အခန်း ၆၂၂
Vol. 34 Ch. 622
အပိုင်း (၆၂၂) ဟင်းထဲတွင် အဆိပ်ပါနေခြင်း။
အမဲလိုက်ကွင်းမှ တောက်ယွမ်ခရိုင်သို့ သွားရာလမ်းတစ်လျှောက်တွင် အမတ်များက အချင်းချင်း တီးတိုး ဆွေးနွေးနေကြ၏။ ယနေ့ တစ်နေ့တာလုံး အတော်လေး တုန်လှုပ်စရာ ကောင်းခဲ့သည်ဟု ပြောနိုင်ပေသည်။
သို့ပေမည့် ထိုအဆင့်မြင့် လက်နက်များနှင့် နှိုင်းယှဉ်ပါက လူတိုင်း၏ ဆွေးနွေးမှု အဓိကအချက်သည် ပင်လယ်ရပ်ခြားဘက်သို့ စတင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ လက်မှုပညာရှင်များ၏ နိုင်ငံ ဝါကန်ဒါ၊ ဂန်ဒေါ့ဖ်၏ မြှားငှားရမ်းခြင်း၊ သူရဲကောင်း သုံးဦးနှင့် ခရိတ်တိုတို့၏ တိုက်ပွဲ၊ အာသာ၏ ရေပူစမ်းတံခါးမှ ဆုတ်ခွာရမှု ... ဤကဲ့သို့ ဒဏ္ဍာရီဆန်သော နိုင်ငံခြား ပုံပြင်များသည် နန်းတွင်းအမတ်များနှင့် စစ်သူကြီးများ၏ စပ်စုချင်စိတ်ကို ဆွဲဆောင်နေ၏။
ဖန်ကျန်းရီကမူ အရှင်မင်းမြတ်၏ ဘေးနားတွင် အမြဲ လိုက်ပါနေခဲ့သည်။
အရှင်မင်းမြတ်သည် နောက်ကွယ်မှ တီးတိုး ဆွေးနွေးသံများကို နားထောင်ရင်း တိုးတိုးလေး မေးလိုက်၏။ "မင်း ဒီတစ်ခေါက် ပြောတဲ့အထဲမှာ အရင်တစ်ခေါက်တုန်းကထက် ပုံပြင်တွေ အများကြီး ပိုပါနေသလိုပဲနော်။ တကယ်ရော အမှန်တွေချည်း ဟုတ်ရဲ့လား။"
ဖန်ကျန်းရီက လျှောက်တင်လိုက်သည်။ "အမှန်တွေချည်းပါပဲ အရှင်မင်းကြီး။ ကျွန်တော်မျိုးက... နားထောင်လို့ကောင်းအောင် နည်းနည်းလေး ပြင်ဆင်မွမ်းမံထားရုံလေးပါ။"
လီယွမ်ကျောက်သည်လည်း ခေါင်းကိုစောင်းကာ ခိုးနားထောင်နေပြီး ထိုစကားကို ကြားသောအခါ ဖန်ကျန်းရီကို နှာခေါင်းရှုံ့ကာ ကြည့်လိုက်သည်။ ထို့နောက် လှည့်ထွက်သွားပြီး ကျန်းပြောင်၏ ဘေးသို့ ကပ်ကာ သေနတ်အကြောင်း အတူတူ လေ့လာနေတော့၏။
အရှင်မင်းမြတ်သည် ချက်ချင်း သဘောပေါက်သွားပြီး ပြုံးရယ်လျက် မိန့်ကြားလိုက်သည်။ "ပင်လယ်ရပ်ခြား နိုင်ငံတွေက လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာ တည်းက မင်းပြောသလောက်ကို အားကောင်းနေခဲ့တာဆိုတော့ကာ... တကယ်လို့များ တစ်ချိန်ချိန်မှာ ပဋိပက္ခတွေ ဖြစ်လာခဲ့ရင် ငါတို့ တာ့ကျင်းအတွက် အနာဂတ်မှာ ရပ်တည်စရာ နေရာလေးတောင် ရှိတော့မှာ မဟုတ်ဘူးပေါ့လေ၊ ဟုတ်လား။"
