေ့မှောက်ကို ရောက်လာရတာလဲ... အားလုံး သိကြသလား။ အကြောင်းရင်းကတော့ အတွင်းပိုင်း ဖွဲ့စည်းပုံနဲ့ နည်းပညာတွေက အရမ်းကို ရှုပ်ထွေးလွန်းပြီး အခက်အခဲတွေ အများကြီး ရှိနေခဲ့လို့ပဲ။ တောက်ယွမ်ခရိုင်က ကျွမ်းကျင်ပါတယ်ဆိုတဲ့ လက်မှုပညာရှင်တွေ တောင် ဒီပြဿနာကို အချိန်အတော်ကြာတဲ့အထိ မကျော်လွှားနိုင်ခဲ့ကြဘူး။
ဒါပေမဲ့ မကြာသေးခင်ကမှ အရာတစ်ခုက အဲဒီလို ရပ်တန့်နေတဲ့ အခြေအနေဆိုးကြီးကို အဆုံးသတ် ပေးလိုက်တယ်။ အခု... အဲဒီအရာက ဒီနေရာမှာရှိနေတဲ့ လူကြီးမင်းတို့ တစ်ယောက်ချင်းစီတိုင်းရဲ့ အိတ်ကပ်ထဲမှာ ရှိနေပါပြီ။"
တိုင်ကော်ကုန်း စုန့်ဟွေ့သည် အမြန်ဆုံး တုံ့ပြန်လိုက်ပြီး အိတ်ကပ်ထဲမှ အရာတစ်ခုကို ချက်ချင်း ထုတ်ယူကာ မြှောက်ကိုင်လျက် မေးလိုက်၏။ "ဟေ... အိတ်ဆောင်နာရီကို ပြောတာလား။ အိတ်ဆောင်နာရီက သေနတ်တွေ၊ အမြောက်တွေနဲ့ ဘာများ သက်ဆိုင်နေလို့လဲ။"
ဖန်ကျန်းရီက ဖြေကြားလိုက်သည်။ "မှန်တာပေါ့။ တိုင်ကော်ကုန်း မေးတာ အရမ်းကောင်းတယ်။ သေနတ်နဲ့ အမြောက်တွေကို တီထွင်နိုင်ခဲ့တဲ့ အဓိက သော့ချက်က အိတ်ဆောင်နာရီပါပဲ။ လူကြီးမင်းတို့... ဒီအိတ်ဆောင်နာရီ က ဘယ်ကနေ ရောက်လာသလဲဆိုတာကိုကော သိကြပါသလား။"
အမတ်တစ်ဦးက ပြန်မေးလိုက်၏။ "ဒါ... ခင်ဗျားတို့ တောက်ယွမ်ခရိုင်က လုပ်တာ မဟုတ်ဘူးလား။"
ဖန်ကျန်းရီ၏ လေသံသည် ရုတ်တရက် စိတ်လှုပ်ရှားလာခဲ့သည်။ "မှားတယ်... လုံးဝကို မှားနေတာပဲ။ ခင်ဗျားတို့ သိထားတာက ဒီအိတ်ဆောင်နာရီကို တောက်ယွမ်ခရိုင်က ထုတ်လုပ်တယ်ဆိုတာလောက်ပဲ။ ဒါတွေအကုန်လုံးက အတုခိုးပြီး လုပ်ထားတာဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူး။ အိတ်ဆောင်နာရီကို အစတည်းက ဝူမင်းသားလက်ထဲကနေ ကျုပ် လုယူလာခဲ့တာ။ အဲဒီနောက်မှ လက်မှုပညာရှင်တွေကို သေချာ လေ့လာခိုင်းခဲ့ရတာ။
ဒီပစ္စည်းလေးရဲ့ သေသပ်လှပမှုနဲ့ ဖွဲ့စည်းပုံ နက်နဲမှုတွေက ကျုပ်တို့ တာ့ကျင်းမှာ တွေ့ရခဲလွန်းတယ်။ ဒါကို အတုအပ လုပ်နိုင်ဖို့အတွက်တင် တောက်ယွမ်ခရိုင်က ထိပ်တန်း လက်မှုပညာရှင်တွေဟာ နေ့ရောညပါ အနားမနေ အလုပ်လုပ်ခဲ့ကြရတယ်။ နောက်ဆုံး လက်ချောင်းတွေတောင် မဆန့်နိုင်တော့တဲ့အထိ ဒုက္ခခံခဲ့ကြရတယ်။
နာရီစင်ကြီးထဲက စက်ကိရိယာတွေဆို ပိုပြီးတောင် နက်နဲသေးတယ်။ တစ်ခရိုင်လုံးမှာရှိတဲ့ လက်မှုပညာရှင်တွေရဲ့ အင်အားကို အကုန်ပုံအောပြီးမှ အလုံးတစ်ရာလောက်ပဲ ထုတ်နိုင်ခဲ့တာ။ ကာလတိုအတွင်းမှာတော့ နောက်ထပ် ဆက်ထုတ်ဖို့ ဘယ်လိုမှ အင်အားမရှိတော့ဘူး။ ဒါကြောင့်မို့သာ ဒါကို ရွှေတစ်သောင်းနဲ့ ရောင်းနေတာတောင်မှ..."