ဖန်ကျန်းရီက လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... အဲဒီဘက်က အရှင်မင်းကြီး ထင်သလောက်ကြီး အားကောင်းချင်မှ အားကောင်းမှာပါ။ အဲဒီလိုမှ မဟုတ်ရင် ဝူမင်းသားက ဘယ်လိုလုပ် အဲဒီဘက်ကို ထွက်ပြေးရဲမှာလဲ။ ပြီးတော့ ယမ်းမှုန့်ကိုတောင် လုဖို့ ကြံစည်နေသေးတာကိုး။
ဒါပေမဲ့ အမှန်ပဲဖြစ်ဖြစ်၊ အမှားပဲဖြစ်ဖြစ် ကျွန်တော်မျိုး ရဲရဲဝံ့ဝံ့ အာမခံရဲတာ တစ်ခုကတော့... အဲဒီဘက်မှာ ရွှေငွေရတနာတွေ အလျှံပယ် ရှိနေမယ်ဆိုတာပါပဲ။ တကယ်လို့ သူတို့က တာ့ကျင်းထက် ပိုအားကောင်းနေခဲ့ရင် ရန်သူ့အခြေအနေကို ကြိုတင်လေ့လာလို့ ရတာပေါ့။ တကယ်လို့ သူတို့ကသာ အားနည်းနေခဲ့မယ်ဆိုရင်... ကျွန်တော်မျိုးတို့က ဘာကိစ္စ ပင်ပင်ပန်းပန်း လယ်ထွန်စိုက်ပျိုးနေအုံးမှာလဲ။ တိုက်ရိုက် လုယက်... အဲလေ... မိတ်ဆွေဖွဲ့ပြီး ပူးပေါင်းဆောင်ရွက်လို့ ရတာပေါ့။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကျွန်တော်မျိုးတို့ကတော့ အရှုံးမရှိပါဘူး။"
ဖန်ကျန်းရီသည် မျက်နှာကို လက်ဖြင့် သုတ်လိုက်၏။ လုပ်နေကျ ဖြစ်သောကြောင့် အကျင့်ပါပြီး စကား မှားပြောမိတော့မလို့ပင်။ သူ၏အတွေးအရဆိုလျှင် လက်ရှိ အနောက်တိုင်းသည် သိပ်ပြီး မစွမ်းလှချေ။ ယမ်းမှုန့်ပင် မရှိသေးပေ။ အကယ်၍ တာ့ကျင်းကသာ အရင် သွားရောက်နိုင်ခဲ့လျှင် ... အလွန် ကောင်းမွန်သွားမည် မဟုတ်ပါလား။ သို့ပေမည့် တချို့စကားများကို ထုတ်ပြောလိုက်လျှင် လက်ရှိ ခေတ်အမြင်နှင့် ကိုက်ညီမည် မဟုတ်ပေ။
အရှင်မင်းမြတ်သည် ခေါင်းညိတ်ပြီး မျက်လုံးမှိတ်ကာ စဉ်းစားနေသဖြင့် ဖန်ကျန်းရီလည်း စကား ဆက်မပြောတော့ချေ။ ခဏနေ တောက်ယွမ်ခရိုင်ကို ရောက်လျှင် ဒုတိယမြောက် အံ့သြစရာ ရှိသေးသည်။ ဤလူများကို မတုန်လှုပ်သွားစေရရင် ယခုည အိပ်ပျော်မည် မဟုတ်ပေ။
အချိန်အတော်ကြာပြီး တောက်ယွမ်ခရိုင်သို့ ရောက်ခါနီးတွင် ကောင်းကင်သည် မည်းမှောင်နေပြီ ဖြစ်သည်။ ဖန်ကျန်းရီသည် နားထဲသို့ ဝင်ရောက်လာသော အသံများကို နားထောင်ရင်း မီးရောင်ဖြင့် ရှေ့ကို မှုန်ဝါးဝါး လှမ်းကြည့်လိုက်၏။ ရင်ထဲတွင် တစ်ခုခု လွဲချော်နေသကဲ့သို့ ခံစားနေရသည်။
ခရိုင်ထဲမှာ တစ်ခုခု မှားယွင်းနေသလိုပင်။ မပြန်ဖြစ်တာ အတော်လေး ကြာသွားပြီ။ သို့ပေမည့် မည်သည့်နေရာက ကွဲပြားနေသည်ကိုတော့ အတိအကျ မပြောနိုင်ပေ။ အသံကို နားထောင်ကြည့်ရသည်မှာ ပတ်ဝန်းကျင်တွင် သစ်ပင်တွေ အများကြီး စိုက်ထားသကဲ့သို့ပင်။
များများ စဉ်းစားချိန်ပင် မရလိုက်ဘဲ မြို့တံခါးပြင်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ အောက်ချန်က အစောကြီးတည်းက မြို့တံခါးဝတွင် ကြိုဆိုရန် လူလွှတ်ထားခဲ့ပြီး အရှင်မင်းမြတ်ကို မြင်သည်နှင့် တပြိုင်နက် တန်းစီ၍ ကြိုဆိုရန် အမိန့်ပေးလိုက်၏။
ဖန်ကျန်းရီက အရှင်မင်းမြတ်၏ နားနားကပ်ကာ စကားအနည်းငယ် ပြောလိုက်ပြီး လူအုပ်ကြီး မြို့ထဲသို့ ဝင်ရောက်သွားပြီးနောက်မှာမှ မြင်းပေါ်မှ ဆင်းလိုက်သည်။
သူက အောက်ချန်၏ အနားသို့ သွားကာ မေးလိုက်၏။ "ဘယ်လိုလဲ... အားလုံး သေချာ ပြင်ဆင်ထားရဲ့လား။"
အောက်ချန်က ပြန်ဖြေလိုက်သည်။ "အကုန် အဆင်သင့်ဖြစ်နေပါပြီ သခင်လေး။ ရှောင်ထောင်ကဆို မလာသေးရင် အမဲသားတွေ အရည်ပျော်ကုန်တော့မယ်လို့တောင် ညည်းနေတယ်။ နောက်ဘက် တောင်ကုန်းမှာလည်း အကုန် ပြင်ဆင်ပြီးပါပြီ။ သခင်လေးရဲ့ အချက်ပြမှုကိုပဲ စောင့်နေကြတာပါ။"
ဖန်ကျန်းရီက အနည်းငယ် စိတ်အေးသွားပြီး ပြောလိုက်၏။ "အေး... ဒါဆိုလည်း ကောင်းပြီ။ သေသေချာချာလေးသာ ဂရုစိုက်ထား။ ဒီနေ့ မြင်ကွင်းကို အပြည့်အဝ အသက်ဝင်အောင် လုပ်ပြရမယ်။ ဒါနဲ့... ကျုပ် ခုလေးတင် ပြန်ရောက်တုန်းကလေ ဘာလို့ တစ်ခုခု လွဲနေသလို ခံစားနေရတာလဲမသိဘူး။ မြို့ပြင်မှာ သစ်ပင်တွေ စိုက်ထားလိုက်တာလား။"
အောက်ချန်သည် အနည်းငယ် ကြောင်အမ်းသွားပြီး ခေါင်းညိတ်လိုက်သည်။ "အာ... ဟုတ်တယ် သခင်လေး။ သစ်ပင်တွေ အများကြီး စိုက်ထားလိုက်တယ်။"