"အဟွတ် .. အဟွတ် .. အဟွတ်။"
အရှင်မင်းမြတ်သည် ပါးစပ်ကိုအုပ်ကာ အနေခက်စွာဖြင့် ချောင်းနှစ်ချက် ဟန့်လိုက်ပြီး မိန့်ကြားလိုက်၏။ "ဖန်အမတ်... အခုက သေနတ်နဲ့ အမြောက်အကြောင်း ပြောနေတာနော်။"
ရွှေတစ်သောင်း ဟုတ်သည်ဖြစ်စေ ၊ မဟုတ်သည်ဖြစ်စေ မင်းအကြောင်း ကိုယ်တော် မသိတာကျနေတာပဲ။ ကိုယ်တော့်ရှေ့မှာ လာပြီး လျှောက်ပြောနေသေးတယ်။
ဖန်ကျန်းရီ၏ မျက်နှာသည် ရဲတက်သွားပြီး လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုး ခဏတာ စိတ်လှုပ်ရှားသွားလို့ပါ အရှင်မင်းကြီး။ တောင်းပန်ပါတယ်။"
သူက ဆက်ပြောလိုက်၏။ "တကယ်တော့ ကျုပ် ပြောချင်တာကဗျာ... ဒီအိတ်ဆောင်နာရီရဲ့ အသုံးဝင်မှုကို အခုရက်ပိုင်းအတွင်း အားလုံးပဲ ကိုယ်တိုင်ကိုယ်ကျ ခံစားမိကြလောက်ပါပြီ။ ဒါလေးသာမရှိရင် ဘဝကြီးက ကိုယ့်ထိန်းချုပ်မှုအောက်မှာ မရှိတော့သလိုမျိုး ဟာတာတာကြီး ဖြစ်မနေဘူးလား။"
အမတ်များက အသီးသီး ထောက်ခံလိုက်ကြပြီး အရှင်မင်းမြတ်ပင်လျှင် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
ဖန်ကျန်းရီက ဆက်လက် ရှင်းပြလိုက်၏။ "ဒီအရာရဲ့ မူလဇစ်မြစ်ကို သေချာပြန်ကြည့်မယ်ဆိုရင် ဝူမင်းသားက ဒါကို ပင်လယ်ရပ်ခြားကနေ ရလာခဲ့တာ။ သူပြောတဲ့စကားအရဆိုရင် အိတ်ဆောင်နာရီဆိုတာ ပင်လယ်ရပ်ခြားမှာ အရမ်းကို ရိုးရှင်းတဲ့ သာမန်ပစ္စည်းလေးတစ်ခုပဲတဲ့။ သာမန်ပြည်သူတွေတောင် အလွယ်တကူ ဝယ်သုံးနိုင်ကြတယ်လို့ ဆိုတယ်။ ဒါပေမဲ့ ကျုပ်တို့ တာ့ကျင်းကို ပြန်ကြည့်လိုက်စမ်းပါ... လူဘယ်နှစ်ယောက်များ ဝယ်သုံးနိုင်လို့လဲ။
လူတစ်ယောက်တည်း သုံးနိုင်တာနဲ့ လူသန်းပေါင်းများစွာ သုံးနိုင်တာ... အချိန်ကြာလာတာနဲ့အမျှ ဒီနေရာ နှစ်ခုကြားက လုပ်ငန်းစွမ်းဆောင်ရည်တွေက ဘယ်လောက်တောင် ကွာဟသွားမလဲဆိုတာကို လူကြီးမင်းတို့ တွေးမိကြရဲ့လား။
တကယ်လို့ ကျုပ်တို့ သေနတ် ဆယ်လက် လုပ်မှ တစ်လက်လောက်ပဲ သုံးနိုင်တယ်ဆိုရင် ပင်လယ်ရပ်ခြား မှာကော ဘယ်လိုနေမလဲ။ တစ်လက် လုပ်တာနဲ့ တစ်လက် ချက်ချင်းသုံးနိုင်လောက်တဲ့ အနေအထားမျိုးဖြစ်မယ်။ ကျုပ်တို့ရဲ့ ကုန်ကျစရိတ်က သူတို့ထက် ဆယ်ဆလောက်တောင် များနေမှာ။ အားလုံး သဘောပေါက်ကြရဲ့လား။