"ဟေ... ဘာကိစ္စ သစ်ပင် သွားစိုက်ရတာတုန်း။"
"အဲဒါကလေ... သခင်လေး ခရိုင်ထဲက သူတောင်းစား နှစ်ယောက်ကို မှတ်မိသေးလား။ သူတို့က ခရိုင်ထဲက မြေလွတ်တွေကို ဝယ်ပြီး မြို့တော်က လူတွေကို အိမ်ဆောက်ရောင်းနေကြတာလေ။ အပြင်ဘက် မြေလွတ်တွေမှာကျတော့ သူတို့က မြို့ရိုး ဆောက်ခွင့်မရှိဘူးလေ၊ အဲဒါကြောင့် ကွယ်သွားအောင်ဆိုပြီး သစ်ပင်တွေ အများကြီး စိုက်ထားကြတာ။"
ဖန်ကျန်းရီ အလန့်တကြား အော်ဟစ်လိုက်၏။ "ဘာ .. ခင်ဗျား ခရိုင်ထဲက မြေလွတ်တွေကို ရောင်းစားလိုက်တာလား။ ဘာလို့ ကျုပ်ကို တစ်ခွန်းလေးတောင် မတိုင်ပင်ရတာလဲ။"
အမှား လုပ်မိသွားပြီလား။
အောက်ချန်က ခေါင်းကိုကုတ်ကာ စိုးရိမ်တကြီးဖြင့် ဖြေလိုက်သည်။ "ကျွန်တော်က အဲဒီမြေလွတ်ကြီးက ဘာမှလည်း အသုံးမဝင်ဘူး ထင်လို့ ရောင်းပစ်လိုက်တာပါ... ဘာများဖြစ်လို့လဲ သခင်လေးရဲ့။"
"တောက် .. သောက်ကျိုးနည်းတာပဲ။ ကျုပ် က သေချာသိမ်းထားပြီးမှ ဈေးတင်ရောင်းမလို့ စိတ်ကူးထားတာကို။ နေပါအုံး ... အဲဒီ သူတောင်းစား နှစ်ယောက်က မြေလွတ်ဝယ်ဖို့ ပိုက်ဆံ ဘယ်ကရလာတာလဲ။" ဖန်ကျန်းရီ အလွန် ဒေါသထွက်သွားခဲ့၏။
အောက်ချန်က အနေခက်စွာဖြင့် ဖြေလိုက်သည်။ "အဲဒါက... သူတို့ 'ကျေးဇူးတင်ပါတယ်' လို့ ပြောပြီး ရောင်းလို့ရလာတဲ့ ပိုက်ဆံတွေလေ။ အခုဆို ခရိုင်ထဲမှာ သူတို့လို လိုက်လုပ်နေတဲ့သူတွေ အများကြီးပဲ။"
"သောက်ကျိုးနည်း။ ဒါ သူတောင်းစား လမ်းကြောင်းဟောင်းဆီ ပြန်ရောက်သွားတာ မဟုတ်ဘူးလား။ ခင်ဗျား ဘယ်လိုတွေများ ကြီးကြပ်ပေးထားတာလဲ။ တောက်ယွမ်ခရိုင်ကို နောင်တစ်ချိန်ကျရင် သူတောင်းစား ခရိုင်အဖြစ် ပြောင်းပစ်ချင်နေတာလား။"
အောက်ချန်က ရှင်းပြလိုက်၏။ "သူတောင်းစား မရှိပါဘူး သခင်လေးရ... အကုန်လုံးက လွတ်လွတ်လပ်လပ် လုပ်ကိုင် စားသောက်နေတဲ့သူတွေချည်းပါပဲ။ ပြီးတော့လေ... အခုက ပြိုင်ဆိုင်မှုတွေက အရမ်း ပြင်းထန်လာတော့ ရိုးရိုး 'ကျေးဇူးတင်ပါတယ်' လို့ ပြောရုံလောက်နဲ့က ပိုက်ဆံ မရတော့ဘူးလေ။ အဲဒါကြောင့် ကိုယ့်စွမ်းရည်လေး နည်းနည်းပါးပါးတော့ ပြရတာပေါ့။ မျက်လှည့်ပြတာတို့ ဘာတို့ပေါ့လေ။"
ဖန်ကျန်းရီက အံကြိတ်ကာ ပြောလိုက်သည်။ "ခင်ဗျားကတော့ တော်တော်ကို တော်တဲ့လူပဲ။ စကားလုံးတွေနဲ့ လှည့်စားပြီး ကျုပ်ခေါင်းပေါ်တောင် တက်နင်းနေပြီပေါ့လေ။ ခဏလေး အလစ်ပေးလိုက်တာနဲ့ကို ပြဿနာ ထပ်ရှာနေပြန်ပြီ။ မနက်ဖြန်ကျမှ ခင်ဗျားနဲ့ ကျုပ် အေးအေးဆေးဆေး ရှင်းမယ်။ အခုတော့ အရင်ဆုံး မြို့ထဲ ဝင်ကြတာပေါ့။"
ဧည့်သည်တော်များ အားလုံးကို ခရိုင်ရုံးတော်၏ နောက်ဖေးဝင်းထဲတွင် နေရာချထားပေးပြီး ဖြစ်သည်။ ခြံဝင်းအတွင်း၌ မီးပုံများ ဖိုထားသဖြင့် လင်းထိန်နေ၏။ စားပွဲဝိုင်း ဆယ်လုံးခန့်ကို ကြိုတင် ပြင်ဆင်ထားပြီး လူတိုင်းက နေရာအသီးသီးတွင် ထိုင်နေကြသည်။ ရေကန်ဘေးတွင် တီးဝိုင်းတစ်ခုက တီးခတ်နေပြီး တေးဂီတပညာရှင်က အာ့ဟူတယောဖြင့် ကျီစီလော့၏ နွေရာသီ သီချင်းကို ထိုးနေ၏။
ဖန်ကျန်းရီ ခြံဝင်းထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် အမတ်တစ်ဦးက မေးလိုက်သည်။ "ဖန်အမတ်မင်း... ခင်ဗျား ဒီနေ့ ကျုပ်တို့ကို ထမင်းကျွေးမလို့များလား။"
ဖန်ကျန်းရီက ဖြေလိုက်၏။ "မှန်တာပေါ့။ လူကြီးမင်းတို့ ခဏလောက်လေး သည်းခံစောင့်ပေးကြပါအုံး။ စားသောက်ပြီးရင် စိတ်ဝင်စားစရာ အစီအစဉ်တွေ အများကြီး ကျန်ပါသေးတယ်။ ကျုပ် အရင်ဆုံး နောက်ဖေး မီးဖိုချောင်ဘက်ကို ခဏလောက် သွားကြည့်လိုက်အုံးမယ်။ လူကြီးမင်းတို့ အေးအေးဆေးဆေး စကားစမြည် ပြောနေကြပါအုံး။"
ဖန်ကျန်းရီ ထွက်သွားသည်နှင့် တပြိုင်နက် စကားပြောသံများ ထွက်ပေါ်လာခဲ့သည်။
အမတ်တစ်ဦးက မေးလိုက်၏။ "ဘာ အံ့သြစရာများ ရှိဦးမှာလဲ။ အချိန်တစ်ဝက်လောက် ကုန်သွားတာတောင် ထမင်းစားဖို့ပဲ ရှိသေးတယ်။ ဒါက အနောက်တိုင်းနဲ့၊ သေနတ်တွေ၊ အမြောက်တွေနဲ့ ဘာများဆိုင်နေလို့လဲ။"
အခြားတစ်ဦးက ရယ်မောကာ ပြောလိုက်သည်။ "ဟက်ဟက်... သူ ဆက်ပြီး လုပ်စရာ မရှိတော့လို့ နေမှာပေါ့ဗျာ။ ဒီလို မှောင်မည်းနေတဲ့ အချိန်ကြီးမှာ ဘာတွေများ ထူးထူးဆန်းဆန်း လုပ်ပြနိုင်အုံးမှာမို့လို့လဲ။"