ဒါကြောင့်မို့ ကုန်ကျစရိတ်ကို လျှော့ချနိုင်ဖို့ဆိုတာ အဆင့်မြင့်တဲ့ နည်းပညာနဲ့ ကျွမ်းကျင်လက်မှုပညာရှင်တွေ ရှိနေဖို့က အဓိက သော့ချက်ပဲ။"
လူအုပ်ကြီး၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အနည်းငယ် ပေါ်လွင်လာခဲ့၏။
လီယန်စုန့်သည် မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ "ဘယ်လိုမှ မဖြစ်နိုင်တာ။ အရင်တုန်းက ကျန်းမြစ် ရေကြီးမှုကို ဖြေရှင်းတုန်းက သုံးခဲ့တဲ့၊ တောင်တွေကိုဖြိုပြီး ကျောက်ဆောင်တွေကို ခွဲဖြာပစ်နိုင်တဲ့ နတ်ဆန်လွန်းတဲ့ ပစ္စည်းကို 'အတိုင်းအဆမရှိ ကုသိုလ်' လို့ ခေါ်ခဲ့ကြတယ်မဟုတ်လား။ ခုနက သေနတ်နဲ့ အမြောက်တွေထဲ ထည့်နေတဲ့အရာက မလွဲဘူးဆိုရင် ဒဏ္ဍာရီလာ အဲဒီ 'အတိုင်းအဆမရှိ ကုသိုလ်' ပဲ ဖြစ်ရမယ်။ ပင်လယ်ရပ်ခြားမှာရော ဒီလိုအရာမျိုးက ရှိနေလို့လား။"
ဤအရာသည် အစောကြီးတည်းက လျှို့ဝှက်ချက် မဟုတ်တော့ချေ။ အပြင်ဘက်တွင်လည်း အားလုံး ဆွေးနွေးနေကြပြီး အရှင်မင်းမြတ် ကိုယ်တိုင်လည်း လုံးဝ ဖုံးကွယ်မထားခဲ့ပေ။
ဖန်ကျန်းရီက ပြုံး၍ ဖြေကြားလိုက်၏။ "မှန်တာပေါ့။ လီအမတ်ကြီး မေးတာ အရမ်းကောင်းတယ်။ သေနတ်နဲ့ အမြောက်တွေဆိုတာ အဲဒီ 'အတိုင်းအဆမရှိ ကုသိုလ်' ကို သယ်ဆောင်ပေးတဲ့ အရာတွေပဲ။ အတိုင်းအဆမရှိ ကုသိုလ်က သူ့ချည်းသတ်သတ်ဆို စွမ်းအားကြီးမားပေမဲ့ သယ်ဆောင်ပေးမဲ့ အရာသာမရှိရင် ဘာမှ အသုံးမဝင်ဘူး။
ပြီးတော့ အဓိကအကျဆုံး ကိစ္စက... ဒါက ဆေးဖော်တဲ့ ပညာရှင်တစ်ယောက်ရဲ့ မတော်တဆမှုလေးကနေ ပေါ်ထွက်လာခဲ့တာပဲ။ ခင်ဗျားတို့ ထင်သလောက်ကြီး မရှုပ်ထွေးဘူး။"
ဖန်ကျန်းရီ၏ လေသံသည် အဓိပ္ပာယ်ပါပါ ပြောင်းလဲလာခဲ့သည်။ "ဝူမင်းသား ထွက်ပြေးသွားတုန်းကလေ သူ့ကို လာကြိုမယ့် သင်္ဘောအုပ်စု တစ်စု ရှိနေသေးတယ်။ ကျုပ်တက်ခဲ့တဲ့ သင်္ဘောပေါ်မှာတင် အသက်မွေးဝမ်းကျောင်း အလုပ်မျိုးစုံ လုပ်တဲ့သူတွေ အစုံအလင် ပါနေတာ။ တကယ်လို့များ... အဲဒီသင်္ဘောပေါ်မှာ ဆေးဖော်တဲ့ ပညာရှင်တွေ အများကြီး ပါသွားခဲ့မယ်၊ ပြီးတော့ မတော်တဆမှုလေး တစ်ခုခုများ ဖြစ်သွားခဲ့မယ်ဆိုရင်...