နောက်ထပ်အမတ်တစ်ဦးက ဝင်ပြောလိုက်၏။ "လူကြီးမင်းတို့ကလည်း မလောကြပါနဲ့။ ကျုပ် အမြင်ကိုပြောရရင်တော့ ဒီကိစ္စက သိပ်မရိုးရှင်းဘူးထင်တယ်။ ဒီသီချင်းလေးက အတော်လေးကို စိတ်ဝင်စားစရာ ကောင်းနေတယ်။ အရင်တုန်းကရော ခင်ဗျားတို့ ဒါမျိုး ကြားဖူးကြရဲ့လား။"
မီးဖိုချောင်အတွင်း၌ ရှောင်ထောင်သည် ထမင်းချက်အမျိုးသမီးများကို ဦးဆောင်ကာ အလုပ်များနေပြီး ဟင်းခတ် အမွှေးအကြိုင်များ ထည့်ရန် အဆက်မပြတ် ညွှန်ကြားနေ၏။ ဖန်ကျန်းရီ ရောက်လာသည်ကို မြင်သောအခါမှသာ ရှောင်ထောင်က သက်ပြင်းချနိုင်ပြီး ပြောလိုက်သည်။ "သခင်လေး .. နောက်ဆုံးတော့ ရောက်လာပြီပေါ့လေ။ မလာတော့ဘဲ အလကားသတ်သတ် ပြင်ဆင်ထားသလို ဖြစ်မှာလားလို့တောင် စိုးရိမ်နေတာ။ အခုချက်ချင်း ဟင်းချလို့ ရပါပြီနော်။"
ဖန်ကျန်းရီသည် မီးဖိုချောင်အတွင်းမှ မွှေးပျံ့သော အနံ့ကို ရှူရှိုက်ရင်း လက်မထောင်ပြလိုက်သည်။ "အင်း... အနံ့ကတော့ မဆိုးဘူး။ သေချာလေး လုပ်ထားနော်။ ဒါဆို ငါ အရင် ပြန်သွားနှင့်မယ်။"
သူ ထွက်သွားမည်ကို မြင်သောအခါ ရှောင်ထောင်က အလျင်အမြန် ဆွဲထားကာ စိုးရိမ်တကြီးဖြင့် မေးလိုက်၏။ "သခင်လေး... အရှင်မင်းကြီးက ကျွန်မ ချက်တဲ့ဟင်းတွေကို တကယ်ရော ကြိုက်ပါ့မလားဟင်။ တကယ်လို့များ တစ်ခုခု လွဲချော်သွားခဲ့ရင် ဘယ်လိုလုပ်ကြမလဲ။"
ဖန်ကျန်းရီသည် ပြုံး၍ ခေါင်းယမ်းလိုက်၏။ "အေးပါ... အရှင်မင်းမြတ်က သနားစရာ ကောင်းပါတယ်။ သူ ဘာများ စားဖူးရှာမှာမို့လို့လဲ။ နန်းတော်ထဲမှာဆိုလည်း နေ့တိုင်း ဆန်ပြုတ်နဲ့ သိုးသားလောက်ပဲ စားနေရမှာပေါ့။ မင်း စိတ်အေးအေးသာထား။ ဟင်းချဖို့သာ ပြင်လိုက်တော့။ ကျင်းယီဝေတွေလည်း အပြင်မှာ စောင့်နေကြပြီ။"
သူက ပြောပြီးသည်နှင့် မီးဖိုချောင်ထဲမှ အာလူးစိမ်း တစ်လုံးကို ယူကာ အင်္ကျီလက်ထဲ ထည့်ပြီး နောက်ဖေးဝင်းဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားခဲ့သည်။
နောက်ဖေးဝင်းအတွင်း၌ လူတိုင်းသည် ဆန်းသစ်သော သီချင်းလေးကို နားထောင်ရင်း ခေါင်းတစ်ငြိမ့်ငြိမ့် လုပ်နေကြ၏။
ဖန်ကျန်းရီက ပေါ်လာပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "လူကြီးမင်းတို့ရေ... အခုချက်ချင်းပဲ ဟင်းချတော့မယ်။ ခဏနေရင် ဘယ်သူမှ အားနာနေစရာ မလိုဘူးနော်။ ဒီနေ့တော့ အားရပါးရသာ စားသောက်ကြပါ။"
စကားဆုံးသည်နှင့် တပြိုင်နက် ကျင်းယီဝေများက စားပွဲအသီးသီးသို့ ဟင်းများ စတင် ချပေးကြ၏။ ဆန်းသစ်လှသော ဟင်းပွဲများက လူတိုင်း၏ မျက်စိရှေ့သို့ ရောက်ရှိလာ၏။ အာလူး အမဲသားနှပ်၊ ခရမ်းချဉ်သီး အမဲသားနှပ်၊ အာလူးချဉ်စပ်ကြော်၊ ခရမ်းချဉ်သီး ကြက်ဥကြော်၊ အာလူးကြော် ... အစရှိသည့် ယခင်က တစ်ခါမှ မမြင်ဖူးသော ပါဝင်ပစ္စည်းအသစ်များနှင့် တစ်ခါမှ မရှူရှိုက်ဖူးသော ထူးခြားသည့် အနံ့အသက်များက ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လူတိုင်း၏ အာရုံကို ဖမ်းစားသွားခဲ့၏။
အရှင်မင်းကြီးသည် တူကို ကိုင်ထားသော်လည်း အနည်းငယ် တွန့်ဆုတ်နေသည်။
ကော်ထျန်းယန်က အရှင်မင်းမြတ် ကိုယ်စား ပန်းကန်ပြားငယ်တစ်ခုဖြင့် ဟင်းတစ်ပွဲချင်းစီကို အရင်ဆုံး မြည်းစမ်းပေးနေ၏။ ဖန်ကျန်းရီကို မယုံကြည်၍ မဟုတ်ဘဲ ဤကဲ့သို့ ဆန်းသစ်သော အရာများကို စမ်းသပ်ကြည့်သည်က ပိုကောင်းသောကြောင့် ဖြစ်သည်။ လူတိုင်းသည် ကော်ထျန်းယန် ဝါးစားနေသည်ကို ကြည့်ရင်း လည်ချောင်းမှ တံနွေးများ အဆက်မပြတ် မြိုချနေကြရသည်။ ယနေ့ တစ်နေ့လုံး ကောင်းကောင်းမွန်မွန် မစားခဲ့ရသဖြင့် ယခုအချိန်တွင် ဗိုက်ထဲ၌ အလွန် ဆာလောင်နေပြီ ဖြစ်၏။
ဟင်းပွဲအသစ် အချို့ကို စားပြီးနောက် အာလူးချဉ်စပ်ကြော်ကို ယူလိုက်ချိန်တွင် ကော်ထျန်းယန်၏ မျက်နှာသည် ပျက်ယွင်းသွားပြီး လည်ပင်းကို ညှစ်ကာ ပြောလိုက်၏။ "အရှင်မင်းကြီး... ဒီဟင်းပွဲထဲမှာ ပြဿနာ ရှိနေတယ်။"
အမတ်များ အားလုံး ထိုစကားကို ကြားသောအခါ အလွန် အံ့သြသွားကြသည်။
မရေမတွက်နိုင်သော သံသယဖြစ်ဖွယ် အကြည့်များသည် ချက်ချင်း ဖန်ကျန်းရီထံသို့ စုစည်း ရောက်ရှိသွားကြ၏။