သူ ပြန်ရောက်လာမယ့် အချိန်ကျရင် ဘယ်လိုကြောက်စရာကောင်းတဲ့ အနေအထားမျိုးနဲ့ ပြန်လာမလဲဆိုတာကို ကျုပ်တောင် ဆက်မတွေးရဲတော့ဘူး။"
အမတ်များ အားလုံး တိတ်ဆိတ်သွားကြပြီး ခေါင်းငုံ့ကာ စဉ်းစားနေကြ၏။ လက်နက်သစ်ကြောင့် ရရှိလာသော ဝမ်းသာမှုများသည် ရုတ်တရက် လွင့်စင်သွားခဲ့၏။
ရုတ်တရက် လူတစ်ဦးက ပြန်လည် ချေပလိုက်သည်။ "ဖန်အမတ်မင်း... ခင်ဗျား ဒီနေ့ လျှောက်ပြောနေတဲ့ ကိစ္စတွေကို ဘယ်သူမှ ကိုယ်တိုင်သိထားတာ မဟုတ်ဘူးနော်။ အကုန်လုံးက လူတွေကို ခြောက်လှန့်ဖို့ သတ်သတ် လုပ်နေတာတွေချည်းပဲ။ သေသေချာချာ ခိုင်လုံတဲ့ အသေးစိတ် အချက်အလက်တောင် မရှိဘဲနဲ့ ကျုပ်တို့ကို ဘယ်လိုလုပ် ယုံကြည်အောင် လုပ်နိုင်မှာလဲ။"
အသေးစိတ် အချက်အလက်လား။ အသေးစိတ် အချက်အလက် လိုချင်ရင် အသေးစိတ် အချက်အလက် ပေးရတာပေါ့။
ဖန်ကျန်းရီက ကျယ်လောင်စွာ ပြန်ပြောလိုက်၏။ "မလောပါနဲ့။ ကျုပ် ပြောလို့မှ မပြီးသေးတာ။ အိတ်ဆောင်နာရီရဲ့ မူလဇစ်မြစ်နဲ့ အနောက်တိုင်း သမိုင်းကြောင်းကို ကျုပ်ကိုယ်တိုင် ဝူမင်းသားဆီကရော၊ သူ့သင်္ဘောပေါ်က စာအုပ်စာတမ်းတွေကနေပါ အကြမ်းဖျင်း လေ့လာထားခဲ့ပြီးပါပြီ။ အမှန်လား၊ အမှားလား ဆိုတာကိုတော့ အားလုံးပဲ ကိုယ့်ဟာကိုယ် ချင့်ချိန်စဉ်းစားကြည့်ကြပေါ့။
ဒီအိတ်ဆောင်နာရီကို အနောက်တိုင်းရဲ့ အရှေ့ဘက်က 'ဝါကန်ဒါ' လို့ခေါ်တဲ့ နိုင်ငံငယ်လေးတစ်ခုကနေ ထုတ်လုပ်တာ။ အဲဒီနေရာမှာ 'ဗိုက်ဘရေနီယမ်' လို့ခေါ်တဲ့ ရှားပါးသတ္တုတွင်းထွက်တွေ အများကြီး ထွက်တယ်။ ဝါကန်ဒါက နိုင်ငံငယ်လေး ဆိုပေမဲ့ အရည်အချင်းရှိတဲ့ လက်မှုပညာရှင်တွေ အများကြီးရှိသလို၊ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကလည်း အရမ်းကို ဖွံ့ဖြိုးတယ်။ ဒါကြောင့်မို့လို့လည်း အနောက်တိုင်း နိုင်ငံတွေက သူတို့ကို ပင်လယ်ပြင်က ရထားလုံးမောင်းသူတွေလို့ တင်စားခေါ်ဝေါ်ကြတယ်။
ဒါပေမဲ့ ဒီနေ့ ကျုပ်ပြောပြမှာက သူတို့အကြောင်း မဟုတ်ဘူး။ 'ကဲသာအရှင်မင်းမြတ်' ရဲ့ အကြောင်းကို ပြောပြမှာ။"
ဖန်ကျန်းရီသည် ပြုပြင်ဖန်တီးထားသော အနောက်တိုင်း ဒဏ္ဍာရီ သမိုင်းကြောင်းကို ထပ်မံ ပြောပြလိုက်ပြန်၏။ ဤတစ်ကြိမ်တွင် ပိုမို ကောင်းမွန်အောင်ပင် ပြင်ဆင်ထားသေးသည်။ အရှင်မင်းမြတ် ထပ်မံ စစ်ဆေးမည်ကို ကာကွယ်ရန်အတွက် သူသည် ညတွင်းချင်း အိမ်ပြန်ကာ ရေးမှတ်ထားခဲ့ပြီး အသေးစိတ် အချက်အလက်များ ကိုလည်း ထပ်မံ ထည့်သွင်းထားခဲ့သည်။
ခရူးဆိတ်စစ်ပွဲများ၊ ပလိပ်ရောဂါ၊ ဘော့စတွန် လက်ဖက်ရည်ပွဲ ... မှတ်မိသမျှ တကွဲတပြား သမိုင်းကြောင်းများကို အကုန်လုံး ဆက်စပ်ထားခဲ့၏။ သေချာစွာ စီစဉ်ထားသဖြင့် ယုတ္တိဗေဒလည်း ရှိသကဲ့သို့ အသေးစိတ် အချက်အလက်များလည်း ပြည့်စုံနေ၏။
အမတ်အားလုံး နားထောင်ပြီးနောက် ထပ်မံ ဆွံ့အသွားကြပြန်သည်။ ဤမျှ ကြီးကျယ်ခမ်းနားနေခြင်းက တာ့ကျင်း သမိုင်းထက်ပင် ပို၍ ကြီးကျယ်နေသကဲ့သို့ပင်။ အမှားရှာမည်ဆိုလျှင်လည်း နိုင်ငံခြား ယဉ်ကျေးမှု ဖြစ်နေသဖြင့် အမှားရှာ၍ မရနိုင်ပေ။
ဖန်ကျန်းရီက အခြေအနေကောင်းနေချိန်တွင် ထပ်မံ ပြောလိုက်သည်။ "အဲဒီအချိန်တုန်းက သင်္ဘောပေါ်မှာ နိုင်ငံခြားသားတွေကို ကျုပ် ကိုယ်တိုင် တွေ့ခဲ့ရသေးတယ်။ ရွှေရောင်ဆံပင်တွေ၊ မျက်လုံးပြာပြာတွေနဲ့ ပုံစံက အတော်လေး ကြောက်စရာကောင်းတယ်။
ဒါပေမဲ့ ဝူမင်းသားဆီမှာက ဘာသာပြန်အရာရှိ ရှိနေတော့ ကျုပ်လည်း နိုင်ငံခြားစကား နှစ်ခွန်းလောက် သင်ယူခဲ့ရသေးတယ်။ ကျုပ် အားလုံးကို ပြောပြမယ်... 'မိုင်နိမ်းအစ်စ်'..."
မူလတန်း တတိယနှစ် အဆင့်ရှိ အင်္ဂလိပ်စာ အနည်းငယ်ကို ရွတ်ဆိုလိုက်ရာ အမတ်များ ထပ်မံ ဆွံ့အသွားကြပြန်၏။ မည်သို့ပင်ဖြစ်စေ တစ်ခွန်းမှ နားမလည်ကြသော်လည်း ဖန်ကျန်းရီက တကယ် သိနေပုံရပြီး လျှောက်ပြောနေခြင်း မဟုတ်ကြောင်း သိသာပေသည်။ ဤနေရာတွင် ရှိနေသူများ အားလုံးက စာပေပညာရှင်များ ဖြစ်ကြပြီး ဘာသာစကားဆိုသည်မှာ ခံစားချက် ရှိရသည်။ ဖန်ကျန်းရီသာ လျှောက်ပြောနေမည်ဆိုပါက ချက်ချင်းပင် သိသာသွားပေမည်။
စကားအနည်းငယ်ကို ထစ်အစွာ ပြောဆိုပြီးနောက် ဖန်ကျန်းရီသည် မျက်နှာရဲရဲဖြင့် ပြောလိုက်သည်။ "ကဲ... ဒီလောက်ဆိုရင်တော့ အားလုံးရဲ့ ရင်ထဲမှာ အကြမ်းဖျင်း သဘောပေါက် နားလည်သွားလောက်ပါပြီ။
ဒါပေမဲ့ ဒီနေ့အတွက် ပြသမှု အစီအစဉ်တွေက မပြီးဆုံးသေးပါဘူးဗျ။ အရှင်မင်းကြီးနဲ့တကွ လူကြီးမင်းတို့ အားလုံးပဲ... ကျုပ်နဲ့အတူ တောက်ယွမ်ခရိုင်ကို တစ်ခေါက်လောက် ကြွရောက်ပေးကြပါအုံး။"